အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) နိုင်ငံတော်၏ ရိုးသားမှုနှင့် မန်နေဂျာဝမ် အဖမ်းခံရခြင်းလော
စကားများ အဆုံးသတ်သွားလေ၏။
ပရော်ဖက်ဆာစွန်းသည် ချန်မို၏ ငြင်းဆန်မှုကို ခံရရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
မည်သို့ပင်ဆိုစေ ပရော်ဖက်ဆာစွန်း ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော တောင်းဆိုချက်မျိုးသည် ရုတ်တရက် ဆန်လွန်းသည်ဟု ခံစားနေရပေ၏။
အကယ်၍ ချန်မိုက သူ့အား ငြင်းဆန်ခဲ့ပါကလည်း ပရော်ဖက်ဆာစွန်းအနေဖြင့် နားလည်ပေးနိုင်ပေသည်။
"ရတာပေါ့..."
"ပရော်ဖက်ဆာစွန်း... ခင်ဗျား ယူသွားလို့ရအောင် ပစ္စည်း နမူနာတချို့ကို ဒီမှာတင် ကျွန်တော် ပြင်ဆင်ပေးပါ့မယ်..."
"တကယ်လို့ ခင်ဗျားမှာ ပါဝင်ပစ္စည်းတွေအတွက် အသေးစိတ် ဖော်မြူလာနဲ့ အချိုးအစားတွေ လိုအပ်တယ်ဆိုရင်လည်း ရပါတယ်... ကျွန်တော် အဲဒါတွေကို ပေးနိုင်ပါတယ်..."
ပရော်ဖက်ဆာစွန်းသည် ချန်မို၏ အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့၏။
ချန်မိုက အသင့် ဖြေကြားလိုက်လေသည်။
"ဘာ..."
ချန်မို၏ စကားများကို ကြားချိန်တွင် ပရော်ဖက်ဆာစွန်းသည် အံ့အားသင့်သွားသော အမူအရာကို ပြသခဲ့ပြီး သူ အကြားအာရုံ မှားယွင်းသွားသည်ဟုပင် ထင်မှတ်လိုက်မိ၏။
ပရော်ဖက်ဆာစွန်း၏ အံ့အားသင့်နေသော အမူအရာကို မြင်ချိန်တွင် ချန်မိုက သက်ကြီးရွယ်အို ပရော်ဖက်ဆာ ဘာတွေးနေမည်ကို ချက်ချင်း ခန့်မှန်းမိသွားသဖြင့် ပြုံးကာ ရှင်းပြလိုက်သည်။
"ပရော်ဖက်ဆာစွန်း... ကျေးဇူးပြုပြီး မေးဖို့ ဝန်မလေးပါနဲ့... ကျွန်တော် ကူညီပေးနိုင်သရွေ့ ကျွန်တော် ချန်မိုက အစွမ်းကုန် လုပ်ဆောင်ပေးသွားမှာပါ..."
"ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းပညာကို ခင်ဗျားဆီ အပ်နှင်းတာက နိုင်ငံတော်ရဲ့ ကာကွယ်ရေး သိပ္ပံနဲ့ နည်းပညာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုတစ်ခုပါပဲ..."
"တရုတ်နိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီပေးနိုင်တာက ကျွန်တော် ချန်မိုအတွက် ဂုဏ်ယူစရာပါ..."
ချန်မိုသည် အလွန် လေးနက်တည်ကြည်သော အမူအရာဖြင့် ပြောဆိုခဲ့ပြီး နောက်ပြောင်နေပုံ လုံးဝ မပေါ်ခဲ့ချေ။
"ကောင်းပြီ... ကောင်းတယ်... အရမ်းကောင်းတယ်..."
"ရှောင်ချန်... မင်းမှာ ဒီလောက် အမြော်အမြင်ရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"မင်းလို လူငယ်တစ်ယောက် ရှိနေတာ နိုင်ငံရဲ့ အနာဂတ် မျိုးဆက်တွေအတွက် အလားအလာ အရမ်းကောင်းတာပဲ..."
