အခန်း ၄၉၇
Vol. 50 Ch. 497
အခန်း (၄၉၇)
“တာအိုဆရာလေး မင်းကို အမှန်အတိုင်းပြောပြမယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ဟန်မိသားစုက ဘေးအန္တရာယ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ ဟန်မိသားစု ဒုတိယသခင်မလေးက နွေရာသီ အပန်းဖြေခရီးထွက်ရင်း ဓားပြတွေ ပြန်ပေးဆွဲတာကို ခံလိုက်ရတယ်။ ငါ့သား ဇနီးသည် အကြီးဆုံးသခင်မလေးကလည်း အဲဒီအချိန်မှာ ကလေးမွေးဖွားနေတာလေ။ သတင်းကို ကြားတဲ့အခါ မီးဖွားရခက်ခဲသွားပြီး သားအမိနှစ်ယောက်လုံး ဆုံးသွားတယ်”
“ဟန်မိသားစု သခင်ကြီးနဲ့ သခင်မကြီးတို့ကလည်း အဲဒီဆုံးရှုံးမှုကြောင့် စိတ်ထိခိုက်ပြီး ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားခဲ့ရတယ်။ လအနည်းငယ်ကြာတော့ သူတို့လည်း ကွယ်လွန်သွားကြတယ်။ နောက်ဆုံးတော့ ငါ့ရဲ့ အသုံးမကျတဲ့သားက ဟန်အိမ်တော်ကို အမွေဆက်ခံလိုက်ပြီး ကျူးမိသားစု ဖြစ်လာခဲ့တာပါပဲ”
အိမ်တော်ထိန်းကျူး စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် ပြောလိုက်သည်။
တာအိုဆရာလူငယ် အရူးမဟုတ်ပေ။ ဤစကားများနောက်ကွယ်ရှိ ထူးဆန်းမှုများကို သူ အလွယ်တကူသိနိုင်သည်။ ဟန်မိသားစုသည် သာမန် မိသားစုတစ်ခု မဟုတ်ပေ။
‘ညတွင်းချင်း ဘယ်လိုလုပ် ပြိုလဲသွားနိုင်မှာလဲ’
သူ အေးစက်စွာ ပြောလိုက်သည်။
“အိမ်တော်ထိန်းကျူး ကျွန်တော့်ကို တာအိုဆရာလေးလို့ ခေါ်တာ ရပ်လိုက်စမ်းပါ။ ခင်ဗျားလို သာမန် အိမ်တော်ထိန်းတစ်ယောက်က ဘယ်အချိန်ကစပြီး ဟန်မိသားစုအတွက် ဆုံးဖြတ်ချက်တွေ ချပိုင်ခွင့် ရှိသွားတာလဲ။ ကျွန်တော် ဟန်ရှို့ယွမ် အသက်ရှင်နေပါသေးတယ်”
သူ့စကားများ အဆုံးတွင် စောင့်ကြည့်နေသူများ သူတို့အချင်းချင်း တီးတိုး ပြောလာကြသည်။
“ဒီတာအိုဆရာလူငယ်က ရူးနေတာ သေချာတယ်။ ကျူးမိသားစုက အခု ဟောက်ကျိုးမြို့တော်ရဲ့ အကြီးမားဆုံး အိမ်တော်တွေထဲက တစ်ခုဖြစ်နေပြီလေ။ ကျူးယွမ်ဝေရဲ့ သားက မြို့တော် တရားရေးအရာရှိတောင် ဖြစ်နေတာ။ နယ်လှည့်တာအိုဆရာတစ်ပါးက သူတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
“ဟုတ်ချင်မှ ဟုတ်မှာ။ ဟန်မိသားစုက ပြီးခဲ့တဲ့ မျိုးဆက်နှစ်ခုမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်နိုင်ခဲ့တယ်လို့ ပြောကြတယ်။ အဲဒါကြောင့်မလို့ တောင်ပေါ်ရွာလေးကနေ ဒီကို ပြောင်းရွှေ့လာနိုင်ခဲ့တာလေ။ ပြီးတော့ သခင်ကြီးဟန်ရဲ့ ညီအစ်ကိုနှစ်ယောက်ကလည်း အင်မော်တယ်လောကက လူတွေလို့ ကောလာဟလ ထွက်နေတာ။ ဒီတာအိုဆရာကများ သူတို့နှစ်ယောက်ကို ဝင်စွက်ဖက်ဖို့ ဖိတ်ခေါ်လိုက်ရင် ကျူးမိသားစုက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“….”
