အခန်း ၄၉၅
Vol. 50 Ch. 495
အခန်း (၄၉၅)
“မြန်မြန် သခင်မလေးနဲ့ သမက်တော်ကို သွားကြိုကြစမ်း”
ပင်းအောက်ကူ စံအိမ်တွင် ကျန်ရစ်ခဲ့သော တပည့်များကို အလောတကြီး လှမ်းခေါ်ရင်း အဝင်ဝသို့ ဦးဆောင်ကာ ထွက်လာသည်။
သူတို့ ရောက်သွားချိန်တွင် ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ မဟာပဏ္ဍိတရွှယ်ဖုန်း၏ နဂါးဆွဲရထားလုံးသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။
“သခင်မလေးနဲ့ သမက်တော်ကို ဂါရဝပြုပါတယ်”
ပင်းအောက်ကူပင် ပါးစပ်ဟရသေးမီ သူ့နောက်က တပည့်များ တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
နှစ်ပေါင်းတစ်ထောင်အတွင်း ပြင်းထန်အေးခဲတောင်တန်းစံအိမ်သည် ကျားဇီတိုက်ပွဲတွင် ပထမဆုကို တစ်ခါမျှ မရရှိခဲ့ဖူးချေ။ ဤအောင်ပွဲက မျိုးဆက်သစ်လူငယ်များကို ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်သွားစေ၏။
ထိုမိန်းကလေးအပေါ် ထားရှိသော သူတို့ကြည်ညိုလေးစားမှုက အမှန်တကယ်ပင် နက်ရှိုင်းသွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပင်းရှောင်ဖုန်းနှင့် ပင်းကတော်တို့ မျက်နှာများ ပျက်ယွင်းသွားတော့၏။
အကယ်၍ ပင်းယန်သာ ပြင်းထန်အေးခဲတောင်တန်းစံအိမ်၏ နောက်ထပ်စံအိမ်သခင် ဖြစ်လာမည်ဆိုပါက ဂိုဏ်းတစ်ခုလုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဆန့်ကျင်ရဲမည်မဟုတ်ပေ။
သူမကို ပြန်ခေါ်လာခဲ့မိခြင်းက တကယ်ကို မဟာအမှားကြီးတစ်ခုပင်။
ထိုစဉ် ပင်းယန်နှင့် ချူဖုန်းတို့ ရထားလုံးပေါ်မှ လက်ချင်းချိတ်လျက် ဆင်းသက်လာကြသည်။
ပင်းအောက်ကူ အလိုက်တသိဖြင့် ဟန်ဆောင်ပြုံးကာ အမြန်ချဉ်းကပ်လာ၏။
“ယန်အာ မင်း ပင်ပန်းသွားပြီ”
“ဒီလို အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောဖို့မလိုပါဘူး စံအိမ်သခင်။ ကျွန်မတို့ ဒီနေ့ပဲ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကနေ ထွက်သွားတော့မှာပါ။ ကျွန်မတို့ ရှိနေတာက ရှင်ရဲ့ ရာထူးကို ထိခိုက်စေမှာ မဟုတ်ပါဘူး”
ပင်းယန်၏ လေသံက ထုံးစံအတိုင်း အေးစက်ခက်ထန်ကာ စိမ်းကားလှ၏။
ထိုစကားကြောင့် လေထုက ရုတ်ချည်း ပြောင်းလဲသွားသည်။ လူတိုင်းက စံအိမ်သခင်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လာကြသော်လည်း မည်သူမျှ ဘာမှမပြောရဲကြချေ။
“နောက်ထပ် ခဏလောက် မနေချင်ဘူးလား”
