← Chapters

အခန်း ၅၀၀

Vol. 50 Ch. 500

အခန်း ၅၀၀

Vol. 50 Ch. 500

အခန်း (၅၀၀)

ခန်းမဆောင်ကြီးအတွင်း၌ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

ဟောက်ကျိုးမြို့၏ မျိုးရိုးမြင့်များသည် ဟန်ရှုယွမ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြပြီး စိတ်ထဲတွင် တွေးနေကြ၏။

‘သူ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒေါသပေါက်ကွဲသွားရတာလဲ။ ငါတို့ အမှန်တရားကိုပြောတာလေ’

မြို့တော်ဝန်က သူ့အသံကို နှိမ့်ကာဆိုသည်။

“သခင်လေးဟန် အဲဒီနတ်ဆိုးက သူ့ရဲ့ကျင့်ကြံခြင်းအတွက် နှစ်စဉ်နှစ်တိုင်း အသက် ဆယ့်ခြောက်နှစ်အောက် ကောင်လေး၊‌ ကောင်မလေးတွေကို တောင်းဆိုလေ့ရှိတယ်လို့ ပြောတာပါ”

ဟန်ရှုယွမ် မြို့တော်ဝန်၏ ရင်ဘတ်က အကျီစကို ဆွဲကိုင်ကာ ငေါက်ငမ်းတော့သည်။

“မင်းတို့က ဓားပြတွေ ဖမ်းဆီးခသွားတာခံရတယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး အဲဒီနတ်ဆိုးဆီကို လူတွေ ပို့ပေးနေတာလားလို့ မေးနေတာကွ”

“ဟုတ်… ဟုတ်ပါတယ်… ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကျွန်တော်တို့ လူပွဲစားတွေဆီကနေ လူတွေကို ဝယ်ယူပြီး ပို့ရတာလည်း ရှိပါတယ်”

မြို့တော်ဝန် ဟန်ရှုယွမ်ထံမှ စိမ့်ထွက်လာသော လူသတ်ငွေ့များကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ သူ့ရာထူးအဆင့်အတန်းကိုပင် လုံးဝ မေ့လျော့သွားသည်။

“ရှုယွမ်”

ဟန်ပင်း၏ အသံက ရုတ်တရက် ကြားဖြတ်ဝင်ရောက်လာ၏။

ဟန်ရှုယွမ် မြို့တော်ဝန်ကို လွှတ်ပေးလိုက်ပြီး အံကြိတ်၍ ပြောလိုက်သည်။

“အဘိုးလေး… သူတို့က ညီမလေးကို နတ်ဆိုးရဲ့ ပါးစပ်ထဲကို သွားကျွေးခဲ့ကြတာ။ သူတို့နဲ့ အဲဒီနတ်ဆိုး ဘာကွာသေးလို့လဲ”

“မလောပါနဲ့”

ဟန်ပင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မနေ့ညက ငါ သွေးမျိုးဆက် ရှာဖွေတဲ့ အဆောင်လက်ဖွဲ့ကို သုံးပြီး မင်းညီမရဲ့ ရှိနိုင်မဲ့နေရာကို ရှာဖွေခဲ့တယ်။ မြို့ရဲ့ အနောက်ဘက် လီအနည်းငယ်အကွာမှာ သူရှိနေတာကို ငါ သိထားတယ်။ အစကတော့ ဒီနေ့ မင်းကို ခေါ်ပြီး သွားရှာဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ အဲဒီနေရာက နတ်ဆိုးရဲ့ အသိုက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

၎င်းကို ကြားလိုက်ရသည့်အခါ မြို့တော်ဝန်နှင့် မျိုးရိုးမြင့်များက အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

“အင်မော်တယ်အရှင်ဟန်ရဲ့ မြင်နိုင်စွမ်းက လေးစားစရာကောင်းလှပါတယ်”

“တော်စမ်း ငါ့ကို ဖားမနေကြနဲ့။ အရင်က မင်းတို့လုပ်ခဲ့တဲ့ ကိစ္စတွေကိုတော့ နောက်မှ ရှင်းကြတာပေါ့။ အခုလောလောဆယ်မှာ ငါ့မြေးမလေးကို ပြန်ခေါ်ဖို့ သွားရမယ်”

