← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အပိုင်း (၂၄၅)

ထိုနေရာတွင်ရှိသော အမတ်များအားလုံးသည် နောက်ကွယ်တွင် ဝိန်းယွီဘက်ကို ပါဝင်နေသူများ ဖြစ်စေကာမူ ယခုအချိန်တွင် အလွန် ဝမ်းနည်းပူဆွေးနေကြလေသည်။ မယ်တော်ကြီးသည် အထိန်းတော်ကြီး၏ ရင်ခွင်ထဲတွင် အရုပ်ကြိုးပြတ် လဲကျနေပြီး ဝမ်းနည်းမှုနှင့် ဒေါသတို့က ရင်ထဲတွင် ပြည့်နှက်နေသဖြင့် ခက်ခက်ခဲခဲ အသက်ရှူနေရပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

ထုန်ချွဲက ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။ "မင်းကြီးက ဆေးလုံးတွေ အများကြီး စားသုံးထားလို့ ဆေးအဆိပ်တက်ပြီး သတိလစ်နေတာပဲ။ သမားတော်ကို မြန်မြန် သွားခေါ်ကြ"

ချန်ဝမ်၏ လည်ပင်းတစ်ခုလုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး ထွက်လာသော သွေးများကလည်း သူ၏ ခန္ဓာကိုယ်အောက်တွင် သွေးအိုင်ငယ်တစ်ခုအဖြစ် စုဝေးနေပြီ ဖြစ်၏။

ထုန်ချွဲ၏ အော်ဟစ်သံ အပြီးတွင်မှ ကိုယ်ရံတော်တပ်များက သတ္တိမွေးကာ ရှေ့တိုးလာပြီး သူ့လည်ပင်းပေါ်ရှိ ဒဏ်ရာကို သွားရောက် ဖုံးအုပ်ပေးကြသည်။ ထို့နောက် အခြား ကိုယ်ရံတော်များက ထမ်းစင်ကို ယူလာပြီး ချန်ဝမ်ကို ထမ်းခေါ်သွားကြလေသည်။

သို့သော် ချန်ဝမ်၏ သူငယ်အိမ်များက စတင် ပြန့်ကားနေပြီဖြစ်ရာ ကယ်တင်နိုင်တော့မဟုတ်တာလည်း သိသာနေ၏။

မကြာမီတွင် သမားတော်ဌာနမှ သမားတော်များက အလျင်စလို ရောက်ရှိလာကြပြီး ချန်ဝမ်နှင့် ချန်ဝမ်၏ ခုတ်ပိုင်းခံရသော အမတ်များကို စမ်းသပ်ကုသပေးကြလေသည်။

မယ်တော်ကြီးသည် အလွန်အမင်း ထိတ်လန့်သွားပြီး ဝမ်းနည်းပူဆွေးမှု လွန်ကဲနေသဖြင့် မတ်တတ်ပင် မရပ်နိုင်တော့ချေ။ ချန်ဝမ်ကို ကုသပေးနေသော သမားတော်များ၏ ရလဒ်ကို စောင့်ဆိုင်းရန် ကျန်းဟွာနန်းဆောင်၏ ဘေးဘက်ဆောင်တွင် ခေတ္တ အနားယူရန် စီစဉ်ပေးထားလိုက်၏။

ထုန်ချွဲသည် အားလီကို ချင်းယွင်ကိုယ်ရံတော်များထံသို့ လွှဲပြောင်းပေးပြီး တင်းကျပ်စွာ စောင့်ရှောက်ထားခိုင်းလိုက်ပြီးနောက် ကျန်းဟွာနန်းဆောင်သို့ အလျင်အမြန် သွားခဲ့သည်။ အမတ်များအားလုံး အထိတ်တလန့် မျက်နှာများဖြင့် နန်းဆောင်အပြင်ဘက်တွင် စောင့်နေကြသည်ကို အဝေးမှနေ၍ သူမ မြင်တွေ့လိုက်ရသည်။

ထုန်ချွဲသည် ကိုယ်တိုင်ကိုယ်ကျ မသွားခဲ့ဘဲ စင်္ကြံလမ်းအောက်တွင် ရပ်နေလိုက်သည်။ သွေးများ စွန်းထင်းနေသော ရေဇလုံများကို ကိုင်ဆောင်ထားသည့် နန်းတွင်းအစေခံမလေးများက နန်းဆောင်ထဲမှ ထွက်လာကြပြီး စင်္ကြံလမ်းအောက်မှ ဖြတ်သွားချိန်တွင် သူမကို ကိုင်းညွှတ်ကာ အရိုအသေ ပေးသွားကြ၏။

ထုန်ချွဲသည် ခေါင်းညိတ်ပြကာ အစေခံများကို ထွက်သွားရန် အချက်ပြလိုက်သည်။ နောက်ဆုံးမှ လျှောက်လာသော အစေခံမလေးက ထုန်ချွဲ၏ ဘေးမှ ဖြတ်သွားချိန်တွင် ခေါင်းကို မော့ကာ သူမကို တစ်ချက် ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းခါပြသွားလေသည်။

သမားတော်ဖန်းသည်လည်း ချန်ဝမ်ကို ကုသပေးနေသည့် သမားတော်များထဲတွင် ပါဝင်နေသည်။ ဤအစေခံမလေးက လျှို့ထည့်သွင်းထားသော သူမတို့၏ လူဖြစ်ပြီး သမားတော်ဖန်းထံမှ သတင်းကို ပေးပို့ခြင်း ဖြစ်၏။

သို့နှင့် ထုန်ချွဲသည် ချန်ဝမ်ကို လုံးဝ ကယ်တင်၍ မရနိုင်တော့ကြောင်းကို သိရှိသွားလေသည်။

သူမသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ ဘေးဘက်ဆောင်ဆီသို့ လှည့်ထွက်လာလိုက်သည်။

ဘေးဘက်ဆောင်တွင် စောင့်နေသော အစေခံက ထုန်ချွဲသည် မယ်တော်ကြီးနှင့် တွေ့ဆုံလိုကြောင်း ပြောသည်ကို ကြားသောအခါ ရိုသေမှုရှိသော်လည်း အနည်းငယ် ခပ်တန်းတန်းဖြင့် ခေတ္တစောင့်ဆိုင်းရန် ပြောပြီး နန်းဆောင်အတွင်းသို့ ဝင်ကာ သတင်းပို့ပေးလေသည်။

ထုန်ချွဲ၏ မျက်နှာက တည်ငြိမ်နေပြီး ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကား ပြောပြီးနောက် ခြံဝင်းအပြင်ဘက်တွင် ရပ်စောင့်နေလိုက်သည်။ သို့သော် ယှက်ထားသော သူမ၏ လက်ဖဝါးနှစ်ဖက်ထဲတွင်တော့ ချွေးများ တဖြည်းဖြည်း စိုနေလေသည်။

သူမသည် ယခင်က ချန်ဝမ်၏ ယနေ့ ရူးသွပ်သော လုပ်ရပ်များအားလုံးကို ဆေးမျိုးငါးပါး ပါဝင်သော ဆေးလုံးများ စားသုံးခြင်းကြောင့် ဆေးအဆိပ်တက်ပြီး သတိလစ်သွားခြင်းဟု အကြောင်းပြခဲ့သည်။

