အခန်း ၄၉၆
Vol. 50 Ch. 496
အခန်း (၄၉၆)
မြောင်တောင်ပေါ်တွင်
လူတိုင်း မဟာပဏ္ဍိတရွှေတောင်ပံ၏ တုန်ယင်နေသည့်လက်ညှိုး ညွှန်ပြသောဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့ရှေ့တွင် ဖျော့တော့နေသော်လည်း ဗုဒ္ဓအလင်းရောင်များ ဖြာထွက်နေသည့် ခုနစ်လက်မခန့်သာ မြင့်သော ဗောဓိသစ်ပင်ငယ်လေးတစ်ပင် ပေါက်နေ၏။
“ဆရာ ဒါ သူတော်စင်အဆင့် ဗောဓိသစ်ပင်ပဲ”
ဟန်ပင်း မျက်နှာသည် သူ့ရှေ့က သစ်ပင်ငယ်လေးကို စိုက်ကြည့်ရင်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ မြောင်တောင်ပေါ်တွင် ဝိညာဉ်ဆေးပင်များကို ဆယ်နှစ်ကျော်ကြာ စိုက်ပျိုးခဲ့ပြီး အပင်စိုက်ပျိုးသည့်နည်းစနစ် အားလုံးအပေါ် နက်ရှိုင်းစွာ နားလည်သောကြောင့် သူ့ကိုယ်သူ ဂုဏ်ယူနေတတ်၏။
သို့သော် ဗောဓိသစ်ပင်က သူ့အသိပညာများနှင့် လုံးဝ ဆန့်ကျင်နေသည်။
ချူဖုန်း အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ဗုဒ္ဓကျမ်းစာတစ်ပိုဒ် ရွတ်ရုံနဲ့ ဗောဓိစေ့တစ်စေ့ကနေ ဗောဓိသစ်ပင်အဖြစ် အညှောက်ပေါက်လာနိုင်တယ်လို့ ဆရာတော်ကျွယ်မင် ပြောလိုက်တယ်လေ။ ငါ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။ အဲဘုန်းကြီး လိမ်ပြောနေတာတော့ မဟုတ်ဘူး။ ဒါတောင် နတ်ဘုရားသစ်ပင် ဖြစ်လာအောင် စိုက်ပျိုးဖို့ဆိုတာ လွယ်မှာတော့ မဟုတ်ဘူး”
သူ တောင်ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ဆက်ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် မြောင်တောင်မှာ သူတော်စင်အဆင့် စိတ်ဝိညာဉ်သွေးကြောပဲ ရှိတာ။ နတ်ဘုရားဧကရာဇ် တစ်ပါးမရှိတော့ သူတော်စင်အဆင့်ဗောဓိပင်ဆိုတာ မင်းတို့ဆရာ လုပ်နိုင်တဲ့ ကန့်သတ်ချက်ပဲ”
ဟန်ပင်း ရှက်ရွံ့စွာ ပြောလိုက်၏။
“ဆရာ နှိမ့်ချလွန်းနေပါပြီ။ ဒီသစ်ပင်ကို စိုက်နေတာ ကြည့်ပြီးတော့ ကျွန်တော် ဆယ်နှစ်တာ ဆေးပင်တွေ စိုက်ပျိုးခဲ့ရတာ အလကားဖြစ်သွားသလို ခံစားလိုက်ရတယ်”
ချူဖုန်း သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“မင်းက ငယ်ပါသေးတယ်။ တစ်နေ့ကျရင် မင်းကိုယ်တိုင် နတ်ဘုရားသစ်ပင်တစ်ပင်ကို ပျိုးထောင်နိုင်လာမှာပါ”
ဟန်ပင်း ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။
“တပည့် အဲဒီနေ့ရောက်လာဖို့ ကြိုးစားအားထုတ်သွားပါ့မယ်”
ထို့နောက် ချူဖုန်း မေးလိုက်သည်။
“မင်းအိမ်ပြန်ပြီး ဆွေမျိုးတွေဆီ သွားလည်ဖို့ စီစဉ်ထားတာ ဘယ်တော့လဲ”
ဟန်ပင်း ပြန်ဖြေလိုက်၏။
“ကျွန်တော် ဒီနေ့ပဲ သွားဖို့ ရည်ရွယ်ထားပါတယ်”
