အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇)
သူဌေး... သူဌေးက တကယ့်ကို ထူးချွန်ထက်မြက်တာပဲ...
ကောင်းယွမ်၏ စကားကြောင့် ချန်ကျိုကဲမှာ စိတ်လှုပ်ရှားသွားခဲ့ရလေသည်။
"ဥက္ကဋ္ဌကောင်းက ကျွန်တော့်ကို တကယ်ပဲ ကူညီမှာလား..."
ချန်ကျိုကဲသည် မိမိတစ်ဦးတည်း အားဖြင့် ဤအရာကို မလုပ်ဆောင်နိုင်မှန်း ကောင်းစွာ သိရှိထားပေ သည်။ နောက်ထပ် ဆယ်စုနှစ်တစ်ခုကြာလျှင် ဖြစ်နိုင်ကောင်း ဖြစ်နိုင်မည် ဖြစ်သော်လည်း ယခုအချိန် ၌မူ... မည်သို့မျှ မဖြစ်နိုင်ပေ။
ကောင်းယွမ်သည် လက်ကို ကမ်းလိုက်ကာ၊
"ကျွန်တော် အတတ်နိုင်ဆုံး ကူညီပါ့မယ်... ကျွန်တော်တို့ အတူတူ ပူးပေါင်းဆောင်ရွက်ကြတာပေါ့..."
"ကောင်းပါပြီ... အတူတူ ပူးပေါင်းကြတာပေါ့..."
"ဥက္ကဋ္ဌချန်... ကျွန်တော်တို့ ချစ်ပ်ပြား ဈေးကွက်နဲ့ ပတ်သက်ပြီး ဈေးနှုန်း အတက်အကျနဲ့ ဈေးကွက် ထိန်းချုပ်မှုတွေမှာ တစ်စိတ်တစ်ဝမ်းတည်း ရှိဖို့အတွက် သဘောတူညီချက် တစ်ခုကို လက်မှတ်ရေး ထိုးရပါလိမ့်မယ်... ရှရှင်း နိုင်ငံတကာကုမ္ပဏီ၊ တာမီလုံရှင်းနဲ့ ငါးရံ့နက် နည်းပညာ... ကျွန်တော်တို့ သုံးဖွဲ့စလုံးဟာ ချစ်ပ်ပြား ဈေးကွက်မှာ တညီတညွတ်တည်း ရှိရပါမယ်... မဟုတ်ရင်တော့ ကျွန်တော် ဒီပူးပေါင်းဆောင်ရွက်မှုကို အချိန်မရွေး ရပ်ဆိုင်းပစ်မှာပါ..."
"ဒါပေါ့... ဒါကတော့ သေချာတာပေါ့..."
ချန်ကျိုကဲက တည်ကြည်သော မျက်နှာထားဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။
"ကောင်းပြီ... ကျွန်တော် ခင်ဗျားတို့ဆီကို ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ တည်းဖြတ်စက်တွေကို ပေးပို့မှာ ဖြစ်သလို ချစ်ပ်ပြားအသစ်တွေ ဒီဇိုင်းဆွဲဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေကိုလည်း လွှတ်ပေးပါ့မယ်... ကျွန်တော်တို့ဟာ အတိုတောင်းဆုံးသော အချိန်အတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြား ဈေးကွက်ရဲ့ အနည်းဆုံး (၉၀) ရာခိုင်နှုန်းကို ထိန်းချုပ်ရပါလိမ့်မယ်..."
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကောင်း..."
