အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) ရှုပ်ထွေးနေစရာ မလိုပါဘူး… စက်ရုံတစ်ရုံ ငှားလိုက်ရုံပဲ
"မန်နေဂျာဝမ် - ဆရာ ချန်မို… မကြာသေးခင်က မြို့တော်တော်များများမှာ မီးရှူးမီးပန်း ဖောက်တာကို ပိတ်ပင်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်… ပလပ်ဖောင်းအနေနဲ့ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး မီးရှူးမီးပန်း ပြသဖို့ သတ်မှတ်ထားတဲ့ နေရာတစ်ခု လျှောက်ထားပေးဖို့ လိုအပ်မလား…"
မန်နေဂျာဝမ် ညက ပို့ထားခဲ့သော မက်ဆေ့ချ်ကို ချန်မိုက နောက်နေ့မနက် အိပ်ရာနိုးမှသာ တွေ့လိုက်ရ၏။
ချန်မိုသည် မန်နေဂျာဝမ်၏ မက်ဆေ့ချ်ကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ဘာလို့ ဒါကို လျှောက်ထားရမှာလဲ… ကျန်းမြို့က နေရာသေးသေးလေးပါ… သူတို့က ဒီလိုကိစ္စတွေကို လုံးဝ ဂရုမစိုက်ဘူးလေ…
ချန်မိုအတွက်မူ မန်နေဂျာဝမ်၏ အကြံပေးချက်က အနည်းငယ် အပိုလုပ်သလို ဖြစ်နေပေ၏။
မြို့ကြီးများတွင် မီးရှူးမီးပန်း ဖောက်ခြင်းကို ပိတ်ပင်သည့် စည်းမျဉ်းများ ထုတ်ပြန်ထားကြောင်း ချန်မို သိထားပါသည်။
သို့သော် ယင်းက ကျန်းမြို့နှင့် ဘာဆိုင်သနည်း။
ကျန်းမြို့သည် မြို့ငယ်လေး တစ်မြို့ဖြစ်ပြီး ဤကိစ္စများကို မည်သူကမျှ ဂရုမစိုက်ကြချေ။
လွန်ခဲ့သော နှစ်ပတ်ခန့်က နှစ်သစ်ကူးနေ့ ဝန်းကျင်တွင်ပင် ကျန်းမြို့ တစ်ခွင်၌ မီးရှူးမီးပန်းများ ဖောက်ခဲ့ကြ၏။ ချန်မိုအိမ်အနီးရှိ အိမ်နီးချင်း အဘိုးအိုများပင် ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲရန် မီးရှူးမီးပန်း အချို့ကို ဝယ်ယူခဲ့ကြသေးသည်။
မည်သူကမျှ ချန်မိုကိုလည်း ဂရုစိုက်ပုံ မရချေ။
ထို့ကြောင့် သူက စာရိုက်၍ မန်နေဂျာဝမ်ကို အကြောင်းပြန်လိုက်၏။
"မန်နေဂျာဝမ်… အဲဒီလို လုပ်စရာ မလိုပါဘူး…"
"ကျွန်တော်တို့ နေတာက မြို့ငယ်လေးပါ… ဒီက စည်းမျဉ်းတွေက မြို့တော် ပေကျင်းလို မြို့ကြီးတွေလောက် မတင်းကျပ်ပါဘူး…"
"ဒါ့အပြင် ကျွန်တော် မြို့ထဲမှာ မီးရှူးမီးပန်း ပြသမှု လုပ်မှာမှ မဟုတ်တာ… ဆင်ခြေဖုံးက မြေကွက်လပ်တစ်ခု ရှာလုပ်မှာပါ…"
မန်နေဂျာဝမ်၏ မက်ဆေ့ချ်ကို အကြောင်းပြန်ပြီးနောက် ချန်မိုသည် ဖုန်းကို ဘေးသို့ ပစ်ချထားလိုက်သည်။
သူသည် ကုတင်ပေါ်မှ ခုန်ဆင်းကာ အဝတ်အစားလဲပြီး မျက်နှာသစ်ရန် ပြင်ဆင်လိုက်၏။