ပင်းအောက်ကူက သမီးဖြစ်သူနှင့် ဆက်ဆံရေးကို ပြန်လည်ကုစားရန်ထက် ဘာကိုမှ ပို၍မလိုလားတော့ပေ။
“ကျွန်မသာ နောက်ထပ် ဆက်နေရင် အချို့လူတွေ အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးလာကြမှာ စိုးလို့ပါ”
ပင်းယန်၏ အေးစက်သော အကြည့်က လူအုပ်ကြားထဲတွင် ပုန်းကွယ်နေသော ပင်းရှောင်ဖုန်းနှင့် ပင်းကတော်တို့ထံ ဝေ့ဝဲသွားသည်။
သူမ အကြည့်ကို ခံစားလိုက်ရသဖြင့် ထိုသားအမိနှစ်ယောက် တိတ်တဆိတ် ခေါင်းငုံ့သွားကြသည်။ စိတ်ထဲတွင်မူ ဝမ်းသာသွားကြသော်လည်း အပြင်ပန်းတွင် မပြရဲကြချေ။
“မင်းသဘောအတိုင်းပေါ့”
ပင်းအောက်ကူ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး အရှက်မကွဲချင်တော့သဖြင့် ခပ်တိုးတိုးသာ ဆိုလိုက်သည်။
ပင်းယန် သူ့ကို လျစ်လျူရှုပြီး ချူဖုန်းဘက်သို့ လှည့်လိုက်သည်။
“ယောက်ျား သွားကြရအောင်”
“ကောင်းပြီ”
ချူဖုန်း ပေါ့ပေါ့ပါးပါးပင် ပြန်ထူးလိုက်ပြီး ပြင်းထန်အေးခဲတောင်တန်းစံအိမ်မှ လူတိုင်း၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် သူမ လက်ကို တွဲလျက် စံအိမ်၏ အတွင်းပိုင်းဆီသို့ အတူတူ လျှောက်လှမ်းသွားကြတော့၏။
မကြာခင် သူတို့ နေရာရွှေ့ပြောင်းခြင်းအစီအရင် ဆီသို့ ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။
ထိုညတွင်ပင် ချူဖုန်းတို့အဖွဲ့သည် မြောင်တောင်သို့ ပြန်ရောက်လာ၏။
သူတို့၏ ကြီးမားသော အောင်ပွဲနှင့် အဖွဲ့ဝင်အသစ်နှစ်ဦး တိုးလာခြင်းအတွက် ခဏတာ အောင်ပွဲခံကြပြီးနောက် လေထုက အလွန်သက်ဝင်လှုပ်ရှားနေတော့သည်။
ညစာစားပွဲအတွင်း ပင်းယန် ရှောင်ကျင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ယောကျာ်း ရှောင်ကျင်းရဲ့ အနာဂတ်အတွက် ဘယ်လို စီစဉ်ပေးဖို့ စိတ်ကူးထားလဲ”
ထိုစကားကို ကြားသောအခါ ရှောင်ကျင်း မျှော်လင့်ချက်အပြည့်ဖြင့် ချူဖုန်းကို ချက်ချင်း လှမ်းကြည့်၏။
ချူဖုန်းက တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်သည်။
[ရှောင်ကျင်းက ကွိုင်ငါးကို ပြောတာပါ]
“သူ့ကို လောလောဆယ် ဒီမှာပဲ နေခွင့်ပြုလိုက်ပါ။ သူဘယ်လောက်အထိ ခရီးပေါက်မလဲဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်”
“ကျေးဇူးတင်ပါတယ် စီနီယာချူ”
ရှောင်ကျင်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး ဝင်းပသွားကာ အမြန်မတ်တတ်ထရပ်သည်။ သို့သော် စိတ်ထဲတွင်မူ တွေးနေမိလေ၏။