ထိုသို့ ပြုလုပ်မှသာ ချန်ဝမ် ပြောခဲ့သော အဓိပ္ပါယ်မရှိသည့် စကားများကို ဖုံးကွယ်ထားနိုင်လိမ့်မည်။

သို့သော် မယ်တော်ကြီးသည် သူမ၏သား သေဆုံးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခဲ့ရသည်။ ချန်ဝမ်ကလည်း ကိုယ့်ကိုယ်ကိုယ် မသတ်သေခင်တွင် မယ်တော်ကြီး၏ နှလုံးသားကို ထိုးနှက်စေမည့် စကားများကို ပြောခဲ့သေးရာ မယ်တော်ကြီးက သူမတို့နှင့် တစ်ဖက်တည်း ရပ်တည်ပေးဦးမည်လား ဆိုသည်ကိုတော့ သေချာ မသိနိုင်တော့ချေ။

အကယ်၍ မယ်တော်ကြီးက သားသေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးကာ သားဖြစ်သူ၏ အပေါ်သို့ နာမည်ဆိုးများ ထပ်မတပ်ချင်တော့ဘဲ၊ သားဖြစ်သူက ထာဝရအသက်ကို ရှာဖွေရင်း ဆေးလုံးများ အများကြီး စားသုံးမိသဖြင့် စိတ်ဖောက်ပြန်သွားရတာပါဟု အမတ်များကို ဖုံးကွယ်မပေးချင်တော့လျှင်...

ထိုသို့ဆိုလျှင် ယနေ့ ချန်ဝမ်၏ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် လုပ်ရပ်တစ်ခုတည်းနှင့်တင် အားလီ၏ ဇာတိမျိုးရိုးကို နောင်တစ်ချိန်တွင် သေချာပေါက် သံသယဝင်ခံရပေလိမ့်မည်။

မယ်တော်ကြီးက ယခင်စကားအတိုင်း ဆက်လက် ရပ်တည်ပြီး ချန်ဝမ်သည် ထာဝရအသက်ကို ရှာဖွေရင်း ရူးသွပ်သွားခြင်းသာဟု အခိုင်အမာ ပြောဆိုပြီး ကျန်းမိဖုရားတို့ သားအမိ၏ 'သေဆုံးမှု'ကို သက်သေအဖြစ် ပြနိုင်မှသာ အားလီ၏ ဇာတိမျိုးရိုးနှင့် ပတ်သက်သည့် လျှို့ဝှက်အန္တရာယ်များကို အပြီးတိုင် ဖယ်ရှားပစ်နိုင်ပေမည်။

အဆိုးရွားဆုံး အခြေအနေအတွက် မပြင်ဆင်ရသေးခင်တွင် ထုန်ချွဲသည် မယ်တော်ကြီး၏ အတွေးများကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုလိုသေးသည်။ ဖြစ်နိုင်လျှင်တော့ မယ်တော်ကြီးက သူတို့နှင့် တစ်လှေတည်း ဆက်စီးရန် နားချနိုင်ဖို့ မျှော်လင့်နေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိ ချန်နိုင်ငံ၏ ပြည်တွင်းပြည်ပ ပြဿနာများကို ဝိန်းယွီနှင့် တာ့လျန်ဘက်ကိုသာ အားကိုးနေရသဖြင့် အဓိကရုဏ်းဖြစ်ပေါ်မည့်အရေးမှ တားဆီးနိုင်နေခြင်းသာ။

မယ်တော်ကြီးသာ အခြေအနေတစ်ခုလုံးကို ထည့်သွင်းစဉ်းစားနိုင်သေးလျှင် မည်သို့ ရွေးချယ်ရမည်ကို သိရှိပေလိမ့်မည်။

အားလီသည် ချန်နိုင်ငံနှင့် တာ့လျန်ကို ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော ကြိုးကွင်းဆက် ဖြစ်သည်။ အားလီကို ဘေးကင်းစွာ စောင့်ရှောက်နိုင်မှသာ ချန်နိုင်ငံ၏ အမတ်များနှင့် ပြည်သူများက တာ့လျန်နယ်မြေသို့ အတူတကွ ပြန်လည် လိုက်ပါနိုင်လိမ့်မည်။

ဤအချိန်တွင် အခြေအနေကို သေချာ မတွေးတောဘဲ ချန်နိုင်ငံ၏ တော်ဝင်မိသားစုဝင်များထဲမှ အိမ်ရှေ့မင်းသားကို ပြန်လည် ရွေးချယ်ရန် ကြိုးစားနေမည် ဆိုလျှင်တော့ ၎င်းသည် ကိုယ့်တွင်းကိုယ်တူးခြင်းနှင့် အတူတူပင်။

ထို့အပြင် မယ်တော်ကြီးသည် ယခင်ကတည်းက 'ကျန်းမိသားစု သွေးသား'ကို ထီးနန်းဆက်ခံစေချင်ခဲ့သည်။ ကျန်းမိဖုရား သားအမိကလည်း နာမည်ခံအားဖြင့် 'သေဆုံး' သွားခဲ့ပြီ ဖြစ်ပြီး ကျန်းမိဖုရား၏ ကလေးကိုလည်း မယ်တော်ကြီး ကိုယ်တိုင်က လူလွှတ်ကာ လက်သန်းကို ဖြတ်တောက်ပစ်ခဲ့ရာ ပြန်ရှာတွေ့လျှင်တောင်မှ အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

မျှော်လင့်ချက် အားလုံးက အားလီ၏ အပေါ်တွင်သာ ရှိနေသေးသည်။

____

ကျန်းဟွာနန်းဆောင်၏ ဘေးဘက်ဆောင်။

မယ်တော်ကြီးသည် ခေါင်းအလွန်ကိုက်နေပုံရပြီး မျက်လုံးများကို မှိတ်ကာ ညောင်စောင်းပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ နဖူးပေါ်တွင် အဖြူရောင် ချည်ပဝါတစ်ထည်ကို တင်ထားလေသည်။ ပုံမှန်အားဖြင့် ဩဇာတိက္ကမ ပြည့်ဝနေတတ်သော မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်သော ပင်ပန်းနွမ်းနယ်မှုနှင့် ဖြူရော်နေသည့် အသားအရေများက ပေါ်လွင်နေ၏။

အစေခံက အောက်ဘက်တွင် ရပ်ကာ ထုန်ချွဲ လာရောက်တွေ့ဆုံကြောင်း သတင်းပို့ပြီးနောက် မယ်တော်ကြီးက မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး အသံမထွက်ခဲ့ချေ။

ဘေးတွင် ခစားနေသော အထိန်းတော်ကြီးသည် အစေခံမလေး ကိုင်ထားသော ရေဇလုံထဲမှ ချည်ပဝါအသစ် တစ်ထည်ကို ရေညှစ်ယူလိုက်ပြီး ထိုအစေခံကို တစ်ချက်စောင်းကြည့်ကာ ပြောလိုက်သည်။ "ထွက်သွားတော့"

သတင်းပို့ရမည့် အရာများကို ပို့ပြီးပြီ ဖြစ်ရာ အစေခံသည် ထိုစကားကို ကြားပြီးနောက် ဆက်မနေရဲတော့ဘဲ အရိုအသေပေးကာ ထွက်သွားလေသည်။