ကျူးယွမ်ဝေ သူ့မျက်လုံးများကို မှေးကျဉ်း၍ တာအိုဆရာကို ကြည့်နေသည့် အကြည့်များက အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပြီး သူ့အမူအရာက အေးစက်သွားသည်။
“တာအိုဆရာလေး မင်း လူ့ဘောင်လောက၊က မဟုတ်တော့ဘူးဆိုတာ မေ့သွားပြီလား။ လောကီရေးရာ ကိစ္စတွေက မင်းနဲ့ မသက်ဆိုင်တော့ဘူးလေ။ ငါ့သားက ဟန်မိသားစုရဲ့ သမက်ပါ။ သူတို့အတွက်တော့ သားတစ်ဝက်ပဲ။ ဒါကြောင့် သူတို့အိမ်တော်ကို အမွေဆက်ခံတာ သဘာဝကျပါတယ်”
“မင်းသာ အကောင်းအဆိုးကို သိမယ်ဆိုရင် ဘုရားကျောင်းတစ်ခုရှာပြီး မင်းရဲ့ နေ့ရက်တွေကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ငွေတချို့ ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ အခြေအနေကို နားမလည်ဘူးဆိုရင်တော့ ငါတို့ ကျူးမိသားစုရဲ့ နည်းလမ်းတွေ မင်းကို ပြပေးမယ်”
သူ့အမိန့်အောက်တွင် ပတ်ဝန်းကျင်ရှိ အစေခံများ ဟန်ရှို့ယွမ်ကို ချက်ချင်း ဝန်းရံလိုက်ကြသည်။
ထိုစဉ် အဝေးမှ အထင်အမြင်သေးသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
“ဒါဆိုရင် မင်းတို့ ကျူးမိသားစုမှာ ဘယ်လိုနည်းလမ်းတွေ ရှိလဲဆိုတာ ဒီနေ့ ငါကိုယ်တိုင် ကြည့်ရမှာပေါ့”
ရုတ်တရက် ထွက်ပေါ်လာသော အသံက ကျူးအိမ်တော်၏ တင်းမာနေသော လေထုကို ဖျက်ဆီးလိုက်သည်။ လူတိုင်း အသံလာရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်ကြ၏။
နဂါးတစ်ကောင် ဟန်ပန်၊ ကျားတစ်ကောင် ခြေလှမ်းများဖြင့် သူတို့ဆီ လျှောက်လှမ်းလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ တစ်ခဏအတွင်း အကြည့်များက သူတို့ဆီ ရောက်လာ၏။
ကြည့်ရှုနေသူများသည် ထပ်မံ၍ တီးတိုးစကားပြောလာကြသည်။
“ဒီလူငယ်နှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့အရှိန်အဝါက ထူးခြားတယ်။ အခြေအနေက တကယ်ပဲ ပြောင်းပြန်လန်သွားနိုင်လား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟောက်ကျိုးမြို့တော်မှာ တရားသူကြီးကျူးက အရာအားလုံးကို ထိန်းချုပ်မထားဘူးဆိုရင်တောင် လူနှစ်ယောက်ကို ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုတာ သူ့အတွက်တော့ ကလေးကစားသလိုပဲ”
“….”
ဟန်ရှို့ယွမ် လူငယ်ကို ကြည့်နေရင်း ထူးဆန်းနေသည့် ရင်းနှီးသလိုခံစားချက်တစ်ခု သူ့နှလုံးသားထဲတွင် လှုပ်ခတ်သွား၏။ သူ လူငယ်လေးကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားနေရသော်လည်း ဘယ်နေရာမှာလဲဆိုတာကိုတော့ ပြန်မမှတ်မိနိုင်ပေ။
“မင်းတို့ ဘယ်သူတွေလဲ။ ငါတို့ ကျူးမိသားစုကိစ္စတွေကို ဘာလို့ဝင်စွက်ဖက်ရဲရတာလဲ”
ကျူးယွမ်ဝေ ထိုစုံတွဲ၏ အရှိန်အဝါကြောင့် ခဏတာ ကြောက်ရွံ့သွားသော်လည်း သူ့ကိုယ်သူ အလျင်အမြန် ပြန်ထိန်းချုပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“အဘိုးလေး ခင်ဗျားက အဘိုးလေးလား”