သူ မူလက လွန်ခဲ့သည့် ခုနစ်ရက်ခန့်က သွားရန် စီစဉ်ထားသော်လည်း သူ့ဆရာ၏ ကျမ်းစာရွတ်ဖတ်သံကို ကြားပြီးနောက် အချိန်ကုန်သွားမှန်းပင် မသိလိုက်ဖြစ်သွား၏။
ချူဖုန်း အကြီးအကဲတစ်ဦး၏ စိုးရိမ်ပူပန်မှုအပြည့်ပါသော နွေးထွေးလှသည့်လေသံဖြင့် ပြောလိုက်သည်။ “ကောင်းပြီ လမ်းမှာ ဂရုစိုက်သွားပါ”
ဟန်ပင်း လေးနက်စွာ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ”
နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် သူ လေးနက်စွာ ဦးညွှတ်ပြီး တောင်အောက်သို့ ထွက်ခွာသွားသည်။
မဟာပဏ္ဍိတရွှေတောင်ပံ ဆက်၍ ပြောလာ၏။
“ခုနစ်ရက်အတွင်း အစ်ကိုကြီးရွတ်ဆိုသံတွေကို ကြားပြီး တာအိုအနှစ်သာရတွေ ထပ်တိုးနားလည်နိုင်သွားပြီလို့ ခံစားရတယ်။ ကျွန်တော် ခဏလောက် တံခါးပိတ်ကျင့်ကြံဖို့ သွားလိုက်ဦးမယ်”
ချူဖုန်း ဖြည်းညှင်းစွာ ပြုံးလိုက်သည်။
“သွားလေ”
“နားလည်ပါပြီ”
မဟာပဏ္ဍိတ ထွက်သွားပြီးနောက် အခြားသော တပည့်များသည် တစ်ပတ်တာ ဉာဏ်အလင်းပွင့်မှုမှ သူတို့ရခဲ့သည်များကို ဆင်ခြင်နားလည်ရန် ရည်ရွယ်ချက်ဖြင့် ကိုယ်စီ ခွင့်တောင်း၍ ထွက်ခွာသွားကြသည်။
ပင်းယန်နှင့် ပင်းချင်တို့ ကျင့်ကြံရန် ထွက်သွားကြပြီးနောက် ချူဖုန်း ဗောဓိသစ်ပင်လေးထံ လှည့်ကာ ဂရုတစိုက် ရေလောင်းပေးရန် ပြင်ဆင်လိုက်၏။
တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌
မန်ဒလာနှင့်အတူ လိုက်ပါလာသော ဟန်ပင်းသည် တောင်ပေါ်မှဆင်းလာပြီး ဝမ်တောက်မြို့တော်မှ တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်တစ်ခုကို အသုံးပြု၏။
သုံးရက်အကြာတွင် သူတို့ ဆန်းကြယ်ကောင်းကင်ဒေသ၏ အရှေ့ဘက်ခြမ်း သာမန်လူသားများနေထိုင်သော နိုင်ငံတစ်ခုဖြစ်သည့် ရွှီနိုင်ငံသို့ ရောက်ရှိသွားကြသည်။
ကျင့်ကြံခြင်းနိုင်ငံများနှင့် မတူစွာ ရွှီနိုင်ငံမှ လူကိုးဆယ်ရာခိုင်နှုန်းကျော်သည် သာမန်လူသားများ ဖြစ်၏။
ဟန်ပင်းကို ရွှီနိုင်ငံအတွင်းရှိ ခရိုင်ငယ်လေးတစ်ခုဖြစ်သော ဟောက်ကျိုးခရိုင်တွင် မွေးဖွားခဲ့သည်။ ကလေးဘဝတွင် သူ အင်မော်တယ်တစ်ပါး ဖြစ်လာရန် အိပ်မက်မက်ခဲ့ဖူးသည်။ အသက်ဆယ့်နှစ်နှစ်အရွယ်တွင် ခရီးသွားကျင့်ကြံသူတစ်ဦးက သူ့ဝိညာဉ်အရင်းအမြစ်များကို တွေ့ရှိသွားပြီး တပည့်အဖြစ် လက်ခံကာ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်တော့၏။
နောက်ဆုံးတွင် ဝမ်တောက်ကျောင်းတော်သို့ မဝင်ခင်အချိန်အထိ သူ့ဘဝ၏ အချိန်အများစုကို တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဖြတ်သန်းခဲ့ပြီမှ ယခုလက်ရှိ အဆင့်အတန်းကို ရောက်လာခြင်းဖြစ်၏။