အထိန်းတော်ကြီးက ရေညှစ်ထားသော ချည်ပဝါအသစ်ကို မယ်တော်ကြီး၏ နဖူးပေါ်သို့ လဲလှယ်ပေးလိုက်ချိန်တွင်မှ မယ်တော်ကြီးက မျက်လုံးများကို မှိတ်ထားရင်း ပြောလိုက်၏။ "မင်းကြီးက ငါ့ကို မုန်းနေတာ"

အထိန်းတော်ကြီးက မယ်တော်ကြီး၏ ဤကဲ့သို့ ပုံစံကို ကြည့်ပြီး ရင်ထဲတွင် မကောင်းဖြစ်သွားကာ နှစ်သိမ့်ပေးလိုက်၏။ "မင်းကြီးက အဲဒီနှစ်က ဒဏ်ရာရပြီးကတည်းက စိတ်သဘောထားက အမြဲတမ်း အစွန်းရောက်နေတာပါ။ မယ်မယ် ဒီလိုလုပ်ခဲ့တာတွေ အားလုံးက မင်းကြီးအတွက်ချည်းပါပဲ။ ဒီလောက် နှစ်တွေ အကြာကြီးမှာ မယ်မယ့်ရဲ့ စေတနာတွေကို မင်းကြီးက ဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေမှာလဲ..."

မယ်တော်ကြီးက ဝမ်းနည်းမှုနှင့် ဒေါသတို့ကြားတွင် နာကျင်စွာ ပြုံးလိုက်သလား၊ သို့တည်းမဟုတ် အေးစက်စွာ ပြုံးလိုက်သလား မသိနိုင်ဘဲ ပြောလိုက်၏။ "သူက ငါ့ကို နာကျင်စေချင်နေတာလား"

"ငါကတော့ လုံးဝ မနာကျင်နိုင်ဘူး"

သူမက နဖူးပေါ်က ပဝါကို ဖယ်ရှားလိုက်ပြီး ထထိုင်မည် ပြင်လိုက်၏။ အထိန်းတော်ကြီးက အလျင်အမြန် ရှေ့တိုးလာပြီး တွဲကူပေးလိုက်သည်။

မယ်တော်ကြီးက အသက်ရှူရခက်ခဲစွာဖြင့် ပြောလိုက်၏။ "အဲဒီနှစ်က ရှူးဖေးက အရမ်း အရေးပေးခံရတော့၊ အဲဒီ မသိတတ်တဲ့သားကို ကိုယ်ဝန်ရလာဖို့အတွက် ငါက သမားတော်တွေကို သွားရှာပြီး ဆေးတွေတောင်း၊ နာမည်ကြီး သမားတော် ဘယ်လောက်များများကို လျှို့ဝှက်စွာနဲ့ ပြသခဲ့ရလဲ၊ ဒုက္ခတွေ ဘယ်လောက်တောင် ခံခဲ့ရလဲ။ အဲဒီ ကလေးကို မွေးဖွားတဲ့ အချိန်တုန်းက ငါ့အစ်ကိုက အပြစ်ပေးခံရမှာကိုတောင် ဂရုမစိုက်ဘဲ နန်းတော်ထဲ ဝင်လာပြီး နန်းဆောင်တံခါးဝမှာ ကိုယ်တိုင် စောင့်မပေးခဲ့ရင် ငါက ရှူးဖေးဆိုတဲ့ မိန်းမယုတ်ရဲ့ လက်ချက်နဲ့ အသက်တောင် ပျောက်သွားနိုင်သေးတယ်"

"သူက အရည်အချင်း သာမန်ပဲမို့လို့ ခမည်းတော်ဆီကနေ ကောင်းတဲ့စကား တစ်ခွန်းမှ မကြားခဲ့ရဖူးဘူး။ ငါနဲ့ ငါ့အစ်ကိုက မျက်နှာပူစရာတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ရာထူးကနေ အနားယူသွားပြီဖြစ်တဲ့ အရင်က တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကို အာဏာနဲ့ ဖိအားပေးပြီး သူ့ကို တပည့်အဖြစ် လက်ခံခိုင်းခဲ့ရတာ။ အဲဒီလိုနဲ့ သူ့အတွက် နန်းတွင်းမှာ လမ်းကြောင်းတွေ ဖောက်ပေးပြီး ဩဇာအာဏာ တည်ဆောက်ပေးခဲ့ရတာလေ"

"ငါနဲ့ ကျန်းမိသားစုက တစ်ဆွေလုံး တစ်မျိုးလုံးရဲ့ အသက်တွေကို သူ့အပေါ်မှာ ပုံအောထားခဲ့တာ။ ဒါပေမယ့် သူက ငါ သူ့ကို အရမ်း တင်းကျပ်လွန်းတယ်ဆိုပြီး အပြစ်တင်နေသေးတယ်။ ဒီလောက် နှစ်တွေ အကြာကြီး စာပေမှာရော၊ သိုင်းပညာမှာပါ ဘာမှ ဖြစ်မလာခဲ့ဘူး။ ငါနဲ့ ကျန်းမိသားစုကသာ သူ့အတွက် ဝင်မလုပေးခဲ့ရင် သူက အိမ်ရှေ့မင်းသား နေရာလုပွဲမှာ ဘယ်နှစ်ခါလောက် သေသွားပြီလဲဆိုတာတောင် သိမှာ မဟုတ်ဘူး"

"ဒီလောက်လုပ်ပေးခဲ့တာတောင် သူက ငါ့ကို မုန်းနေသေးတယ်၊ ကျန်းမိသားစုကိုလည်း မုန်းနေသေးတယ်"

မယ်တော်ကြီးသည် တော်တော်လေးကို ရယ်စရာကောင်းသည်ဟု ထင်မြင်မိပြီး နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်မိသော်လည်း အရေးအကြောင်းများ ရှိနေသော မျက်လုံးထောင့်များမှနေ၍ မျက်ရည်များ ကျဆင်းလာခဲ့သည်။ "သူက အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်သွားတော့၊ ငါနဲ့ ငါ့အစ်ကိုက ယွီအာရဲ့ သွေးသားကို သုံးပြီး မင်းကြီးရဲ့ ရင်သွေးအဖြစ် ဟန်ဆောင်ဖို့ အကြံအစည်ထုတ်ခဲ့တာကလည်း သူ့အတွက်ပဲ မဟုတ်ဘူးလား။ အဲဒီလိုမှ မဟုတ်ရင် သူက ဒီထီးနန်းပေါ်မှာ ဘယ်လိုလုပ်ပြီး တည်တည်ငြိမ်ငြိမ် ထိုင်နိုင်မှာလဲ"

အထိန်းတော်ကြီးက ဝမ်းနည်းစွာဖြင့် ခေါ်လိုက်၏။ "မယ်မယ်..."