ဟန်ပင်း ပြောနေရင်း ထရပ်လိုက်သည်။ ၎င်းကို မြင်လိုက်ရသည့်အခါ ဟန်ရှုယွမ် အလျင်အမြန် ပြောလိုက်၏။

“အဘိုးလေး ကျေးဇူးပြုပြီး ကျွန်တော့်ကိုပါ ခေါ်သွားပေးပါ”

“ကောင်းပြီ”

သူ ပြန်ဖြေလိုက်သည့်ခဏ ဟန်ပင်း လှည့်လိုက်ပြီး မန်ဒလာ ဟန်ရှုယွမ်တို့နှင့်အတူ လူအများ၏ မျက်စိရှေ့တွက် ပျောက်ကွယ်သွားတော့သည်။

ခန်းမအတွင်း၌ ဟောက်ကျိုးမြို့၏ မျိုးရိုးမြင့်များ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြ၏။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် အရာရှိတစ်ဦး မေးလိုက်၏။

“မြို့တော်ဝန် ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်သင့်လဲ”

မြို့တော်ဝန်က ပြန်မဖြေဘဲ အကြီးအကဲကို လှည့်ကြည့်လိုက်သည်။

“ဦးလေး ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ”

အကြီးအကဲက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“မြို့တော်ဝန်အိမ်ကို ပြန်ပြီး နတ်ကွန်းမှာ အမွှေးတိုင်ထွန်း၊ ဒါကို မြို့တော်ဆီ သတင်းပို့လိုက်။ ကျန်တဲ့ကိစ္စတွေကတော့ ငါတို့လို လူ့ဖလံလေးတွေက ဆုံးဖြတ်ရမဲ့အရာ မဟုတ်ဘူး”

“ဒါဆို ဦးလေးကရော”

မြို့တော်ဝန် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

အကြီးအကဲက ဆက်၍ ပြောသည်။

“ငါကတော့ မိသားစုကြီးတွေရဲ့ အကြီးအကဲတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲကို သွားစောင့်ကြည့်ရမှာပေါ့။ ဘယ်သူပဲ နိုင်နိုင် ငါတို့အတွက်တော့ ကောင်းကျိုးရှိမှာ မဟုတ်ဘူး”

သူ တံခါးဝသို့ လျှောက်လှမ်းသွားပြီး အင်္ကျီလက်အောက်မှ ကျောက်စိမ်းပလွေတစ်ချောင်းကို ထုတ်ယူကာ မှုတ်လိုက်သည်။

မကြာမီမှာပင် လူကြီးတစ်ယောက် အရွယ်အစားခန့်ရှိသော လင်းယုန်နက်ကြီးတစ်ကောင် ဟန်အိမ်တော်အတွင်းသို့ ဆင်းသက်လာလေ၏။

အကြီးအကဲသည် လင်းယုန်ကြီးပေါ်သို့ တက်စီးကာ အနောက်ဘက်ရှိ မြကျောက်စိမ်းတောင်တန်း ဆီသို့ ပျံသန်းသွားတော့သည်။

‘ဒီဖြစ်ရပ်က ငါတို့အတွက် ကောင်းတာလား၊ ဆိုးတာလားဆိုတာ မခွဲခြားနိုင်တော့ဘူး”

ထိုအချိန်တွင် တောင်တန်းကြီး၏ အထက်မှ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“နတ်ဆိုး ထွက်လာပြီး အသေခံလှည့်”

ချက်ချင်းပင် မြကျောက်စိမ်းတောင်တန်းကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။

နားကွဲလုမတတ် ပြင်းထန်သော ကျားဟိန်းသံကြီးတစ်ခု အတွင်းပိုင်းမှ ပွင့်အန်ထွက်ပေါ်လာ၏။

ဝေါင်း

ကျားဟိန်းသံနှင့်အတူ ဆယ်ကျန့်မက မြင့်မားပြီး မျက်လုံးများ ပြူးကျယ်နေသော ဧရာမ ကျားကြီးတစ်ကောင် နတ်ဆိုးတိမ်တိုက်များကို နင်းရင်း သွေးနီရောင် အလင်းတန်းများ ဝန်းရံ၍ တောင်တန်းကြီးအတွင်းမှ ပျံသန်းထွက်ပေါ်လာ၏။

