အခန်း ၂၄၉
Vol. 25 Ch. 249
အပိုင်း (၂၄၉)
ထိုရှီးလင်စစ်သည်သည် ဟယ်ယီ၏ ဆောင့်ဆွဲခံလိုက်ရသဖြင့် ယိမ်းယိုင်ကာ နောက်သို့ ဆုတ်သွားခဲ့သည်။ ဟယ်ယီက မြှားကြီးပစ်စက်၏ အနောက်တွင် ရပ်ကာ မြို့ရိုးစင်မြင့်ထက်ရှိ ဝိန်းယွီကို ချိန်ရွယ်ပြီး ဒူးလေးမောင်းတံကို ချိန်ညှိလိုက်၏။
အဝေးရှိ မြို့ရိုးပေါ်မှ မုယိုလျန်က ဤမြင်ကွင်းကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "လောက်လွဲတွေ ပစ်!"
ပစ်လွှတ်လိုက်သော ကျောက်တုံးကြီးများသည် ကြယ်ပျံများကဲ့သို့ စစ်မြေပြင် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ရှီးလင်စစ်တပ် အလယ်သို့ အဆက်မပြတ် ကျရောက်လာသော်လည်း တိကျမှု အားနည်းသဖြင့် မြှားကြီးပစ်စက်ကို ထိမှန်သည်က အလွန်နည်းပါးလှသည်။
သို့သော် ထိုကြီးမားသော ကျောက်တုံးကြီးများက မြေပြင်သို့ ကျရောက်လာချိန်တိုင်း ရှီးလင်စစ်သည် အနည်းဆုံး သုံးယောက်ငါးယောက်လောက်တော့ အသက်ဆုံးရှုံးသွားစေနိုင်သည်။ ပစ်လွှတ်လိုက်သော ကျောက်တုံးများက မြှားကြီးပစ်စက်နှင့် တဖြည်းဖြည်း နီးကပ်လာနေသည်ကို ကြည့်ရခြင်းက မြို့ရိုးပေါ်ရှိ ချန်စစ်သည်များက ပစ်ခတ်ရင်းနှင့် တစ်ချိန်တည်းမှာပင် တိကျမှုကို ချိန်ညှိနေပုံရသည်။
မြှားကြီးပစ်စက်ကို ချိန်ညှိနေသေးသော ရှီးလင်စစ်သည်များသည် ဖြည်းဖြည်းချင်း နီးကပ်လာနေသော ကြီးမားသည့် ကျောက်တုံးကြီးများ၏ ခြိမ်းခြောက်မှုကို ခံနေရသဖြင့် သူတို့၏ ခေါင်းပေါ်တွင် မည်သည့်အချိန်၌ ပြုတ်ကျလာမှန်းမသိသော ဧရာမ ဓားမကြီး တစ်ချောင်း ချိတ်ဆွဲထားသလို ခံစားနေကြရသည်။
ထိုအကြောက်တရား၏ လွှမ်းမိုးမှုအောက်တွင် မြှားကြီးပစ်စက်ကို ချိန်ညှိရာ၌ လက်များက မသိမသာ တုန်ယင်နေပြီး မြို့ရိုးပေါ်သို့ ပစ်လွှတ်လိုက်သော ဧရာမ မြှားကြီးများကလည်း တိကျမှု လွဲချော်သွားတော့သည်။
ဟယ်ယီ၏ မျက်နှာက အေးစက်စူးရှနေပြီး မျက်တောင်တစ်ချက်ပင် မခတ်ဘဲ မြှားကြီးပစ်စက်၏ မောင်းတံကို နောက်ဆုံးအမြင့်သို့ ချိန်ညှိလိုက်လေသည်။ မြှားထိပ်ဖျား ချိန်ရွယ်ထားသော မြို့ရိုးစင်မြင့်ထက်ရှိ စည်တီးနေသည့် ဝိန်းယွီကို စိုက်ကြည့်ကာ လေးနက်သောအသံဖြင့် အော်ဟစ်လိုက်၏။ "မောင်းတံကို တင်းတင်းဆွဲ! ပစ်!"