မယ်တော်ကြီးက အထိန်းတော်ကြီး၏ နှစ်သိမ့်စကားများကို မကြားသည့်အလား သူမဘာသာ ပြောလိုက်သည်။ "ဒါပေမယ့် နောက်ဆုံးကျတော့ ငါနဲ့ ကျန်းမိသားစုက သူ့မျက်လုံးထဲမှာ သူ့ချန်မိသားစုရဲ့ ထီးနန်းကို လုယူချင်နေတဲ့ လူဆိုးတွေ ဖြစ်နေတာပဲ"

မယ်တော်ကြီးက လက်ချောင်းများဖြင့် မျက်လုံးထောင့်ရှိ ကျန်ရစ်နေသော မျက်ရည်များကို သုတ်ဖယ်လိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ ဝမ်းနည်းမှု၊ နာကျင်မှုနှင့် စိတ်ပျက်မှု အားလုံးသည် ထိုလှောင်ပြောင်သော အပြုံး ပျောက်ကွယ်သွားချိန်တွင် နှစ်ကာလများစွာ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ဩဇာတိက္ကမအောက်တွင် ဖုံးကွယ်သွားပြီး အမူအရာက ပြန်လည် တင်းမာလာခဲ့သည်။

သူမက ပြောလိုက်၏။ "နင် ကိုယ်တိုင် သွားပြီး ကျောက်ဟွာနန်းဆောင်က အဲဒီအစေခံမလေးကို စကားသွားပါးလိုက်ပါ... သူ့ ကျောက်ဟွာနန်းဆောင်က သခင်မလေးဟာ ငါ့ရဲ့ မြေးမလေးပဲလို့"

အထိန်းတော်ကြီးက မယ်တော်ကြီး၏ ဤစကားသည် အမတ်များရှေ့တွင် အားလီ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ကာကွယ်ပေးမည်ဟူသော အဓိပ္ပါယ်ဖြစ်ကြောင်း သိရှိသွားပြီးနောက် အရိုအသေပေးကာ နန်းဆောင်တံခါးမှ ထွက်သွားလေသည်။

ထုန်ချွဲက နန်းဆောင်အပြင်ဘက်တွင် နာရီဝက်ခန့် စောင့်ဆိုင်းနေခဲ့ရပြီး အနည်းငယ် စိတ်ရှုပ်ထွေးလာချိန်တွင် ဘေးဘက်ဆောင်၏ တံခါးက နောက်ဆုံးတွင် ပွင့်လာခဲ့သည်။

မယ်တော်ကြီး၏ ဘေးတွင် ခစားနေသော အထိန်းတော်ကြီး ကိုယ်တိုင် ထွက်လာသည်ကို မြင်လိုက်ရသောအခါ ထုန်ချွဲက မသိမသာပင် မျက်နှာထားကို တည်တင်းလိုက်၏။

သူမဖက်က စကားမစရသေးခင်မှာပင် အထိန်းတော်ကြီးက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "မယ်တော်ကြီးက သခင်မလေး ဘာကိစ္စအတွက် လာတာလဲဆိုတာကို သိပါတယ်။ သခင်မလေး စိတ်အေးချမ်းသာစွာနဲ့ ပြန်သွားပါတော့။ မင်းကြီးက ဆေးအဆိပ်တက်ပြီး စိတ်ဖောက်ပြန်သွားလို့သာ ဒီနေ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့တာပါ"

အထိန်းတော်ကြီး၏ ဤစကားကို ကြားပြီးနောက် ထုန်ချွဲ၏ စိတ်နှလုံးသည် ချက်ချင်းပင် ငြိမ်းချမ်းသွားခဲ့ပြီး သူမက ခေါင်းညိတ်ကာ လက်နှစ်ဖက်ကို ယှက်လျက် ပြောလိုက်သည်။ "ကျွန်မက ကျွန်မတို့ရဲ့ မင်းသမီး ကိုယ်စား မယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်"

အထိန်းတော်ကြီးက ဘာမှ ထပ်မပြောတော့ဘဲ နန်းဆောင်တွင်းသို့ လှည့်ထွက်သွားလေသည်။

ထိုညတွင် သမားတော်ဌာနမှ သမားတော်များက သူတို့၏ အသက်ကို စတေးပြီး ချန်ဝမ်ကို ကယ်တင်၍ မရနိုင်တော့ကြောင်း ပြောဆိုပြီးနောက် မယ်တော်ကြီးသည် ဖျားနာနေသော ခန္ဓာကိုယ်ကို ဆွဲယူကာ ချန်ဝမ်၏ နောက်ဆုံးအချိန်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်ပေးခဲ့သည်။

ချန်ဝမ်က နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားပြီးနောက် မိန်းမစိုးက နန်းဆောင်အပြင်ဘက်သို့ ထွက်လာကာ ချန်ဝမ် နတ်ရွာစံကြောင်း ကြေညာလိုက်ချိန်တွင် နန်းဆောင်အပြင်ဘက်ရှိ အမတ်များ၏ ငိုကြွေးသံများက ပြည့်နှက်သွားတော့သည်။

မယ်တော်ကြီးက ယုံကြည်ရသော အမတ်အနည်းငယ်ကို နန်းဆောင်တွင်းသို့ ခေါ်ယူလိုက်သည်။ ပုတီးစေ့ခန်းဆီးများနှင့် ကုတင်ခန်းဆီးများအတွင်း မျက်နှာကို အဖြူရောင်ပဝါဖြင့် အုပ်ထားသော ချန်ဝမ်ကို ကြည့်ရင်း သူမ၏ အမူအရာက ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းကိုပင် ခွဲခြား၍ မရနိုင်လောက်အောင် ထုံထိုင်းနေကာ ပြောလိုက်၏။ "မင်းကြီးက ထာဝရအသက်ကို ရှာဖွေရင်း ဆေးဖော်စပ်ဖို့ကိုပဲ အာရုံစိုက်နေခဲ့တယ်။ ဒီနှစ်နှစ်အတွင်းမှာ ဆေးလုံးတွေ အများကြီး စားသုံးခဲ့လို့ ခန္ဓာကိုယ်က ဖျားနာနေတာ ကြာပြီ။ အရင်က ကုန်းချောစကားတွေကို ယုံကြည်ပြီး သွေးသားရင်းရဲ့ သွေးကိုယူပြီး ဆေးဖော်စပ်ဖို့ လုပ်ခဲ့လို့ မင်းသားလေး သေဆုံးခဲ့ရတယ်။ အခုလည်း စိတ်ဖောက်ပြန်ပြီး အမတ်တွေကို ခုတ်ပိုင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာဟာ တကယ်ကို တော်ဝင်မိသားစုရဲ့ အရှက်ရစရာ ကိစ္စပါပဲ"

"ရှေ့တန်းမှာ တိုက်ပွဲတွေက ပြင်းထန်နေတယ်။ သတင်းတွေ ထွက်သွားရင် စစ်တပ်ရဲ့ စိတ်ဓာတ်တွေ မတည်မငြိမ် ဖြစ်သွားပြီး နန်းတွင်းမှာလည်း မလိုလားအပ်တဲ့ အကြောက်တရားတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ရတဲ့အတွက် မင်းကြီး နတ်ရွာစံတဲ့ ကိစ္စကို ခဏတာ ဖုံးကွယ်ထားကြပါ"

ချီစီးမြောင် ဦးဆောင်သော အမတ်များက ခေါင်းညိတ်သဘောတူလိုက်ကြသည်။

ထုန်ချွဲသည် ဘေးတွင် ရပ်ကာ သည်စကားကို နားထောင်နေခဲ့ပြီး သူမ၏ ရင်ဘတ်တွင် ဆွဲချိတ်ထားသော ကျောက်တုံးကြီးက နောက်ဆုံးတွင်တော့ လုံးဝ ပြုတ်ကျသွားတော့သည်။