ထို့နောက် ကောင်းယွမ်သည် ကျိုးလဲ့ကို တစ်ဖန် ပြန်လည် ခေါ်ဆိုလိုက်လေသည်။
ရှဝေနှင့် ငါးရံ့နက် နည်းပညာတို့သည် အစဉ်အမြဲ တစ်ဖက်တည်း၌ ရှိနေခဲ့ကြသူများ ဖြစ်ပေသည်။ ယခုအခါ ရှရှင်း နိုင်ငံတကာကုမ္ပဏီ ထပ်မံ ပါဝင်လာသည့်အခါ ကုမ္ပဏီ သုံးခုစလုံးသည် အဆင့်မြင့်၊ အလတ်တန်းစားနှင့် အခြေခံအဆင့် ဈေးကွက်များသို့ ခွဲဝေ တာဝန်ယူလိုက်ကြလေသည်။
ထိုကုမ္ပဏီ သုံးခုသည် ငါးရံ့နက် နည်းပညာ စက်မှုဥယျာဉ်အတွင်း၌ သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး 'ရှနိုင်ငံ ချစ်ပ်ပြား မဟာမိတ်အဖွဲ့' ကို တရားဝင် တည်ထောင်လိုက်ကြတော့ သည်။
ရှနိုင်ငံ ချစ်ပ်ပြား မဟာမိတ်အဖွဲ့၏ ရုံးချုပ်ကို ချင်ကျင်းမြို့၌ ထားရှိကာ မဟာမိတ်အဖွဲ့ စီစဉ်ရေး ကော်မတီကို ကုမ္ပဏီ သုံးခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားရှိလေသည်။
ထိုမဟာမိတ်အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများတွင် ရှနိုင်ငံ၏ ချစ်ပ်ပြား လုပ်ငန်းစုများအကြား စည်းလုံး ညီညွတ်မှုကို မြှင့်တင်ရန်၊ လျှပ်ကူးတစ်ပိုင်း လုပ်ငန်းနယ်ပယ်တွင် ရှနိုင်ငံ၏ ဩဇာအာဏာကို တိုးမြှင့် ရန်၊ ချစ်ပ်ပြား ဈေးကွက်ကို ပေါင်းစည်းရန်နှင့် ရှနိုင်ငံ ချစ်ပ်ပြား လုပ်ငန်းများ ဟန်ချက်ညီညီ လျင်မြန်စွာ တိုးတက်လာစေရန် ရည်ရွယ်ကြောင်း ပြဋ္ဌာန်းထားရှိပေသည်။
မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် သက်ဆိုင်ရာ ဌာနများသို့ စစ်ဆေးအတည်ပြုရန် တင်ပြလိုက်ကြ လေသည်။
သို့သော်လည်း အတည်ပြုချက် ရရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေသည်။ ရှဝေ၊ ငါးရံ့နက် နည်းပညာ နှင့် ရှရှင်း နိုင်ငံတကာကုမ္ပဏီတို့မှာ ရှနိုင်ငံတွင် အလွန်ပင် ထင်ရှားကျော်ကြားသော ကုမ္ပဏီများ ဖြစ်ကြ ပေသည်။
သို့သော်ငြားလည်း မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်သည့် သတင်း ပျံ့နှံ့သွားသည့်အခါ အွန်လိုင်းထက်ဝယ် ဆွေးနွေးငြင်းခုံမှုများစွာ ဖြစ်ပေါ်လာခဲ့ပေသည်။
အကြီးမားဆုံး တုံ့ပြန်မှုမှာ အိမ်နီးချင်း ယွမ်သျှမ် ကုမ္ပဏီထံမှ ဖြစ်ပေသည်။ ၎င်းတို့သည် ဤကာလအ တွင်း ရုန်းကန်နေရပြီး အခြေခံအဆင့် ချစ်ပ်ပြားများကိုသာ အားကိုး၍ အသက်ဆက်နေရခြင်း ဖြစ်၏။ ၎င်းတို့ ထုတ်လုပ်သော အဆင့်မြင့် ချစ်ပ်ပြား အနည်းငယ်မှာလည်း ဈေးနှုန်း လျှော့ချမှုများကြောင့် အရှုံးပေါ်နေပြီး မည်သည့် အမြတ်အစွန်းမျှ မရရှိတော့ပေ။
သို့သော်လည်း ဈေးကွက်ဝေစုမှာမူ ဆက်လက်၍ ဆုံးရှုံးနေဆဲပင် ဖြစ်၏။
ရှရှင်း နိုင်ငံတကာကုမ္ပဏီသည် ငါးရံ့နက် နည်းပညာနှင့် ပူးပေါင်းသွားပြီဖြစ်ကြောင်း ကြားသိလိုက် ရသည့်အခါ ၎င်းတို့မှာ ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည်။
၎င်းမှာ သူတို့အတွက် လျှောက်လှမ်းစရာ လမ်းမရှိတော့သည့် အခြေအနေပင် ဖြစ်ပေသည်။
ထို့ကြောင့် ယွမ်သျှမ် ကုမ္ပဏီသည် ရှနိုင်ငံ ချစ်ပ်ပြား မဟာမိတ်အဖွဲ့အား
ဈေးနှုန်းနှိမ်၍ ရောင်းချကာ ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲ၍ နိုင်ငံတကာ ကုန်သွယ်ရေး အဖွဲ့အစည်းသို့ တိုင်ကြားလိုက်လေသည်။
သို့ရာတွင်... ထိုတိုင်ကြားချက်မှာ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ ပျောက်ကွယ်သွားခဲ့ပေ၏။
...