ချန်မို၏ အဖြေကို ရရှိပြီးနောက် ပရော်ဖက်ဆာစွန်းက စိတ်လှုပ်ရှားစွာဖြင့် "ကောင်းတယ်" ဟု သုံးကြိမ်တိုင်တိုင် ပြောလိုက်ပြီးနောက် ဆက်ပြောလေ၏။
"ရှောင်ချန်... ငါတို့ မင်းအပေါ်ကို သေချာပေါက် မတရား မဆက်ဆံပါဘူး..."
"ဒီအထူးစက္ကူက မင်းရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကနေ ရလာတဲ့ ရလဒ်ပဲ... မင်းရဲ့ လက်ရာကို ငါတို့ အလကား ယူသွားလို့ မဖြစ်ဘူးလေ..."
"အဲဒီလိုလုပ်တာက မင်းရဲ့ အောင်မြင်မှုတွေကို ငါတို့ အပိုင်စီးလိုက်သလို ဖြစ်မနေဘူးလား..."
"တရုတ် အာကာသ သိပ္ပံနဲ့ နည်းပညာ ကော်ပိုရေးရှင်းရဲ့ ၄၃ ခုမြောက် သုတေသန အင်စတီကျု ကိုယ်စား ငါ အာမခံပါတယ်... ဒီပစ္စည်းကို အာကာသယာဉ်တွေမှာ အသုံးချနိုင်သရွေ့ ငါတို့ ထုတ်လုပ်တဲ့ ပစ္စည်း တစ်ဂရမ်တိုင်းအတွက် သတ်မှတ်ထားတဲ့ အကျိုးအမြတ်တစ်ခုကို မင်း ရရှိပါလိမ့်မယ်..."
"နိုင်ငံက မင်းဆီကနေ ပိုက်ဆံပေးပြီး ဝယ်ယူတယ်လို့ပဲ သတ်မှတ်လိုက်ပါ..."
ဤစကားကို ပြောဆိုချိန်တွင် ပရော်ဖက်ဆာစွန်း၏ အမူအရာမှာ အလွန် လေးနက်နေပေ၏။
စက်မှုလုပ်ငန်းတွင် ဝါရင့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ပရော်ဖက်ဆာစွန်းတွင်လည်း သူ၏ ဂုဏ်သိက္ခာ ရှိပေသည်။
သူ၏ တပည့်မြေးများ၏ အောင်မြင်မှုများကို ခိုးယူလောက်သည့်အထိ ဒီသက်ကြီးရွယ်အိုတယောက်သည် မည်သည့်အခါမျှ အောက်တန်းကျမည် မဟုတ်ချေ။
သူ၏ ချဉ်းကပ်ပုံမှာ ပရော်ဖက်ဆာဟန်၊ ပရော်ဖက်ဆာဟိုတို့နှင့် ကွဲပြားပေ၏။
ယခင်က ပရော်ဖက်ဆာဟန်နှင့် ပရော်ဖက်ဆာဟိုတို့သည် ချန်မို၏ သုတေသန ရလဒ်များကို ၎င်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် တိုက်ရိုက် ဝယ်ယူကာ ချန်မိုထံမှ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို ရယူခဲ့ကြသည်။
မည်သို့ပင်ဆိုစေ တင့်ကားများနှင့် အမြောက်ဆန်များကဲ့သို့သော လက်နက်များကို ချန်မို၏ အကျိုးအမြတ်များတွင် ခွဲဝေပေးရန် မလွယ်ကူချေ။
သို့သော် အထူးစက္ကူမှာမူ ကွဲပြားပေ၏။ ၎င်းတွင် ကျယ်ပြန့်သော အသုံးချနိုင်မှုများ ရှိပြီး ကြီးမားသော စီးပွားရေးတန်ဖိုးများ ပါဝင်နေသည်။
ပရော်ဖက်ဆာစွန်း၏ အစီအစဉ်မှာ ဤပစ္စည်း၏ စွမ်းဆောင်ရည်ကို ကဏ္ဍစုံတွင် အတည်ပြုပြီးသည်အထိ စောင့်ဆိုင်းကာ တရုတ် အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းထံ လျှောက်ထားရန် ဖြစ်ပေ၏။
အုပ်စုသည် ဤပစ္စည်း ထုတ်လုပ်ရေးတွင် အထူးပြုမည့် ကုမ္ပဏီတစ်ခု တည်ထောင်ရန် ရန်ပုံငွေ ထောက်ပံ့ပေးမည် ဖြစ်သည်။
ချန်မိုသည် အထူးစက္ကူနှင့် ပတ်သက်သည့် သူ၏ နည်းပညာကို အစုရှယ်ယာအဖြစ် ထည့်ဝင်မည်ဖြစ်ပြီး ထို့နောက် သူသည် ပစ္စည်း ရောင်းချရမှုအပေါ် အခြေခံ၍ ငွေကြေးအရ အမြတ်ငွေရရှိမည် ဖြစ်ပေသည်။
"ကောင်းပါပြီ... ခင်ဗျား ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့ ပရော်ဖက်ဆာစွန်း..."
