အခန်း ၄၉၈
Vol. 50 Ch. 498
အခန်း (၄၉၈)
“တစ်လောကလုံးကတော့ သခင်ကြီးဟန် ဒုတိယသခင်လေးဟန် ကွယ်လွန်သွားတာကို ဝမ်းနည်းပူဆွေးပြီး သေဆုံးသွားတာလို့ ထင်နေကြတာ။ ဒါပေမဲ့ အမှန်တရားက အဲ့ဒီလို မဟုတ်ဘူး။ သခင်ကြီးဟန်မှာ သားသုံးယောက်နဲ့ သမီးသုံးယောက်ရှိခဲ့တယ်”
“သမီးသုံးယောက်စလုံးကတော့ အိမ်ထောင်ကျပြီး တခြားအရပ်တွေကို ပြောင်းရွှေ့သွားကြပြီ။ သားအကြီးဆုံး ဟောက်ကျိုးက ဟန်အိမ်တော်မှာပဲ ကျန်ရစ်ခဲ့ပြီး ကျန်တဲ့နှစ်ယောက်ကတော့ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို ခြေချခဲ့ကြတယ်”
“ဒါပေမဲ့ အင်မော်တယ်လမ်းစဉ်ဆိုတာ အဲဒီလောက် လွယ်လွယ်ကူကူ လျှောက်လှမ်းနိုင်တဲ့အရာမှ မဟုတ်တာ။ ဒုတိယသခင်လေးနဲ့ တတိယသခင်လေးတို့အမှတ်အသား ကျောက်စိမ်းပြားတွေ ကြေမွပျက်စီးသွားတာ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုမကတော့ဘူး”
“အဲဒီနှစ်ယောက်က ဟန်မိသားစုဆီကနေ ကျင့်ကြံခြင်း အရင်းအမြစ် အများကြီးကို ယူဆောင်သွားခဲ့ကြသေးတာ။ သခင်ကြီးဟန် အသက်ရှည်ဖို့အတွက် သုံးစွဲတဲ့ ဆေးဖက်ဝင်အပင်တွေကိုတောင် ချန်မထားခဲ့ကြဘူး”
“ဆံဖြူမိဘက ဆံနက်သားသမီးကို သင်္ဂြိုဟ်ရတဲ့ ဒုက္ခက တကယ့်ကို မချိမဆံ့ ခံစားရတာမျိုး။ အဘိုးဟန်က ဒါကို လက်မခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဟန်အိမ်တော်အတွင်းမှာ မတည်မငြိမ်ဖြစ်မှာ စိုးရိမ်တာကြောင့်ပဲ သူက တခြားအကြောင်းပြချက်တစ်ခုကို လုပ်ကြံဖန်တီးခဲ့တာ”
“သခင်ကြီးနဲ့ သခင်မကြီးတို့ ကိစ္စမှာတော့ ငါ သူတို့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေနဲ့ လက်ဖက်ရည်ထဲကို အာနိသင်နှေးတဲ့ အဆိပ်တစ်မျိုးကို ခတ်ထားခဲ့တယ်။ ဒီအဆိပ်က တဖြည်းဖြည်းချင်း အာနိသင်ပြတာ။ လူတစ်ယောက် စိတ်လှုပ်ရှားမှုပြင်းထန်လာတဲ့ အချိန်ကျမှ အဆိပ်တက်လာတတ်တာ။ အဲဒါကြောင့်ပဲ ကျွန်တော်က သင့်တော်မဲ့ အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့တာလေ”
“လွန်ခဲ့တဲ့ သုံးနှစ်က အခွင့်အရေး ရောက်လာတယ်။ ဒုတိယသမီးလေးက ဓားပြတွေ ဖမ်းဆီးခေါ်ဆောင်တာကို ခံလိုက်ရတယ်။ အဲဒီသတင်းကို ကြားလိုက်ရတဲ့ ခဏမှာ ဒါက အကောင်းဆုံး အချိန်အခါပဲဆိုတာ သိလိုက်ရတယ်။ သမီးကြီး မီးဖွားရခက်ခဲစေဖို့အတွက် ဝမ်းဆွဲသည်ကို ငွေပေးလက်ထိုးတယ်။ ဒါဆိုရင် ဟန်မိသားစု သွေးမျိုးဆက်က အဆုံးသတ်သွားတော့မှာ”