ကောင်းယွမ်သည် ယွမ်သျှမ်၏ လုပ်ရပ်ကို မထီမဲ့မြင် ပြုံးလိုက်မိလေသည်။
*ခင်ဗျားတို့ ဒေဝါလီခံရအောင် ကျွန်တော် အားလုံး စီစဉ်ထားပြီးသားပဲ... ခင်ဗျားတို့ ဘယ်လောက်ကြာ ကြာ ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...*
ချစ်ပ်ပြား ဈေးကွက်ကို ထိန်းချုပ်နိုင်ပြီးနောက် ကောင်းယွမ်သည် ရှလင်အား ကြယ်ကိုးစင်းနှင့် ဆက် သွယ်ရန် ညွှန်ကြားလိုက်လေသည်။
“ကျွန်တော်တို့ဟာ တရားဝင် လမ်းကြောင်းကနေတစ်ဆင့် ကြယ်ကိုးစင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်…”
ကြယ်ကိုးစင်းသည် ဖုံးကွယ်ထားစရာ အချက်အလက်အချို့ ရှိနေသော်လည်း ဤဆွဲဆောင်မှုကို မတွန်း လှန်နိုင်ခဲ့ဘဲ အဆင့်မြင့် အမှုဆောင် အရာရှိများကို မုကျားကျေးရွာသို့ ဆွေးနွေးရန် စေလွှတ်ပါမည်ဟု ချက်ချင်း ကတိပေးလိုက်လေသည်။
ကောင်းယွမ်သည် ကမ္ဘာကူးတံခါးမှတစ်ဆင့် ဖြတ်ကျော်လာခဲ့စဉ်က လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသဖြင့် မိမိတွင် လုံခြုံရေး အဖွဲ့တစ်ခု လိုအပ်နေသေးကြောင်း သတိပြုမိလိုက်လေသည်။ နောက်ပိုင်းတွင် သူ လုပ်ဆောင်ရမည့် အလုပ်များမှာ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာမည် ဖြစ်ပြီး လီကျန်းကျီမှာ သူ့ကို ပစ်မှတ်ထားသည့် ပထမဆုံးသူ ဖြစ်သော်လည်း နောက်ဆုံးသူ ဖြစ်လာမည် မဟုတ်သည်မှာ သေချာလှပေသည်။
ကောင်းယွမ် (၂၀၂၄) ကလပ်သို့ ရောက်ရှိသွားသည့် အချိန်၌မူ...