ကျားနတ်ဆိုး ပေါ်လာသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင် လှိုင်းလုံးကြီးသည် မြကျောက်စိမ်းတောင်တန်းတစ်ခုလုံးကို ဝါးမြိုသွားတော့သည်။

တောင်တန်းအတွင်းရှိ သက်ရှိသတ္တဝါအားလုံး ထိုအော်ဟစ်သံကို ကြားလိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး သူတို့အသိုက်များအတွင်းသို့ ပုန်းအောင်းသွားကြ၏။

ကျားနတ်ဆိုး၏ ဂူအတွင်း၌ တရားထိုင်နေကြသော လူငယ်လေးများသည် ချွေးစေးများ ပြန်လာကြပြီး မျက်လုံးများကို ဖွင့်လိုက်ကြသည်။

နုနယ်သော ရုပ်ရည်နှင့် တည်ငြိမ်သော အမူအရာ ရှိသည့် မိန်းကလေးငယ်တစ်ဦးသာ မည်သည့် တုန်လှုပ်မှုမှမရှိ တည်ငြိမ်နေသည်။

သူမဘေးရှိ မိန်းကလေးက တိုးတိုးလေး မေးလိုက်၏။

“ရှုလင်း နင် ဘာဖြစ်လို့ နည်းနည်းလေးမှ မကြောက်တာလဲ”

ဟန်ရှုလင်း တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“ကြောက်နေရုံနဲ့ ပြဿနာကိုမှ မဖြေရှင်းနိုင်ဘူး။ ဒီအခြေအနေကနေ ဘယ်လိုလွတ်မြောက်အောင် ပြေးရမလဲဆိုတာကို စိတ်အေးအေးထားပြီး စဉ်းစားတာက ပိုကောင်းတယ်”

“ဟမ့်”

အတန်ငယ်ဝေးသော နေရာမှ မိန်းကလေးတစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဟန်ရှုလင်း နင်ကတော့ ပြောရတာ လွယ်တာပေါ့။ ကျားသခင်ကြီးရဲ့ အစွမ်းက အတိုင်းအဆမရှိ ကြီးမားတာ။ ငါတို့တွေက သူ့လက်ခုပ်ထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အပြင်က လာတဲ့ ကျင့်ကြံသူဆိုတာလည်း တကယ့် ပညာရှင်အစစ် မဟုတ်လောက်ပါဘူး။ ဒါကြောင့်ပဲ ကျားသခင်ကြီးကို ဒီလိုမျိုး လာရောက် ရန်စနေတာပေါ့”

ဟန်ရှုလင်း သူမကို ဂရုမစိုက်ပေ။ သူမသည် မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေလျက် လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ဤဂူထဲတွင် သင်ယူခဲ့ရသမျှ အရာအားလုံးကို ပြန်လည်စဉ်းစားနေ၏။ တစ်စုံတစ်ယောက်က အပြင်ဘက်တွင် ကျားနတ်ဆိုးကို တိုက်ခိုက်နေစဉ်အတွင်း လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် မျှော်လင့်နေသည်။

သို့သော် အချိန်အကြာကြီး စဉ်းစားပြီးနောက်တွင် သူမအနေဖြင့် နည်းလမ်းတစ်ခုမျှ ရှာမတွေ့ပေ။ ဤဂူအတွင်း၌ မရေမတွက်နိုင်သော ငိုကြွေးမြည်တမ်းနေသည့် ဝိညာဉ်များဖြင့် ပြည့်နှက်နေပြီး ခြေလှမ်းအနည်းငယ်တိုင်းတွင် အစောင့်အကြပ်များ ဆယ်လှမ်းတိုင်းတွင် စောင့်ကြည့်သူများ ရှိနေသည်။

ယခုအချိန်တွင် တစ်ခုတည်းသော မျှော်လင့်ချက်မှာ အပြင်ဘက်ရှိ ကျင့်ကြံသူက ကျားနတ်ဆိုးကို တိုက်ခိုက်နိုင်ရန်သာ။

သို့သော် မျှော်လင့်ချက်ကတော့ သိပ်မရှိလှပေ။ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ကျားသခင်ကြီးကို လာရောက်တိုက်ခိုက်ကြသည့် ကျင့်ကြံသူများ မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် သူတို့အားလုံး ရှုံးနိမ့်ခဲ့ကြရ၏။