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ သတင်းကို ကြားရတဲ့အချိန် သခင်ကြီးနဲ့ သခင်မကြီးတို့ စိတ်ထိခိုက်ပြီး မခံမရပ်နိုင် ဖြစ်သွားကြတယ်။ အဆိပ်က ကြွတက်လာပြီး လအနည်းငယ်အတွင်းမှာ သူတို့ သေဆုံးသွားတာပဲ”
ကျူးယွမ်ဝေ စကားပြောနေစဉ်တွင် သူ့မျက်နှာထက်ရှိ အမူအရာက ကြောက်ရွံ့တုန်လှုပ်ခြင်းမှသည် ရူးသွပ်လုနီးပါး စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားတော့လေ၏။
ဟန်ရှုယွမ် စကားတစ်လုံးချင်းစီကို ကြားရတိုင်း ပို၍ ဒေါသထွက်လာသည်။ သူ ရုတ်တရက် ရှေ့သို့ လှမ်းတက်လိုက်ပြီး သခင်ကြီးဟန်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ချလိုက်ကာ အံကြိတ်၍ ပြောလိုက်သည်။
“ခင်ဗျား ခွေးသတောင်းစားအဘိုးကြီး ကျုပ်တို့ ဟန်မိသားစုက ခင်ဗျားအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ။ ကျုပ်အစ်မကြီးက ခင်ဗျားရဲ့ မြေးလေးကိုတောင် ဝမ်းနဲ့လွယ်ထားခဲ့ရတာ။ ဒါကိုတောင် ခင်ဗျား ဒီလို ယုတ်မာရက်စက်တဲ့ အရာမျိုးကို လုပ်ရက်တယ်ပေါ့”
“ဟား..ဟား…ဟား..”
ကျူးယွမ်ဝေ ယုတ်မာဆိုးသွမ်းသော ရယ်သံကို ထုတ်လွှတ်လိုက်သည်။
“မင်းတို့ ဟန်မိသားစုဆိုတာ တောင်ပေါ်ကနေ လာတဲ့ အသိပညာဗဟုသုတမရှိတဲ့ လယ်သမားတွေ သက်သက်ပဲ။ မင်းတို့ ဒုတိယသခင်လေးသာ အင်မော်တယ်ဂိုဏ်းထဲကို မဝင်သွားရင် မင်းတို့မျိုးနွယ်စု ဟောက်ကျိုးမြို့ထဲကို ဘယ်တော့မှ ခြေချနိုင်မှာမဟုတ်ဘူး။”
“ငါတို့ ကျူးမိသားစုဆိုတာ တစ်ချိန်က ဟောက်ကျိုးမြို့ရဲ့ အထက်တန်းစား မိသားစုတစ်စု ဖြစ်ခဲ့တာ။ ငါတို့ မိသားစုသာ ဆုတ်ယုတ်မသွားခဲ့ရင် မင်းတို့ ဟန်မိသားစုဆီမှာ အစေခံအဖြစ် ငါ့ကိုယ်ငါ ဘယ်တော့မှ ရောင်းချမှာ မဟုတ်ဘူး”
“ပြီးတော့ မင်းအစ်မ ဗိုက်ထဲက စောက်ကလေး။ အဲဒါငါနဲ့ ဘာဆိုင်လို့လဲ။ သူသာ ကလေးတစ်ယောက်ကို လွယ်မထားခဲ့ရင် မင်းအဖေက ငါ့သားကို သမက်အဖြစ် လက်ခံဖို့ သဘောတူမယ်လို့ မင်းထင်နေတာလား”
“ငါ့သားက ထူးချွန်တဲ့ ပါရမီတွေနဲ့ မွေးဖွားလာတာ။ ဒါပေမဲ့ သူ မင်းတို့မိသားစုရဲ့ အိမ်ပါသမက် ဖြစ်ဖို့ ဖိအားပေးခံခဲ့ရတယ်။ အကြောင်းပြချက်မရှိ ဦးထုပ်စိမ်း ဆောင်းခံခဲ့ရတယ်ကွ။ ဒါကို ငါသိလိုက်ရတဲ့အချိန်မှာ မင်းတို့ဟန်တစ်အိမ်လုံးကို သတ်ပစ်ချင်တဲ့ စိတ်ပဲ ရှိတော့တာ။ ငါ မုန်းတယ်။ အရိုးထဲအထိကို မုန်းတာ”