ဆယ်မိနစ်ကျော် အကြာတွင်။
ဒုတိယထပ်မှ ဆင်းလာပြီး ဆိုင်တံခါးကို ပိတ်ကာ ချန်မိုသည် လမ်းကြားထဲမှ ထွက်လာခဲ့သည်။
"အန်တီကျန်း… ပဲနို့ တစ်ဘူး၊ ပေါက်စီ နှစ်လုံး၊ ကွေ့ကျောက် (လိမ်ထားသော မုန့်) တစ်ခုနဲ့ လက်ဖက်ရည်စိမ် ကြက်ဥ တစ်လုံးပေးပါ…"
လမ်းကြားထဲမှ ထွက်လာပြီးနောက် ချန်မို တစ်ခုခုကို သတိရသွားဟန် ရှိ၏။
သူသည် နောက်သို့ ပြန်လှည့်ကာ လမ်းထောင့်ရှိ နံနက်စာရောင်းသည့် ဆိုင်သို့ သွားပြီး ဆိုင်ရှင်ကို နှုတ်ဆက်လိုက်သည်။
"ဟေး… ရှောင်မို… ဒီနေ့ အစောကြီး ထလာပါလား…"
"မင်းလာတာ အချိန်ကိုက်ပဲ… ပဲနို့က အခုလေးတင် ဆူလာတာ… ငါ မင်းအတွက် ပဲနို့ အခုပဲ သွားလုပ်ပေးမယ်…"
"ပေါက်စီတွေ၊ ကွေ့ကျောက်တွေနဲ့ လက်ဖက်ရည်စိမ် ကြက်ဥတွေ အားလုံးက စားပွဲပေါ်မှာ ရှိတယ်… လိုသလောက် ယူသွားလိုက်…"
အပူပေး ထုပ်ပိုးစက်တွင် အလုပ်ရှုပ်နေသော ဆိုင်ရှင်မက ချန်မို၏ အသံကို ကြားလိုက်ရသည်။
သူမက ချန်မိုအား စားချင်သည်များကို သက်သောင့်သက်သာ ယူစားရန်သာ ပြောလိုက်၏။
အန်တီကျန်း၏ စကားကို ကြားလိုက်ရချိန်တွင် သူသည် ဘေးနားမှ ပလတ်စတစ်အိတ် အချို့ကို ဆွဲထုတ်ကာ သူ၏ နံနက်စာကို စတင် ထုပ်ပိုးလိုက်သည်။
အန်တီကျန်းသည် ချန်မို လိုချင်သော ပဲနို့ကို ထုပ်ပိုးပြီးနောက် ချန်မိုထံသို့ တိုက်ရိုက် လာပေးကာ အခြားအလုပ်များကို ဆက်လုပ်ရန် လှည့်ထွက်သွားခဲ့၏။
သူတို့သည် အိမ်နီးချင်းများ ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ ချန်မိုသည်လည်း ဤအခြေအနေနှင့် ရင်းနှီးနေပြီ ဖြစ်သည်။
သူသည် ပဲနို့၊ ပေါက်စီ၊ ကွေ့ကျောက်နှင့် လက်ဖက်ရည်စိမ် ကြက်ဥများကို အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ငွေရှင်းရန် ဖုန်းကို ထုတ်လိုက်၏။ ထို့နောက် အနောက်ဘက် အခန်းထဲတွင် အီကြာကွေး ကြော်ရန် အလုပ်ရှုပ်နေသော အန်တီကျန်းကို လှမ်းခေါ်လိုက်သည်။
"အန်တီကျန်း… ပိုက်ဆံ လွှဲပေးပြီးပြီနော်… ကျွန်တော် သွားပြီ…"
ထိုသို့ပြောပြီးနောက် သူသည် ပေါက်စီ စားပြီး ပဲနို့သောက်ကာ လမ်းကြားထဲမှ ထွက်လာခဲ့သည်။
မြို့ထဲမှ ဆင်ခြေဖုံးသို့ သွားရမည့် ခရီးမှာ အတော်လေး ဝေးပြီး ဒီနေ့လို အေးစက်သော နေ့တွင် ချန်မိုသည် လျှပ်စစ်စကူတာ မစီးချင်ချေ။ ယင်းအစား ကိုယ်တိုင် ကားမောင်းသွားရန် ရည်ရွယ်ထား၏။