မိုးလင်းခါနီးအချိန်တွင် ကျောက်ဟွာနန်းဆောင်သို့ ပြန်ရောက်လာပြီး ချက်ချင်းပင် စုတ်တံကို ယူကာ စာနှစ်စောင် ရေးသားလိုက်သည်။ ချန်နိုင်ငံ နန်းတွင်းရှိ အပြောင်းအလဲများ အားလုံးကို အဝေးရှိ ကောလဲ့မြို့မှ ဝိန်းယွီနှင့် တာ့လျန်နယ်မြေရှိ အမတ်များထံသို့ အကြောင်းကြားလိုက်သည်။

တာ့လျန်။

ဝိန်းယွီ နန်းတော်မှ မထွက်ခွာမီ ချင်းယွင်ကိုယ်ရံတော်များကို တာ့လျန်နယ်မြေသို့ ပို့ဆောင်ရန် အမိန့်ပေးခဲ့သော စာများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တာ့လျန်စစ်စခန်း တစ်ခုလုံးသည် ဆူညံပွက်လောရိုက်သွားတော့သည်။

လီရွှင်က စိုးရိမ်တကြီး ပြောလိုက်၏။ "မင်းသမီးနဲ့ နယ်စားတို့ရဲ့ ဒီလုပ်ရပ်က တကယ်ကို စွန့်စားလွန်းတယ်။ အဲဒီ ရှီးလင်လူရိုင်းတွေက မင်းသမီး ကောလဲ့မြို့မှာ ရှိနေတာကို သိရင် ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လျှော့မှာလဲ! စစ်သူကြီးကုရဲ့ လက်ထဲက စစ်သည် သောင်းဂဏန်းလောက်လေးနဲ့တင် မြို့ပြိုကျသွားရင် မင်းသမီးကို ဘေးကင်းအောင် ဘယ်လို ကာကွယ်နိုင်မှာလဲ"

ဘေးရှိ အမတ်များကလည်း စိတ်ပူလွန်းသဖြင့် ပါးစပ်များပင် အပူဖုများ ထွက်လာမတတ် ဖြစ်နေကြသည်။ "ကျားချောက်တောင်ကြားဂိတ်ကလည်း ကောင်းဖို့ထက် ဆိုးဖို့က ပိုများနေပြီ။ တကယ်လို့ ယန်ရှော့က ဖေစုန့်ကို ခံတပ်အပြင်ကို လွှတ်ပေးခဲ့တာ ဆိုရင် ဒီပြည်တွင်းသူလျှိုက အဲဒီ ပုန်ကန်သူဆီကို အစောကြီးကတည်းက ခိုလှုံသွားတာ ဖြစ်ရမယ်! နယ်စားရဲ့ ဒီခရီးက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလိုပဲ။ ကျားချောက်တောင်ရဲ့ သဘာဝအတားအဆီးတွေ မရှိတော့ရင် ရှီးလင်လူရိုင်းတွေက ဝင်လာမှာပဲ။ အနောက်ဘက် နယ်စပ် တစ်ခုလုံး ကျဆုံးသွားရလိမ့်မယ်"

ချန်ဝေက ပြောလိုက်သည်။ "အရင်တုန်းက ဖေစုန့်ကို ဝိုင်းဝန်း နှိမ်နင်းဖို့အတွက် လောင်ဖန့်က စစ်တပ်ကို ဦးဆောင်ပြီး အနောက်ဘက် နယ်စပ်ကို သွားခဲ့ပေမယ့် အအေးဒဏ်ကြောင့် အဟန့်အတား ဖြစ်ခဲ့ရတယ်။ နယ်စားက ခံတပ်ကနေ ထွက်သွားပြီးနောက်ပိုင်း လောင်ဖန့်က ကျားချောက်တောင်ကြားဂိတ်တပ်မှာ တစ်ခုခု ထူးခြားနေမှာကို စိုးရိမ်လို့ စစ်သည်တွေကို ဦးဆောင်ပြီး ကျားချောက်တောင်ကြားဂိတ်တပ်ဆီကို အရင် ဆက်သွားနေပြီ"

သူက အလျင်အမြန် စဉ်းစားလိုက်၏။ "ရှီးလင်လူရိုင်းတွေသာ ဝင်လာမယ်ဆိုရင် လောင်ဖန့် လက်ထဲက စစ်တပ်က ခဏတဖြုတ်တော့ ခုခံထားနိုင်လိမ့်မယ်။ ရှောင်းစစ်စခန်းဘက်က သတင်းရတာနဲ့ သူတို့ရဲ့ နယ်စားကို ကယ်တင်ဖို့အတွက် အနောက်ဘက် နယ်စပ်ကို စစ်ကူလွှတ်ပေးမှာ သေချာတယ်"

ဤနေရာသို့ ရောက်သောအခါ သူက မင်းဆရာကြီးယွီကို အလျင်အမြန် လှမ်းပြောလိုက်လေသည်။ "မင်းဆရာကြီး... ကျွန်တော် ကိုယ်တိုင် စစ်သည် ၃သောင်းကို ဦးဆောင်ပြီး မင်းသမီးကို သွားကယ်မယ်။ ရှောင်းစစ်စခန်းနဲ့ မဟာမိတ်ဖွဲ့ပြီး အနောက်ဘက် နယ်စပ်ကို စစ်ကူလွှတ်မယ့် ကိစ္စတွေကိုတော့ လူကြီးမင်းကိုပဲ အပ်ခဲ့ပါတော့မယ်"

မင်းဆရာကြီးယွီသည် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး ပိန်ချုံးနေသော ခန္ဓာကိုယ်က အနည်းငယ် ကိုင်းညွှတ်နေသော်လည်း ဤအချိန်တွင် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ကြီး ပြိုကျလာလျှင်တောင် သူ၏ ဤအရိုးဆွေးကြီးက ထောက်ခံထားဦးမည်ဟု ဆိုသည့်အလား ချန်ဝေကို ပြောလိုက်၏။ "သွားပါတော့... ခံတပ်အတွင်းက ကိစ္စတွေ အားလုံးကို ကျုပ် စောင့်ရှောက်ထားပါ့မယ်"

ချန်ဝေသည် အလျင်စလို လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် အပြင်သို့ အလျင်အမြန် ထွက်သွားလေသည်။

ကျိုးစွေက လက်နှစ်ဖက် ယှက်ကာ အလျင်စလို ပြောလိုက်၏။ "ကျွန်တော်လည်း ချန်လူကြီးမင်းနဲ့ အတူတူ လိုက်သွားပါ့မယ်"

မင်းဆရာကြီးယွီက ခေါင်းညိတ်ကာ အတူတကွ ခွင့်ပြုလိုက်သည်။

ကျိုးစွေသည်လည်း လှည့်ထွက်လာပြီး အပြင်သို့ အလျင်အမြန် ထွက်သွားလေသည်။

လီရွှင်သည် ကျယ်ဝန်းစွာ ပွင့်နေသော တံခါးနှင့် ပြတင်းပေါက် အပြင်ဘက်ရှိ မုန်တိုင်းကျရောက်တော့မည့် မှိုင်းညို့နေသော ကောင်းကင်ယံကို ကြည့်ရင်း ရင်ထဲမှ ဝမ်းနည်းမှုများကို မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးများ နီရဲလာကာ ညည်းတွားလိုက်လေသည်။ "ကျွန်တော်တို့ရဲ့ တာ့လျန်က... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကပ်ဆိုးတွေ ဆက်တိုက် ကြုံတွေ့နေရတာလဲ"