အနီးအနားတွင် ရှိနေကြသော လူများ ပင့်သက်ရှိုက်မိကြ၏။ ယနေ့တွင် သူတို့ အင်မော်တယ်တစ်ပါးကို မြင်တွေ့ရရုံသာမက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လျှို့ဝှက်ချက်များကိုပါ ကြားရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
‘အင်မော်တယ်က နောက်ပိုင်းမှာ သူတို့အားလုံးကို နှုတ်မပိတ်လောက်ဘူးမလား’
လူတိုင်း ဒုတိယသခင်လေးဟန်ကို သတိကြီးစွာ ကြည့်လိုက်ကြသည်။ ဟန်ပင်း ကျူးယွမ်ဝေကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ခပ်အေးအေးပင် ဆိုလိုက်၏။
“မင်း ပြောလို့ ပြီးပြီလား”
“ပြီးပြီ။ ငါ အခု သေရရင်တောင် ထိုက်တန်ပါတယ်”
ကျူးယွမ်ဝေ၏ မျက်နှာတွင် ရူးသွပ်သော ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
“စိတ်မပူနဲ့။ မင်းကို ငါ ဒီလောက် လွယ်လွယ်ကူကူ သေခွင့်ပေးမှာ မဟုတ်ဘူး။ မင်းက ငါတို့ ဟန်မိသားစုကို ဖျက်ဆီးခဲ့တာမို့ မင်း ချစ်ရတဲ့သူတွေ မျက်စိရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတာကို ငါ စောင့်ကြည့်ခိုင်းမယ်”
ဟန်ပင်း၏ အသံက ပုရွက်ဆိတ် အနည်းငယ်ကို သူ့ခြေဖဝါးအောက်တွင် နင်းခြေဖျက်ဆီးပစ်တော့မည့်အတိုင်း တည်ငြိမ်နေသည်။
“မလုပ်ပါနဲ့။ တောင်းပန်ပါတယ်။ မလုပ်ပါနဲ့”
၎င်းကို ကြားလိုက်ရသည့်အခါ ကျူးယွမ်ဝေ ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့အသက်အရွယ်အရ သေခြင်းတရားသည် အကြီးမားဆုံးသော ကြောက်ရွံ့မှု မဟုတ်ပေ။ မျိုးဆက်မကျန်ဘဲ သေဆုံးရခြင်းကသာ အဆိုးဝါးဆုံး ဖြစ်သည်။
သူ ခေါင်းဖြင့် မြေကြီးကို စိုက်ချကာ အကြိမ်ကြိမ် အရိုအသေပေးရင်း တောင်းပန်တိုးလျှိုး၏။
“အင်မော်တယ်အရှင် ကျွန်တော့်မိသားစုကို ချမ်းသာပေးပါ။ ဒါတွေအားလုံးက ကျွန်တော်တစ်ယောက်တည်းရဲ့ လုပ်ရပ်ပါ”
“ဟမ့်”
ဟန်ပင်း နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောလိုက်သည်။
“ခုနတုန်းကတော့ မင်း ဒီလောက်အထိ နှိမ့်ချပြီး မပြောခဲ့ပါဘူး”
အတန်ငယ်ဝေးသော နေရာမှ မြင်းခွာသံများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ မြင်းစီးသမား တစ်စုသည် သူတို့ထံ အရှိန်အဟုန်ဖြင့် မောင်းနှင်လာကြ၏။