ရှီးလင်စစ်သည် ဆယ်ယောက်ကျော်က အံကြိတ်ကာ အားကုန်သုံးပြီး မြှားကြီးပစ်စက်ပေါ်ရှိ မောင်းတံကို လှည့်နေကြသည်။ ဧရာမ လေးသုံးလက်စလုံး တင်းတင်းရင်းရင်း ဖြစ်နေပြီဖြစ်ပြီး မောင်းတံကို လွှတ်လိုက်သည်နှင့် မြှားကြီး ပစ်ထွက်သွားတော့မည့် အချိန်တွင် အရှေ့ဘက် စစ်တပ်အလယ်၌ ဆူညံပွက်လောရိုက်မှုများ ထွက်ပေါ်လာသည်။
ဟယ်ယီက မော့ကြည့်လိုက်သောအခါ တာ့လျန် အမျိုးသမီး စစ်သူကြီး တစ်ယောက်က မျက်နှာအပြည့် သွေးများပေကျံနေပြီး မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်ကာ ချွန်ထက်သော ဆူးတစ်ချောင်းလို ထပ်နေသော ရှီးလင်စစ်တပ် အလွှာများကို ထိုးဖောက်ပြီး ဤဘက်သို့ မြင်းကို နှင်ကာ တိုက်ခိုက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
သူမက အခြေအနေ မဟန်တော့မှန်း သတိထားမိသွားပြီး "ပစ်" ဟူသော အမိန့်ကို အော်ဟစ်လိုက်ချိန်တွင် မြင်းကျောပေါ်ရှိ အမျိုးသမီး စစ်သူကြီးက လှံထိပ်ဖြင့် ရှီးလင်စစ်သည် တစ်ယောက်ကို ကော်တင်ကာ ဤဘက်သို့ ပစ်ပေါက်လိုက်လေပြီ။
လေးကြိုးမှ ထွက်ခွာတော့မည့် ဧရာမ မြှားကြီးနှင့်အတူ မြှားကြီးပစ်စက်၏ မောင်းတံသည် ပြင်းထန်စွာ ကျရောက်လာသော စစ်သည်၏ အလောင်းကြောင့် ရိုက်ခတ်ခံလိုက်ရပြီး ဦးတည်ရာ လွဲချော်သွားတော့သည်။ မောင်းတံ လွတ်ထွက်သွားသဖြင့် ဘေးတစ်ဖက်တစ်ချက်စီတွင် မောင်းတံကို တွန်းနေသော ရှီးလင်စစ်သည်များ အားလုံး နောက်သို့ လွင့်စဉ်သွားကြပြီး ဧရာမ မြှားကြီးက ထိုစစ်သည်၏ အလောင်းကို ထိုးဖောက်ကာ အရှေ့ဘက် စစ်မြေပြင်ဆီသို့ လမ်းလွဲပြီး ထွက်သွားတော့သည်။
ဟယ်ယီသည် ဒေါသထွက်လွန်းသဖြင့် အသံပင် မထွက်နိုင်တော့ချေ။ သို့သော် သူမ၏ ဒေါသမီးများ မပေါက်ကွဲမီ ကုရှီးယွင်သည် မရေမတွက်နိုင်သော စစ်သည်များကို မြင်းဖြင့် ဝင်တိုက်ကာ အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။ နောက်ကျောတွင် ကျောပိုးထားသော အတိုလှံနှစ်လက်ကို မထုတ်သေးဘဲ လက်ထဲရှိ လှံရှည်ဖြင့် ဟယ်ယီဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
ဟယ်ယီသည် စစ်ရထားပေါ်မှ အလျင်စလို ဆင်းလာခဲ့ရသဖြင့် အဆင်ပြေသော လက်နက်ကို ယူဆောင်လာခဲ့ခြင်း မရှိချေ။ ယခု ဤသို့ ဖိအားပေးခံရသဖြင့် နောက်သို့ ဆုတ်ရန်သာ တတ်နိုင်တော့သည်။ သူမ၏ ခြေသလုံးက မြှားကြီးပစ်စက်နှင့် တိုက်မိသွားပြီး အခြေအနေပေးသည့်အတိုင်း မြှားကြီးပစ်စက်ကို မှီကာ နောက်သို့ လန်ချပြီး ရှောင်တိမ်းလိုက်သည်။