မင်းဆရာကြီးယွီသည် စားပွဲကို ထောက်ကာ တုန်ယင်စွာ မတ်တတ်ရပ်လိုက်သည်။ ခန္ဓာကိုယ်က ကိုင်းညွှတ်နေသော်လည်း တောင်တန်းကြီး တစ်ခုလို ကြီးမားခိုင်ခံ့နေဆဲပင်။ လီရွှင်နှင့်အတူ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း ပြောလိုက်၏။ "မင်းသမီးနဲ့ နယ်စားမင်းက သူတို့ကိုယ်သူတို့ အသုံးချပြီး တာ့လျန်အတွက် ဒီအသက်ရှူချောင်မယ့် အချိန်လေးကို လဲလှယ်ပေးခဲ့တာပဲ။ အခုချိန်က ဝမ်းနည်းပူဆွေးနေရမယ့် အချိန် မဟုတ်ဘူး။ ကျုပ်တို့ အမတ်တွေက တာ့လျန်ကို နောက်ဆုံးအချိန်အထိ အစွမ်းကုန် ကာကွယ်စောင့်ရှောက်မှသာ မင်းသမီးရဲ့ မျှော်လင့်ချက်တွေကို သစ္စာဖောက်ရာ မကျမှာ"

လီရွှင်က ဝမ်းနည်းပူဆွေးမှုများကို အတင်းအကျပ် ထိန်းချုပ်ကာ အသံပြုလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ အစေခံတစ်ဦးက အလျင်အမြန် လာရောက် သတင်းပို့လေသည်။ "မင်းဆရာကြီး... ရှောင်းစစ်စခန်းရဲ့ စစ်ဗျူဟာမှူး ကျန်းဟွိုင် လူကြီးမင်း လာရောက် တွေ့ဆုံချင်နေပါတယ်"

မင်းဆရာကြီးယွီသည် အိုမင်းမှုကြောင့် အနည်းငယ် နောက်ကျိနေသော မျက်လုံးများကို မော့ကြည့်လိုက်ပြီး ချက်ချင်း ပြောလိုက်၏။ "မြန်မြန် ဝင်ခိုင်းလိုက်ပါ"

မကြာမီတွင် စာပေပညာရှင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကျန်းဟွိုင်သည် ခြေလှမ်းများ ခပ်သွက်သွက်ဖြင့် ဝင်ရောက်လာပြီး အထက်တွင် ထိုင်နေသော မင်းဆရာကြီးယွီကို လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။ "ကျွန်တော်မျိုး ကျန်းဟွိုင်... မင်းဆရာကြီးကို ဂါရဝပြုပါတယ်"

မင်းဆရာကြီးယွီက ဘေးဘက်တွင် နေရာချထားပေးရန် အချက်ပြလိုက်ပြီး ပြောလိုက်၏။ "မိတ်ဆွေလေး... လာတာ အတော်ပဲ။ ကျုပ်လည်း ရှောင်းစစ်စခန်းကို စာပို့ပြီး မိတ်ဆွေလေးနဲ့ အတူတူ မဟာမိတ်ဖွဲ့ပြီး အနောက်ဘက် နယ်စပ်ကို စစ်တပ်လွှတ်မယ့် ကိစ္စကို ဆွေးနွေးဖို့ လုပ်နေတာ"

ကျန်းဟွိုင်က နေရာယူပြီးနောက် ပြောလိုက်သည်။ "မင်းဆရာကြီးကို မဖုံးကွယ်ပါဘူး... ကျွန်တော်ကလည်း ဒီကိစ္စအတွက် လာခဲ့တာပါ"

အခြေအနေက အရေးပေါ်ဖြစ်နေသဖြင့် မင်းဆရာကြီးယွီသည်လည်း စကားကို လှည့်ပတ် မပြောချင်တော့ဘဲ မေးလိုက်၏။ "မိတ်ဆွေလေးက ထူးခြားတဲ့ စစ်ဗျူဟာတွေမှာ ကျွမ်းကျင်တယ်လို့ စောစောကတည်းက ကြားဖူးတယ်။ အကြံဉာဏ်ကောင်းများ ရှိနေပြီလား"

ကျန်းဟွိုင်၏ သပ်ရပ်ချောမောသော မျက်နှာပေါ်တွင် အနည်းငယ် လေးနက်မှုများ ပေါ်လာပြီး ပြောလိုက်သည်။ "ဒါက နောက်ဆုံး တစ်ခုတည်းသော ဗျူဟာပါ"

တာ့လျန်နိုင်ငံ တစ်ခုလုံး၏ မြေပုံကို ရှည်လျားသော စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်ပြီး သူက အနောက်ဘက် နယ်စပ် ဒေသကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "ကျွန်တော်က အနောက်ဘက် နယ်စပ် တစ်လျှောက်မှာ မဟာတံတိုင်းကြီးကို တည်ဆောက်ပြီး ရှီးလင်မြင်းစီးတပ်တွေ အရှေ့ဘက်ကို ဆက်မလာနိုင်အောင် တားဆီးချင်ပါတယ်"

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

အချိန်မည်မျှ ကြာသွားသည် မသိ၊ လီရွှင်က အလွန်အံ့အားသင့်သွားပြီး ခုန်ထကာ ပြောလိုက်သည်။ "အဓိပ္ပါယ် မရှိတာ! ဒါက ငါတို့ တာ့လျန်ကို အနောက်ဘက် နယ်စပ် တစ်ခုလုံးကို စွန့်လွှတ်ခိုင်းတာပဲ"

ကျန်းဟွိုင်က ပြောလိုက်၏။ "ဒါက ကျားချောက်တောင်ကြားဂိတ် ကျဆုံးသွားပြီးနောက် ပြည်မကြီးကို ဆက်လက် ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ"

လီရွှင်က မင်းဆရာကြီးယွီကို ပထမဆုံး လှမ်းပြောလိုက်သည်။ "မင်းဆရာကြီး... ကျွန်တော်က ဒီနည်းလမ်းကို သဘောမတူဘူး! မင်းသမီးနဲ့ နယ်စားမင်းက အနောက်ဘက် နယ်စပ်က ပြည်သူတွေကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ တွန်းပို့ဖို့တောင် ဝန်မလေးခဲ့ဘူး။ အခု ကျွန်တော်တို့ကို မဟာတံတိုင်းကြီး တည်ဆောက်ပြီး အနောက်ဘက် နယ်စပ်ကို စွန့်ပစ်ဖို့ ပြောနေတာလား။ ကျွန်တော် လုပ်လို့မရဘူး! မင်းသမီးသာ ဒီမှာ ရှိနေမယ်ဆိုရင်လည်း ဒီနည်းလမ်းကို သေချာပေါက် သဘောတူမှာ မဟုတ်ဘူး"

