← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အပိုင်း (၂၄၄)

သူက ထုန်ချွဲရင်ခွင်ထဲရှိ အားလီကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဒီဟာမလေးက..."

"အရှင်မင်းကြီး..." အနောက်ဘက်မှ ထွက်ပေါ်လာသော လေးနက်သည့် အော်ဟစ်သံက ချန်ဘုရင်ကို ဖြတ်ပြောလိုက်၏။

လူအများက အသံလာရာ အပြင်ဘက်သို့ ကြည့်လိုက်ကြသောအခါ မယ်တော်ကြီးသည် ဘေးနားရှိ အထိန်းတော်ကြီးကိုတွဲကာ ကျောက်ဟွာနန်းဆောင်အတွင်းသို့ ခပ်သွက်သွက် ခြေလှမ်းများဖြင့် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားကြတော့သည်။

မယ်တော်ကြီးသည် မည်သို့ပင်ဆိုစေ နန်းတွင်းရေးရာများကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သဖြင့် လက်ရှိအခြေအနေကို ရှင်းလင်းစွာ သိရှိနေသော်လည်း မျက်နှာပေါ်တွင် မည်သည့် ထူးခြားသော အရိပ်အယောင်မျှ မပြသခဲ့ဘဲ အနီးသို့ ရောက်ရှိလာပြီးနောက် ပြောလိုက်လေသည်။ "အခု စစ်ရေးစစ်ရာက အရေးကြီးနေတယ်။ အရှင်မင်းကြီးက နေမကောင်းဘူးဆိုရင် အိပ်ဆောင်ထဲမှာပဲ သေချာ အနားယူနေသင့်တာပေါ့။ ကျောက်ဟွာနန်းဆောင်ကို ဘာလာလုပ်တာလဲ"

ချန်ဘုရင်သည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်ရှိ လှောင်ပြောင်မှုနှင့် အမုန်းတရားများက ပိုလို့ပင် ပြင်းထန်လာပြီး ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်မောပြီးနောက် မေးလိုက်၏။ "ဒီဘုရင်က ဘာလို့ နေမကောင်းဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို မယ်တော်က မသိလို့လား"

သူသည် ထုန်ချွဲအပါအဝင် လူတစ်စုကို ဓားဖြင့် ညွှန်ကာ ပြောလိုက်သည်။ "အဲ့ဒီ တာ့လျန်က အဆိပ်မိန်းမက ဒီဘုရင်ကို ကျန်းဟွာနန်းဆောင်မှာ ပိတ်လှောင်ထားပြီး နေ့တိုင်း အဆိပ်ဆေးတွေ စားခိုင်းခဲ့တယ်။ အဲ့ဒီမိန်းမ နန်းတော်ကနေ ထွက်သွားပြီးတဲ့နောက် မယ်တော်က သားတော်ကို တိုက်နေတဲ့ အဆိပ်ဆေးတွေကို ရပ်ခိုင်းလိုက်လို့သာပေါ့။ မဟုတ်ရင် သားတော်က ကျန်းဟွာနန်းဆောင်ကနေ အသက်ရှင်လျက် ထွက်လာနိုင်ပါဦးမလား"

သူသည် ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ အလွန်အမင်း မုန်းတီးနေသည့်ဟန်ဖြင့် မယ်တော်ကြီးကို မေးခွန်းထုတ်လိုက်လေသည်။ "ဒီဘုရင်က မယ်တော့်ရဲ့ သားတော်အရင်းပါ။ မယ်တော်က အခုအချိန်အထိ အဲ့ဒီမိန်းမ မွေးထားတာက ကျန်းမိသားစုရဲ့ သွေးသားဖြစ်နေလို့ သူ့ကို ကာကွယ်ပေးချင်နေတုန်းပဲလား"

ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နန်းတွင်းအမတ်များ အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

ထုန်ချွဲသည် အားလီကို ပွေ့ဖက်ထားသော လက်များကို တင်းကျပ်လိုက်ပြီး လန့်ဖြန့်ကာ ငိုကြွေးနေသော အားလီ၏ အသံများကြားမှ ပြင်းထန်စွာ အော်ဟစ်လိုက်၏။ "ရှင်က မဟုတ်မမှန် စွပ်စွဲနေတာပဲ"

မယ်တော်ကြီးသည်လည်း မျက်နှာပျက်သွားပြီး ပြောလိုက်သည်။ "အဓိပ္ပါယ်မရှိတာ။ ပေါက်ကရတွေ မပြောစမ်းနဲ့"

ချန်ဘုရင်ကမူ အရူးတစ်ယောက်အလား ကျယ်လောင်စွာ ရယ်မောနေပြီး သရော်လိုက်လေသည်။ "ဒီဘုရင်က သိပါတယ်။ မယ်တော့် မျက်လုံးထဲမှာတော့ ချန်နိုင်ငံရဲ့ ထီးနန်းကို တခြားလူ ယူသွားတာက ဘာအရေးလဲ။ ဆက်ခံမယ့်သူက ကျန်းမိသားစုရဲ့ သွေးသား ဖြစ်နေရင် ရပြီ မဟုတ်ဘူးလား"