စုရုံးကြည့်ရှုနေကြသော လူအုပ်ကြီးက သူတို့ခေါင်းများကို လှည့်ကြည့်လိုက်ကြရာ ကျူးတိရှင်းသည် မြင်းစီးစစ်သည်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး သူတို့ဘက်သို့ ဦးတည်လာနေသည်ကို မြင်လိုက်ကြရသည်။
“ကျူးတိရှင်း ရောက်လာပြီ။ အခုတော့ အခြေအနေက စိတ်ဝင်စားဖို့ ကောင်းလာပြီ”
“ကျူးတိရှင်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ သူက လူသားတစ်ယောက်ပဲလေ။ အင်မော်တယ်တစ်ပါးကို သူ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ”
“…”
စးမြင်းဟီသံနှင့်အတူ ကျူးတိရှင်းသည် မြင်းပေါ်မှ ဆင်းလိုက်၏။ ဤနေရာသို့ လာရာလမ်းတွင် သူ ဟန်မိသားစုမှ အင်မော်တယ်တစ်ပါး သူတို့အိမ်တော်သို့ ရောက်ရှိနေပြီး သူ့အဖေကို ဒူးထောက် တောင်းပန်ခိုင်းနေကြောင်း သတင်းရထားသည်။
သူ့ဖခင်ဖြစ်သူက အကြိမ်ကြိမ် အရိုအသေပေးတောင်းပန်နေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ သူ့နှလုံးသားမှာ နာကျင်သွား၏။ သ ရှေ့သို့ အမြန်တက်လိုက်ပြီး ဖခင်ဖြစ်သူကို တွဲထူပေးကာ ပြောလိုက်၏။
“လေးစားအပ်တဲ့ အင်မော်တယ်အရှင် ကျွန်တော့်ကျူးမိသားစုက ဟန်မိသားစုအပေါ် ဘယ်လိုမျိုး ပြစ်မှုကျူးလွန်ခဲ့လို့လဲဆိုတာ သိပါရစေ။ ကျေးဇူးပြုပြီး ရှင်းလင်းပေးပါ”
ဟန်ပင်းက ဘာမှမပြောဘဲ ကျူးယွမ်ဝေ၏ ယခင်စကားများကို ပြန်လည်ပြသရန် ပညာရပ်တစ်ခုကို သုံးလိုက်သည်။
ပြန်လည်ပြသမှုကို ကြည့်ရှုပြီးနောက် ကျူးတိရှင်း ချက်ချင်းပင် မျက်နှာဖြူစုတ်သွားပြီး စိတ်လွင့်မျောသွားကာ တီးတိုးရေရွတ်၏။
“အဖေ မှားသွားပြီ။ တရားဝင်မစေ့စပ်ဘဲ ရှုလန်နဲ့ ပေါင်းသင်းခဲ့တာ ကျွန်တော်ကိုယ်တိုင်ပါ။ ကျွန်တော့်ကလေးနဲ့ ဇနီးကို သေဆုံးစေခဲ့တာလည်း ကျွန်တော်ကိုယ်တိုင်ပါပဲ”
ဤစကားများကို ကြားလိုက်ရသောအခါ စုရုံးကြည့်ရှုနေသူများနှင့် ကျူးယွမ်ဝေတို့အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
ကျူးယွမ်ဝေ ခွေကျသွားပြီး ရှေ့တည့်တည့်ကို အကြောင်သား ငေးကြည့်နေမိ၏။