ချန်မိုတွင် ပရော်ဖက်ဆာစွန်း၏ အဆိုပြုချက်ကို ငြင်းဆန်ရန် အကြောင်းပြချက် မရှိချေ။
သူသည် သူ၏ နိုင်ငံကို ချစ်မြတ်နိုးပြီး နိုင်ငံအတွက် သူ၏ နည်းပညာများကို ပံ့ပိုးကူညီပေးခြင်းမှာ သူ၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်ကာ နိုင်ငံတော်ထံမှ မည်သည့်အရာကိုမျှ ပြန်လည်ရရှိရန် သူ ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။
သို့သော် ပရော်ဖက်ဆာစွန်းက ဤအစီအစဉ်ကို ပြုလုပ်ပြီးဖြစ်ရာ ကိုယ်ကျိုးမဖက်ကြောင်း ဟန်ဆောင်ကာ ငြင်းဆိုနေပါက အလွန် ဟန်ဆောင်ကောင်းလွန်းရာ ကျနေပေလိမ့်မည်။
"ကောင်းပြီ... ရှောင်ချန်... ဒီကိစ္စကို ခဏနေရင် ငါ စီစဉ်လိုက်မယ်..."
ချန်မို၏ အဖြေကို ရရှိပြီးနောက် ပရော်ဖက်ဆာစွန်းက အလျင်အမြန် သဘောတူ ခေါင်းညိတ်လိုက်လေ၏။
သူတို့နှစ်ဦးသည် ဤအကြောင်းအရာနှင့် ပတ်သက်၍ စကားများများစားစား မပြောတော့ဘဲ အလုပ်ဧရိယာဆီသို့ ဦးတည်သွားကြသည်။
ချန်မိုသည် ပြင်ဆင်မှု လုပ်ငန်းစဉ်ကို ပရော်ဖက်ဆာစွန်းအား နေရာတွင်ပင် သရုပ်ပြသခဲ့၏။ သရုပ်ပြသမှုမှာ မည်မျှ အသေးစိတ်ကျသနည်း။
ပြင်ဆင်မှုသည် ယခင် တိုက်ရိုက်ထုတ်လွှင့်မှု အချိန်ကထက်ပင် ပိုမို အသေးစိတ်ကျပေသည်။ ဘာတွေ ထည့်ခဲ့သနည်း။ ဘယ်လို အချိုးအစားတွေ အသုံးပြုခဲ့သနည်း။ ဤအရာများ အားလုံးကို ချန်မိုက ပရော်ဖက်ဆာစွန်းအား ချန်လှပ်ထားခြင်းမရှိဘဲ ပြသပေးခဲ့လေ၏။
ပရော်ဖက်ဆာစွန်း တစ်ကြိမ် မြင်တွေ့ပြီးသည်နှင့် ဓာတ်ခွဲခန်းသို့ ပြန်ရောက်ချိန်တွင် ၎င်းကို အဆင့်ဆင့် ပုံတူကူးယူနိုင်စွမ်း ရှိသွားသည်ဟု ဆိုလျှင် မျှတပေလိမ့်မည်။
နောက်တစ်နေ့ နံနက်စောစောတွင်။
ချန်မိုသည် စက်ရုံ၏ ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲ၌ အိပ်ရာမှ နိုးလာခဲ့၏။
ဟုတ်ပေသည်။ ယမန်နေ့က သူ အိမ်မပြန်ခဲ့ချေ။
ပရော်ဖက်ဆာဟန်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ချန်မိုသည် စက်ရုံတွင်သာ နေခဲ့လေသည်။
မည်သို့ပင်ဆိုစေ ဒုတိယထပ်ရှိ ရုံးခန်းထဲတွင် ခေါက်သိမ်းနိုင်သော ဆိုဖာကုတင် တစ်လုံး ရှိနေပေ၏။
ချန်မိုက အနည်းငယ် ရှင်းလင်းလိုက်ပြီးနောက် စက်မှုဇုန်အနီးရှိ စူပါမားကတ်တစ်ခုသို့ သွားကာ အိပ်ရာခင်း၊ ခေါင်းအုံး စသည့် လေးမျိုးပါ အိပ်ရာခင်း အစုံတစ်ခုကို ဝယ်ယူခဲ့ပြီး အိပ်ရန် အသင့်ဖြစ်နေခဲ့လေပြီ။
"ဟူး... ဒီခေါက်သိမ်းလို့ရတဲ့ ဆိုဖာကုတင်က သာမန်ကုတင်တစ်လုံးလောက် လုံးဝ သက်တောင့်သက်သာ မရှိဘူးပဲ..."