‘သူ့ဘေးနားမှာ နေခွင့်ရသရွေ့တော့ တစ်နေ့မှာ ကုတင်ပေါ် တက်ခွင့်ရမဲ့ အခွင့်အရေး ရှိလာမှာပဲ’
ချူဖုန်း၏ တည်ငြိမ်သော အသံက သူမ အတွေးများကို ဖြတ်တောက်လိုက်သည်။
“ထိုင်ပါ”
ညစာစားပွဲ ပြီးဆုံးသွားပြီးနောက် ပင်းယန်က ပင်းချင်ကို သီးသန့်ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်သွားကာ အနားယူစေပြီး သီးသန့်စကားပြောလိုက်သည်။
ပင်းယန် ပထမဦးစွာ ပြောလိုက်သည်။
“ချင်အာ သမီးရဲ့ အနာဂတ်အတွက် ဘာအစီအစဉ်တွေ ရှိလဲဆိုတာ အဒေါ့်ကို ပြောပြပါ”
ပင်းချင်က တိုးတိုးလေး ပြန်ဖြေသည်။
“တီလေး သမီးက တီလေးရဲ့ ဆန္ဒအတိုင်းပဲ လိုက်နာမှာပါ”
ပင်းယန်က သူမ ခေါင်းကို ကြင်နာယုယစွာ ပွတ်သပ်ပေးရင်း ဆိုလိုက်သည်။
“မိုက်တဲ့ကလေး လူတိုင်းက ကိုယ့်လမ်းကိုယ် ရွေးချယ်ရတာမျိုး။ အဒေါ်က သမီးကို ပြင်းထန်အေးခဲတောင်တန်းစံအိမ်ရဲ့ နောက်ထပ်စံအိမ်သခင် ဖြစ်စေချင်ပေမဲ့ သမီးကိုယ်တိုင်က မလိုလားဘူးဆိုရင်တော့ အတင်းအကျပ် မလုပ်ပါဘူး”
“တီလေးက သမီးအတွက် ဒုတိယအမေတစ်ယောက်လိုပါပဲ။ တီလေးအတွက်ဆိုရင် သမီး ဘာမဆို လုပ်ပေးမှာပါ။ ပြီးတော့ သမီး အမေ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်ပါတယ်”
နောက်ဆုံးတွင်တော့ ပင်းချင် သူမ၏ စိတ်ထဲတွင် ကာလရှည်ကြာ မြှုပ်နှံထားခဲ့သော အတွေးများကို ဖွင့်ဟလိုက်တော့သည်။
ပင်းယန် ပြုံးလိုက်၏။
“လိမ္မာတဲ့ကလေး မိဘရိုသေပြီး စိတ်ဓာတ်ခိုင်မာတာပဲ။ အဒေါ်တို့ဘေးမှာပဲ နေပြီး ကျင့်ကြံပါ။ သမီး ဘုရင်အဆင့်ကို ရောက်တဲ့အခါကျမှ အနာဂတ်ကို သမီးကိုယ်တိုင် ဆုံးဖြတ်ပါ”
“ဟုတ်ကဲ့”
ပင်းချင် ခေါင်းကို ညင်သာစွာညိတ်လိုက်ပြီး သူမ၏ စိတ်ပိုင်းဖြတ်မှုက ပိုမိုခိုင်မာလာသည်။
ညတာက အေးချမ်းစွာ ကုန်လွန်သွားလေ၏။
နောက်တစ်နေ့ မနက်စောစော ပင်းယန့် နိုးလာသောအခါတွင် များသောအားဖြင့် မနက်မိုးလင်းသည်အထိ အိပ်စက်ရခြင်းကို နှစ်သက်သော သူမ ခင်ပွန်းသည် နိုးနှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ယောက်ျား တစ်ခုခု ဖြစ်လို့လား”
“…”
ချူဖုန်း၏ မျက်နှာက မဲ့သွားသည်။
“ဘာလဲ။ ကိုယ်က တစ်ခုခုမဖြစ်ရင် မနက်စောစော နိုးခွင့်မရှိဘူးလား”
ပင်းယန် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
“မထင်မှတ်ထားလို့ပါ”
ချူဖုန်းက သူ့အတွေး ဖုံးကွယ်မထားတော့ဘဲ ဆိုလိုက်၏။