သွေးကြောများ ယှက်သန်းနေသော သူ၏ မျက်လုံးများထဲမှ ရက်စက်မှုများ ထွက်ပေါ်လာပြီး ဓားကို ကိုင်ဆောင်ကာ လက်နှစ်ဖက်ကို ဖြန့်၍ ပြောလိုက်၏။ "ဒီဘုရင်က အရည်အချင်းမရှိဘူး။ ထီးနန်းဆက်ခံပြီး နှစ်အနည်းငယ်အတွင်းမှာပဲ မယ်တော့် လက်အောက်မှာ ရုပ်သေးဘုရင်အဖြစ် နေခဲ့ရတယ်။ ကျန်းအဖွဲ့က ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးကွယ်ထားချိန်မှာ ဒီဘုရင်က ငါတို့ ချန်နိုင်ငံရဲ့ ထီးနန်းကို မကာကွယ်နိုင်ခဲ့ဘူး။ အခုတော့ မျိုးရိုးမတူတဲ့ တာ့လျန်အမျိုးသမီးက ငါတို့ ချန်နိုင်ငံရဲ့ ထီးနန်းကို လုယူဖို့ စိတ်ကူးယဉ်နေတယ်..."

သူ၏ ရက်စက်သော အကြည့်များသည် ထုန်ချွဲ ရင်ခွင်ထဲရှိ အားလီဆီသို့ ရွှေ့သွားလေသည်။ "အခု ဒီဘုရင်က အသက်ကို စတေးရမယ်ဆိုရင်တောင် ငါတို့ ချန်နိုင်ငံရဲ့ မျိုးဆက်ကို မှန်ကန်အောင် လုပ်ရမယ်။ မြေအောက်ကို ရောက်သွားရင်တောင် ချန်နိုင်ငံရဲ့ ဘိုးဘေးတွေကို မျက်နှာပြရဲတာပေါ့"

ထို့နောက် သူ့လက်ထဲရှိ ဓားရှည်သည် ချီစီးမြောင် ဦးဆောင်သော နန်းတွင်းအမတ်များဆီသို့ တည့်တည့် ချိန်ရွယ်ထားလိုက်ကာ "မင်းတို့တွေက အရင်ဘုရင်ကြီးရဲ့ ကျေးဇူးကို နည်းနည်းလေးတောင် မှတ်မိသေးတယ်ဆိုရင်၊ ကိုယ်စားနေတဲ့ လစာက ဘယ်ကလာလဲဆိုတာကို သိသေးတယ်ဆိုရင် အစောကြီးကတည်းက လည်ပင်းကို ဖြတ်ပြီး သေသင့်နေပြီ"

"အဲ့ဒီ တာ့လျန်အမျိုးသမီးက အရင်ဆုံး တာ့လျန်ပြည်ရဲ့ ပုန်ကန်မှုကို နှိမ်နင်းဖို့ စစ်တပ်ကို ငှားရမ်းပြီး ငါတို့ ချန်နိုင်ငံရဲ့ အင်အားကို အများကြီး ဆုံးရှုံးစေခဲ့တယ်။ အခု သူ့ရဲ့ တာ့လျန်နိုင်ငံကို ကယ်တင်ဖို့အတွက် ငါတို့ ချန်နိုင်ငံ တစ်နိုင်ငံလုံးကို အရှေ့ကနေ သေခံခိုင်းနေတယ်။ သူ့ရဲ့ စိတ်ထားက တကယ်ကို သတ်ပစ်သင့်တယ်။ မင်းတို့က အခုထိ သူ့ကို သစ္စာခံနေကြတုန်းပဲလား။ ငါတို့ ချန်နိုင်ငံရဲ့ အမတ်တွေ ဖြစ်ရတာ မရှက်ကြဘူးလား"

နန်းတွင်းအမတ်များသည် အားလုံး နှုတ်ဆိတ်နေကြပြီး ဝမ်းနည်းကြေကွဲဖွယ် အမူအရာဖြင့် ခေါင်းငုံ့ကာ ရိုသေစွာ ရပ်နေကြသော်လည်း ဤသေမင်းတမျှ တိတ်ဆိတ်နေမှုသည် အသံတိတ် ဘက်ရွေးချယ်မှုနှင့် ပုန်ကန်စွန့်ခွာမှု တစ်ခုဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

ထုန်ချွဲသည် မူလက ချန်ဘုရင်က အရာအားလုံးကို ဖွင့်ချလိုက်ပြီးနောက် ဝိန်းယွီ၏ နန်းတော်အတွင်း အုပ်ချုပ်မှုအပေါ် ဆိုးကျိုးသက်ရောက်မည်ကို အလွန်အမင်း စိုးရိမ်နေခဲ့သော်လည်း ဤအခိုက်အတန့်တွင် ဤတိတ်ဆိတ်မှုထဲမှ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားခဲ့သဖြင့် ရင်ထဲတွင် ပြည့်နှက်နေသော ဖြေရှင်းချက် စကားများကို တစ်ခွန်းမှ ထုတ်မပြောဖြစ်တော့ပေ။