ဟောက်ကျိုးမြို့တံခါးအပြင်ဘက်တွင် ဟန်ပင်း တိတ်ဆိတ်စွာ ရပ်နေပြီး ရင်းနှီးနေသော်လည်း သူစိမ်းဆန်နေသည့် မြို့ကို ကြည့်ရှုနေသည်။
သူ တီးတိုး ရေရွတ်လိုက်သည်။
“ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီ။ ဟန်မိသားစု မျိုးဆက်သစ်လူငယ်တွေ အခု ဘယ်လိုနေကြလဲဆိုတာ ငါ သိချင်မိတယ်”
သူ့ဘေးတွင် မန်ဒလာက ပြုံးလိုက်သည်။
“ရှင် သူတို့ကို အရမ်း လွမ်းနေမှတော့ သွားတွေ့ကြတာပေါ့။ ဘယ်သူသိမှာလဲ။ ရင်းနှီးနေတဲ့ မျက်နှာတချို့ ရှိနေနိုင်တယ်”
“အင်း”
ဟန်ပင်း ခေါင်းညိတ်လိုက်ပြီး သူ့ခြေလှမ်းများကို အလိုလို မြန်စေလိုက်သည်။
သာမန်လူများ၏ ဘဝသက်တမ်းသည် နှစ်တစ်ရာသာ ရှိသော်လည်း ဟန်ပင်းကိုယ်တိုင်က ထိုမျှ အသက်မကြီးသေးပေ။ သူ ဤနှစ်များတစ်လျှောက် အိမ်သို့ ငွေကြေးများနှင့် သက်ရှည်ဆေးလုံးများကို ပေးပို့သည်။ သူ့မိဘများ ကွယ်လွန်သွားလျှင်တောင် သူ့မောင်နှမများ ကျန်ရစ်နေနိုင်သေးသည်။
ယခု နောက်ဆုံးတွင် ဂုဏ်ကျက်သရေရှိရှိဖြင့် အိမ်ပြန်ရန် အခွင့်အရေး ရောက်ရှိလာ၏။
“ဝင်ကြေး တစ်ယောက်ကို ကြေးဒင်္ဂါး ဆယ်ပြား”
တံခါးစောင့်များသည် ကြမ်းတမ်းပြီး စိတ်မရှည်သော မျက်နှာများဖြင့် သူတို့လမ်းကို ပိတ်ဆို့လိုက်ကြသည်။
ဟန်ပင်း သေးနုပ်သော လူများနှင့် ငြင်းခုံပြီး ဒုက္ခမခံလိုပေ။ သူ ငွေတုံးတစ်တုံးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ရင်း ပြောလိုက်သည်။
“ကျန်တာကို ယူထားလိုက်”
၎င်းကို ဖမ်းဖမ်းမိလိုက်သော စစ်သားသည် ချက်ချင်းပင် အပြုံးပန်းဝေသွားကာ ပြောလိုက်၏။
“ဒါပေါ့ သခင်ကြီး ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ”
ဟန်ပင်းနှင့် မန်ဒလာတို့ ဘာမှထပ်မပြောတော့ဘဲ မြို့ထဲသို့ တံခါးမှတစ်ဆင့် ဝင်ရောက်သွားကြသည်။
သူတို့အနောက်တွင် စစ်သည်များ အတူတကွ စုရုံးပြီး လျှို့ဝှက်စွာ တီးတိုးပြောဆိုနေကြ၏။
သူတို့ထဲမှ တစ်ယောက် တီးတိုးရေရွတ်လိုက်သည်။
“အဲဒီနှစ်ယောက် ငွေပေါတဲ့ပုံပဲ။ ငါတို့ သူတို့နောက်ကို လိုက်ကြမလား”
ဖြန်း
သူ နောက်တစ်ခွန်း မပြောရသေးခင် ကြီးကြပ်ရေးအရာရှိက သူ့မျက်နှာကို လက်ဖမိုးဖြင့် ရိုက်ချကာ ပြောသည်။
“ငတုံးကောင် မင်းငါတို့အားလုံးကို သေတွင်းထဲ ဆွဲသွင်းချင်နေတာလား”
အရာရှိက ဟန်ပင်း ထွက်သွားသည့်ဘက်သို့ မျက်စိမှေးကာ ကြည့်ရင်း အေးစက်စွာ ပြောသည်။
“အဲဒီလူ ငါတို့ကို ကြည့်သွားတဲ့ အကြည့်ကို မင်း မမြင်လိုက်ဘူးလား။ ငါတို့ကို အင်းဆက်ပိုးမွှားတွေလိုမျိုး ကြည့်သွားတာ။ အစောင့်အရှောက်တွေ မပါဘဲနဲ့ သူ့ကိုယ်သူ ဒီလိုယုံကြည်မှုအပြည့်ရှိနေတဲ့ လူတစ်ယောက်က သာမန်သိုင်းသမား မဟုတ်လောက်ဘူး။ သူက ကောလာဟလတွေထဲက ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်ဖို့များတယ်”