ကြယ်ကိုးစင်းမှ လီဘင်းရှီးသည် မော်ဂန်အုပ်စု၏ အကြီးအကဲ ဖြစ်သူ မော်ဂန်ငယ်နှင့် ဖုန်းပြောနေခဲ့လေ သည်။
မော်ဂန် မိသားစုသည် အမေရိကန်တွင် အလွန်ထင်ရှားသော စီးပွားရေး လုပ်ငန်းစုကြီး တစ်ခု ဖြစ်ပြီး ဝေါလ်စထရိ၏ ဘဏ္ဍာရေး လုပ်ငန်းရှင်ကြီး တစ်ဦးလည်း ဖြစ်ပေသည်။
၎င်းတို့သည် ကမ္ဘာ့အကြီးဆုံး လျှပ်ကူးတစ်ပိုင်း ထုတ်လုပ်ရေး ကုမ္ပဏီ အတော်များများတွင် စတော့ ရှယ်ယာများကို ပိုင်ဆိုင်ထားကြလေသည်။ ကောင်းယွမ်၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ၎င်းတို့ ၏ စတော့ရှယ်ယာ တန်ဖိုးများမှာ ထိုးကျသွားခဲ့ရလေသည်။
ထို့အပြင် ကောင်းယွမ်ကို သတ်ဖြတ်ရန်မှာ သူ၏ အကြံအစည် တစ်ခုတည်း မဟုတ်ဘဲ လုပ်ငန်းစုရှိ အခြားသော အဖွဲ့ဝင်များကလည်း သဘောတူညီခဲ့ကြခြင်း ဖြစ်ပေသည်။ ကောင်းယွမ်နှင့် ကျန်းပိုင်ရီတို့ ရှိနေခြင်းမှာ ပေါက်ကွဲရန် အချိန်စောင့်နေသည့် ဗုံးတစ်လုံးနှင့် တူပေသည်။
အကယ်၍ ၎င်းတို့က ယခင် သမ္မတကြီး သေဆုံးမှု သတင်းမှာ လုပ်ကြံထားခြင်း ဖြစ်ကြောင်း ဝန်ခံလိုက် ပြီး ပုံရိပ်ယောင် ဗီဒီယို ဖန်တီးခဲ့သည့် အထောက်အထားများကို ထုတ်ပြန်လိုက်လျှင် ၎င်းမှာ အမေရိကန် သမိုင်းတစ်လျှောက် အကြီးမားဆုံး အရှုပ်တော်ပုံ ဖြစ်လာမည် ဖြစ်သလို ပါဝင်ပတ်သက်ခဲ့သော အမှု ဆောင်များမှာလည်း သမိုင်းတွင် လူဆိုးများအဖြစ် ကျန်ရစ်ခဲ့ပေလိမ့်မည်။
သို့သော်လည်း ကောင်းယွမ်သာ သေဆုံးသွားခဲ့လျှင်..၊.
သက်သေပြမည့်သူ မရှိတော့သည့်အပြင် ကောလဟလာ ဖြန့်ဝေသူများ၏ အကောင့်များကိုလည်း ပိတ်ပင်လိုက်ခြင်းဖြင့် ဤကိစ္စမှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားမည်သာ ဖြစ်၏။
ဤမျှ လွယ်ကူသော အလုပ်တစ်ခုကို ကြယ်ကိုးစင်းမှ လီကျန်းကျီက ဖျက်ဆီးပစ်လိမ့်မည်ဟု မော်ဂန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။
လီဘင်းရှီးမှာမူ ကောင်းယွမ်ကို ထပ်မံ အရေးယူရန် ဆန္ဒမရှိတော့ပေ။
သူသည် မော်ဂန်ငယ်အား ဖျောင်းဖျရန် ကြိုးစားနေခဲ့လေသည်။
"မစ္စတာ မော်ဂန်... ကောင်းယွမ်က စီးပွားရေးသမား တစ်ယောက်ပါ... အကယ်၍ ကျွန်တော်တို့က သူ့ ကို ကျွန်တော်တို့ဘက် ပါအောင် ဆွဲဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အောင်မြင်မှာ သေချာပါတယ်... ဒါ့အပြင် ကောင်းယွမ်ကို သိမ်းသွင်းနိုင်တာက ကျွန်တော်တို့အတွက် အကျိုးရှိစေမှာပါ... သူ့မှာ အဆင့် မြင့် ချစ်ပ်ပြား ဒီဇိုင်းနဲ့ ထုတ်လုပ်မှု နည်းပညာတွေ ရှိနေရုံတင် မကဘဲ ရှနိုင်ငံမှာလည်း ပိုကောင်း တဲ့ အရင်းအမြစ်တွေ ရှိနေပါတယ်... သူက ကျွန်တော်တို့အတွက် ရှနိုင်ငံ ဈေးကွက်ကို ပြန်လည်ဖွင့်လှစ် ပေးနိုင်ပါလိမ့်မယ်..."