မလိုအပ်တော့ပေ။

ချန်နိုင်ငံ ယနေ့အခြေအနေသို့ ရောက်ရှိလာခြင်းသည် ဝိန်းယွီ၏ ပြတ်သားသော ပြုပြင်ပြောင်းလဲမှုများနှင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်မှုများကြောင့် ရရှိလာသော ရလဒ်ပင်။

ချန်ဘုရင် ပြောဆိုသွားသော အရင်ဘုရင်ကြီး၏ ကျေးဇူးဆိုသည်မှာ ရာထူးတိုးမြှင့်ပေးခြင်းနှင့် အရေးပါသော နေရာများတွင် ခန့်ထားပေးခြင်းကို ဆိုလိုလျှင် ပြောစရာ တစ်ခုရှိသေးသည်။ သို့သော် အရင်ဘုရင်ကြီး နန်းတက်စဉ်က ကိုယ်လုပ်တော် ရွေးချယ်ခြင်းကို အလွန် နှစ်သက်ခဲ့သဖြင့် နောက်ဆောင်တစ်ခုလုံးသည် မည်းမှောင်ရှုပ်ထွေးနေသည်ဟု ဆိုနိုင်လေသည်။

ကိုယ်လုပ်တော်များ အားလုံးသည် ထင်ရှားသော မိသားစုကြီးများမှ ဆင်းသက်လာကြသဖြင့် နောက်ဆောင်၏ မျက်နှာသာပေးခံရမှုသည် ရှေ့ညီလာခံရှိ အရာရှိများ၏ ရာထူးတိုးမြှင့်ခြင်းများနှင့်လည်း ရှင်းပြ၍မရနိုင်သော ဆက်စပ်မှုများ ရှိနေခဲ့သည်။ ယနေ့အထိ ဒုက္ခပေးနေသော ဩဇာကြီးမားသည့် မိသားစုအဖွဲ့အစည်း အများစုမှာ ထိုအချိန်ကတည်းက ပျိုးထောင်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပြီး ရိုးသားဖြောင့်မတ်သော နန်းတွင်းအမတ်များမှာ အစောကြီးကတည်းက ခံမရပ်နိုင်အောင် ဖြစ်နေခဲ့ကြ၏။

တာ့လျန် ကြုံတွေ့ခဲ့ရသော ယုတ်မာသော အမတ်များ၏ နန်းတွင်းရေး ရှုပ်ထွေးမှု ဘေးအန္တရာယ်ကို ချန်နိုင်ငံကလည်း အကုန်လုံး ကြုံတွေ့ခဲ့ရသည်။

နန်းတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ အရာရှိများသည် တစ်ယောက်ကိုတစ်ယောက် အပြစ်ရှာကာ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုက်ခိုက်နေကြပြီး မိမိအဖွဲ့ကိုသာ ထောက်ခံကာ အခြားသူများကို တိုက်ခိုက်ရန်သာ ရည်ရွယ်ကြသည်။ နိုင်ငံတော်နှင့် ပြည်သူများအတွက် တကယ် ကြိုးပမ်းပေးသော အမတ်များသည် ဆန့်ကျင်ဘက် အုပ်စုများဖြစ်လာကြပြီး အကြိမ်ကြိမ် ဖိနှိပ်ခံခဲ့ရလေသည်။

ချန်နိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာတိုက်သည် အရင်ဘုရင် သက်ရှိထင်ရှား ရှိစဉ်ကတည်းက အကုန်အစင် ခန်းခြောက်သွားခဲ့ပြီဟု ဆိုနိုင်၏။

ထိုနှစ်က ဝိန်းယွီ၏ ခမည်းတော်ကသာ စစ်တပ်ကို မငှားရမ်းပေးခဲ့ပါက ထိုထီးနန်းလုပွဲ၏ ရှုပ်ထွေးမှုများကြောင့် ရှီးလင်က ချန်နိုင်ငံကို တိုက်ရိုက် သိမ်းပိုက်နိုင်သွားလိမ့်မည်။

တာ့လျန် ပြိုလဲသွားပြီးနောက် ချန်နိုင်ငံက ထိုအချိန်က ကြီးမားသော ကျေးဇူးကို ဗြောင်ကျကျ ငြင်းဆိုခဲ့သော်လည်း မှတ်တမ်းတိုက်တွင် စုပုံနေသော ဘဏ္ဍာရေးဝန်ကြီးဌာန၏ နှစ်စဉ် စာရင်းစစ် မှတ်တမ်းများသည် လူများကို လိမ်လည်၍ မရနိုင်ချေ။

ချန်ဘုရင်နှင့် ယခင် မိသားစုကြီးများ၏ အပေါင်းအပါများသည် ဝိန်းယွီအား ချန်နိုင်ငံ၏ ထီးနန်းကို လုယူသည်ဟူသော ခေါင်းစဉ်တပ်ရန် အမြဲ နှစ်သက်ကြသော်လည်း လက်ရှိ ချန်နိုင်ငံသည် ထိုနှစ်က လျန်ဝမ်က စစ်တပ်ကို စေလွှတ်ကာ ကာကွယ်ပေးခဲ့ခြင်းကြောင့်သာ တည်ရှိနေခြင်းဖြစ်ကြောင်းကို သူတို့ လုံးဝ မသိရှိကြပေ။