မြို့ရိုးပေါ်မှ ထွက်ပေါ်လာသော စည်တီးသံများက ခွန်အားပါပြီး ကြီးကျယ်ခမ်းနားနေဆဲဖြစ်ကာ လူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးများက ထိုစည်တီးသံများနှင့်အတူ စီးဆင်းနေသလို ခံစားရစေသည်။ ကုရှီးယွင်သည် တိုက်ခိုက်မှု တစ်ကြိမ် မအောင်မြင်သော်လည်း လက်ထဲရှိ လှံရှည်ကို ဘယ်ဘက်မှ ညာဘက်သို့ ပြောင်းကိုင်လိုက်ပြီး မြင်းကျောပေါ်တွင် အပြည့်အဝ လွှဲယမ်းလိုက်ရာ သူမကို အနှောင့်အယှက်ပေးရန် ရှေ့တိုးလာသော ရှီးလင်စစ်သည်များမှာ နောက်ပြန်ဆုတ်ရတော့သည်။ ထို့နောက် ဟိန်းဟောက်ကာဖြင့် မြှားကြီးပစ်စက်ပေါ်ရှိ ဟယ်ယီဆီသို့ နောက်တစ်ကြိမ် ပြင်းထန်စွာ ထိုးစိုက်လိုက်ပြန်သည်။
ဟယ်ယီသည် မြှားကြီးပစ်စက်ပေါ်သို့ လက်တစ်ဖက်ဖြင့် ထောက်ကာ အားယူပြီး ကျွမ်းပစ်ကာ မြှားကြီးပစ်စက်၏ အခြားတစ်ဖက်သို့ ဖရိုဖရဲ ကျဆင်းသွားသည်။ ကုရှီးယွင်၏ အားပါသော လှံထိုးချက်က မြှားကြီးပစ်စက်၏ မောင်းတံကို တည့်တည့် ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်သားစများ လွင့်စဉ်သွားတော့သည်။
ဟယ်ယီသည် ကြောက်လန့်မှုများ ကျန်ရှိနေသေးသလို ဒေါသလည်း အလွန်ထွက်နေသဖြင့် အောက်ဘက်ရှိ စစ်သည်များကို အခွင့်အရေးယူပြီး သူမကို ဝိုင်းဝန်း သတ်ဖြတ်ရန် ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
စစ်ရထားပေါ်ရှိ ကိုယ်ရံတော်များက ဟယ်ယီ အန္တရာယ်ကြုံတွေ့နေရသည်ကို မြင်သောအခါ အလွန် စိုးရိမ်ပူပန်သွားကြပြီး ဟယ်ယီ၏ ဓားကို အလျင်အမြန် ယူကာ လှမ်းပစ်ပေးရင်း အော်ဟစ်လိုက်သည်။ "မင်းသမီး... ဓားကို ဖမ်း!"
ကုရှီးယွင်က သွားကြိတ်ကာ လှံရိုးကို အားကုန်သုံးပြီး ဘေးသို့ တွန်းချလိုက်ရာ ထိုမြှားကြီးပစ်စက်၏ မောင်းတံသည် လုံးဝကို သစ်သားအပိုင်းအစလေးများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူမက လှံရှည်ကို ပြန်ဆွဲထုတ်ကာ သူမဆီသို့ ထိုးစိုက်လာသော ရှီးလင်စစ်သည်များ၏ လှံများကို ဖယ်ရှားလိုက်၏။ သို့သော် လခြမ်းပုံ ရွှေဓားကို ရရှိသွားပြီဖြစ်သော ဟယ်ယီက အနည်းငယ်မျှ မကြောက်ရွံ့တော့ဘဲ ဓားကို ဝှေ့ယမ်းကာ ကုရှီးယွင်ဆီသို့ မျက်နှာချင်းဆိုင် ခုတ်ချလာတော့သည်။
ကုရှီးယွင်က လှံရိုးဖြင့် ကာကွယ်လိုက်သော်လည်း ထိုကြီးမားသော ခွန်အားကြောင့် သူမ၏ လက်ဖဝါးများပင် ထုံကျင်သွားခဲ့သည်။
လက်နက် ရရှိသွားသော ဟယ်ယီသည် အစွယ်ပြန်ရသွားသော ကျားသစ်တစ်ကောင်လို ဖြစ်သွားပြီး လေထဲသို့ ခုန်တက်ကာ ခုတ်ချလိုက်သော ဤအချက်က လွဲချော်သွားပြီးနောက် မြေပြင်သို့ ကျရောက်ချိန်တွင် ရွှေဓားနှစ်လက်ကို ပွတ်တိုက်ကာ ကုရှီးယွင် စီးနင်းထားသော စစ်မြင်း၏ ခြေထောက်များဆီသို့ နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်သည်။