ကံကောင်းသူများက အသက်ရှင်လျက် ထွက်ပြေးနိုင်ကြပြီး ကံဆိုးသူများကမူ လူသားဆေးလုံး အဖြစ် ထည့်သွင်းသန့်စင်ခြင်း ခံကြရသည်။

ဤနေရာတွင် ရှိနေကြသော လူသားအားလုံးသည်လည်း လူသားဆေးလုံးများ ဖြစ်လာကြရမည့် ကံကြမ္မာရှိနေကြလေ၏။

ပါရမီရှိသူများကတော့ နှစ်အနည်းငယ် ပိုမိုအသက်ရှင်နိုင်ကြပြီး ပါရမီမရှိသူများကမူ ဆေးလုံးအဖြစ် သန့်စင်ခံရဖို့တောင် အရည်အချင်း မပြည့်မီကြပေ။

ထိုအချိန်တွင်၊ မြကျောက်စိမ်းတောင်တန်း၏ အထက်ကောင်းကင်ယံ၌

တစ်ချိန်က မာနထောင်လွှားပြီး ခန့်ညားထည်ဝါခဲ့သော ကျားသခင်ကြီးသည် သူ့ရှေ့က လူသုံးဦးကို စိုက်ကြည့်နေမိသည်။ သူ့မျက်နှာထက်ရှိ လူသတ်ငွေ့များသည် နားမလည်နိုင်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး ထို့နောက်တွင် ထိတ်လန့်ချောက်ချားမှုအဖြစ်သို့ ကူးပြောင်းသွား၏။

လူသားတစ်ယောက်၊ နတ်ဆိုးကျင့်ကြံသူတစ်ဦးနှင့် အဆင့်အတန်းကို မခန့်မှန်းနိုင်သော ကျင့်ကြံသူတစ်ဦး။

‘ဒီသုံးယောက် ဘာဖြစ်လို့ သူ့ကို လာရောက်ရန်စရတာလဲ သူနားမလည်နိုင်’

ပို၍ ဆိုးသည်မှာ နတ်ဆိုးကျင့်ကြံသူထံမှ ထွက်ပေါ်လာသော ဖိအားအရှိန်အဝါသည် သူ့တစ်သက်တာတွင် တစ်ခါမျှ မကြုံတွေ့ဖူးသည့်အရာ ဖြစ်နေသည်။

‘သူ့ထက်အများကြီး အဆင့်မြင့်ရမယ်’

သူ မန်ဒလာကို အနည်းငယ် ဦးညွှတ်လိုက်သည်။

“နတ်ဆိုးဘုရင်ရောက်လာတာကို ကျွန်တော်မျိုး မသိလိုက်ဘူး။ ဒီကျားငယ်လေးက နတ်ဆိုးဘုရင်ကြီးကို ငမကြိုဆိုနိုင်ခဲ့တာကြောင့် ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်”

ဤမြင်ကွင်းကို ဟောက်ကျိုးမြို့မှ အပြေးအလွှား ရောက်ရှိလာကြသော ကျင့်ကြံသူများအားလုံး ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သူတို့အားလုံး ဆွံ့အသွားကြရပြီး မြင်တွေ့နေရသည့်အရာကို နားမလည်နိုင်အောင် ဖြစ်နေကြရသည်။

မန်ဒလာ ပြုံးကာဆိုသည်။

“ငါ့ကို နတ်ဆိုးဘုရင်လို့ ခေါ်နေလည်း အလကားပဲ။ ဒီနေ့နင့်ကို သတ်မဲ့သူက ငါ့သခင်ပဲလေ”

ကျားသခင်ကြီးသည် တုန်လှုပ်သွားပြီး နတ်ဆိုးတိမ်တိုက်ပေါ်တွင် ချက်ချင်းပင် ဒူးထောက်လိုက်တော့၏။

“အင်မော်တယ်အရှင်၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ချမ်းသာပေးပါ။ ဒီနိမ့်ကျတဲ့ ကျားလေးက အင်မော်တယ်အရှင်ကို ဘယ်လိုမျိုး ပြစ်မှားမိလဲဆိုတာ မသိရပါဘူး။ ကျေးဇူးပြုပြီး သွန်သင်ပေးပါ”