ထိုနေရာတွင် ထိုင်နေသော အခြား တာ့လျန် အမတ်များ အားလုံးကလည်း ဝေဖန်ဆွေးနွေးလာကြသည်။ သို့သော် တဖြည်းဖြည်းနှင့် ထွက်ပေါ်လာသော အသံများ အားလုံးက ဤနည်းလမ်းကို သဘောမတူကြကြောင်း ရှင်းလင်းနေ၏။

အချို့က ဒေါသတကြီးဖြင့် ပြောလိုက်ကြသေးသည်။ "ဒီကျန်းဆိုတဲ့ လူက သူတို့ရဲ့ နယ်စားမင်းကို ပြန်မကယ်ချင်လို့များ ဒီလို ရက်စက်တဲ့ အကြံကို ထုတ်ပေးတာများလား"

မင်းဆရာကြီးယွီသည် အောက်ဘက်မှ ဝေဖန်ဆွေးနွေးသံများကို နားထောင်နေပြီး စကားမပြောခဲ့ချေ။ မြေပုံပေါ်တွင် ကျန်းဟွိုင်က မီးသွေးခဲဖြင့် ရေးဆွဲထားသော မဟာတံတိုင်းကြီး၏ လမ်းကြောင်းကို အခိုက်အတန့်မျှ ကြည့်ပြီးနောက် မေးလိုက်၏။ "မိတ်ဆွေလေးက 'တစ်ခုတည်းသော' လို့ ပြောသွားတာ၊ ဘာအကြောင်းပြချက်များ ရှိလို့လဲ"

ကျန်းဟွိုင်၏ အကြည့်များက ကျားချောက်တောင်ကြားဂိတ်တပ် အပြင်ဘက်ရှိ မြေပုံပေါ်သို့ ကျရောက်သွားပြီး ပြောလိုက်၏။ "ကျူကျွင်းက ဝံပုလွေမြင်းစီးတပ်သား ထောင်ဂဏန်းလေးနဲ့ ရှီးလင်စစ်တပ် ၃သောင်းကို တားဆီးနေတာက အရမ်းကို အန္တရာယ်များလွန်းတယ်။ ကျားချောက်တောင်ကြားဂိတ်တပ်ကို ကာကွယ်ရတဲ့ စစ်သူကြီး ယန်ရှော့ကသာ ဖေစုန့်ဆီကို ခိုလှုံသွားခဲ့ပြီ ဆိုရင်..."

သူက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။ "သောင်းချီတဲ့ စစ်တပ်ကြီးနဲ့ သဘာဝအတားအဆီးတွေရဲ့ အကူအညီကြောင့် ကျူကျွင်းက ကျားချောက်တောင်ကြားဂိတ်တပ်ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး"

"တကယ်လို့ ရှီးလင်စစ်တပ်ကြီးကသာ ခံတပ်ကို နေရာယူပြီး အရှေ့ဘက်ကို ဆက်ချီတက်လာမယ်ဆိုရင် အနောက်ဘက် နယ်စပ် တစ်ခုလုံးမှာ သူတို့ကို တားဆီးနိုင်မယ့် သဘာဝအတားအဆီးတွေ၊ ခိုင်ခံ့တဲ့ ခံတပ်မြို့ရိုးတွေ ဆိုတာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။ စစ်ကူတွေက အနောက်ဘက် နယ်စပ်ထဲကို ဝင်လာမယ်ဆိုရင် ရေခဲပြင်ပေါ်က အအေးဒဏ်ကို အသားကျဖို့ အချိန်ယူရဦးမယ်။ ရှီးလင်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ရင် နိုင်ဖို့ အခွင့်အရေးက နည်းနည်းလေးမှ မရှိဘဲ အသက်ကို အလကားပေးရသလိုပဲ ဖြစ်နေလိမ့်မယ်"

ကျန်းဟွိုင်က မျက်လုံးများကို ဖွင့်လိုက်ပြီး နောက်ဆုတ်ပေးမည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ လူတိုင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။ "ဒါကြောင့်မို့လို့ ကျွန်တော့် အမြင်အရ ဒီပြဿနာကို ဖြေရှင်းပြီး ပြည်မကြီးကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့... အနောက်ဘက် နယ်စပ်ကို နယ်နိမိတ်အဖြစ် သတ်မှတ်ပြီး မဟာတံတိုင်းကြီး တည်ဆောက်ဖို့ပဲ။ ပြီးတော့ စစ်သည်တွေကို မဟာတံတိုင်းကြီး အထဲမှာပဲ အဆင်သင့် စောင့်နေစေပြီး ဝင်လာတဲ့ ရန်သူတွေကို သတ်ဖြတ်ဖို့ပါပဲ"

လီရွှင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "မင်းတို့ရဲ့ နယ်စားမင်းက တာ့လျန် ပြည်သူတွေအတွက် ရှီးလင်စစ်တပ်ကို သွားတားဆီးပေးနေတာကို၊ မင်းက မင်းတို့ နယ်စားရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဂရုမစိုက်တော့ဘူးလား"

ကျန်းဟွိုင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ကျူကျွင်းကို ပြန်ကယ်နိုင်မယ်ဆိုရင် မြောက်ပိုင်းရဲ့ အင်အားတစ်ခုလုံးကို အသုံးပြုရမယ် ဆိုရင်တောင်မှ ကျွန်တော်က နောက်ဆုတ်မှာ မဟုတ်ဘူး"

"ဒါပေမယ့် ရလဒ်မရှိဘူးဆိုတာ သိနေလျက်နဲ့ ခဏတာ စိတ်လိုက်မာပါ လုပ်ရပ်ကြောင့် စစ်သည်တွေ အားလုံးကို အနောက်ဘက် နယ်စပ်ထဲ ဝင်ခိုင်းပြီး အလကား သေခိုင်းလိုက်မယ် ဆိုရင်... အဲဒါက ကျူကျွင်းရဲ့ ယုံကြည်အပ်နှံမှုကို ကျွန်တော်က သစ္စာဖောက်ရာ ကျသွားလိမ့်မယ်"

လီရွှင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "မင်းသမီးက ကောလဲ့မြို့မှာ ကိုယ့်ကိုယ်ကိုယ် အသုံးချပြီး ရှီးလင်က ကျားချောက်တောင်ကြားဂိတ်တပ်ဆီ ပို့မယ့် နောက်ထပ် စစ်တပ်တွေကို ဆွဲထားပေးနေတယ်။ ငါတို့ တာ့လျန်စစ်စခန်းက အရင်တုန်းက အနောက်ဘက် နယ်စပ်ထဲ ဝင်သွားတဲ့ စစ်သည်တွေကလည်း အခု ကျားချောက်တောင်ကြားဂိတ်တပ်ဆီကို အစွမ်းကုန် အလျင်စလို သွားနေကြပြီ။ ရှီးလင်ရဲ့ နောက်ထပ် စစ်တပ်တစ်ဖွဲ့ ကျားချောက်တောင်ကြားဂိတ်တပ်ဆီ မရောက်လာခင်မှာ ကျားချောက်တောင်ကြားဂိတ်တပ်ကို ပြန်လုယူနိုင်မယ်ဆိုရင် ဒီကြီးမားတဲ့ အန္တရာယ်ကြီးကို ဖြေရှင်းနိုင်မှာပဲ။ ဘယ်မှာ အလကား သေသွားစရာ အကြောင်း ရှိလို့လဲ"