အနီးနားရှိ စစ်သည်တိုင်း လေကို ပြင်းပြင်းရှူသွင်းလိုက်မိကြပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားကြ၏။
သို့သော် သူတို့စကားဝိုင်းကို အရှေ့တွင်ရှိနေသော ဟန်ပင်းနှင့် မန်ဒလာတို့ ရှင်းလင်းစွာ ကြားနေရသည်။
မန်ဒလာ တိတ်ဆိတ်စွာ ပြောလိုက်၏။
“ရွှီနိုင်ငံရဲ့ အုပ်ချုပ်ရေးက ပုပ်ပွနေပြီ။ ဒီလို အကျင့်ပျက်ခြစားမှုတွေနဲ့ဆိုရင် နိုင်ငံရဲ့ ကျဆုံးမှုက သိပ်မဝေးတော့ဘူး။ ပြီးတော့”
သူမ ခဏရပ်ကာ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ဆက်ပြောသည်။
“လေထုထဲမှာ နတ်ဆိုးတွေရဲ့ အနံ့ကို ကျွန်မ ရနေတယ်”
ဟန်ပင်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
“အိမ်ကို ခမ်းခမ်းနားနား ဘယ်လိုပြန်ရမဲ့ဆိုတာ တွေးနေတာ။ အခုတော့ အခွင့်အရေးက သူ့အလိုလို ပေါ်လာပြီ။ လမ်းမှာ ဟန်မိသားစု မျိုးဆက်တွေထဲက ဘယ်သူတွေများ ဝိညာဉ်အရင်းအမြစ်တွေ ရှိမလဲဆိုတာကို ကိုယ် လေ့လာကြည့်မယ်။ သူတို့ ဝမ်တောက်ကျောင်းတော်ကို မဝင်နိုင်ရင်တောင်မှ အနည်းဆုံးတော့ သူတို့ကို နည်းစနစ်တချို့နဲ့ အရင်းအမြစ်တွေ ပေးနိုင်ပါသေးတယ်။ ရွှီနိုင်ငံမှာ ကျင့်ကြံခြင်း မိသားစုငယ်လေး တစ်ခု တည်ထောင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး”
မန်ဒလာ မျက်လုံးများ လင်းလက်သွားပြီး ပြုံးလိုက်သည်။
“ဒါဆိုရင် အစ်ကိုက ရွှီနိုင်ငံကို ဟန်နိုင်ငံအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားတာလား”
ဟန်ပင်း ခေါင်းယမ်းကာ ပြောလိုက်သည်။
“အဲဒီလို လုပ်စရာ မလိုပါဘူး။ မင်းဆက်တစ်ခုက နှစ်တစ်ထောင် ကြာရှည်နိုင်ပေမဲ့ မိသားစုတစ်ခုကတော့ နှစ်တစ်သောင်း ခံနိုင်ရည်ရှိတယ်ဆိုတဲ့ စကားကို ကြားဖူးတယ်။ ကိုယ့်မျိုးဆက်တွေကို သာမန်နိုင်ငံတစ်ခုကို အုပ်ချုပ်ခိုင်းမဲ့အစား သူတို့ကို အင်မော်တယ် အမွေအနှစ်တစ်ခု တည်ဆောက်စေချင်တယ်”
သူတို့ ပြောနေစဉ် ဟန်ပင်း သိုလှောင်အိတ်လက်စွပ်ထဲမှ သွေးမျိုးဆက် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်ချောင်းကို ဖောက်ကာ သွေးတစ်စက်ကို ၎င်းပေါ်သို့ ကျဆင်းစေလိုက်၏။ အဆောင်က မှိန်ဖျဖျ တောက်ပသွားပြီးနောက် စက္ကူကြိုးကြာငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သူတို့ကို လမ်းညွှန်ရန် လေထဲသို့ ပျံသန်းသွားသည်။
