အခန်း ၂၄၈
Vol. 25 Ch. 248
အပိုင်း (၂၄၈)
မြို့ရိုးအောက်ရှိ သိပ်သည်းမည်းနက်နေသော ရှီးလင်စစ်တပ် အလယ်တွင် ရုတ်တရက် ခရာမှုတ်သံများ ထွက်ပေါ်လာပြီး စစ်ရထားပေါ်ရှိ စည်တီးသံများကလည်း မိုးခြိမ်းသံများကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
မူလက ရှေ့၊ လယ်၊ နောက် သုံးစုခွဲထားသော စစ်တပ်သည် စည်တီးသံများကြားတွင် စစ်ကြောင်းပုံစံကို ဆက်လက် မထိန်းသိမ်းတော့ဘဲ မုန်တိုင်းထဲတွင် တဟုန်ထိုး စီးဆင်းနေသော အမည်းရောင် ရေစီးကြောင်းကြီး တစ်ခုလို နောက်ဆုံးတွင် အမည်းရောင် သမုဒ္ဒရာကြီး တစ်ခုလုံးအဖြစ် ပေါင်းစည်းသွားကာ ကောင်းကင်အထိ မြင့်မားသော လှိုင်းလုံးကြီးများကို ဖန်တီး၍ ကြီးမားသော အရှိန်အဟုန်ဖြင့် အရှေ့ဘက်ရှိ ကောလဲ့မြို့ရိုးကို တိုက်ခိုက်လာတော့သည်။
မြို့ရိုးပေါ်တွင် အစောလေးကမှ စိတ်ဓာတ်ခွန်အားများ ရရှိထားပြီး ယခင်တိုက်ခိုက်မှု တစ်ကြိမ်ကို ကျော်ဖြတ်နိုင်ခဲ့သော စစ်သည်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံး မျက်နှာများ ဖြူရော်သွားကြပြီး နှုတ်ခမ်းများ တုန်ယင်ကာ မည်သို့ ရင်ဆိုင်ရမည်ကိုပင် မသိတော့ချေ။
စစ်မြေပြင်တွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော စစ်သူကြီးဟောင်း မုယိုလျန်ပင်လျှင် ဤအခြေအနေကို မြင်သောအခါ မျက်နှာပေါ်တွင် တစ်ခဏမျှ စိတ်ပျက်အားငယ်သွားသော အရိပ်အယောင် ပေါ်လာခဲ့သော်လည်း အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်သွားကာ လေးနက်သောအသံဖြင့် အော်ဟစ်လိုက်၏။ "လေးသည်တော်တွေ အသင့်ပြင်! လောက်လွဲတွေ အသင့်ပြင်!"
မြို့ရိုးပေါ်တွင် ယခုလေးတင်မှ ရှင်းလင်းလို့ ပြီးသွားခဲ့ခြင်းဖြစ်သည်။ အစောပိုင်းက လှေကားများမှတစ်ဆင့် မြို့ရိုးပေါ်သို့ တက်လာခဲ့သော ရှီးလင်စစ်သည်များ အားလုံးကို နှိမ်နင်းပြီးသွားပြီ ဖြစ်သည်။ မြို့ရိုးပေါ်သို့ တက်လာသော လှေကားများကိုလည်း မီးလောင်ဆီများ လောင်းချကာ မီးရှို့ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်၏။
မုယိုလျန်၏ အော်ဟစ်သံအပြီးတွင် မြို့အောက်ရှိ မြင်ကွင်းကြောင့် ထိတ်လန့်သွားသော စစ်သည်များ အားလုံး သတိပြန်ဝင်လာကြပြီး အစီအစဉ်တကျ မရှိသော်လည်း မြို့အောက်သို့ ဆင်းကာ ပစ္စည်းများကို ဆက်လက် သယ်ဆောင်လာကြသည်။ မြို့ရိုးအကာအကွယ်နောက်တွင် ရပ်နေသော လေးသည်တော်များကလည်း ရင်ထဲမှ အကြောက်တရားကို အတင်းအကျပ် ထိန်းချုပ်ကာ ဒူးလေးများကို ပစ်ခတ်လိုက်ကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြှားများက ကျိုင်းကောင်များ၊ သံမှိုများကဲ့သို့ မြို့ရိုးအပေါ်မှနေ၍ ရှည်လျားသော မျဉ်းကွေးပုံစံဖြင့် သိပ်သည်းစွာ ကျရောက်လာတော့သည်။
အောက်ဘက်တွင် ရှေ့တိုးလာသော ရှီးလင်ခြေလျင်စစ်သည်များသည် ထိုမြှားမိုးများထဲတွင် အဆက်မပြတ် လဲကျနေသော်လည်း အနောက်ဘက်ရှိ စစ်တပ်ကြီးကတော့ အရှိန်အဟုန် အနည်းငယ်မျှ လျော့ကျခြင်း မရှိဘဲ ရှေ့သို့ ဆက်လက် ဖိအားပေးလာနေဆဲပင်။