စစ်မြင်းက ဟီသံပြုကာ လဲကျသွားတော့သည်။ ကုရှီးယွင်က အခြေအနေ မဟန်တော့မှန်း သတိထားမိပြီး မြင်းကျောပေါ်မှ ခုန်ချကာ မြေပြင်ပေါ်တွင် လူးလှိမ့်ပြီး ရှီးလင်စစ်သည်များ ထိုးစိုက်လာသော လှံများကို ရှောင်တိမ်းလိုက်၏။ အခက်အခဲများကြားမှ အခွင့်အရေးရှာကာ မတ်တတ်ရပ်လိုက်ချိန်တွင် သူမ၏ ခေါင်းပေါ်သို့ ရွှေဓားတစ်လက်က ထပ်မံ ခုတ်ချလာပြန်သည်။
တိုက်ခိုက်မှုနှင့် ကာကွယ်မှု အခြေအနေ ပြောင်းလဲသွားသဖြင့် ကုရှီးယွင်သည် လှံရှည်ကို စွန့်ပစ်လိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ နောက်ကျောတွင် ကျောပိုးထားသော လှံတိုနှစ်လက်ကို ဆွဲထုတ်လိုက်ပြီး အသက်ရှူရခက်ခဲစွာဖြင့် ဟယ်ယီ အောက်သို့ ဖိချလာသော ရွှေဓားကို ကန့်လန့်ဖြတ် ကာကွယ်လိုက်ရသည်။
ဟယ်ယီ ကိုယ်တိုင် ချိန်ညှိထားသော ဤမြှားကြီးပစ်စက်ကို ဖျက်ဆီးပစ်ရန်အတွက် သူမ တစ်ယောက်တည်းက ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်လာခဲ့ရသည်။ သူမ ခေါ်ဆောင်လာခဲ့သော တာ့လျန် မြင်းစီးတပ်သားများက သိပ်မများလှဘဲ အသက်ရှင်ကျန်ရစ်သူများကလည်း ယခုအချိန်တွင် အသေအလဲ တိုက်ခိုက်နေရပြီ ဖြစ်၏။
ဟယ်ယီ၏ မျက်နှာတွင် ရက်စက်မှုများ ပြည့်နှက်နေပြီး ပခုံးနှင့် လက်မောင်း ကြွက်သားများက တင်းမာနေကာ ဓားကို အောက်သို့ ဆက်ဖိချနေသည်။
ကုရှီးယွင်က ဒူးတစ်ဖက် ထောက်ထားပြီး ပခုံးဖြင့် လှံရိုးကို မှီကာ အားယူထားရသည်။ သွားများကို တင်းတင်းကြိတ်ထားသဖြင့် သွေးများပင် ထွက်လာလုနီးပါး ဖြစ်နေသော်လည်း မျက်လုံးထဲရှိ ရက်စက်မှုကတော့ ဟယ်ယီထက် အနည်းငယ်မျှ မလျော့နည်းချေ။
ဤအရာက ဟယ်ယီကို သူမအပေါ် အနည်းငယ် သဘောကျသွားစေသည်။ သူမက ကုရှီးယွင်ကို ကျော်လွန်ကာ အနောက်ဘက်ရှိ မြို့ရိုးစင်မြင့်ထက်တွင် စည်တီးနေသော အနက်ရောင်ဝတ် မင်းသမီးကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ "မင်းတို့ တာ့လျန်ရဲ့ မင်းသမီးလေးက ရှုံးတော့မယ်။ မင်းမှာ ဒီလို သတ္တိနဲ့ ခွန်အားတွေ ရှိနေတာပဲ... ငါ့ဆီကို ပြောင်းပြီး ခိုလှုံရင်ရော ဘယ်လိုလဲ"
ကုရှီးယွင်က အေးစက်စွာ ပြုံးလိုက်ပြီး သွားကြားထဲမှ စကားလုံး နှစ်လုံးကို ညှစ်ထုတ်လိုက်သည်။ "@#$!"
သူမ၏ လက်မောင်းနှစ်ဖက်က ရုတ်တရက် အားကုန်သုံးလိုက်ပြီး ဟယ်ယီ အောက်သို့ ဖိချထားသော ရွှေဓားကို အတင်းအကျပ် တွန်းဖယ်လိုက်၏။ ဘာကိုမှ ဂရုမစိုက်တော့သည့် တိုက်ခိုက်ရေးပုံစံကို သုံးကာ ဟယ်ယီဆီသို့ ပြေးတက်သွားရင်း ဟိန်းထွက်နေအောင် အော်ဟစ်လိုက်တော့သည်။ "ငါတို့ရဲ့ မင်းသမီးက ကောင်းကင်ဘုံက တာဝန်ပေးအပ်ထားတာ။ ဒီတိုင်းပြည်ကို သေချာပေါက် ပေါင်းစည်းပြီး လောကြီးကို ထာဝရ အုပ်စိုးရလိမ့်မယ်!"