ယခု ကြီးမားသော ဘေးအန္တရာယ် တစ်ဖန် ပြန်လည်ရောက်ရှိလာချိန်တွင် ဝိန်းယွီသည် နိုင်ငံနှစ်ခု၏ ပြည်သူများကို ကာကွယ်ရန်အတွက် နယ်စပ်သို့ ကိုယ်တိုင် သွားရောက်ရန်ပင် ဆန္ဒရှိခဲ့သည်။

ထိုအထဲမှ အန္တရာယ်များကို နိုင်ငံရေး ဝဲဂယက်၏ ဗဟိုချက်တွင် ရှိနေကြသော ဤအမတ်များက ဘယ်လိုလုပ် မသိဘဲ နေမည်ပါနည်း။

ချန်ဘုရင်ကို ပြန်ကြည့်မည်ဆိုလျှင် ထီးနန်းဆက်ခံပြီးကတည်းက မည်သည့် အောင်မြင်မှုမှ မရှိခဲ့ဘဲ အရှုပ်တော်ပုံများသာ အဆက်မပြတ် ရှိနေခဲ့၏။

ရှောင်းလိက နန်းတော်ကို ဝိုင်းရံထားချိန်တွင် သူသည် လက်နက်ချ အညံ့ခံခြင်းကဲ့သို့သော မိမိ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်သည့် အရှက်ရဖွယ် ကိစ္စမျိုးကိုပင် လုပ်ဆောင်နိုင်ခဲ့သဖြင့် အမတ်များမှာ ယနေ့အထိ မျက်နှာပျက်စရာကောင်းသည်ဟု ခံစားနေကြရဆဲ။

ယခု နိုင်ငံနှင့် ပြည်သူများ၏ သေရေးရှင်ရေးကို မသိရှိနိုင်သေးသော အချိန်တွင် ဤကဲ့သို့သော အသရေဖျက်သည့် စကားများကို ပြောဆိုလာခြင်းသည် အမှန်အမှားကို ဘေးဖယ်ထားလျှင်တောင်မှ သူက ချန်နိုင်ငံနှင့် တာ့လျန်ကြားရှိ တစ်ခုတည်းသော ဆက်သွယ်မှုဖြစ်သည့် အားလီကို ဖြတ်တောက်ချင်နေခြင်းကိုပင် အမတ်များက သေချာပေါက် သဘောတူမည် မဟုတ်ချေ။

ချန်ဘုရင်သည် ဤရှည်လျားသော တိတ်ဆိတ်မှုကြီးထဲတွင် ရုတ်တရက် အရှက်ရမှုကို ခံစားလိုက်ရပြီး ဖျက်ဆီး၍မရနိုင်သော ယုံကြည်ချက် တစ်ခုခု ပြိုလဲသွားပြီးနောက် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုနှင့် ဒေါသတရားများကိုလည်း ခံစားလိုက်ရလေသည်။

ငါကမှ ချန်နိုင်ငံရဲ့ ဘုရင်ပဲလေ။

ဒီသွေးသားထဲမှာ တစ်ခုတည်းသော တရားဝင် ဆက်ခံသူပဲ။

သူတို့တွေ လုပ်ရဲလိုက်ကြတာ။

ချန်ဘုရင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မျက်နှာကြွက်သားများ တွန့်လိမ်သွားပြီး မျက်လုံးများ ပြူးထွက်လာကာ အော်ဟစ်လိုက်သည်။ "ပုန်ကန်တာပဲ။ မင်းတို့ အားလုံး ပုန်ကန်..."

"တော်လောက်ပြီ"

မယ်တော်ကြီးက ချန်ဘုရင်၏ စကားကို လေသံတင်းတင်းဖြင့် ဖြတ်ပြောလိုက်၏။ ချန်ဘုရင်၏ ထိုမျှလောက် ကြီးမားသော ပုန်ကန်မှု စကားများကို ကြားပြီးနောက်တွင် သူမ၏ မျက်နှာပေါ်၌ ဒေါသထွက်နေသည့် အရိပ်အယောင်များ မရှိတော့ချေ။ ထိုတင်းမာသော အမူအရာ၏ နောက်ကွယ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်မှုများသာ ရှိနေပုံရပြီး ပြောလိုက်၏။ "အရှင်မင်းကြီးက ဘယ်အချိန်အထိ ထပ်ပြီး ရမ်းကားနေဦးမှာလဲ"