“မင်းမှာ ပြစ်မှုနှစ်ခု ရှိတယ်”

ဟန်ပင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ပထမတစ်ခုကတော့ ဟောက်ကျိုးမြို့ရဲ့ အစောင့်အရှောက် သားရဲတစ်ကောင်အနေနဲ့ မင်းက ဒီမြေကို မကာကွယ်ခဲ့တဲ့အပြင် လူသားတွေကိုပါ စားသောက်ခဲ့တယ်။ ဒုတိယတစ်ခုကတော့ မင်းက ငါ့ညီရဲ့ သမီးကို ဖမ်းဆီးခေါ်ဆောင်ထားတယ်။ မင်းသာ မသေသေးရင် ငါရဲ့ သေဆုံးသွားခဲ့တဲ့ ညီနဲ့ မရီးကို ဘယ်လိုမျက်နှာပြရတော့မှာလဲ”

“အ… အထင်လွဲတာပါ.. ဒါတွေအားလုံး အထင်လွဲတာပါ..”

ကျားသခင်ကြီး အော်ဟစ်လိုက်သည်။

“ဒီနိမ့်ကျတဲ့ ကျားလေးက အင်မော်တယ်တွေရဲ့ မျိုးဆက်တွေကို ဘယ်တုန်းကမှ မဖမ်းဆီးခဲ့ပါဘူး။ သာမန်လူသားတွေကိုပဲ ဖမ်းဆီးခဲ့တာပါ။ ကျွန်တော်မျိုး အင်မော်တယ်အရှင်ရဲ့ ဆွေးမျိုးသားချင်းကို ဘယ်လိုလုပ်ပြီး ဖမ်းဆီးမိမှာလဲ”

“ဟမ့်”

ဟန်ပင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“အခုထိ လိမ်ညာနေတုန်းပဲ။ ဒါဆိုရင်တော့၊ မင်းကို ငြင်းချက်ထုတ်စရာမရှိ သေခွင့်ပေးရမှာပေါ့”

သူက သိုလှောင်လက်စွပ်ထဲမှ သွေးမျိုးဆက် ရှာဖွေသည့် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။

လက်ကွက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်ပြီးနောက် ထိုအဆောင်လက်ဖွဲ့သည် သူ့မန္တန်စွမ်းအင်များ ဝန်းရံလျက် ဂူအတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့၏။

ခဏ ကြာပြီးနောက်တွင် တောက်ပသော သွေးနီရောင်ချည်မျှင်တစ်ခုသည် ဂူအတွင်းပိုင်းမှ ဟန်ပင်၏ လက်ကောက်ဝတ်သို့ ချိတ်ဆက်သွားသည်။

သူ ဂူထဲသို့ လက်ကို ဆန့်ထုတ်လိုက်ရာ မိန်းကလေးတစ်ဦး လေဟာနယ်ကို ဖြတ်သန်းလျက် ဆွဲထုတ်ခြင်း ခံလိုက်ရ၏။ သူမ လက်ကောက်ဝတ်တွင်လည်း တူညီသော သွေးနီရောင်ချည်မျှင်တစ်ခု ချည်နှောင်လျက်ရှိနေ၏။

ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ ဟန်ရှုယွမ် သူမကို ချက်ချင်းပင် ဆွဲပွေ့လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့သည်။

“ရှုလင်း ညီမလေးကို နောက်ဆုံးတော့ ရှာတွေ့ပြီ”

ဟန်ရှုလင်း ဖြစ်ပျက်နေသည်များကို အပြည့်အဝ နားမလည်သေးသော်လည်း ရင်းနှီးလှသော အရှိန်အဝါကြောင့် မျက်ရည်များ ကျဆင်းလာ၏။

“အစ်ကိုကြီး တကယ်ပဲ အစ်ကိုကြီးလား”

ကျားသခင်ကြီး ဆွံ့အသွားပြီး နေရာတွင်ပင် တောင့်တင်းခဲသွားတော့သည်။ သူ့နားထဲတွင် ဟန်ပင်း၏ တည်ငြိမ်သော်လည်း သေခြင်းတရားကို သယ်ဆောင်လာသည့် အသံက ပဲ့တင်ထပ်နေ၏။

“ကဲ မင်းမှာ နောက်ထပ် ပြောစရာ စကား ကျန်သေးလား”

All Chapters