……
မြို့ရိုးပေါ်တွင် လေက နဂါးတံခွန်ကြီးပေါ်ရှိ သံဆူးကြိုးများကို လွင့်ဝဲစေပြီး အလံတိုင်ကို ရိုက်ခတ်ကာ စူးရှသော အသံများ ထွက်ပေါ်နေဆဲပင်။ လွင့်စဉ်လာသော မြှားများက ဟိုဟိုဒီဒီ ပျံသန်းနေပြီး မြို့ရိုးအကာအကွယ်များအနီးရှိ စစ်သည်များသည် အောက်ဘက်မှ ပျံသန်းလာသော မြှားများ၏ ထိမှန်မှုကို ရံဖန်ရံခါ ခံနေရကာ မြို့ရိုးပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျနေလေသည်။
မုယိုလျန်က အော်ဟစ်ကာ အမိန့်များကို ပေးနေပြီး စစ်သည်များက မြှားမိုးများကြားတွင် အလျင်စလို ပြေးလွှားကာ မြို့ရိုးအကာအကွယ်များရှိ လစ်လပ်နေသော နေရာများကို ဖြည့်တင်းနေကြသော်လည်း သူတို့၏ လူအင်အားဖြင့် ရှီးလင်ဘက်ကို ယှဉ်နိုင်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။
ကျောင်းပိုင်၏ ရင်ဘတ်ပေါ်ရှိ အင်္ကျီတွင် မြှားများ ရှပ်ထိသွားသော ဒဏ်ရာများစွာ ရှိနေပြီး သွေးများ စိမ့်ထွက်နေပြီ ဖြစ်သည်။ လွင့်စဉ်လာသော မြှားများက စင်မြင့်အနီးသို့ ရောက်ရှိလာချိန်တွင် ဓားခုတ်ပိုင်းသည့် လှုပ်ရှားမှုကလည်း မသိမသာ နှေးကွေးလာခဲ့သည်။
လေက ဝိန်းယွီ၏ အနောက်ဘက်တွင် ပြန့်ကျဲနေသော ဆံနွယ်များကို ဖရိုဖရဲ လွင့်ဝဲစေသည်။ အမြဲတမ်း တည်ငြိမ်အေးချမ်းနေတတ်သော သူမ၏ မျက်လုံးများက လူတစ်ရပ်ထက် ပိုမြင့်သော စစ်စည်ကြီးကို တစ်ချက်ပြီး တစ်ချက် တီးခတ်နေချိန်တွင် အဆုံးမရှိသော ထက်မြက်မှုများသာ ကျန်ရစ်နေတော့သည်။
လက်မနှင့် လက်ညှိုးကြားရှိ ကွဲအက်နေသော နေရာမှ စိမ့်ထွက်လာသော သွေးများက သူမ၏ လက်ဖဝါး တစ်ခုလုံးကို နီရဲသွားစေပြီး လက်မောင်းကို အမြဲတမ်း မြှောက်ထားကာ စည်တီးနေရသဖြင့် သွေးများက လက်ခုံပေါ်မှတစ်ဆင့် ပြောင်းပြန် စီးဆင်းလာကာ လက်ဖျံကို ဖြတ်သန်းပြီး တံတောင်ဆစ်နေရာတွင် ချွေးများနှင့် ရောနှောကာ မြေပြင်ပေါ်သို့ တစ်စက်စက် စီးကျလို့နေလေသည်။
ပါးပြင်ဘေးတွင် ပြန့်ကျဲနေသော ဆံနွယ်စများကလည်း ချွေးများကြောင့် စိုစွတ်ကာ တစ်စုတစ်စည်းတည်း ကပ်နေကြသည်။ ပြင်းထန်သော နေရောင်အောက်တွင် သူမ၏ မျက်နှာက ရေခဲနှင်းများကဲ့သို့ ဖြူရော်နေလုနီးပါး ဖြစ်နေသော်လည်း သူမကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါကတော့ ထိုစည်တီးသံများကဲ့သို့ပင် ခွန်အားပါပြီး ခမ်းနားကြီးကျယ်နေဆဲပင်။
ဤအခိုက်အတန့်တွင် ဝိန်းယွီ၏ နားထဲ၌ မိမိ၏ အလျင်စလို ဖြစ်နေသော နှလုံးခုန်သံများမှလွဲ၍ စည်တီးသံများနှင့် အောက်ဘက်ရှိ စစ်မြေပြင်မှ တိုက်ခိုက်သတ်ဖြတ်သံများကိုသာ ကြားနိုင်တော့သည်။
ခွန်အားများ ကုန်ခမ်းသွားပြီး လက်မောင်းများက စူးရှစွာ နာကျင်လာသည်။ စည်တီးတုတ်ကို လွှဲယမ်းလိုက်တိုင်း ပခုံးနှင့် လက်မောင်း ကြွက်သားများက နောက်တစ်ကြိမ် စုတ်ပြဲသွားသကဲ့သို့ ခံစားရပြီး နဖူးစွန်းမှ ကျဆင်းလာသော ချွေးပေါက်များက နာကျင်မှုကြောင့်လား၊ ပင်ပန်းမှုကြောင့်လား ဆိုသည်ကို ခွဲခြား၍ မရနိုင်တော့ချေ။ သို့သော် သူမက မရပ်တန့်ခဲ့သလို မျက်လုံးထဲရှိ ထက်မြက်မှုကလည်း အနည်းငယ်မျှ မလျော့နည်းသွားခဲ့ပေ။
ဤအခိုက်အတန့်တွင် သူမ၏ ခေါင်းထဲ၌ လူများစွာ၏ ပုံရိပ်များ ပေါ်လာခဲ့သည်။ ခမည်းတော်၊ မယ်တော်ကြီး၊ အစ်ကိုတော်၊ စစ်သူကြီးကု သားအဖ၊ အမတ်ကြီးကျိုး၊ ဆရာ...