မော်ဂန်သည် ဆဲရေးလိုက်ချင်သော်လည်း အောင့်ထားလိုက်ရလေသည်။
"ကျွန်တော် ဒီသဘောတရားကို နားလည်ပါတယ်... ဒါပေမဲ့ ကောင်းယွမ်က ယုံကြည်ရတဲ့သူလား... တကယ်လို့ သူက ကျွန်တော်တို့ကို ငါးရံ့နက်နည်းပညာမှာ ရင်းနှီးမြှုပ်နှံခွင့် မပေးဘူးဆိုရင် သူဟာ ယုံကြည်ရတဲ့သူ မဟုတ်ဘူးဆိုတာ ခင်ဗျား နားလည်တယ် မဟုတ်လား..."
လီဘင်းရှီးက ဆက်လက်၍ ၊
"ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ အရာအားလုံးက ချက်ချင်း ဖြစ်လာမှာ မဟုတ်ဘူးလေ... အရင် ဆုံး ပူးပေါင်းဆောင်ရွက်ကြမယ်... ပြီးမှ ရှယ်ယာတွေ အပြန်အလှန် လဲလှယ်ကြတာပေါ့... ဒါမှမဟုတ် ခင်ဗျားတို့ အမေရိကန်တွေက ဘဏ္ဍာရေး အကျပ်အတည်း ဖန်တီးရာမှာ အတော်ဆုံး မဟုတ်လား... နောက်တစ်ကြိမ် ဘဏ္ဍာရေး အကျပ်အတည်းမှာ ကျွန်တော်တို့ ငါးရံ့နက်နည်းပညာကို သိမ်းပိုက်လိုက်ရုံ ပဲပေါ့..."
"အဲဒီလို အမြတ်ထုတ်နိုင်ဖို့ဆိုရင် အရင်ဆုံး သူတို့က အများပိုင်ကုမ္ပဏီ ဖြစ်လာရမယ်... အထူးသဖြင့် နာ့စ်ဒက်မှာ စာရင်းဝင်ရမယ်... တာမီက အကောင်းဆုံး ဥပမာပဲ... အကယ်၍ သူတို့က အများပိုင်ကုမ္ပဏီ မလုပ်ဘူးဆိုရင် ကျွန်တော်တို့ သူတို့ကို ဘာမှ လုပ်လို့မရဘူး..."
လီဘင်းရှီးသည် မျက်မှောင်ကြုတ်လိုက်၏။
"အဲဒါက ပြဿနာပဲ... ဒါပေမဲ့ သိပ်တော့ မကြီးပါဘူး... ကျွန်တော် တစ်ခု ပြောပြမယ်... ကောင်းယွမ်က အမေရိကန် ဈေးကွက်ကို မျက်စိကျနေတယ်... ဒါက အခွင့်အရေးပဲ... ခင်ဗျားတို့ရဲ့ နယ်မြေမှာတော့ ခင်ဗျားတို့ တစ်နည်းနည်းနဲ့ ထိုးဖောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်... ဟုတ်တယ်မလား..."
"ကောင်းပြီ... ကျွန်တော်တို့ ကြိုးစားကြည့်ကြတာပေါ့... ဒါပေမဲ့ ကောင်းယွမ်က ကျွန်တော်တို့ထဲက တစ်ယောက် ဖြစ်မလာဘူးဆိုရင်တော့ သူဟာ သေလူတစ်ယောက်ပဲ..."
"ဒါပေါ့..."
...