ထုန်ချွဲက အခွင့်ကောင်းယူကာ အားလီကို ပွေ့ဖက်၍ ဒူးထောက်လိုက်ပြီး ပြောလိုက်လေသည်။ "မယ်တော်ကြီးက မင်းသမီးနဲ့ သခင်မလေးအတွက် တရားမျှတမှု ပေးပါဦး။ မင်းသမီးက ရှေ့တန်းကို ကိုယ်တိုင် သွားရောက်ပြီး အန္တရာယ်များလှပါတယ်။ အရှင်မင်းကြီးကတော့ ဆေးဆရာတွေရဲ့ စကားကို ယုံကြည်ပြီး အသက်ရှည်ဖို့အတွက် သွေးသားအရင်းအချာရဲ့ သွေးကိုတောင် ဆေးဖော်စပ်ဖို့ အသုံးပြုဖို့ ဝန်မလေးခဲ့ဘူး။ မိဖုရားကျန်းရဲ့ ကလေးကို ဆေးဆရာတွေက အကြိမ်ကြိမ် သွေးဖောက်ယူပြီး သေဆုံးသွားခဲ့ရပြီးတဲ့နောက် အရှင်မင်းကြီးက အခု သခင်မလေးအပေါ်ကိုတောင် အကြံအစည် ရှိလာပြန်ပြီ"

ထုန်ချွဲက စကားပြောရင်း မျက်ရည်များ ကျဆင်းလာသည်။ "မင်းသမီးနဲ့ သခင်မလေးက ဒီလို နာမည်ဆိုးတွေ အတပ်ခံရဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

နန်းတွင်းအမတ်များက ထိုစကားကို ကြားသောအခါ ရုတ်တရက် နားလည်သွားသူများလည်း ရှိသလို ထိတ်လန့်သွားသူများလည်း ရှိကြပြီး အသီးသီးက မယ်တော်ကြီးဆီသို့ လှမ်းကြည့်လိုက်ကြ၏။

ချန်ဘုရင်ကမူ ပိုလို့ပင် ဒေါသမထိန်းနိုင်ဖြစ်သွားပြီး ဓားကို မြှောက်ကာ ထုန်ချွဲထံသို့ ခုတ်ပိုင်းရန် ပြင်လိုက်သည်။ "မင်းလို လျှောက်ပြောနေတဲ့ အစေခံမ၊ ဒီဘုရင်က မင်းကို သတ်ပစ်မယ်"

ချင်းယွင်ကိုယ်ရံတော်များနှင့် ကိုယ်ရံတော်တပ်များက အလျင်စလို ရှေ့တိုးကာ တားဆီးလိုက်ကြသည်။ အမတ်များသည်လည်း ချန်ဘုရင်၏ လက်မောင်းကို ဆွဲသူကဆွဲ၊ ခါးကို ဖက်သူကဖက်ဖြင့် အသီးသီး အသနားခံ ပြောဆိုလိုက်ကြလေသည်။ "အရှင်မင်းကြီး... ဆက်ပြီး မိုက်မဲမနေပါနဲ့တော့"

ကြည့်ရသည်မှာ သူတို့ အားလုံးက ချန်ဘုရင်၏ ယနေ့လုပ်ရပ်သည် အားလီထံမှ သွေးယူကာ ဆေးဖော်စပ်ရန် ဖြစ်သည်ဟူသော စကားကို ယုံကြည်သွားကြပုံရသည်။

ထုန်ချွဲသည် အားလီကို ပွေ့ဖက်ကာ ခေါင်းငုံ့၍ မျက်ရည်များကို ဆက်သုတ်နေပြီး မယ်တော်ကြီး ကိုယ်တိုင် ဤကိစ္စကို ဝန်ခံလိုက်မှသာ နောင်တွင် အားလီ၏ ဇာစ်မြစ်အပေါ် လူများက လုံးဝ သံသယဝင်တော့မည် မဟုတ်ကြောင်းကို စိတ်ထဲတွင် နားလည်နေ၏။

စစ်မြေပြင် အခြေအနေသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနိုင်ပြီး အလွန်အမင်း အန္တရာယ်များလှသည်။ ရှီးလင်စစ်တပ် အင်အား တစ်သိန်းနှစ်သောင်းက ကောလဲ့မြို့ကို ဝိုင်းရံထားရာ ဝိန်းယွီ တစ်ယောက် အသက်ရှင်လျက် အကောင်းပကတိ ပြန်လာနိုင်မည်၊ မလာနိုင်မည်ကို မသိရှိရသေးပေ။

နန်းတွင်းအမတ်များက လက်ရှိ အခြေအနေကြီးကို ထောက်ထား၍ အားလီ၏ ဇာစ်မြစ်ကိစ္စကို အသေးစိတ် မစုံစမ်းကြသော်လည်း နောက်ပိုင်းတွင် ပြဿနာ မကျန်ရစ်စေရန် သူမအနေဖြင့် အားလီ၏ ဇာစ်မြစ်ကို "ပြီးပြည့်စုံသော" အခြေအနေ ဖြစ်စေရန် မဖြစ်မနေ လုပ်ဆောင်ရလိမ့်မည်။

မိဖုရားကျန်း သားအမိသည် လွန်ခဲ့သော နှစ်ရက်ကတည်းက မယ်တော်ကြီး၏ အစီအစဉ်ဖြင့် နန်းတော်မှ လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။ အတွင်းဝန်ရုံးကိုမူ မိဖုရားကျန်း၏ ကလေးသည် ရုတ်တရက် ရောဂါဆိုး ခံစားရကာ သေဆုံးသွားခဲ့ကြောင်း၊ မိဖုရားကျန်းသည် စိတ်မချမ်းမသာဖြစ်ပြီး ပိုးကြိုးဖြူ တစ်ချောင်းဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပြဿနာများ များပြားနေသော ကာလဖြစ်သဖြင့် နာရေးကိစ္စကို အလျင်စလို ပြုလုပ်ခဲ့ပြီး သတင်းမထုတ်ပြန်ခဲ့ကြောင်း ပြောဆိုထားခဲ့သည်။