ဟန်ရှို့ယွမ် ရုတ်တရက် ပြောလိုက်ပြီး ဒူးထောက်ချကာ အရိုအသေပေးလိုက်သည်။
“ရှို့ယွမ် အဘိုးလေးကို ဂါရဝပြုပါတယ်”
ဟန်ပင်း အနားသို့ မရောက်သေးပေ။ သူ လက်ကို ညင်သာစွာ မြှောက်လိုက်ရုံဖြင့် ဟန်ရှို့ယွမ်သည် မမြင်ရသည့် အင်အားတစ်ခုဖြင့် မတ်တပ်ရပ်လျက်သား ဖြစ်သွား၏။
“မှန်တယ်”
သူ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ မင်းရဲ့ အဘိုးလေးပဲ”
သူ့စကားများက လူတိုင်းကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေသည်။
ဟန်ပင်း၏ အကြည့်က ကျူးယွမ်ဝေအပေါ်သို့ ကျရောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။
“ဟန်ယုံက ငါ့ရဲ့ အစ်ကိုကြီး။ ဒီစံအိမ်ကြီးကို ငါ့ကိုယ်ပိုင်ငွေနဲ့ တည်ဆောက်ခဲ့တာ။ ပြောစမ်းပါဦး ဟန်မိသားစုရဲ့ ကိစ္စတွေကို ငါ ဝင်စွက်ဖက်ပိုင်ခွင့် ရှိတယ်လို့ မင်း ထင်လား”
၎င်းကိုကြားသောအခါ လူအုပ်ကြီး ပင့်သက်ရှိုက်လိုက်မိသည်။ သူတို့ထဲမှ အများစုက ဟန်ယုံကို မသိကြသော်လည်း ဟန်အိမ်တော်ကို တည်ဆောက်ရန် ငွေထုတ်ပေးနိုင်ခြင်းက သူ့နောက်ခံမှာ သာမန်မဟုတ်ကြောင်းကို သက်သေပြနေ၏။
“ဒါ မဖြစ်နိုင်ဘူး”
“သူက သခင်ကြီးဟန်ရဲ့ ညီလေး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သခင်ကြီးဟန် ကွယ်လွန်သွားတာ နှစ်တွေအများကြီး ရှိနေပြီလေ။ အခုအချိန်ထိ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင်တောင် အသက် ခုနစ်ဆယ်နား နီးနေလောက်ပြီ”
အသက်ကြီးပိုင်း ကြည့်နေသူအချို့က ဟန်ယုံနှင့်ပတ်သက်သော အချက်အလက်များအတွက် သူတို့မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေနေကြသည်။
ကျူးယွမ်ဝေ ဟန်ယုံကို သိပါ၏။ အတိတ်တွင် သူ့ကို ဟန်ယုံမှ မွေးစားခဲ့သောကြောင့် ဟန်အိမ်တော်၏ အိမ်တော်ထိန်း ဖြစ်လာပြီး လက်ရှိရာထူးအထိ တစ်လှမ်းချင်း တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။
အကယ်၍ သခင်ကြီးဟန် သက်ရှိထင်ရှား ရှိနေသေးပါက ကျူးယွမ်ဝေသည် မကောင်းသော ရည်ရွယ်ချက်များကို မွေးမြူရဲမည် မဟုတ်ပေ။ သူ သခင်ကြီးဟန်ထံမှ ဒုတိယသခင်ကြီး၏ ပုံပြင်များကို မကြာခဏ ကြားရသော်လည်း လွန်ခဲ့သော ဆယ့်ငါးနှစ်ကစပြီး ဒုတိယသခင်ကြီးထံမှ လက်ဆောင်များ ပေးပို့ခြင်း မရှိတော့သည့်အချိန် မှစ၍ ဟန်မိသားစု စတင်ဆုတ်ယုတ်လာသည်။
ဒုတိယသခင်ကြီးသည် အင်မော်တယ်လမ်းစဉ်ပေါ်တွင် သေဆုံးသွားပြီဟုပင် ကောလာဟလများ ထွက်လာ၏။ ဒုတိယသခင်ကြီးကို လွမ်းဆွတ်သည့် ပူဆွေးသောကကြောင့် သခင်ကြီးဟန် ကွယ်လွန်သွားခဲ့ရသည်ဟုပင် ပြောကြသည်။