အလောင်းများအပေါ်မှ နင်းဖြတ်သွားချိန်တွင် ထိုကြီးမားသော စစ်တပ်ကြီးက ကြိတ်ခြေသွားသော သစ်ပင်ပန်းမန်ငယ်လေးများသာ ဖြစ်နေသကဲ့သို့ပင်။
ထိုမြင်ကွင်းက တကယ်ကို ကြည့်ရုံနှင့်ပင် ကျောချမ်းဖွယ် ကောင်းလှသည်။
ဟယ်ယီက သူတို့ အားလုံးကို ဗြောင်ကျကျ ပြောပြနေခြင်း ဖြစ်သည်။ သွေးများ၊ အလောင်းများဖြင့် တောင်လိုပုံအောင် ဖြည့်ရမည် ဆိုလျှင်တောင် သူမက လူအင်အား များပြားမှုကို အားကိုးပြီး ရှီးလင်စစ်တပ်ကြီးကို ကောလဲ့မြို့အောက်သို့ အရောက် ခေါ်လာနိုင်ကြောင်းကိုပင်!
ဝိန်းယွီက နဂါးတံခွန်ကြီးကို အသုံးပြုပြီး မြို့တွင်းရှိ ကာကွယ်ရေး စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ရာ သူမက ဤနည်းလမ်းကို အသုံးပြုပြီး သူတို့၏ စိတ်ဓာတ်ကို ပြန်လည် ဖြိုခွဲပစ်လိုက်ခြင်း ဖြစ်၏။
သူမ၏ နည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်သွားခဲ့သည်။ မြို့ရိုးပေါ်ရှိ လေးသည်တော်များက ဆက်လက် မြှားပစ်နေကြသော်လည်း အကြောက်တရားကြောင့် လက်များက သိသိသာသာ တုန်ယင်နေသဖြင့် ပစ်မှတ်များက အရင်ကလောက် မတိကျတော့ချေ။
ယခုအချိန်တွင် ရှီးလင်စစ်တပ်က ရှေ့သို့ချီတက်လာပြီး မြှားပစ်ခတ်နိုင်သည့် အကွာအဝေးသို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့က အဝိုင်းပုံ ဒိုင်းလွှားများကို အသုံးပြုပြီး အနောက်တန်းရှိ လေးသည်တော်များကို ကာကွယ်ပေးထားကာ မြှားများသည် ဒိုင်းလွှားများကြားရှိ ကွက်လပ်များမှတစ်ဆင့် ကျိုင်းကောင်အုပ်ကြီးတစ်ခုလို ပျံထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့ရိုးပေါ်ရှိ ကာကွယ်ရေး စစ်သည်များကို အုပ်စုလိုက် လဲကျသွားစေတော့သည်။
တဖျပ်ဖျပ် လွှင့်နေသည့် စစ်အလံများနှင့် ကောင်းကင်ယံအပြည့် ရှိနေသော မြှားမိုးများကြားတွင် ဝိန်းယွီသည် အောက်ဘက်ရှိ စစ်ရထားပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသော ဟယ်ယီနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။ တစ်ဖက်လူက မျက်လုံးထဲရှိ ရည်မှန်းချက်ကြီးမားမှုနှင့် ရန်စမှုများကို အနည်းငယ်မျှပင် ဖုံးကွယ်မထားခဲ့ချေ။
ဝိန်းယွီ၏ မျက်နှာက ဖြူရော်နေပြီး အေးစက်နေကာ လောကကြီးကို ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ကင်းမဲ့စွာဖြင့် ကြည့်နေသော နတ်သမီး ရုပ်တုတစ်ခုနှင့် တူနေသည်။ မျက်လုံးထဲတွင် ခပ်ဖျော့ဖျော့ သနားကြင်နာမှုများ ရှိနေသလို၊ ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းပြီး ဖုန်မှုန့်များ ပြည့်နှက်နေသော ရွှေရောင်နှင့် အနက်ရောင် အခွံများ ကွဲအက်သွားပြီးနောက် အဆုံးမရှိသော ထက်မြက်မှုများသာ ကျန်ရစ်နေသည့် တစ်စုံတစ်ခုလည်း ရှိနေပုံရသည်။
မြှားတစ်စင်းက သူမဆီသို့ တည့်တည့် လာနေရာ ကျောင်းပိုင်က ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ ဝိန်းယွီ၏ မျက်လုံးရှေ့တွင် ဖရိုဖရဲ ဆံနွယ်များ လွင့်ဝဲနေပြီး သူမက ပြတ်သားစွာ အော်ဟစ်လိုက်၏။ "မင်းသမီးကို ကာကွယ်!"