ယခု မိဖုရားကျန်း သားအမိ၏ "သေဆုံးမှု" သည် အားလီ၏ ဇာစ်မြစ်ကို မှန်ကန်စေရန်အတွက် အကောင်းဆုံးသော လက်နက်ပင်။

မည်သို့ပင်ဆိုစေကာမူ ချန်ဘုရင်က အားလီသည် ကျန်းမိသားစု၏ သွေးသားဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မယ်တော်ကြီးက ဤအချက်ကြောင့် ဝိန်းယွီကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မိဖုရားကျန်းသည် မယ်တော်ကြီး၏ တူမအရင်းဖြစ်ပြီး သူမ၏ကလေးကိုမူ ချန်ဘုရင်က နန်းတွင်းအမတ်များ အားလုံး၏ ရှေ့တွင် ဘုရင်၏ သွေးသားဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံခဲ့ဖူးလေသည်။

ဝိန်းယွီက လက်ရှိအချိန်တွင် နန်းတော်ထဲ၌ မရှိချိန်တွင် မိဖုရားကျန်း သားအမိ သေဆုံးသွားခဲ့သဖြင့် မယ်တော်ကြီးက သူမ၏ တူမအရင်းနှင့် မြေးအရင်းကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု လုံးဝ မဖြစ်နိုင်ချေ။

မယ်တော်ကြီးသည် အထိန်းတော်ကြီး၏ တွဲထူမှုဖြင့် မူလနေရာတွင် ရပ်နေပြီး အသံမထွက်ခဲ့ပေ။

နားထဲတွင် ချန်ဘုရင်၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အော်ဟစ်သံများနှင့် အမတ်များ၏ ရှုပ်ထွေးနေသော အသနားခံသံများသည် ရေခန်းဆီးတစ်ခု ခြားထားသကဲ့သို့ တဝီဝီ မြည်နေတော့သည်။

မယ်တော်ကြီးသည် မျက်စိရှေ့က ဤယုတ္တိမတန်သော ပြဇာတ်ကို အရိပ်ပြဇာတ် ကြည့်နေသကဲ့သို့ ကြည့်နေခဲ့၏။

ချန်ဘုရင်၏ ရည်ရွယ်ချက်ကို သူမ သိထားသည်။

သူမ၏ ဤသားတော်သည် ထီးနန်းဆက်ခံပြီးကတည်းက သူမ၏ လက်ထဲတွင် ရုပ်သေးဘုရင်အဖြစ် အမြဲ နေခဲ့ရသည်ကို မကျေမနပ် ဖြစ်နေပြီး လက်ထပ်ပြီးနောက်တွင်လည်း တာ့လျန်အမျိုးသမီး၏ လက်ထဲ၌ ဆက်လက်၍ ရုပ်သေးရုပ်အဖြစ် နေရခြင်းကို ပိုပြီး မကျေမနပ် ဖြစ်နေခဲ့သည်။

သူက အရာအားလုံးကို စတေးပြီး လုပ်ဆောင်ခြင်းသည် အမှားများကို ပြုပြင်ကာ ချန်နိုင်ငံ၏ ဘုရင့်သွေးသားကို မှန်ကန်စေချင်ခြင်း ဖြစ်လေသည်။

ထိုတာ့လျန်အစေခံမ၏ ရည်ရွယ်ချက်ကိုလည်း သူမ သိထားသည်။

သူမသည် တာ့လျန်အမျိုးသမီးက သမီးဖြစ်သူကို ကာကွယ်ရန် ထားရစ်ခဲ့သော ယုံကြည်ရသူဖြစ်ပြီး သူမ၏ သခင်မလေးကို တစ်ဖက်တစ်လမ်းမှ အမှားအယွင်း အဖြစ်ခံမည် မဟုတ်ပေ။

ဘယ်လို ရွေးချယ်ရမလဲ။

တကယ်တော့ အဖြေက ရှင်းနေပြီ မဟုတ်လား။

သားတော် ထီးနန်းလုပွဲတွင် ဒဏ်ရာရပြီး အသုံးမကျသူ တစ်ယောက် ဖြစ်သွားပြီးနောက် နှစ်ပေါင်းများစွာကြာသည်အထိ သူမသည် အမြဲတမ်း သည်ရွေးချယ်မှုကိုသာ ပြုလာခဲ့ခြင်းပင်။

မယ်တော်ကြီးသည် ချန်ဘုရင်က ကိုယ်ရံတော်တပ် တစ်ဦးကို ဓားဖြင့်ခုတ်ကာ အမတ်ဟောင်း တစ်ဦးကို ခြေဖြင့်ကန်ချလိုက်ပြီး ဓားကို ဆက်လက် ဝှေ့ယမ်းရန် ပြင်နေချိန်တွင် မျက်လုံးများကို မှိတ်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ စိတ်ဖောက်ပြန်တဲ့ရောဂါက ပြန်ထလာပြန်ပြီ"