"ပရိဘောဂဆိုင် သွားပြီး ဒုတိယထပ်မှာထားဖို့ သက်တောင့်သက်သာရှိတဲ့ ကုတင်အသစ်တစ်လုံး ဝယ်ဖို့ အချိန်တချို့ ရှာရဦးမယ်..."
မျက်နှာသစ်နေစဉ် ချန်မိုက အကြောဆန့်ကာ သက်ပြင်းချလိုက်၏။
သူ မျက်နှာသစ်ပြီးသွားချိန်မှာပင်။
အောက်ထပ်မှ အော်ခေါ်သံတစ်ခု ထွက်ပေါ်လာလေသည်။
"ရှောင်ချန်... ရှောင်ချန်... မနက်စာ စားဖို့ ဆင်းခဲ့ဦး..."
ထိုအသံများမှာ ပရော်ဖက်ဆာဟန်နှင့် သူ၏ အဖွဲ့မှလွဲ၍ အခြားသူ မဟုတ်ချေ။
သူတို့သုံးဦးသည် ကျန်းမြို့တွင် ညအိပ်တည်းခိုခဲ့ကြပြီး ချန်မို၏ စမ်းသပ်ပျံသန်းမှု ပြီးစီးသည်ကို ကြည့်ရှုပြီးမှသာ ပြန်သွားရန် စီစဉ်ထားကြ၏။
ထို့ကြောင့် ဤနံနက်စောစော ဟိုတယ်မှနေ၍ ဤနေရာသို့ အပြေးအလွှား လာခဲ့ကြခြင်း ဖြစ်သည်။
"ဟုတ်ကဲ့... လာပါပြီ..."
ပရော်ဖက်ဆာဟန်၏ စကားများကို ကြားချိန်တွင် ချန်မိုက ပြန်လည် ဖြေကြားလိုက်လေ၏။
ထို့နောက် သူက ယမန်နေ့က ဝယ်ထားသော တဘက်ကို ယူကာ ရေဆွတ်လိုက်ပြီး အောက်ထပ်သို့ ကမန်းကတန်း ဆင်းသွားတော့သည်။
အလုပ်ရုံ အပြင်ဘက်သို့ သူ ရောက်ရှိလာချိန်တွင်။
သက်ကြီးရွယ်အို ပရော်ဖက်ဆာ သုံးဦးသည် သူတို့ လမ်းမှ ယူဆောင်လာသော မနက်စာများကို ပြင်ဆင်နေကြပေ၏။
"ရှောင်ချန်... လာစားလှည့်..."
"မင်း ဘာကြိုက်လဲ ငါတို့မသိလို့ ငါတို့ဝယ်လာတဲ့ နံနက်စာတွေ အားလုံးက ကျန်းမြို့ ဒေသခံတွေရဲ့ စားသောက်မှု အလေ့အထအပေါ် အခြေခံထားတာချည်းပဲ..."