သူတို့နှစ်ဦး အလျင်မလိုကြဘဲ လမ်းမတစ်လျှောက် အေးအေးဆေးဆေး သွားကြ၏။ မြို့ပြင်၏ ဆိတ်ငြိမ်မှုနှင့် မြို့တွင်း၏ စည်ပင်ဝပြောမှု နှစ်ခုစလုံးက သူတို့မျက်လုံးများထဲတွင် ရှင်းလင်းစွာ ထင်ဟပ်နေသည်။
နာရီဝက်အကြာတွင် သူတို့ ကျယ်ဝန်းပြီး စည်ကားသော လမ်းမတစ်ခုသို့ ရောက်ရှိသွား၏။
ဤနေရာရှိ အိမ်များသည် အနီရောင်နံရံများဖြင့် ခမ်းနားသော ခြံဝင်းများဖြစ်ကြပြီး ချမ်းသာကြွယ်ဝကာ အာဏာရှိသူများ၏ နေအိမ်များ ဖြစ်ကြသည်။
မလှမ်းမကမ်းတွင် ရုတ်ရုတ်သဲသဲကိစ္စတစ်ခုက သူတို့အာရုံကို ဆွဲဆောင်သွား၏။
လူအုပ်ကြီးသည် စံအိမ်ကြီးတစ်ခုရှေ့တွင် စုရုံးနေကြပြီး တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးကို လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။
လူငယ် ရုပ်ရည်သည် သိမ်မွေ့ပြီး မျက်ခုံးများက ဟန်ပင်း၏မျက်ခုံးများနှင့် အနည်းငယ် ဆင်တူ၏။
ဟန်ပင်း အနီးသို့ပင် မရောက်မီ တာအိုဆရာလူငယ်လေး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“အိမ်တော်ထိန်းကျူး ဒါ ကျွန်တော်တို့ ဟန်မိသားစုရဲ့ အိမ်ရာလေ။ ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ ကျူးမိသားစုပိုင် ဖြစ်သွားတာလဲ”
သူ့စကားများက ကျူးမိသားစု အစေခံများ၏ ဒေါသများကို ချက်ချင်း နှိုးဆွပေးလိုက်သည်။
“ကောင်လေး ငါတို့ သခင်ကြီးကျူးကို မင်း ဘယ်လိုလုပ် ဒီလိုပြောရဲတာလဲ။ ဒါ ကျူးအိမ်တော် ဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဟန်အိမ်တော်ဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်တည်းက မရှိတော့ဘူး”
“တော်ကြတော့”
အိမ်တော်ထိန်း ဖြစ်သူ ကျူးယွမ်ဝေ ကိုယ်တိုင်က သူ့လူများကို တိတ်ဆိတ်စေရန် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဟန်ဆောင်ပြုံးဖြင့် ပြောလိုက်သည်။
“တာအိုဆရာလေးအပေါ် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ကြနဲ့”
ဤသို့ အပြန်အလှန်ပြောဆိုမှုများကို ကြားသောအခါ ဟန်ပင်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့အမူအရာက တင်းမာသွား၏။ သူ အနောက်တွင်နေ၍ အခြေအနေများ မည်သို့ဆက်ဖြစ်လာမည်ကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
တာအိုဆရာလေး၏ လေသံက အရေးတကြီး ဖြစ်သွားပြီး ပြောလိုက်သည်။
“အိမ်တော်ထိန်းကျူး ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော့်ကို ပြောပြပါ။ ကျွန်တော် ထွက်သွားတာ ခုနစ်နှစ်ပဲ ရှိသေးတယ်လေ။ ဟန်မိသားစုက ဘယ်လိုလုပ် ပျောက်ကွယ်သွားနိုင်မှာလဲ။ ကျွန်တော့်အဖေ၊ အမေ၊ အစ်မ နဲ့ ညီမလေးတို့ရော ဘယ်မှာလဲ”