"ကိုယ်ရံတော်တပ်တွေ၊ အရှင်မင်းကြီးကို ကြိုးတုပ်ပြီး ကျန်းဟွာနန်းဆောင်ကို ပြန်ပို့လိုက်။ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထားကြ"

ဤစကားကို ပြောပြီးနောက် မယ်တော်ကြီးသည် ဤကိစ္စရပ်များကို ဆက်လက် ဖြေရှင်းရန် အင်အား မရှိတော့သကဲ့သို့ အထိန်းတော်ကြီး၏ လက်ကို တွဲကာ ဤနေရာမှ ထွက်ခွာရန် ပြင်လိုက်လေသည်။

ချန်ဘုရင်၏ အမူအရာကမူ ပိုလို့ပင် လှောင်ပြောင်မှုနှင့် ဒေါသများ ပြည့်နှက်နေပြီး ရှေ့တိုးလာကာ သူ့ကို ဖမ်းဆီးမည့် ကိုယ်ရံတော်တပ်များကို ဓားဖြင့် အတင်းရမ်းခုတ်လိုက်ကာ ခုတ်ရင်းဖြင့် အော်ဟစ်လိုက်သည်။ "ထွက်သွားကြ။ အားလုံး ထွက်သွားကြ။ ဒီဘုရင်ကို လာမထိနဲ့"

ထိုပုံစံသည် အနည်းငယ် အရူးအမူး ဖြစ်နေပုံရသည်။

မယ်တော်ကြီးက စကားပြောထားသော်လည်း ကိုယ်ရံတော်တပ်များသည် ချန်ဘုရင်ကို ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ဤကဲ့သို့ အသက်ကို ပဓာနမထားဘဲ ခုတ်ပိုင်းနေမှုအောက်တွင် ချန်ဘုရင်၏ အနီးသို့ မကပ်နိုင်ဘဲ ချန်ဘုရင် ကန်ချလိုက်ပြီး ဓားခုတ်ခံရသော အမတ်အချို့ကိုသာ အဝေးသို့ ဆွဲထုတ်သွားနိုင်ခဲ့၏။

ချန်ဘုရင်သည် ဝါးလုံးတစ်ချောင်းကဲ့သို့ ပိန်ချုံးနေသဖြင့် ဤကဲ့သို့ အားကုန် ဝှေ့ယမ်းခုတ်ပိုင်းပြီးနောက် မကြာမီပင် အင်အားကုန်ခန်းသွားခဲ့သည်။ သူသည် ဓားကို ထောက်ကာ အခြေအနေဆိုးဝါးစွာဖြင့် အသက်ရှူနေပြီး ထွက်ခွာသွားသော မယ်တော်ကြီး၏ ကျောပြင်ကို ကြည့်ကာ ဒေါသကြောင့် အနည်းငယ် တွန့်လိမ်နေသော မျက်နှာပေါ်တွင် ရုတ်တရက် အလွန် ထူးဆန်းသော အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ပြီး မယ်တော်ကြီးဆီသို့ အော်ဟစ်လိုက်လေသည်။

"မယ်တော်က သားတော့်ကို ထပ်ပြီး စွန့်ပစ်တော့မလို့လား"

မယ်တော်ကြီး၏ ခြေလှမ်းများက အနည်းငယ် တန့်သွားသည်။

ချန်ဘုရင်၏ ထိုအပြုံးထဲတွင် အလွန်အမင်း ဆိုးယုတ်မှုများ ပြည့်နှက်နေပြီး ဆက်ပြီး အော်ဟစ်လိုက်၏။ "ဒါဆိုရင် မယ်တော်က အဲ့ဒီတာ့လျန်အမျိုးသမီး နောင်ကျရင် နိုင်ငံနှစ်ခုရဲ့ ထီးနန်းကို အဲ့ဒီဟာမလေးဆီ လွှဲပြောင်းပေးမယ်ဆိုတာကို သေချာ ယုံကြည်ထားတာ အကောင်းဆုံးပဲ"

"နန်းတော် တိုက်ခိုက်ခံရချိန်က တာ့လျန်က အဲ့ဒီရှောင်းဆိုတဲ့ကောင်က သူ့ရဲ့ ကျောက်ဟွာနန်းဆောင်ကို ဝင်ထွက်နေတာ လူမရှိတဲ့ နေရာကို ဝင်နေသလိုပဲ။ သူတို့နှစ်ယောက်သာ လျှို့ဝှက်ပြီး ကိုယ်ဝန်ထပ်ရခဲ့ရင် ကျန်းမိသားစုရဲ့ သွေးသားကို နိုင်ငံနှစ်ခုလုံးရဲ့ ဘုရင်ဖြစ်လာစေချင်တဲ့ မယ်တော့်ရဲ့ မျှော်လင့်ချက်က ပျက်စီးသွားရတော့မှာပဲ"