ချန်မို ရောက်လာသည်ကို မြင်ချိန်တွင် ပရော်ဖက်ဆာဟန်က ချန်မိုအား ထိုင်ပြီး မနက်စာစားရန် အလျင်အမြန် ဖိတ်ခေါ်လိုက်လေသည်။
ထိုစကားကို ကြားချိန်တွင် ချန်မိုက အလျင်အမြန် ခေါင်းညိတ်ပြပြီး ပရော်ဖက်ဆာ သုံးဦး၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
ထို့ကြောင့် ချန်မိုသည် ပရော်ဖက်ဆာ သုံးဦးနှင့်အတူ မနက်စာ စားနေစဉ် အထူးရဲအရာရှိ အချို့သည် အနီးတစ်ဝိုက်တွင် လမ်းလျှောက်ကာ ကင်းလှည့်နေကြပေသည်။
သေချာပေါက် ချန်မိုက ဤအထူးရဲအရာရှိများကို မနက်စာ အတူစားရန် ဖိတ်ခေါ်ခဲ့သေး၏။
သို့သော် လုံခြုံရေးတာဝန်က ပို၍ အရေးကြီးကြောင်းနှင့် တစ်စုံတစ်ယောက်က မနက်စာ ဝယ်လာပေးပြီးပြီဖြစ်ရာ အလှည့်ကျ အချိန်ရောက်မှသာ စားကြမည်ဖြစ်ကြောင်း တစ်ဖက်မှ ပြန်လည် ဖြေကြားခဲ့လေသည်။
ထို့ကြောင့် ချန်မိုသည် သူတို့အား မနက်စာ အတူစားရန် ဆက်လက် တိုက်တွန်းမနေတော့ချေ။
ရိုးရှင်းသော မနက်စာကိုု စားသုံးပြီးနောက်။
ရှစ်နာရီ နီးပါး ရှိနေလေပြီ။
မန်နေဂျာဝမ်နှင့် အခြားသူများ မည်သည့်အချိန် ရောက်လာမည်ကို ချန်မို တွေးတောနေစဉ်မှာပင်။
စက်ရုံအပြင်ဘက်တွင် ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာတော့၏။
"ကားရပ်... မင်းတို့က ဘယ်သူတွေလဲ..."
အပြင်ဘက်တွင် ကင်းစောင့်နေသော အထူးရဲအရာရှိများသည် ဝင်ပေါက်လမ်းတွင် ဗင်ကားတစ်စီးကို တားဆီးလိုက်ကြသည်။
"ဟင်... ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ ဒီနေရာကို အထူးရဲတွေ စောင့်နေရတာလဲ..."
ကားတားခံလိုက်ရပြီးနောက် ကားထဲတွင် ပါလာသော မန်နေဂျာဝမ်သည်လည်း အလွန် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
သူသည် ယမန်နေ့ညက သူ၏ လုပ်ငန်းလည်ပတ်မှုအဖွဲ့နှင့်အတူ ကျန်းမြို့သို့ ရောက်ရှိလာခဲ့သော်လည်း ချန်မိုအား လာရောက်တွေ့ဆုံခြင်း မရှိသေးချေ။
ထိုအစား ချန်မိုနှင့် သဘောတူထားသော နေရာသို့ အပြေးအလွှား မသွားမီ ဒေသခံ ရုပ်သံလိုင်းတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်မှု ယာဉ်တစ်စီးကို ငှားရမ်းရန် ကုမ္ပဏီ၏ အရင်းအမြစ်များကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ချန်မို၏ လူများကိုပင် မတွေ့ရမီမှာပင် အထူးရဲတပ်ဖွဲ့တစ်ဖွဲ့၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။
"မင်္ဂလာပါ ရဲဘော်..."
"ကျွန်တော်တို့က Douyin က ဝန်ထမ်းတွေပါ... ဆရာချန်မိုကို လာတွေ့တာပါ..."
အထူးရဲတပ်ဖွဲ့၏ ကားကို တားဆီးခြင်း ခံရပြီးနောက် မန်နေဂျာဝမ်တွင် ကားပေါ်မှ ဆင်းကာ အထူးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ရင်း ခေါင်းဆောင်အရာရှိအား ပြောပြရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။