ချင်းယွင်ကိုယ်ရံတော်များက ချက်ချင်း ယပ်တောင်ပုံစံ နေရာယူလိုက်ပြီး ဝိန်းယွီကို အလယ်ဗဟိုတွင် တင်းကျပ်စွာ ကာကွယ်ပေးလိုက်ကြသည်။
မုယိုလျန်က မြို့ရိုးအကာအကွယ်များအနီးရှိ ကြေကွဲဖွယ် အခြေအနေကို ကြည့်ရင်း အလျင်စလို အမိန့်ပေးလိုက်သည်။ "လေးသည်တော်တွေ အစားထိုး! လောက်လွဲတွေ!"
သူ့အမိန့်အောက်တွင် လောက်လွဲဆယ်ခုကျော်မှ ပစ်လွှတ်လိုက်သော ကျောက်တုံးကြီးများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး မြေပြင်ပေါ်သို့ ကျရောက်လာချိန်တွင် ဖုန်မှုန့်များ အများအပြား ထွက်ပေါ်လာစေသည်။
သို့သော် လောက်လွဲများ၏ ပစ်မှတ်က သိပ်မကောင်းလှချေ။ ပစ်လွှတ်လိုက်သော ကျောက်တုံး ဆယ်ခုကျော်ထဲတွင် နှစ်လုံးသုံးလုံးလောက်သာ အဝိုင်းပုံ ဒိုင်းလွှားများကို ခေါင်းပေါ်တွင် ကာကွယ်ပြီး ရှေ့တိုးလာနေသော ရှီးလင်စစ်တပ် အဖွဲ့ငယ်များကို ထိမှန်နိုင်ခဲ့သည်။
ဤသို့ဖြင့် စစ်တပ် တစ်သိန်းနှစ်သောင်း၏ တိုက်ခိုက်မှုကို တားဆီးရန် ဆိုသည်မှာ အလွန် ခက်ခဲလှသည်။
နဂါးတံခွန်ကြီးအောက်ရှိ အဓိက စည်တီးသမားသည်လည်း အကြောက်တရားကြောင့်လား၊ သို့တည်းမဟုတ် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသောကြောင့်လား မသိချေ။ စည်တီးသံများက ပိုပိုပြီး အလျင်စလိုနှင့် ရှုပ်ထွေးလာပြီး သူကိုယ်တိုင်၏ နဖူးပေါ်တွင်လည်း ချွေးများက ပုလဲလုံးများကဲ့သို့ လိမ့်ဆင်းလို့နေသည်။
စစ်မြေပြင်တွင် စည်တီးသံသည် စစ်မိန့်ပင် ဖြစ်သည်။ စည်တီးသံ ရှုပ်ထွေးသွားလျှင် စစ်တပ်၏ စိတ်ဓာတ်ကလည်း မတည်မငြိမ် ဖြစ်သွားပေလိမ့်မည်။
သဲကန္တာရထဲရှိ လေက အလွန် ပြင်းထန်နေပြီး မြို့ရိုးပေါ်သို့ ဖြတ်သန်းတိုက်ခတ်လာချိန်တွင် နဂါးတံခွန်ကြီးပေါ်တွင် ချိတ်ဆွဲထားသော သံဆူးကြိုးများက အလံတိုင်ကို ရိုက်ခတ်သွားပြီး ဒေါင်ဒေါင်ဒင်ဒင် အသံများပင် ထွက်ပေါ်လာစေသည်။
နောက်တစ်စက္ကန့်တွင် မြှားတစ်စင်းက အဓိက စည်တီးသမား၏ လည်ချောင်းကို ဖောက်ဝင်သွားပြီး သူက ပါးစပ်မှ သွေးများ အန်ကျကာ လဲကျသွားတော့သည်။
စည်တီးသံ ရုတ်တရက် ရပ်တန့်သွားရာ ကျန်ရှိနေသော စည်တီးသမားများသည် ခဏတာ အံ့အားသင့်သွားပြီးနောက် အကြောက်တရားကို အတင်းအကျပ် ထိန်းချုပ်ကာ စစ်စည်များကို ဆက်လက် တီးခတ်ကြလေသည်။ သို့သော် အဓိက စည်တီးသမား၏ ဦးဆောင်မှု မရှိတော့သဖြင့် စည်တီးသံများက ပိုရှုပ်ထွေးပြီး အလျင်စလို ဖြစ်လာတော့၏။