သူတို့အားလုံးက သူမကို ကြည့်နေကြသည်။
နစ်မြောနေသည့် အတွေးထဲတွင် သူတို့က တကယ်ပဲ သူမ၏ နောက်ကွယ်တွင် ရပ်နေပြီး သူမ စည်တီးတုတ်ကို ကိုင်ကာ ရှေ့ရှိ ထိုစစ်စည်ကြီးကို ပိုပြင်းထန်စွာ တီးခတ်နိုင်စေရန် ကူညီပေးနေသကဲ့သို့ပင်။ မကျေနပ်ချက်များ၊ အလျှော့မပေးလိုမှုများ အားလုံးကို ကြီးကျယ်ခမ်းနားသော စည်တီးသံများအဖြစ် ပြောင်းလဲကာ တီးခတ်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။
ဝိန်းယွီ၏ နဖူးစွန်းမှ နောက်ထပ် ချွေးတစ်ပေါက် စီးကျလာပြီး ပါးပြင်ဘေးမှတစ်ဆင့် စီးကျသွားချိန်တွင် ကျားချောက်တောင်ကြားဂိတ် အပြင်ဘက်ရှိ သောင်းချီသော စစ်တပ်များကြားတွင် တိုက်ခိုက်နေသော ရှောင်းလိ၏ လက်ထဲရှိ အနက်ရောင် သံမဏိဓားရိုးပေါ်သို့လည်း ချွေးတစ်ပေါက် ကျရောက်လာခဲ့သည်။
သူက ဓားရှည်ဖြင့် လူတံတိုင်းကို ဖြိုခွဲကာ လွင့်စဉ်နေသော သွေးများကြားတွင် မြင်းကို နှင်ပြီး လမ်းကြောင်းတစ်ခုကို အတင်းအကျပ် ဖောက်ထွက်လာခဲ့သည်။ စူးရှသော ခရာမှုတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဝံပုလွေမြင်းစီးတပ်သားများကလည်း သူ့နောက်မှ အနီးကပ် လိုက်ပါလာကာ နှောင့်ယှက်ခံလိုက်ရသော ဤစစ်မြေပြင်မှနေ၍ ပြန်ဆုတ်ခွာလာကြသည်။
သူတို့၏ ဤကဲ့သို့ နှောင့်ယှက်မှုကြောင့် စစ်တပ်အလယ်တွင် ကာကွယ်ထားသော မျှော်စင်အနီးသို့ပင် ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့သည်။ မူလက ကျားချောက်တောင်ကြားဂိတ် မြို့ရိုးကို အပြင်းအထန် တိုက်ခိုက်နေသော ရှီးလင်စစ်တပ်များသည် ချက်ချင်းပင် စစ်တပ်ကြီးတစ်ခုကို ခွဲထုတ်ကာ သူတို့ကို ဝိုင်းဝန်း နှိမ်နင်းရန် လာခဲ့ကြသည်။
ကျားချောက်တောင်ကြားဂိတ် အတွင်းရှိ ကာကွယ်ရေး စစ်သူကြီးများက ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်ကာ ထိတ်လန့်သွားကြပြီး ခံတပ်အပြင်ဘက်တွင် ဘယ်ကနေ ဘယ်လို စစ်ကူတွေ ရောက်လာတာလဲဟု တိတ်တဆိတ် တွေးတောနေမိကြသည်။
ယန်ရှော့ မြို့ရိုးပေါ်သို့ ရောက်ရှိလာချိန်တွင် ဒုစစ်သူကြီးက သဲကန္တာရထဲတွင် ဆုတ်ခွာသွားသော ရှောင်းလိတို့ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "စစ်သူကြီး... အစောပိုင်းက ရှီးလင်စစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတုန်း သဲကန္တာရထဲကနေ ဘယ်ကမှန်းမသိတဲ့ မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့ ထွက်လာပြီး ရှီးလင်စစ်တပ်ကို အနောက်ဘက်ကနေ အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်။ ရှီးလင်စစ်သူကြီးချုပ် ရှိနေတဲ့ မျှော်စင်ရှေ့ကိုတောင် ရောက်လုနီးပါး ဖြစ်သွားခဲ့တာ! အဲဒါကြောင့် ရှီးလင်စစ်တပ်က အနောက်ကို ပြန်လှည့်ပြီး ဝိုင်းဖမ်းဖို့ လုပ်လိုက်မှ သူတို့က ဆုတ်ခွာသွားတာ"
ယန်ရှော့က ဤစကားကို ကြားသောအခါ မျက်လုံးများ မှေးကာ ထိုအဝေးသို့ ဆုတ်ခွာသွားသော မြင်းစီးတပ်ဖွဲ့ကို အကဲခတ်လိုက်သော်လည်း အလွန် ဝေးကွာလွန်းသဖြင့် ထိုမြင်းစီးတပ်ဖွဲ့ ဝတ်ဆင်ထားသော စစ်ဝတ်စုံ ပုံစံကို မမြင်ရတော့ချေ။
ဒုစစ်သူကြီးက အလွန် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "ရှီးလင်စစ်တပ် ၃သောင်းရဲ့ တိုက်ခိုက်မှုက ပြင်းထန်ပေမယ့် ကျားချောက်တောင်ကြားဂိတ်မှာ သဘာဝအတားအဆီးတွေ ရှိနေလို့ သောင်းဂဏန်း ၃သောင်း မပြောနဲ့၊ နောက်ထပ် တစ်သိန်း လာရင်တောင် တိုက်လို့ရမှာ မဟုတ်ဘူး။ အဲဒီ မြင်းစီးတပ်ဖွဲ့က ငါတို့ကို လာကူညီဖို့ ဒီလောက်တောင် အားထုတ်စရာမှ မလိုတာ..."