ဤအချိန်တွင် ကောင်းယွမ်သည် (၂၀၂၄) ကလပ်၏ ရုံးခန်းအတွင်း၌ ထိုင်နေပြီး ဝမ်ရိဖေးပင်းပင်းက လွန်ခဲ့သော ကာလအတွင်း ကလပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို အစီရင်ခံနေလေသည်။
ထိုစဉ် လင်းနန်ဝူသည် ခေါင်းလေးပြူကာ ဝင်လာခဲ့၏။ "သူဌေး... အလုပ်များနေတုန်းလား..."
"ဘာဖြစ်လို့လဲ... ပြောသာပြောပါ..."
လင်းနန်ဝူသည် ဝမ်ရိဖေးပင်းပင်းကို တစ်ချက် ကြည့်လိုက်ပြီး ခဏမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းခါလိုက် လေသည်။
"ရပါတယ်... ကျွန်မ နောက်မှပဲ ပြန်လာခဲ့ပါ့မယ်"
ကောင်းယွမ်က လက်ကာပြလိုက်သဖြင့် လင်းနန်ဝူမှာ အပြင်သို့ ပြန်ထွက်သွားခဲ့လေသည်။
ထိုအခါ ဝမ်ရိဖေးပင်းပင်းက ဆက်လက်၍ ၊
"သူဌေး... ကျွန်မတို့ဆီမှာ စိန်အဆင့် အသင်းဝင် တစ်ယောက်၊ ရွှေအဆင့် အသင်းဝင် (၁၂) ယောက်၊ ငွေအဆင့် အသင်းဝင် (၂၀၁) ယောက်နဲ့ ကြေးအဆင့် အသင်းဝင် (၈၅၃) ယောက် ထပ်တိုးလာပါတယ်... ကျွန်မရဲ့ တွက်ချက်မှုအရ ကြေးအဆင့် အသင်းဝင်တွေမှာ အခွင့်အရေး လုံလုံလောက်လောက် မရှိတာ ကြောင့် အောက်ထပ်တွေမှာပဲ နေနိုင်ကြပါတယ်... ဒါပေမဲ့ အသင်းဝင်တွေ များပြားလာတာနဲ့အမျှ အချို့ နေရာတွေမှာ လူဦးရေ ပြည့်နှက်နေပြီး ဝန်ဆောင်မှု ရရှိမှုက သိပ်မကောင်းတော့ပါဘူး"
"ဒါဆို မင်းက ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားသလဲ"
"ကျွန်မတို့ ထိန်းချုပ်မှု စနစ်မှာ အများဆုံး လက်ခံနိုင်တဲ့ လူဦးရေကို သတ်မှတ်ထားလို့ ရပါတယ်... ကျွန်မ တွက်ချက်ကြည့်ပြီးသလောက် အကောင်းဆုံး ဝန်ဆောင်မှု ရဖို့ဆိုရင် လူတစ်ယောက်ချင်းစီ အတွက် အနည်းဆုံး ဧရိယာ (၂၀) စတုရန်းမီတာ ရှိဖို့ လိုအပ်ပါတယ်... ဆိုလိုတာက အလွှာတစ်ခုစီမှာ လူဦးရေ (၁၅၀) ထက် မပိုသင့်ပါဘူး... ကျွန်မတို့ ဝင်ရောက်ခွင့် စနစ်မှာ ကန့်သတ်ချက် တစ်ခု သတ်မှတ် ထားလို့ ရပါတယ်... အကယ်၍ လူဦးရေ ပြည့်သွားပြီဆိုရင် တစ်ယောက်ယောက် ပြန်ထွက်သွားမှသာ နောက်တစ်ယောက် ဝင်လို့ရမှာ ဖြစ်ပါတယ်..."