ကျန်းဟွိုင်က ပြန်မေးလိုက်၏။ "သေးငယ်တဲ့ ကောလဲ့မြို့လေးက ရှီးလင်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ဘယ်လောက်ကြာကြာ တားဆီးထားနိုင်မှာလဲ။ မြို့ပြိုကျသွားရင် ရှီးလင်က သေချာပေါက် စစ်တပ်တွေကို ခွဲပြီး ကျားချောက်တောင်ကြားဂိတ်တပ်ဆီ ဆက်ပို့မှာပဲ။ ကျားချောက်တောင်ကြားဂိတ်တပ်မှာ အခု ကာကွယ်ရေး စစ်သည် ၂သောင်း ရှိတယ်။ အဲဒီ အားလုံးကသာ ယန်ရှော့နဲ့အတူ ဖေစုန့်ဆီကို ခိုလှုံသွားခဲ့ပြီ ဆိုရင် ဒီကာကွယ်ရေး စစ်သည် ၂သောင်းလေးနဲ့တင် အရင်က အနောက်ဘက် နယ်စပ်ကို ဝင်သွားတဲ့ တာ့လျန်စစ်တပ်ကို အပြန်လမ်း မရှိအောင် လုပ်ပစ်နိုင်တယ်။ အခု ကျားချောက်တောင်ကြားဂိတ်ဆီ အလျင်စလို သွားနေတဲ့ ရှီးလင်စစ်တပ်ကတောင် ၃သောင်း အပြည့် ရှိနေတာကို ထပ်ပြောနေစရာတောင် မလိုတော့ဘူး"

ဤစကားက မူလက အငြင်းပွားနေခဲ့သော အမတ်များကို အောင်မြင်စွာ တိတ်ဆိတ်သွားစေခဲ့သည်။

လူတိုင်း၏ မျက်နှာများသည် ယခင်က မရှိဖူးလောက်အောင် လေးနက်သွားကြသည်။

ကောလဲ့မြို့က ရှီးလင်၏ စစ်တပ်ကို မည်မျှကြာကြာ ဆွဲထားနိုင်မည် ဆိုသည်က ဝိန်းယွီက ထိုနေရာတွင် မည်မျှကြာကြာ ကာကွယ်နိုင်မည် ဆိုသည့် အပေါ်တွင် မူတည်နေသည်။

အကယ်၍ ဝိန်းယွီက ကြိုတင် ထွက်ခွာသွားခဲ့လျှင် ရှီးလင်က သူမဆိုသည့် အရေးကြီးဆုံး ငါးစာကို ဆုံးရှုံးသွားပြီး ကျားချောက်တောင်ကြားဂိတ်သို့ စစ်တပ်များကို သေချာပေါက် ကြိုတင် ထပ်လွှတ်ပေးလိမ့်မည်။ ထိုအခါ ရှောင်းလိနှင့် ကျားချောက်တောင်ကြားဂိတ်၏ ဖိအားများက နှစ်ဆတိုးလာမည်ဖြစ်ပြီး အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

သို့သော် အကယ်၍ ဝိန်းယွီက မြို့ပြိုကျသည်အထိ ကာကွယ်နေမည် ဆိုလျှင် ရှီးလင်စစ်တပ်ကြီး အားလုံးက ဝင်ရောက်လာမည်ဖြစ်ပြီး သူမကို အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေး အနည်းငယ်မျှပင် ပေးမည် မဟုတ်ချေ။

ဝိန်းယွီက လူလွှတ်ကာ တာ့လျန်နယ်မြေသို့ ပို့ဆောင်ခိုင်းခဲ့သော စာများထဲတွင် သူမ ကွယ်လွန်ပြီးနောက် ကိစ္စများ အားလုံးကို အစောကြီးကတည်းက မှာကြားထားခဲ့ပြီး ဖြစ်သည်။

သို့သော် အမတ်အားလုံးက သေချာပေါက် ဖြစ်လာမည့် ထိုရလဒ်ကို တိတ်တဆိတ် လျစ်လျူရှုထားခဲ့ကြပြီး မိမိကိုယ်ကို လှည့်စားကာ အနောက်ဘက် နယ်စပ်ကို ကာကွယ်ရန်နှင့် ဝိန်းယွီကို ပြန်လည် ကယ်တင်ရန် အစီအစဉ်များကို ဆက်လက် လုပ်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။

လီရွှင်သည် သူ့မျက်လုံးထဲက ထိန်းချုပ်မရနိုင်တော့သည့် မျက်လုံးနီနီများကို တခြားသူများအား မမြင်တွေ့စေလိုသဖြင် အောင့်သက်သက်ဖြင့် အရင်ဆုံး တဖက်သို့ မျက်နှာလွှဲထားလိုက်တော့သည်။ အမတ် အတော်များများကလည်း အင်္ကျီလက်များကို မ,တင်ကာ တိတ်တဆိတ် မျက်ရည်များကို သုတ်နေကြသည်။

ကျန်းဟွိုင်သည် မင်းဆရာကြီးယွီကို ကြည့်ကာ ပြောလိုက်၏။ "ချန်လျန်ဝမ်ရဲ့ သွေးသားက 'မင်းသားက နိုင်ငံရဲ့ တံခါးကို ကာကွယ်ပြီး၊ ဧကရာဇ်က တိုင်းပြည်အတွက် အသက်ပေးတယ်' ဆိုတဲ့ စကားကို ထမ်းဆောင်နိုင်ခဲ့တယ်"

"ဒါပေမယ့် ကျွန်တော်တို့ ကျူကျွင်း လုပ်ခဲ့တာတွေကလည်း တစ်စက်ကလေးမှ မလျော့ပါဘူး"

ထိုစကားကို ပြောချိန်တွင် ကျန်းဟွိုင်၏ မေးရိုးများက အနည်းငယ် တင်းမာနေပြီး တစ်စုံတစ်ခုသော စိတ်ခံစားမှုများကို အစွမ်းကုန် ထိန်းချုပ်ထားပုံရသည်။

"ကျွန်တော်က စစ်ဗျူဟာမှူး တစ်ယောက်အနေနဲ့ ကျူကျွင်း ကိုယ်စား ဒီနောက်ဆုံး အကြံအစည်ကို လုပ်ဆောင်ပေးရမယ်။ တကယ်လို့ အနောက်ဘက် နယ်စပ်ကို မကာကွယ်နိုင်တော့ဘူး ဆိုရင် ကျွန်တော်က ကျူကျွင်း ကိုယ်စား ပြည်မကြီးကို ကာကွယ်ပေးမယ်။ အနောက်ဘက် နယ်စပ်ကို စွန့်ပစ်ခဲ့တယ် ဆိုတဲ့ ထာဝရ နာမည်ဆိုးကိုလည်း ကျွန်တော် တစ်ယောက်တည်း တာဝန်ယူပါ့မယ်။ မင်းဆရာကြီးဆီကနေ ကျွန်တော့်ကို စစ်တပ်ငှားပြီး မဟာတံတိုင်းကြီးကို အတူတူ တည်ဆောက်ဖို့ပဲ တောင်းဆိုချင်ပါတယ်"

...

All Chapters