သူသည် ပေါက်စီများနှင့် ကွေ့ကျောက်များကို အမြန်စားလိုက်ပြီး ပဲနို့ တစ်ဝက်နှင့် လက်ဖက်ရည်စိမ် ကြက်ဥတစ်လုံးကို ကိုင်ကာ လမ်းထိပ်ရှိ ကျင်းပေ ဗင်ကားဟောင်းလေးဆီသို့ သွားလိုက်သည်။
ဒီကျင်းပေ ဗင်ကားဟောင်းလေးသည် ဖခင်ဖြစ်သူက ချန်မိုအတွက် ချန်ထားရစ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ်ကျော်က ဝယ်ယူခဲ့ခြင်း ဖြစ်၏။
သူသည် ဤကားကို စက္ကူပူဇော်ပစ္စည်းများ ပို့ရန်နှင့် နယ်ဘက်တွင် ဝါးခြမ်းများ သွားဝယ်ရန် ပုံမှန် အသုံးပြုလေ့ရှိသည်။
ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးကတည်းက ချန်မိသားစု စက္ကူလက်မှုဆိုင် တွင် အလုပ်အကိုင် နီးပါး မရှိတော့ချေ။ အဘိုးအို မသေဆုံးမီ တစ်လအလိုက ပြင်ဆင်ထားခဲ့သော ပစ္စည်းများပင် ယခုတိုင် မကုန်သေးပေ။
ထို့ကြောင့် ဤကျင်းပေ ဗင်ကားဟောင်းလေးသည် လမ်းထိပ်တွင် အမြဲရပ်ထားရပြီး ချန်မိုသည် ၎င်းကို တစ်ကြိမ်တစ်ခါမျှ မမောင်းခဲ့ဖူးသလောက်ပင် ဖြစ်သည်။
ချန်မိုသည် ယာဉ်မောင်းဘက် တံခါးကို ဖွင့်ကာ သူ၏ ပစ္စည်းများကို ခရီးသည်ဘက်တွင် တင်လိုက်ပြီးနောက် ကားကို စက်နှိုး၍ ဆင်ခြေဖုံးသို့ မောင်းနှင်သွားတော့၏။
...
ချန်မို ဆင်ခြေဖုံးသို့ ရောက်ရှိလာချိန်တွင်။
သူ ယမန်နေ့က ဆက်သွယ်ထားသော အိမ်ခြံမြေအကျိုးဆောင် ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် ၂၀၁၅ မော်ဒယ် ဗောက်စ်ဝက်ဂွန် ပိုလို ကားတစ်စီးကို မောင်းနှင်လာသော အသက်သုံးဆယ် စွန်းစွန်း အမျိုးသားတစ်ဦး ဖြစ်၏။
ချန်မိုက သူ၏ ကျင်းပေ ဗင်ကားဟောင်းလေးဖြင့် နေရာသို့ ရောက်လာချိန်တွင် တစ်ဖက်လူက ချက်ချင်းပင် ပြုံးလျက် နှုတ်ဆက်လာသည်။
"မင်္ဂလာပါ… မစ္စတာ ချန်မို လား ခင်ဗျာ…"
ဤစကားကို ကြားလိုက်ရချိန်တွင် ချန်မိုက ခေါင်းညိတ်ပြလိုက်၏။
ဤအရာကို မြင်လိုက်ရသဖြင့် တစ်ဖက်လူက ချက်ချင်း ဆက်ပြောသည်။
"မင်္ဂလာပါ မစ္စတာချန်… ကျွန်တော်က ဖန်ထောင် ပါ… မနေ့က ကျွန်တော်တို့ Yijuke (အိမ်ခြံမြေအက်ပ်) မှာ ဆက်သွယ်ခဲ့ကြတာလေ…"
"မနေ့က မစ္စတာချန် ပြောတာ စက်ရုံတစ်ရုံ ငှားချင်တယ်ဆို… စက်ရုံရဲ့ ရည်ရွယ်ချက်ကို ကျေးဇူးပြုပြီး အတိအကျ ပြောပြပေးလို့ ရမလား… ဒါမှ ကျွန်တော် ပိုကောင်းတဲ့ အကြံပြုချက်တွေ ပေးနိုင်မှာပါ…"
တစ်ဖက်လူ၏ ကိုယ်တိုင် မိတ်ဆက်စကားကို ကြားလိုက်ရချိန်တွင် ချန်မိုမှာ ရယ်လုနီးပါး ဖြစ်သွားခဲ့၏။