"ကောင်းပြီ... ဒါနဲ့ ကြေးအဆင့် အသင်းဝင်တွေအတွက် ကြိုတင်စာရင်းပေးတဲ့ စနစ်တစ်ခု ထပ်ထည့် လိုက်ဦး... တကယ်လို့ လာချင်တယ်ဆိုရင် (၂၄) နာရီ ကြိုတင်ပြီး စာရင်းပေးရမယ်... ဒါမှ သူတို့ လာတဲ့ အခါ နေရာရှိမရှိ ကြိုသိနိုင်မှာ ဖြစ်သလို တစ်ရက်ကို ကြေးအဆင့် အသင်းဝင် (၅၀၀) ထက် မပိုစေရ ဘူး..."
ဝမ်ရိဖေးပင်းပင်း၏ မျက်လုံးများမှာ ဝင်းလက်သွားခဲ့၏။
"တကယ်လို့ နေရာတွေ ပြည့်နေရင် ကျော်ဝင်ဖို့အတွက် ငွေထပ်ပေးရတဲ့ စနစ်မျိုးပေါ့..."
ကောင်းယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။
"သိပ်ကောင်းတာပေါ့... ကျော်ဝင်ဖို့အတွက် ငွေပေးရရုံတင် မကဘူး... တကယ်လို့ အဆင့်မြင့်တဲ့ နေရာ တွေမှာ လူဦးရေ လွတ်နေသေးတယ်ဆိုရင် တစ်ရက်ကို နေရာ (၁၀) ခုလောက် သတ်မှတ်ပြီး ကြေး အဆင့် အသင်းဝင်တွေကို အဆင့်မြင့် အသင်းဝင် အခွင့်အရေး တစ်ရက်စာ စမ်းသုံးခွင့် ဝယ်ယူခွင့် ပေး လိုက်လို့ ရတယ်... ဒါပေမဲ့ နေရာတစ်ခုတည်း အတွက်ပဲ ဖြစ်ရမယ်"
ဝမ်ရိဖေးပင်းပင်းသည် ကျေနပ်စွာဖြင့် ပြုံးဖြဲဖြဲ လုပ်လိုက်လေသည်။
"ဟုတ်ပါတယ်... ကြေးအဆင့် အသင်းဝင်တွေကတော့ ဒါကို ရဖို့အတွက် အသေအလဲ ကြိုးစားကြ မှာပါ... အဆင့်မြင့် နေရာတွေမှာ အဆင့်မြင့် အသင်းဝင်တွေနဲ့ ဆုံနိုင်ပြီး အခွင့်အရေးတွေ ရနိုင်ရုံတင် မကဘဲ တကယ့် လူကုံထံတွေနဲ့ ဆုံတွေ့ခွင့် ရနိုင်တာကိုး... သူဌေး... သူဌေးက တကယ့်ကို ကောက်ကျစ် တာပဲ..."
"မင်းရဲ့ စကားလုံးကို ပြန်စဉ်းစားဖို့ အခွင့်အရေး တစ်ခု ပေးလိုက်မယ်..."
ဝမ်ရိဖေးပင်းပင်းသည် လျှာလေးထုတ်လိုက်ကာ၊
"သူဌေး... သူဌေးက တကယ့်ကို ထူးချွန်ထက်မြက်တာပဲ..."