“ဒီမြင့်မြတ်မျိုးစေ့ကို နတ်ဘုရားသစ်ပင်အဖြစ် ပျိုးထောင်နိုင်မလားဆိုတာ ကိုယ် ကြည့်ချင်လို့”
ပင်းယန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး မျက်နှာတစ်ခုလုံး မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။
“ယောကျာ်း သေချာပေါက် အောင်မြင်မှာပါ”
“လာ သွားကြစို့။ အရင်ဆုံး နေရာကောင်းတစ်ခု ရှာရမယ်။ နေထွက်လာတဲ့အခါ ကိုယ်မြင့်မြတ်မျိုးစေ့ကို စိုက်ပြီး အဲ့ကနေ နတ်ဘုရားသစ်ပင်ပေါက်လေးအဖြစ် အညှောက်ပေါက်လာမလားဆိုတာ သိရအောင် ခုနစ်ရက်တိုင်တိုင် တရားပြမယ်”
ပြောပြီးသည်နှင့် ချူဖုန်း ပင်းယန်နှင့်အတူ သွားတော့သည်။
ခြံဝင်းထဲက ထွက်လာပြီးနောက် ထိုနှစ်ဦး လမ်းခွဲလိုက်ကြ၏။
ချူဖုန်း မြောင်တောင်တစ်ခွင် လျှောက်သွားနေပြီး နောက်ဆုံးတွင် ပြီးပြည့်စုံသော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။
“အတိတ်ဘဝတုန်းက ဗုဒ္ဓဟာ ခုနစ်ရက်တိုင်တိုင် တရားထိုင်ပြီးတဲ့နောက် ဗောဓိပင်အောက်မှာ ဉာဏ်လင်းပွင့်ခဲ့တယ်။ ဒါဆိုရင် ဒီဘဝမှာတော့ ငါ ချူဖုန်းက နတ်ဘုရားသစ်ပင်ပေါက်လေးတစ်ပင် ပေါက်လာတာကို မြင်နိုင်ဖို့ ခုနစ်ရက်တိုင်တိုင် တရားပြမယ်”
အချိန်များ တိတ်တဆိတ် ကုန်လွန်သွားသည်။ နေရောင်ခြည်၏ ပထမဆုံး အလင်းတန်းများ မိုးကုပ်စက်ဝိုင်းပေါ်သို့ ဖြာကျလာသောအခါ ချူဖုန်း မြက့်မြတ်မျိုးစေ့ကို စိုက်ပျိုးကာ၊ ရေလောင်း၊ မြေဩဇာကျွေးပြီးနောက် ထိုနေရာတွင် တင်ပလ္လင်ခွေထိုင်လျက် တရားများကိုစတင်ရွတ်ဖတ်တော့သည်။
ဤတစ်ကြိမ်တွင် သူ အတိတ်ဘဝမှ စိန်စုဒြာကို ရွတ်ဖတ်ရန် ရွေးချယ်လိုက်၏။
သူ့အသံက ကျယ်လောင်မနေသလို လော၍ မနေသော်လည်း စကားလုံးတိုင်းက တာအိုအနှစ်သာရများနှင့် ပဲ့တင်ထပ်နေပြီး လေထုထဲသို့ ညင်သာစွာ ပျံ့လွင့်သွားသည်။
သူ့အသံကို ပထမဆုံး ကြားရသူသည် မဟာပဏ္ဍိတရွှေတောင်ပံဖြစ်သည်။
ဗုဒ္ဓဘာသာ တရားတော်များနှင့် ကာလရှည်ကြာ ဆက်နွှယ်မှုရှိခဲ့သဖြင့် သူ ချက်ချင်း ရောက်ရှိလာပြီး ချူဖုန်း၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်လိုက်ကာ မနှောင့်ယှက်ရဲချေ။
အချိန်ကုန်လွန်လာသည်နှင့် မြောင်တောင်တစ်ခွင်မှ တပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် စုဝေးလာကြပြီး ချူဖုန်း၏ ပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်လျက် တရားတော်၏ စည်းချက်အတိုင်း နာယူကျင့်ကြံကြတော့သည်။