လူတိုင်းက ဤစကားကြောင့် မှင်သက်နေချိန်တွင် ချန်ဘုရင်သည် ရုတ်တရက် ဓားကို လည်ပင်းပေါ် တင်ကာ လှီးချလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ပိန်ချုံးနေသော မျက်နှာပေါ်၌ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းများအပြင် လက်စားချေလိုက်ရသဖြင့် တွန့်လိမ်နေသော ပျော်ရွှင်မှု အနည်းငယ်လည်း ရှိနေပုံရလေသည်။ "မိဘကျေးဇူးမသိတဲ့ သားမိုက် ချန်ယင်း၊ ချန်နိုင်ငံရဲ့ ဘိုးဘေးတွေကို မျက်နှာပြစရာ မရှိတော့ပါဘူး"

သွေးစွန်းနေသော ဓားရှည်သည် "ခလွမ်း" ခနဲ မြေပြင်ပေါ်သို့ ကျသွားပြီး သွေးရောင်များက ကျောက်ဟွာနန်းဆောင် အပြင်ဘက်ရှိ ကျောက်ပြားများပေါ်သို့ စင်ကျသွားချိန်တွင် လူအားလုံးမှာ မှင်သက်သွားကြတော့သည်။

မယ်တော်ကြီးသည် အနောက်ဘက်မှ အလေးချိန်စီးသော အရာတစ်ခု လဲကျသွားသည့် အသံကို ကြားလိုက်ရပြီးနောက် အမတ်များက "အရှင်မင်းကြီး" ဟု ငိုယိုအော်ဟစ်နေကြသည်ကို ကြားလိုက်ရသောအခါမှ ယုံကြည်နိုင်စွမ်း မရှိသကဲ့သို့ နောက်သို့ လှည့်ကြည့်လိုက်၏။

တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် မယ်တော်ကြီးသည် တစ်ကိုယ်လုံး အားပျော့သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားပြီး ဘေးနားရှိ အထိန်းတော်ကြီးက သူမကို မနည်း တွဲထူထားရလေသည်။

"ယင်းအာ..." မယ်တော်ကြီးသည် လုံးဝမကြားနိုင်လောက်အောင် တိုးညှင်းစွာ လှမ်းခေါ်လိုက်လေသည်။ ကျန်းယွီသေဆုံးသည့် သတင်းကို ကြားခဲ့ရချိန်က နီရဲရုံသာ နီနေခဲ့သော မျက်လုံးများကလည်း အခုတော့ မျက်ရည်များ စီးကျလာတော့သည်။

ထုန်ချွဲသည်လည်း ချန်ဘုရင်၏ ဤရုတ်တရက် လုပ်ရပ်ကြောင့် အလွန်အမင်း အံ့ဩသွားခဲ့ပြီး သူမရင်ခွင်ထဲရှိ အားလီသည် လန့်ဖြန့်ကာ အဆက်မပြတ် ငိုကြွေးနေလေသည်။

ထုန်ချွဲသည် အားလီကို သူမ၏ ရင်ခွင်ထဲတွင် ဖိထားလိုက်ပြီး ဤသွေးထွက်သံယိုမှုကို မမြင်စေရန် ကာကွယ်ထားလိုက်သည်။ မလှမ်းမကမ်းတွင် မြေပြင်ပေါ်၌ လဲကျနေသော ချန်ဘုရင်၏ အလောင်းကို ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးထဲရှိ အံ့ဩတုန်လှုပ်မှုများကို တစ်စစီ ဖိနှိပ်လိုက်ပြီးနောက် မျက်လုံးအလင်းရောင်က တစ်ဖန် ပြန်လည် တည်ကြည်လာခဲ့၏။

ချန်ဘုရင်သည် ချန်နိုင်ငံ၏ ဘုရင့်သွေးသားကို မှန်ကန်အောင် ပြန်လည် လုပ်ဆောင်ရန် မျှော်လင့်ချက် မရှိတော့မှန်း သိရှိသွားပြီးနောက်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင်သာ မယ်တော်ကြီးကို ထိုစကားများ ပြောဆိုအောင် မလုပ်ဆောင်နိုင်ခဲ့ပါက ဝိန်းယွီနှင့် ရှောင်းလိတို့ ပြန်မလာနိုင်ခဲ့လျှင် ချန်နိုင်ငံမှ လူအများက အားလီ၏ အကြောင်းပြချက်ကို အသုံးပြုကာ တာ့လျန်ပြည်သို့ ပြန်သွားကြပြီး တစ်နေ့တွင် အခြား စိတ်ကူးများ ရှိလာပါကလည်း ချန်ဘုရင်၏ ယနေ့စကားများကို အသုံးပြုကာ ပြဿနာ ဖန်တီးနိုင်လေသည်။

ဝိန်းယွီသည် ချန်ဘုရင်နှင့် မယ်တော်ကြီးအတွက် လမ်းကို ရွေးချယ်ပေးခဲ့ပြီး ဖြစ်သော်လည်း ချန်ဘုရင် ကိုယ်တိုင်က မကျေမနပ်ဖြစ်ကာ သေရမည်ဆိုလျှင်တောင် ဤတစ်ကြိမ် ထပ်မံ ကြိုးစားချင်ခဲ့ခြင်းပင်။

...

All Chapters