"ကောင်းပြီ... သွားလုပ်တော့... အော်... ဒါနဲ့ ကျွန်တော့်အတွက် ပစ္စည်းတချို့ ဝယ်ပေးပါဦး... လုံခြုံရေး စက်ရုပ် တစ်ခု၊ ပြီးတော့ လက်နက်တပ်ဆင်ထားတဲ့ ကိုယ်ပိုင်ကာကွယ်ရေး ကင်းထောက်ဒရုန်း တစ်ခုနဲ့ အကာအကွယ် စက်လုံး တစ်ခု... အမျိုးအစား တစ်ခုချင်းစီကို နည်းနည်းစီလောက် ဝယ်ပေးပါ"
ဝမ်ရိဖေးပင်းပင်းသည် ခဏမျှ တွန့်ဆုတ်သွားပြီးမှ၊
"သူဌေး... အဲဒီ ပစ္စည်းတွေက... အမှန်တော့ ထိန်းချုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်နေတာလေ"
"ထိန်းချုပ်ထားတဲ့ ပစ္စည်း… အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကောင်းယွမ်သည် မနေ့ကပင် ထိုဂေဟစနစ် ကင်းလှည့်အဖွဲ့ထံမှ ပစ္စည်းအစုံအလင်ကို ဝယ်ယူခဲ့သော် လည်း တောထဲမှာ ထားခဲ့မိခြင်း ဖြစ်၏။ ၎င်းကို ပြန်လည် ရယူရန်အတွက်မူ ရွှေတြိဂံဒေသရှိ တောနက် ထဲသို့ ပြန်သွားရပေလိမ့်မည်။
"သူဌေး... အဲဒါက တကယ်ပဲ ထိန်းချုပ်ထားတဲ့ ပစ္စည်းတွေပါ... လုံခြုံရေး ပစ္စည်းအားလုံးကို အစိုးရ ဝန်ထမ်းတွေနဲ့ အရာရှိတွေကိုပဲ ရောင်းချပေးတာပါ... ထိန်းချုပ်မှု အဆင့်က သိပ်မမြင့်ဘူး ဆိုပေမဲ့ ကျွန်မ ဝယ်လို့ရတဲ့ အရာတော့ မဟုတ်ပါဘူး"
"ဒါဆိုရင်တော့... တာဝန်ပေးချက် တစ်ခု ထုတ်ပြန်လိုက်ရမှာပေါ့"
"ကောင်းပါပြီ... အဲဒါဆိုရင်တော့ အများကြီး ပိုလွယ်သွားတာပေါ့"
ကောင်းယွမ် ယနေ့ အနာဂတ်ကမ္ဘာသို့ လာရခြင်းမှာ ရည်ရွယ်ချက် နှစ်ခု ရှိပေသည်။ တစ်ခုမှာ လုံခြုံရေး ပစ္စည်းများ ဝယ်ယူရန် ဖြစ်ပြီး အခြားတစ်ခုမှာ ဟွမ်ဖူရှန်း မှတ်တမ်းတင်ထားသော အချက်အလက်များ ပေါ်တွင် အခြေခံ၍ သူ၏ 'အဆင့်မြင့်ပုဂ္ဂိုလ်' အစီအစဉ်ကို စတင်ရန် ဖြစ်ပေသည်။
အဆုံးတွင် ဤကမ္ဘာ၌ သူ၏ လက်ရှိ အဆင့်အတန်းမှာ မတင်မကျ ဖြစ်နေဆဲ ဖြစ်၏။ ဤမတင်မကျ ဖြစ်မှုမှာ တစ်နေ့နေ့တွင် ပေါ်ပေါက်သွားပေလိမ့်မည်။ အကယ်၍ သူ ကြိုတင် ပြင်ဆင်မထားဘဲ သူ၏ အခြေခံ မခိုင်မာမှုမှာ ပေါ်သွားခဲ့လျှင် ဤနေရာ၌ ရပ်တည်ရန် နေရာ ရှိတော့မည် မဟုတ်ဘဲ အခြားတစ် နေရာသို့ ပြောင်းရွှေ့၍ ကုန်သည်ကလေး အဖြစ်သာ နေထိုင်သွားရပေတော့မည်။
ထို့ကြောင့် ကောင်းယွမ်သည် စက်ရုပ် ယွီယွီ ကို ဟွမ်ဖူရှန်းအား ခေါ်ခိုင်းလိုက်လေသည်။
ဟွမ်ဖူရှန်း မရောက်လာမီမှာပင် လင်းနန်ဝူသည် အရင်ဆုံး အပြေးအလွှား ဝင်လာခဲ့၏။
"သူဌေး... ကျွန်မ လျှို့ဝှက်ချက်တစ်ခု သိထားတယ်..."
လင်းနန်ဝူက လျှို့ဝှက်ဆန်းကြယ်သော အသံဖြင့် ပြောလိုက်လေသည်။
"ဘာလျှို့ဝှက်ချက်လဲ"