မြို့အောက်ရှိ ရှီးလင်စစ်တပ်က အရှိန်အဟုန် အနည်းငယ်မျှ လျော့ကျခြင်း မရှိဘဲ ရှေ့တိုးလာနေဆဲပင်။ တုန်ဟီးနေသော မြင်းခွာသံများ၊ တောင်တန်းများနှင့် သမုဒ္ဒရာများကဲ့သို့ ဟိန်းထွက်နေသော သတ်ဖြတ်ရန် အော်ဟစ်သံများသည် အိပ်မက်ဆိုးတစ်ခုလို လူတိုင်း၏ အာရုံခံစားမှုများကို နေရာလပ်မကျန် ဝင်ရောက် နှောင့်ယှက်နေပြီး အာရုံကြောများကို အမြင့်ဆုံးအထိ တင်းမာလာစေသည်။
မြို့ရိုးအကာအကွယ်များအနီးရှိ လေးသည်တော်များသည် မြှားမှန်ပြီး အဆက်မပြတ် လဲကျနေကြသည်။ စစ်သည်များက မြို့ကို အစွမ်းကုန် ကာကွယ်နေကြဆဲ ဖြစ်သော်လည်း ရင်ထဲရှိ အကြောက်တရားများသည် ထိုရှုပ်ထွေးနေသော စည်တီးသံများထဲတွင် လုံးဝ ထိန်းချုပ်၍ မရနိုင်တော့သည့်အလား ကပ်ရောဂါတစ်ခုလို ပျံ့နှံ့သွားတော့သည်။
မြို့အောက်တွင် အရင်တစ်သုတ်က မြို့ရိုးကို ဖောက်ထွင်းဝင်ရောက်လာခဲ့သော ရှီးလင်စစ်တပ်နှင့် အသေအလဲ တိုက်ခိုက်နေသည့် စစ်သည်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် အခုတ်ခံရပြီး လဲကျနေကြသည်။
ကုရှီးယွင်သည် လှံနှစ်လက်ဖြင့် နဂါးတစ်ကောင်လို ထိုးဖောက်တိုက်ခိုက်နေသော်လည်း ပင်လယ်ဒီရေလို တိုက်ခိုက်လာသော ရှီးလင်စစ်တပ်၏ အရှိန်အဟုန်ကို မတားဆီးနိုင်သေးချေ။ လှံများနှင့် ဓားများကို ရှောင်ရှားရန် နောက်သို့ လန်ချလိုက်ချိန်တွင် မျက်နှာပေါ်၌ ကန့်လန့်ဖြတ် ဒဏ်ရာရှည်ကြီး တစ်ခု ဖြစ်ပေါ်သွားသည်။
သူမ၏ အနောက်ဘက်ရှိ ပြိုကျနေသော မြို့တွင်းခံတပ်၏ အနောက်ဘက် မြို့ရိုးနေရာတွင်တော့ မြို့တွင်းရှိ ကာကွယ်ရေး စစ်သည်များက သွားရောက် ပိတ်ဆို့ရန်ပင် အချိန်မရကြတော့ချေ။ မျက်နှာအပြည့် သွေးများနှင့် ချွေးများ ပေကျံနေပြီး တစ်ဝက်ခန့် ပျက်စီးနေသော အတွင်းမြို့ရိုးတံခါးကို အချိန်မီ ပြုပြင်ရန်အတွက် သစ်သားများကို တံခါးပေါ်သို့ သံမှိုရိုက်ရန် တူများကို အသည်းအသန် လွှဲယမ်းနေကြသည်။ သို့သော် မြှားမိုးများကို ကျော်ဖြတ်ပြီး ရှေ့တိုးလာနေသော နောက်ထပ် ရှီးလင်စစ်တပ် အသစ်တစ်ဖွဲ့က မြို့ရိုးနှင့် ပိုပိုပြီး နီးကပ်လာနေပြီ ဖြစ်၏။
"လေးသည်တော်တွေ ဆက်ပစ်!"