အဓိက ပြဿနာမှာ တစ်ဖက်လူ၏ နာမည်က အရမ်း ရယ်စရာကောင်းနေခြင်းပင်။ အကယ်၍ ဖန်ထောင် ဟူသော နာမည်ကို မြန်မြန် ခေါ်လိုက်ပါက သစ္စာဖောက် ဟု အလွယ်တကူ အသံထွက် မှားသွားနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ချန်မိုသည် သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူ၏ ရယ်မောမှုကို အောင်မြင်စွာ မျိုသိပ်ထားနိုင်ခဲ့၏။
ထို့နောက် သူက သူ၏ လိုအပ်ချက်များကို စတင် ပြောပြလေသည်။
"ကျွန်တော်က လက်မှုပညာ ဘလော့ဂါ တစ်ယောက်ပါ… ဒီစက်ရုံနေရာကို ငှားရတာက ကျွန်တော့်ရဲ့ ကိုယ်ပိုင် စတူဒီယို အဖြစ် ပြောင်းလဲချင်လို့ပါ…"
"ကျွန်တော့်ရဲ့ အလုပ်က မီးလောင်လွယ်တဲ့ ပစ္စည်းတချို့ ပါဝင်နိုင်တယ်… ဒါကြောင့် မီးဘေးအန္တရာယ် ကာကွယ်ရေးက အရေးကြီးဆုံးပါပဲ…"
ထိုသို့ပြောပြီးနောက် ချန်မိုသည် တစ်ဖက်လူ၏ အကြောင်းပြန်စကားကို စောင့်ဆိုင်းနေခဲ့၏။
ချန်မို၏ လိုအပ်ချက်ကို ကြားလိုက်ရချိန်တွင် ဖန်ထောင် အမည်ရှိ အိမ်ခြံမြေအကျိုးဆောင်သည် တစ်ခဏမျှ စဉ်းစားလိုက်သည်။
ဤအခြေအနေကို မြင်လိုက်ရသဖြင့် ချန်မိုသည် သူ၏ မစားရသေးသော နံနက်စာကို ဆက်စားနေခဲ့၏။
သူ လက်ဖက်ရည်စိမ် ကြက်ဥကို စားပြီးသွားချိန်တွင် ဖန်ထောင်က ချန်မိုကို ပြောလာသည်။
"မစ္စတာချန်… မစ္စတာချန်ရဲ့ လိုအပ်ချက်တွေကို ကျွန်တော် နားလည်ပါပြီ…"
"ကျွန်တော် အခုလေးတင် စစ်ကြည့်လိုက်တာ… အရှေ့ဘက်က စက်မှုဇုန်မှာ မစ္စတာချန်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနိုင်တဲ့ ငှားဖို့ရှိတဲ့ စက်ရုံတစ်ခု ရှိတယ်…"
"ကျွန်တော် မစ္စတာချန်ကို အဲဒီကို ခေါ်သွားပြီး ပြပေးရမလား…"
ဖန်ထောင်၏ အကြောင်းပြန်စကားကို ရရှိပြီးနောက် ချန်မိုက ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ဖန်ထောင်၏ ဖိတ်ခေါ်မှုအရ ချန်မိုသည် သူ၏ ၂၀၁၅ မော်ဒယ် ဗောက်စ်ဝက်ဂွန် ပိုလို ကားပေါ်သို့ တက်ကာ အရှေ့ဘက်ရှိ စက်မှုဇုန်ဆီသို့ မောင်းနှင်သွားတော့သည်။
သွားရာလမ်းတွင် ဖန်ထောင်က သူတို့ သွားကြည့်မည့် စက်ရုံအကြောင်း ချန်မိုအား ပြောပြရန် မမေ့ခဲ့ချေ။
"မစ္စတာချန်… စက်ရုံက စုစုပေါင်း စတုရန်းမီတာ ၂၀၀ ရှိပြီး သီးခြား ဂိုဒေါင်တစ်ခုလည်း ပါပါတယ်…"