မည်သူမျှ သတိမထားမိခင် ထိုနေရာရှိ လူတိုင်းမှာ ဈာန်ဝင်စားသွားကြသည်။
မှေးမှိန်သော ရွှေရောင်ဗုဒ္ဓရောင်ခြည်တော် မြောင်တောင်တစ်ခုလုံးကို စတင်လွှမ်းခြုံလာ၏။
ပထမဆုံးနေ့ ကုန်လွန်ပြီးနောက် ထိုအလင်းတန်းက ခုနစ်ကျန့် အမြင့်အထိ မြင့်တက်လာသည်။
ဒုတိယနေ့ ကုန်လွန်ပြီးနောက်တွင်မူ တစ်ဆယ့်လေးကျန့်အထိ ရောက်ရှိသွားသည်။
ခုနစ်ရက်မြောက်နေ့သို့ ရောက်သောအခါ မြောင်တောင်ကို ဖုံးလွှမ်းထားသော ဗုဒ္ဓရောင်ခြည်တော်သည် လေးဆယ့်ကိုးကျန့်အမြင့်အထိ မြင့်တက်သွားပြီး လူ့ပြည်လောကသို့ နတ်ဘုရားအလင်းတန်းများ ဆင်းသက်လာသကဲ့သို့ တောက်ပလင်းထိန်နေတော့သည်။
ဤကဲ့သို့ ထူးခြားဆန်းပြားသည့် ဖြစ်စဉ်က ဝမ်တောက်ကျောင်းတော်မှ တပည့်များ၏ အာရုံကို သဘာဝကျကျပင် ဆွဲဆောင်သွား၏။
သို့သော်လည်း သူတို့ထဲ မည်သူမျှ အံ့ဩမနေကြတော့ပေ။ သူတို့က မဟာပဏ္ဍိတမိုးမြေသည် အဘယ်ကြောင့် ရုတ်တရက် ဗုဒ္ဓဘာသာကို ကျင့်ကြံနေရသနည်းဟုသာ တွေးတောနေကြသည်။
ချူဖုန်း၏ တရားရွတ်ဖတ်သံ နောက်ဆုံးတွင် ရပ်တန့်သွားသောအခါ သူ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ဗောဓိစေ့ စိုက်ပျိုးခဲ့သော နေရာဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ခုနစ်လက်မခန့် မြင့်သော ဗောဓိပင်လေးတစ်ပင်သည် ညင်သာစွာ လှုပ်ခါနေပြီး နူးညံ့သော ရွှေရောင်အလင်းတန်းများကို ဖြာထွက်နေ၏။
ချူဖုန်း ထိုအပင်ငယ်လေးဆီမှ ထွက်ပေါ်လာသော ပျော်ရွှင်မှုကို ရှင်းလင်းစွာ ခံစားမိလိုက်ရသဖြင့် သူ၏နှုတ်ခမ်းထောင့်စွန်းများက ကျေနပ် အားရစွာ ကွေးညွတ်သွားသည်။
“ဟေ”
မဟာပဏ္ဍိတရွှေတောင်ပံ ရုတ်တရက် အော်လိုက်သဖြင့် လူတိုင်းကို ဈာန်ဝင်စားခြင်းမှ လန့်နိုးသွားစေသည်။
ချူဖုန်း သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်ရင်း ဆိုလိုက်၏။
“ငှက်စုတ် ဘာလို့ အော်ဟစ်နေရတာလဲ။ မဟာပဏ္ဍိတတစ်ပါးရဲ့ သိက္ခာက ဘယ်ရောက်သွားပြီလဲ”
အခြားသော ကျင့်ကြံသူများက စကားမဆိုကြသော်လည်း သူတို့မျက်လုံးများက ထောက်ခံနေကြသည်။
ချူဖုန်း ရှေ့မှောက်ရှိ ဗောဓိပင်ငယ်လေးကို ညွှန်ပြရင်း မဟာပဏ္ဍိတရွှေတောင်ပံ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသော အသံဖြင့် ထပ်မံအော်ဟစ်လိုက်တော့သည်။
“ဗော... ဗောဓိပင်ကြီးက တကယ်ပေါက်လာပြီ”