မုယိုလျန်က မြို့ရိုးပေါ်တွင် ကျယ်လောင်စွာ အော်ဟစ်ကာ စစ်မိန့်များကို အဆက်မပြတ် ပေးပို့ပြီး အခြေအနေကို တည်ငြိမ်စေရန် ကြိုးစားနေသော်လည်း အကျိုးသက်ရောက်မှုက မရှိတော့သလောက်ပင်။
တင်းအားက အဆက်မပြတ် တင်းမာလာနေပြီး မကြာမီ တစ်စုံတစ်ခုကို ပြတ်တောက်သွားစေတော့မည့် အလားပင်။
"စစ်သူကြီးမု! မင်းသမီးက ရန်သူ့တပ်ကို ခဏတာ ဟန့်တားနိုင်မယ့် အကြံတစ်ခု ရှိတယ်လို့ ပြောပါတယ်" ချင်းယွင်ကိုယ်ရံတော် တစ်ယောက်က လူအုပ်ကြီးကို ဖြတ်ကျော်ပြီး ရှုပ်ထွေးမှုများကြားမှ မုယိုလျန်ဆီသို့ ပြေးလာကာ သတင်းပို့လိုက်သည်။
ဒုန်း—
ပြင်းထန်သော စည်တီးသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး အသက်အန္တရာယ်ရှိသော စည်းချက်တစ်ခုက နောက်ဆုံးတွင် အနှောင့်အယှက် ခံလိုက်ရပြီး လွန်ကဲစွာ တင်းမာနေသော ဝိညာဉ်များက ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင်။
မုယိုလျန်က ထိုချင်းယွင်ကိုယ်ရံတော်ကို အံ့သြထိတ်လန့်စွာဖြင့် ကြည့်လိုက်၏။ တစ်ဖက်လူက စကားလုံး နှစ်လုံးတည်းသာ ပြောလိုက်၏။ "မီးနဲ့တိုက်"
ဒုန်း ဒုန်း—
အလျင်စလိုဖြစ်သော်လည်း အားပါသော စည်တီးသံ နောက်ထပ် နှစ်ချက် ထွက်ပေါ်လာပြီးနောက် ထိုရှုပ်ထွေးနေသော စည်တီးသံများ အားလုံး ပျောက်ကွယ်သွားတော့သည်။
ချင်းယွင်ကိုယ်ရံတော်က ဆုတ်ခွာသွားပြီးနောက် မုယိုလျန်က အနောက်သို့ လှည့်ကြည့်လိုက်သည်တွင် မြင့်မားသော စင်မြင့်ထက်ရှိ အနက်နှင့် ရွှေရောင် နဂါးတံခွန်ကြီးအောက်တွင် တိုင်းပြည်နှစ်ခု၏ ကံကြမ္မာကို ကျဉ်းမြောင်းသော ပခုံးလေးများဖြင့် ထမ်းပိုးထားသည့် တာ့လျန် မင်းသမီးကို မြင်တွေ့လိုက်ရသည်။ သူမသည် ကြီးမားကျယ်ပြန့်သော ဧကရာဇ်ဝတ်ရုံ၏ အင်္ကျီလက်များကို မ,တင်ထားပြီး လက်ထဲတွင် စည်တီးတုတ်ကို ကိုင်ကာ သူမရှေ့ရှိ စစ်စည်ကြီးကို တစ်ချက်ပြီး တစ်ချက် ပြင်းထန်စွာ တီးခတ်နေ၏။
ကြီးမားကျယ်ပြန့်သော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ်ကို ဖုံးကွယ်မထားနိုင်ချေ။ သို့သော် သူမ တီးခတ်လိုက်သော စည်တီးသံကတော့ တည်ငြိမ်ပြီး အားပါကာ ကြီးကျယ်ခမ်းနားလှသည်။
လေက ဝိန်းယွီ၏ အနောက်ဘက်ရှိ ဆံနွယ်ရှည်များကို လွင့်ဝဲစေပြီး သူမက အရှေ့ရှိ စစ်စည်ကြီးကို စိုက်ကြည့်ကာ မျက်လုံးများကို တစ်ဖက်သို့ မလွှဲဘဲ တုတ်ကို တစ်ချက်ပြီး တစ်ချက်သာ လွှဲယမ်းနေသည်။ လေးနက်သော စည်တီးသံထဲတွင် သတ်ဖြတ်ချင်စရာ အငွေ့အသက်များ ကိန်းအောင်းနေ၏။
သူမက ကောင်းကင်ကြီးကို စည်တီးပြီး တိုင်တည်နေသည်ဟူသော အထင်အမြင်မှားမှု တစ်ခုကိုပင် ဖြစ်ပေါ်စေလေသည်။
ကောင်းကင်ကြီးက တာ့လျန်နှင့် ချန်နိုင်ငံ နှစ်ခုကို ဖျက်ဆီးချင်တယ် ဆိုရင် သူမက ကောင်းကင်ကြီးနဲ့ ယှဉ်ပြိုင်ပြီး ဒီရှင်သန်ခွင့်လေးကို လုယူမယ်!