“အဖေက သခင်ကို သစ္စာဖောက်ခဲ့တယ်၊၊ သားဖြစ်တဲ့ ကျွန်တော်ကတော့ အရှက်မရှိ ပျော်ပါးနေခဲ့တယ်။ ဒါဟာ သစ္စာမရှိတာပဲ။ ကျွန်တော့် ဇနီးနဲ့ သမီးကို သူများ သတ်ပစ်ခဲ့တာတောင် ကျွန်တော် သူတို့အတွက် ကလဲ့စားမချေပေးနိုင်ခဲ့ဘူး။ ဒါ မတရားတာပဲ။ သစ္စာလည်းမရှိ တရားမျှတမှုလည်း မရှိတဲ့ ကျွန်တော်လို လူတစ်ယောက် ဟောက်ကျိုးမြို့က ပြည်သူတွေကို တရားမျှတမှုပေးမဲ့ တိရှင်း ရာထူးကို ဘယ်လိုလုပ် ဆက်ပြီး ဆုပ်ကိုင်ထားနိုင်တော့မှာလဲ”
သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် ကျူးတိရှင်း လှည့်လိုက်ကာ သူ့ဘေးရှိ မြင်းစီးစစ်သည်ခေါင်းဆောင်၏ ခါးမှ ဓားကို ဆွဲထုတ်၍ လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်တော့သည်။
“မလုပ်ပါနဲ့”
ကျူးယွမ်ဝေ သားဖြစ်သူက ဤကဲ့သို့သော သေခြင်းတရားမျိုးကို ရွေးချယ်လိမ့်မည်ဟု မမျှော်လင့်မထားပေ။ သူ နှလုံးသားတစ်ခုလုံး ကြေမွမတတ် နာကျင်စွာ အော်ဟစ်လိုက်သည်။
ဟန်ပင်း အေးစက်စွာ ပြောလိုက်၏။
“မကောင်းမှုကျူးလွန်သူတွေက ကိုယ်ဖန်တီးတဲ့ ပျက်စီးခြင်းကို ဆိုက်ရောက်ရလိမ့်မယ်။ ဒါဟာ မင်းရဲ့ အပြစ်ကြွေးပဲ။ ငါတို့ ဟန်မိသားစုက မင်းတို့ ကျူးမိသားစုဆီကနေ မတရားခံစားခဲ့ရတာမလို့ မင်းတို့ အားလုံး သေဆုံးနိုင်ပြီ။ ရှုယွမ်”
“မြေး ရှိပါတယ် အဘိုး”
ဟန်ရှုယွမ် ရှေ့သို့ ထွက်လိုက်သည်။
ဟန်ပင်းက အဆောင်လက်ဖွဲ့တစ်ခုကို အသာအယာ ထုတ်ယူပြီး ပစ်ပေးလိုက်၏။
“ဒါက သွေးမျိုးဆက် ရှာဖွေတဲ့ အဆောင်လက်ဖွဲ့ပဲ။ မင်းအနေနဲ့ ကျူးတိရှင်းရဲ့ သွေးကို အဲဒီအပေါ်မှာ သုတ်လိမ်းပေးလိုက်ရုံပဲ။ ကျူးမိသားစုရဲ့ သွေးသားတော်စပ်သူ အားလုံးကို ချက်ချင်း ဖော်ထုတ်ပေးလိမ့်မယ်။ သူတို့အားလုံးကို ဖမ်းဆီးလိုက်။ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် မပေးနဲ့”
“ဟုတ်ကဲ့ပါ”
ဟန်ရှုယွမ်၏ အကြည့်က ယုတ်မာသည့် အစေခံများအပေါ်သို့ ကျရောက်သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့ထဲက အများစုဟာ တစ်ချိန်က ငါတို့ ဟန်မိသားစုရဲ့ အစေခံတွေ ဖြစ်ခဲ့ကြတယ်။ ငါ အခု မင်းတို့ကို အပြစ်ပေးဆပ်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ငါနဲ့အတူ ကျူးမိသားစုကို သွားရောက် ဖမ်းဆီးကြစို့”
“ကျွန်တော်မျိုးတို့ နာခံပါ့မယ်”
အစေခံများ တညီတညွတ်တည်း ပြန်လည်ဖြေကြားသည်။ သူတို့သည် ဟန်ပင်း၏ နည်းလမ်းများကြောင့် ထိတ်လန့် အံ့အားသင့်နေခဲ့ကြပြီ ဖြစ်၏။