ကျူးယွမ်ဝေ သူ့ရှေ့က လူငယ်ကို စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ။ ဒုတိယသခင်ကြီးက သခင်ကြီးထက် အသက် ဆယ်နှစ်ကျော်ငယ်တယ်ဆိုရင်တောင် အခုဆို သက်လတ်ပိုင်းအရွယ် ဖြစ်နေလောက်ပြီ။ မင်းကြည့်ရတာ အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတယ်။ ဘယ်လိုလုပ် ဒုတိယသခင်ကြီး ဖြစ်နိုင်မှာလဲ။ ဒုတိယသခင်ကြီးကို စော်ကားတဲ့ ဒီလူအိမ်ကို ဖမ်းပြီး သူနဲ့ တာအိုဆရာလေးကို အပြင်လွှင့်ပစ်လိုက်စမ်း”
“ဟုတ်ကဲ့ပါ”
အစေခံများ တံခါးအနောက်မှ ထင်းတုတ်များကို ဆွဲထုတ်လာကြသည်။ ဟန်ပင်းနှင့် ဟန်ရှို့ယွမ် နှစ်ယောက်စလုံး နောက်မဆုတ်ကြပေ။
“မသိနားမလည်တဲ့ သာမန်လူသားတွေ။ မင်းတို့က ကျင့်ကြံသူတွေအကြောင်း ဘာမှကို မသိတာပဲ”
ဟန်ပင်း၏ စကားနောက်တွင် သူ့အရှိန်အဝါက သိမ်မွေ့စွာ ပျံ့နှံ့လာသည်။ ရှေ့သို့ ပြေးဝင်လာသော အစေခံများ ချက်ချင်းပင် ဒူးထောက်ကျသွားကြပြီး တုတ်များသည် တစ်စစီ ကျိုးပဲ့သွား၏။
ရုတ်တရက် အပြောင်းအလဲက လူတိုင်းကို မှင်တက်သွားစေပြီး ကျောက်ရုပ်များအလား အေးခဲသွားစေ၏။ ဟန်ပင်း ဟန်ရှို့ယွမ်ကို လှည့်ကာ ပြောလိုက်သည်။
“ရှို့ယွမ် အိမ်တော်ထိန်းကျူးကို ကြိုးတုပ်ပြီး ရှေ့ကို ခေါ်လာခဲ့။ ဒီနေ့ လူတိုင်းရှေ့မှာ ငါ သူ့ကို စစ်ဆေးမေးမြန်းပြီး မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ ဘယ်လိုအကြံအစည်တွေ လုပ်ခဲ့လဲဆိုတာ ရှာဖွေရမယ်”
“ဟုတ်ကဲ့ပါ”
ဟန်ရှို့ယွမ် ရှေ့သို့ တက်လာပြီး ကျူးယွမ်ဝေကို ဟန်ပင်းရှေ့သို့ ဆွဲခေါ်ကာ စောင့်ကန်လိုက်သည်။ ကျူးယွမ်ဝေ ထိတ်လန့်မှုကြောင့် ဖြူဖျော့နေပြီး စကားတစ်ခွန်းမျှ မဟနိုင်တော့ပေ။ လူငယ်လေးထံမှ ဖိအားကား ပြင်းထန်လွန်း၏။
သို့တိုင်အောင် မည်သည့်မေးခွန်းများ မေးပါစေ သူ ဝန်မခံရန် ဆုံးဖြတ်ထားသည်။ မဟုတ်ပါက ကျူးမိသားစု အဆုံးသတ်သွားပေလိမ့်မည်။ ဟန်ရှို့ယွမ် မေးလိုက်၏။
“အဘိုးလေး ဒီအဘိုးကြီးက ဝန်ခံဖို့ ငြင်းဆန်နေရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ဟန်ပင်း ပြုံးလိုက်သည်။ “သာမန်လူသားတစ်ယောက်က ကျင့်ကြံသူတွေကို လှည့်စားလို့ မရပါဘူး။ ငါ သိချင်တယ်ဆိုရင် သူ့စိတ်ထဲက ဘယ်လျှို့ဝှက်ချက်ကိုမှ ဖုံးကွယ်ထားလို့ မရဘူး။ မင်းက ကျင့်ကြံချင်တယ် မဟုတ်လား ဒီနေ့ ကျင့်ကြံသူတစ်ယောက်ရဲ့ နည်းလမ်းတွေကို မင်းမြင်အောင် ပြပေးမယ်”
သူ ပြောနေရင်း လက်သင်္ကေတတစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးကာ ကျူးယွမ်ဝေကို ရိုက်နှက်လိုက်သည်။
“ပြောစမ်း ဒီနှစ်တွေအတွင်း ဟန်မိသားစုကို မင်း ဘာတွေလုပ်ခဲ့သလဲ”
“ကျွန်တော်... ကျွန်တော် မလုပ်ခဲ့ပါဘူး”
ကျူးယွမ်ဝေ ရုန်းကန်ရန် ကြိုးစားခဲ့သော်လည်း သူ့လျှာသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူ ဟန်မိသားစုကို မည်သို့ ကြံစည်ခဲ့ကြောင်း အသေးစိတ်တိုင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်။
“အရာအားလုံးက သခင်ကြီးဟန် ကွယ်လွန်သွားခြင်းကနေ စတင်ခဲ့တာပါ...”