မြို့ရိုးအထက်နှင့် အောက်တွင် အသေအလဲ တိုက်ခိုက်နေသော စစ်သည်များသည် ဤစည်တီးသံကြောင့် အနောက်သို့ လှည့်ကြည့်လိုက်ကြ၏။ စည်တီးနေသူမှာ ဝိန်းယွီ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ ရင်ဘတ်များက ဤစည်တီးသံများကြောင့် တုန်ခါသွားသော်လည်း အသံထွက်မလာကြတော့ချေ။
နဂါးတံခွန်ကြီးက ဖိအားပေးထားပြီး ဧကရာဇ်ကိုယ်တိုင်က စည်တီးပေးနေသည်။
ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားမယ်ဆိုရင်တောင် ကောလဲ့မြို့အောက်မှာ အနီရောင် သွေးတွေနဲ့ အဖြူရောင် အရိုးတွေပဲ ကျန်ခဲ့ရမယ်!
ကုရှီးယွင်က မြင်းကျောပေါ်တွင် ပက်လက်လှန်ကာ မြို့ရိုးပေါ်တွင် လေနှင့်အတူ လွင့်ဝဲနေသော အနက်နှင့် အနီရောင် အဝတ်စများကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ မျက်လုံးထဲ၌ မျက်ရည်များ လျှံကျလာသကဲ့သို့ ဖြစ်သွားသော်လည်း တဆက်တည်းမှာပင် သွေးဆာသော ရက်စက်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။ မျက်နှာပေါ်ရှိ သွေးကွက်များကို ဂရုမစိုက်နိုင်တော့ဘဲ မြင်းကျောပေါ်မှ လူးလဲထကာ သူမဆီသို့ တိုက်ခိုက်လာသော ရှီးလင်စစ်သည်ငယ် တစ်ယောက်ကို လှံဖြင့် ထိုးဖောက်လိုက်၏။ မျက်လုံးထဲတွင် သွေးဆာမှုများ ပြည့်နှက်နေပြီး ဟိန်းဟောက်လိုက်၏။ "သတ်—"
သူမ၏ အနောက်ဘက်ရှိ တာ့လျန်စစ်သည်များကလည်း ဤမကျေနပ်ချက်များကို လုံလောက်စွာ ခံစားခဲ့ရပြီ ဖြစ်သည့်အလား အတူတကွ ဟိန်းဟောက်လိုက်ကြသည်။ "သတ်—"
အောက်ဘက်ရှိ ရှီးလင်စစ်တပ်ကြီးက ဆက်လက် ချဉ်းကပ်လာနေဆဲပင်။ မြို့ရိုးကာကွယ်ရေး ပစ္စည်းများကို သယ်ဆောင်နေသော စစ်သည်များက လုံခြုံစွာ ပိတ်ထားသော မီးလောင်ဆီ စည်ပိုင်းများကို မြို့ရိုးပေါ်သို့ သယ်ဆောင်လာပြီး လောက်လွဲများပေါ်သို့ တင်လိုက်ချိန်တွင် ရှီးလင်၏ အဓိက စစ်တပ်ကလည်း ပစ်ခတ်နိုင်သော အကွာအဝေးအတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ မုယိုလျန်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ အော်ဟစ်လိုက်၏။ "လောက်လွဲတွေ! မီးလောင်ဆီ စည်ပိုင်းတွေကို ပစ်! မီးမြှားတွေ! ပစ်!"