ဟန်ရှုယွမ် သူတို့ကို အခွင့်အရေးတစ်ခု ပေးအပ်လာသောအခါ သူတို့က အမိအရ ဆုပ်ကိုင်လိုက်ကြတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျူးမိသားစုဝင် (၁၀) ယောက်ထက်မက သေဆုံးနေကြ၏။
ဟန်ပင်း စောင့်ကြည့်နေကြသော မြင်းစီးစစ်သည်များထံ ငွေတုံးများကို ပစ်ပေးလိုက်ပြီး ပြောလိုက်၏။
“အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပေးကြပါ”
“ကျေးဇူးတင်ပါတယ် လေးစားအပ်တဲ့ အင်မော်တယ်အရှင်”
မြင်းစီးစစ်သည်များ ငွေတုံးများကို အလျင်အမြန် ကောက်ယူလိုက်ကြပြီးနောက် အခင်းဖြစ်ပွားရာနေရာကို စတင်ရှင်းလင်းကြတော့၏။
ထို့နောက် ဟန်ပင်းသည် ဟန်ရှုယွမ်၊ မန်ဒလာတို့နှင့်အတူ ဟန်အိမ်တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။
တစ်ချိန်က ကျူးအိမ်တော်၏ အထက်တွင် ချိတ်ဆွဲထားခဲ့သော ဆိုင်းဘုတ်ပြားသည် ဟန်ရှုယွမ်၏ ခြေထောက်ကန်ချက်ကြောင့် ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်၏။
လမ်းမကြီးပေါ်ရှိ ပဋိပက္ခသတင်းများသည် မကြာမီမှာပင် ဟောက်ကျိုးမြို့ အာဏာရှိသူများထံ ပျံ့နှံ့ရောက်ရှိသွားတော့သည်။
ဟန်အိမ်တော်သို့ အင်မော်တယ်တစ်ပါး ဆင်းသက်လာသည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ မြို့၏ အထက်တန်းလွှာများသည် စတင် လှုပ်ခတ်လာ၏။
သာမန်လူသားများနှင့် နှိုင်းယှဉ်ပါက သူတို့သည် ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်များကို မစိမ်းကြပေ။
အကယ်၍ သူတို့ ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး အင်မော်တယ်ကံကြမ္မာကို ရရှိနိုင်ခဲ့မည်ဆိုလျှင် ပိုမို ကြွယ်ဝချမ်းသာလာကြပေလိမ့်မည်။
ညမှောင်လာပြီးနောက်
မြို့တော်ဝန်၏ အိမ်တော်အတွင်း၌ မြို့တော်ဝန်သည် အဓိကထိုင်ခုံတွင် ထိုင်နေသော အကြီးအကဲကို စကားဆိုလိုက်သည်။
“ဦးလေး၊ ဟန်အိမ်တော်က အင်မော်တယ်ဟာ ဘယ်လိုမျိုး တည်ရှိမှုလဲဆိုတာကို ဦးလေး ခန့်မှန်းလို့ရလား”
အကြီးအကဲ ခေါင်းခါယမ်းလိုက်သည်။
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် အများကြီး သာလွန်တယ်။ သူ့ဖိအား နည်းနည်းကတောင် ငါ့ဂိုဏ်းက အကြီးအကဲတွေထက် ပိုပြီး ပြင်းထန်နေသေးတယ်။ မနက်ဖြန်ကျရင် ငါတို့ ကိုယ်တိုင် သွားရောက် ဂါရဝပြုကြရမယ်”
“နားလည်ပါပြီ”
မြို့တော်ဝန်က ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။