သူက ရယ်စရာကောင်းသည်ဟု ထင်မှတ်သွားပြီး ခေါင်းခါရန် ပြင်လိုက်ချိန်တွင် မြို့တွင်းရှိ မကြာသေးမီက ကောလာဟလများကို သတိရသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ အပြုံးများ ပျောက်ကွယ်သွားကာ အစအဆုံး စကားတစ်ခွန်းမှ မပြောသော ယန်ရှော့ကို ကြည့်ပြီး ပြောလိုက်သည်။ "စစ်သူကြီး... အဲဒါများ မင်းသမီးက လွှတ်လိုက်တဲ့ စစ်ကူတွေလား"
စစ်ကူတွေလို့ ပြောတာထက် သူတို့ မြို့ကို ကာကွယ်တာကို ကြီးကြပ်ဖို့ လာတဲ့ 'ကြီးကြပ်ရေးမှူး' လို့ ပြောတာက ပိုမှန်လိမ့်မည်။
အကြောင်းမှာ မြို့ထဲတွင် ယန်ရှော့က ဖေစုန့်ဆီသို့ ခိုလှုံတော့မည် ဆိုသည့် ကောလာဟလများက အစောကြီးကတည်းက ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုစကားကို မေးပြီးနောက် ဒုစစ်သူကြီး၏ ရင်ထဲတွင် အနည်းငယ် မသေမချာ ဖြစ်လာခဲ့၏။ ရှီးလင်က ချန်နိုင်ငံကို ဝိုင်းရံထားသည်မှာ ကြာပြီဖြစ်ပြီး အစောပိုင်းက ချန်နိုင်ငံက တာ့လျန်ဆီကနေ စစ်တပ်ငှားပြီး အကူအညီတောင်းခဲ့ရသေးသည်။ ယခုအချိန်တွင် ကျားချောက်တောင်ကြားဂိတ်ကို လာကူညီရန် လူအင်အားကို မည်သို့ ဖယ်ထုတ်နိုင်မည်နည်း။
ယန်ရှော့က မဖြေခဲ့ဘဲ ထိုမြင်းစီးတပ်ဖွဲ့က ရှီးလင်၏ လိုက်လံဖမ်းဆီးသော စစ်တပ်တစ်ခုကို သဲကန္တာရထဲသို့ ခေါ်ဆောင်သွားပြီး လုံးဝ ပျောက်ကွယ်သွားပြီးနောက်မှ လေးနက်သောအသံဖြင့် စကားတစ်ခွန်း ပြောလိုက်၏။ "စစ်တပ် တစ်ခုလုံး သတိထားပြီး ကျားချောက်တောင်ကြားဂိတ်ကို အသေအလဲ ကာကွယ်ကြ"
ဒုစစ်သူကြီးက အလျင်အမြန် လက်နှစ်ဖက်ကို ယှက်ကာ အမိန့်နာခံလိုက်သည်။
အနောက်ဘက်ရှိ ကျားချောက်တောင်ကြားဂိတ်၏ မြို့ရိုးကို လုံးဝ မမြင်ရတော့ချေ။ အရှေ့ဘက်တွင် နိမ့်ပါးသော သဲသောင်ပြင် တစ်ခု ရှိနေပြီး ရှောင်းလိသည် မြင်းကို အလျင်အမြန် နှင်ချိန်တွင် သဲဖုန်များ မရှူရှိုက်မိစေရန် မျက်နှာတစ်ဝက်ကို မျက်နှာဖုံးဖြင့် အုပ်ထားခဲ့သည်။
သူသည် စစ်တပ်အလယ်မှ ထွက်လာပြီးကတည်းက တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး ရုတ်တရက် ကျောက်ယိုချိုက်၏ နာမည်ကို ခေါ်လိုက်၏။ "ယိုချိုက်"
ကျောက်ယိုချိုက်က မြင်းကို နှင်ကာ အလျင်အမြန် ရှေ့တိုးလာသည်။ "ကျူကျွင်း... ဘာများ ညွှန်ကြားစရာ ရှိလို့လဲ"