ထိုနှလုံးသားကို တုန်လှုပ်စေသော စည်တီးသံများကြားတွင် မီးလောင်ဆီ စည်ပိုင်းများကို လောက်လွဲများကတစ်ဆင့် ပစ်လွှတ်လိုက်ပြီး မီးမြှားများကလည်း အနောက်မှ ကပ်လျက် လိုက်ပါသွားသည်။ စစ်မြေပြင်တွင် နေရာအနှံ့၌ ကြီးမားသော ပေါက်ကွဲသံများ ချက်ချင်း ထွက်ပေါ်လာပြီးနောက် မီးတောက်များက ဖုံးလွှမ်းသွားရာ မရေမတွက်နိုင်သော ရှီးလင်စစ်သည်ငယ်များသည် ထိုအပူလှိုင်းများကြောင့် လောင်ကျွမ်းဒဏ်ရာများ ရရှိသွားပြီး ကိုယ်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ရန် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေကြတော့သည်။
မြို့ရိုးပေါ်ရှိ ကာကွယ်ရေး စစ်သည်များကတော့ ဤအခွင့်အရေးကို ယူပြီး အနောက်ဘက်ရှိ ရှီးလင်စစ်တပ်ကြီး ရှေ့မတိုးနိုင်အောင် မြှားများကို အဆက်မပြတ် ပစ်ခတ် သတ်ဖြတ်နေကြသည်။
စစ်မြေပြင်တွင် ဤသို့သော အပြောင်းအလဲများ ရုတ်တရက် ဖြစ်ပေါ်လာသည်ကို မြင်သောအခါ ဟယ်ယီက ဒေါသထွက်လွန်းသဖြင့် စားပွဲပုလေးကို ခြေထောက်ဖြင့် ကန်လှဲလိုက်ပြီး ကျားရေ ကုလားထိုင်ကြီးပေါ်မှ ထရပ်လိုက်သည်။ မြို့ရိုးစင်မြင့်ထက်တွင် စည်တီးနေသော မိန်းမကို အေးစက်ရက်စက်စွာ ကြည့်ကာ လေးနက်သောအသံဖြင့် အော်ဟစ်လိုက်၏။ "ငါ့လေးကို ယူခဲ့"
ကိုယ်ရံတော်က ဟယ်ယီ အထူး အသုံးပြုသော စစ်လေးကို အလျင်အမြန် ယူဆောင်လာခဲ့သည်။ သူမက လေးကြိုးကို ဆွဲကာ မြှားကို တပ်လိုက်ပြီး အေးစက်သော အလင်းရောင်များ တောက်ပနေသည့် မြှားထိပ်ဖျားက ဝိန်းယွီကို တည့်တည့် ချိန်ရွယ်ထားလိုက်၏။ "ငါ့မြှားအောက်မှာ သေရတာ ဟန့်ယန် နင့်အတွက် မနစ်နာပါဘူး"
ချွန်ထက်သော မြှားက လေးကြိုးမှ ထွက်ခွာသွားပြီး သူမလက်ထဲရှိ လေးကြီး၏ လေးကြိုးကသာ ဆက်လက် တုန်ခါနေဆဲပင်။
လေကို ခွင်းလာသော အသံက ရက်စက်မှုများကို သယ်ဆောင်လာကာ နီးကပ်လာသော်လည်း ဝိန်းယွီက ဘေးသို့ပင် လှည့်မကြည့်ခဲ့ချေ။ စည်တီးတုတ်က မပေါ့ပါးသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမက ပုံမှန်အားဖြင့် ကြွက်သားများကို အမြဲ လေ့ကျင့်နေခဲ့သဖြင့် ဤစည်တီးတုတ်ကို မလွှဲယမ်းနိုင်လောက်အောင်တော့ မဖြစ်ခဲ့ပေ။
သို့သော် အချိန်ကြာမြင့်စွာ လက်မောင်းများကို လွှဲယမ်းနေရသဖြင့် သူမ၏ ပခုံးနှင့် လက်မောင်းများသည် အပ်ဖြင့် ထိုးခံရသကဲ့သို့ နာကျင်ကိုက်ခဲနေပြီ ဖြစ်ပြီး စည်ကို အားကုန်သုံးကာ တီးခတ်နေရသဖြင့် လက်မနှင့် လက်ညှိုးကြားရှိ အရေပြားများလည်း ကွဲအက်ကာ သွေးများ စီးကျနေလေပြီ။
သို့သော် သူမက ရပ်တန့်မည့် အရိပ်အယောင် မရှိချေ။ နဖူးစွန်းမှ စီးကျလာသော ချွေးများသာ စည်တီးသံများနှင့်အတူ အောက်ဘက်ရှိ မြို့ရိုးအုတ်ခဲများပေါ်သို့ ကျသွားခဲ့သည်။
စစ်ပွဲ မရပ်တန့်သေးသရွေ့ စည်တီးသံကလည်း ရပ်တန့်မည် မဟုတ်ချေ။
ထိုအသက်လုမည့် မြှားကို ကျောင်းပိုင်က ဓားကို ဆွဲထုတ်ကာ ရက်စက်ပြတ်သားစွာ ခုတ်ပိုင်းချလိုက်၏။ မြှားခေါင်းက အရှိန်မသေဘဲ အောက်ဘက်ရှိ မြို့ရိုးအုတ်ခဲများထဲသို့ပင် နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့၏။