"အရင် အငှားနေတဲ့သူက ဟာ့ဒ်ဝဲ ပြုပြင်ရေး လုပ်ငန်း လုပ်တာဆိုတော့ မီးခံနိုင်အောင် အထူး ပြုလုပ်ထားပါတယ်… ရေနဲ့ မီး အပြည့်အစုံ ရှိပြီး မီးသတ်စစ်ဆေးမှုလည်း အောင်မြင်ထားပြီးသားပါ… မစ္စတာချန်ရဲ့ လိုအပ်ချက်တွေနဲ့ လုံးလုံးလျားလျား ကိုက်ညီပါတယ်…"
သူတို့ စကားပြောနေစဉ်မှာပင် စက်ရုံအဆောက်အအုံသို့ ရောက်ရှိသွားကြ၏။
စက်ရုံတစ်ခုလုံးသည် ဖန်ထောင် ဖော်ပြခဲ့သည့်အတိုင်း ဖြစ်ပြီး စက်မှုဇုန်တွင် အနီးနားရှိ စက်ရုံအဆောင်များတွင် နေထိုင်သော အလုပ်သမားများအတွက် သီးသန့်ဖြစ်သည့် စူပါမားကတ် တစ်ခု အပါအဝင် သာယာအဆင်ပြေမှုများ အပြည့်အစုံ ရှိပေသည်။
ချန်မိုသည် ဤနေရာကို အတော်လေး သဘောကျသွားခဲ့၏။
ချန်မို ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနေချိန်မှာပင်။
ဖန်ထောင်သည်လည်း ချန်မို၏ မျက်နှာအမူအရာများကို အကဲခတ်နေခဲ့သည်။ ချန်မိုက ရံဖန်ရံခါ ခေါင်းညိတ်နေသည်ကို မြင်လိုက်ရချိန်တွင် အပေးအယူ တည့်သွားပြီဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်၏။
"မစ္စတာချန်… ဒီစက်ရုံအတွက် တစ်လကို ငှားရမ်းခက သုံးထောင်ငါးရာပါ… စပေါ်ငွေက တစ်လစာဖြစ်ပြီး သုံးလစာ ကြိုပေးရပါမယ်…"
"တကယ်လို့ မစ္စတာချန် သဘောကျတယ်ဆိုရင် စာချုပ်ချုပ်ဖို့ ကျွန်တော့်ဆိုင်ကို သွားကြမလား…"
ဖန်ထောင်က အချိန်ကိုက်ပင် စကားစလာခဲ့သည်။
"ကောင်းပြီ… ဒီစက်ရုံက ကျွန်တော့်ရဲ့ လိုအပ်ချက်တွေနဲ့ ပြီးပြည့်စုံစွာ ကိုက်ညီပါတယ်…"
"ကျွန်တော် ဒီနေရာကို ငှားမယ်… စာချုပ်သွားချုပ်ကြတာပေါ့…"
ဖန်ထောင်၏ စကားများကို ကြားလိုက်ရချိန်တွင် ချန်မိုက ချက်ချင်း သဘောတူလိုက်၏။
ငှားရမ်းခနှင့် ပတ်ဝန်းကျင်က ချန်မို၏ လိုအပ်ချက်များနှင့် ကိုက်ညီနေသည်။ ယခု သင့်လျော်သော နေရာတစ်ခုကို ရှာတွေ့သွားပြီဖြစ်ရာ ချန်မိုသည် အခြား စက်ရုံများကို ထပ်ကြည့်ရန် ပျင်းရိနေလေပြီ။
"အိုကေ… မစ္စတာချန် ...ဒါဆို… ကျွန်တော်တို့ သွားကြမလား…"
ချန်မို၏ စကားကို ကြားလိုက်ရချိန်တွင် ဖန်ထောင်၏ မျက်နှာပေါ်၌လည်း တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။
အိမ်ခြံမြေအကျိုးဆောင်အဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ရာတွင် သူ အနှစ်သက်ဆုံး ဖောက်သည်အမျိုးအစားမှာ ချန်မိုပင် ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဘာစကားမှ အများကြီး ပြောနေစရာ မလိုတော့ချေ။ စာချုပ်ကို ချက်ချင်း လက်မှတ်ထိုးရုံသာ။