သူမက ခေါင်းမော့ကာ ဟယ်ယီ၏ စစ်ရထား ရှိရာဘက်သို့ အေးစက်ပြီး ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
ဟယ်ယီက ဤအခြေအနေကို လက်မခံနိုင်သည်မှာ ထင်ရှားသည်။ လေးကို လပြည့်ဝန်းကဲ့သို့ နောက်တစ်ကြိမ် ထပ်မံ ဆွဲလိုက်ပြီး မီးခိုးရောင် အမွေးအတောင်များ ပါသော မြှားတစ်ဆုပ်လုံးကို လေးကြိုးကို ပွတ်ဆွဲသလို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ရာ မြှားတိုင်းက ကျောက်တုံးကိုပင် ထိုးဖောက်နိုင်လောက်သည့် ကြီးမားသော ခွန်အားများ ပါဝင်လာသည်။
ကျောင်းပိုင်က "ရွှမ်း" ခနဲ အသံနှင့်အတူ ကျောတွင် လွယ်ထားသော နောက်ထပ် ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ဓားနှစ်လက်ကို တပြိုင်နက် အသုံးပြုကာ အနီးသို့ ရောက်လာသော မြှားများကို အားလုံး ခုတ်ပိုင်းချလိုက်သည်။ ဓားရေးက သက်တံ့တစ်ခုလို စီးဆင်းနေပြီး ဖြတ်ကျော်၍ မရနိုင်သော သံမဏိပိုက်ကွန် တစ်ခုလို ဖန်တီးထားပုံရသည်။ ပတ်ပတ်လည်တွင်လည်း ချင်းယွင်ကိုယ်ရံတော် ဆယ်ယောက်ကျော်က ဓားများကို ကိုင်ဆောင်ကာ နေရာယူထားပြီး ဝိန်းယွီအတွက် အခြား လွင့်စဉ်လာသော မြှားများကို ကာကွယ်ဖယ်ရှားပေးနေကြသည်။
ဟယ်ယီက ဒေါသထွက်လွန်းသဖြင့် လက်ထဲရှိ လေးကြီးကို အလျင်အမြန် လွှင့်ပစ်လိုက်ပြီး စစ်ရထားရှေ့ရှိ လက်ရန်းကို ပြင်းထန်စွာ ရိုက်ကာ အော်ဟစ်လိုက်၏။ "မြှားကြီးတွေကို ချိန်ရွယ်! အဲ့ဒီ မြှားကြီးတွေကိုတောင် သူတို့ ကာကွယ်နိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်!"
ကောလဲ့မြို့၏ လက်ရှိ စိတ်ဓာတ်ခွန်အား အားလုံးက ဝိန်းယွီထံမှ လာနေကြောင်း သူမ အသေအချာ သိရှိထားသည်။
ဝိန်းယွီသာ သေသွားလျှင် ကောလဲ့မြို့ တစ်ခုလုံးက ပြန့်ကျဲနေသော သဲတွေလို ပြန်ဖြစ်သွားပေလိမ့်မည်။
သူမ တကယ်ပဲ အနည်းငယ် စိတ်မရှည်နိုင်တော့ချေ။ စစ်တပ် တစ်သိန်းနှစ်သောင်းက ဤယိုယွင်းပျက်စီးနေသော မြို့ရိုးကို တိုက်ခိုက်နေတာတောင် ဤမျှအထိ တားဆီးခံနေရတာက တကယ်ကို ကြီးမားသော အရှက်ရစရာပင်!
ရှီးလင်စစ်တပ် အလယ်တွင် မြှားကြီးပစ်စက်များ အားလုံးကို ရှေ့သို့ တွန်းပို့လာသည်ကို မြင်သောအခါ မုယိုလျန်ကလည်း သူတို့၏ ရည်ရွယ်ချက်ကို သိရှိသွားပြီး ချက်ချင်း အော်ဟစ်လိုက်၏။ "လောက်လွဲတွေ အဲ့ဒီ မြှားကြီးပစ်စက်တွေကို ချိန်ပြီး ပစ်!"
မြို့ရိုးပေါ်တွင် လောက်လွဲများ၏ တိကျမှုကို ချိန်ညှိရန် တာဝန်ယူထားသော စစ်သည်များက ချက်ချင်းပင် အောက်ဘက်ရှိ ထိုမြှားကြီးပစ်စက်များကို အဝေးမှ ချိန်ရွယ်လိုက်ကြသည်။
ဟယ်ယီက သတိထားမိသွားပြီး စစ်ရထားပေါ်မှ ပြေးဆင်းကာ မြှားကြီးပစ်စက်ကို ချိန်ညှိနေသော စစ်သည်ငယ် တစ်ယောက်ကို အတင်း ဆွဲဖယ်လိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်၏။ "ဖယ်! ဒီမင်းသမီး ကိုယ်တိုင် လုပ်မယ်!"
...