ရှောင်းလိက ပြောလိုက်၏။ "မင်းက ဝံပုလွေမြင်းစီးတပ်သားတွေကို ခေါ်ပြီး ဒီရှီးလင်စစ်တပ်ကို အဝေးကြီး ရောက်အောင် ခေါ်သွားပြီးတော့ ဖြတ်ချလိုက်။ ပြီးရင် လောင်ဟူနဲ့ သွားပူးပေါင်း"
ကျောက်ယိုချိုက်က အလျင်အမြန် မေးလိုက်သည်။ "ကျူကျွင်းက ဘယ်ကို သွားမလို့လဲ"
ရှောင်းလိ၏ အေးစက်ခက်ထန်သော မျက်ခုံးများက လေးနက်သွားပြီး ပြောလိုက်၏။ "ဖေစုန့်က ရှီးလင်စစ်တပ်ထဲမှာ မရှိဘူး။ တစ်ခုခု ထူးခြားနေတယ်"
အစောပိုင်းက ရှောင်းလိသည် ရှီးလင်၏ စစ်သူကြီးအဖွဲ့ရှေ့သို့ တစ်ယောက်တည်း မြင်းစီးပြီး ရောက်သွားခဲ့ရာ ကျောက်ယိုချိုက်က သူ ဤသို့ ပြောသည်ကို ကြားသောအခါ အလကားတော့ မဖြစ်နိုင်မှန်း သိလိုက်သည်။ သို့သော် ရှီးလင်က ဤမျှ ကြီးမားသော အင်အားဖြင့် မြို့ကို တိုက်ခိုက်နေချိန်တွင် တကယ့် စစ်သေနာပတိ ဖြစ်သူ ဖေစုန့်က စစ်မျက်နှာပြင်တွင် မရှိနေခြင်းက တကယ်ကို သံသယဖြစ်စရာ ကောင်းလှသည်။
ကျောက်ယိုချိုက်သည် ရှောင်းလိက ဖေစုန့်၏ ခြေရာကို သွားရှာမည်ဖြစ်ကြောင်း သိရှိသွားပြီးနောက် အလျင်အမြန် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။ "ကျူကျွင်း စိတ်ချပါ... ကျွန်တော်က ဒီရှီးလင်လူရိုင်းတွေကို အပြန်လမ်း မမှတ်မိနိုင်လောက်အောင် ခေါ်သွားပြီးတော့ အကုန်လုံးကို ဖြတ်ချလိုက်ပါ့မယ်!"
ရှောင်းလိက ဘာမှ ထပ်မပြောတော့ဘဲ ကိုယ်ရံတော် ဆယ်ယောက်ကျော်ကို ရွေးချယ်ကာ အရှေ့ဘက် သဲသောင်ပြင်ကို ကွေ့သွားချိန်တွင် အခြားလမ်းတစ်လမ်းကို ရွေးချယ်ပြီး နောက်သို့ ပြန်လှည့်သွားလေသည်။
သူ၏ ကိုယ်ရံတော်များသည် ဝံပုလွေမြင်းစီးတပ်သားများထဲတွင် အတော်ဆုံး ကင်းထောက်များ ဖြစ်ကြသည်။ သူ့အမိန့်ကို ရရှိပြီးနောက် လျှို့ဝှက်စွာ သွားရောက် စုံစမ်းခဲ့ကြသော်လည်း ဖေစုန့်၏ အရိပ်အယောင်ကို အနည်းငယ်မျှပင် မတွေ့ရချေ။
နေမင်းကြီးက ဖြည်းဖြည်းချင်း အနောက်ဘက်သို့ ယိမ်းယိုင်လာနေပြီး ရှောင်းလိ၏ လည်ပင်းစွန်းသည် ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ သူသည် ကင်းထောက်၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ယခုလေးတင် သောက်ထားသော ရေဘူးကို ဆုပ်ကိုင်ထားကာ မျက်မှောင်ကြုတ်လိုက်ရာ ထိုချောမောသော မျက်နှာပေါ်တွင် ရှားရှားပါးပါး အနည်းငယ် စိတ်မရှည်မှုများ ဖြစ်ပေါ်လာတော့သည်။
သူက ရေဘူးကို ပိတ်ကာ ကုန်းနှီးအရှေ့ဘက်တွင် ပြန်ချိတ်လိုက်ချိန်တွင် စေလွှတ်ထားသော နောက်ဆုံး ကင်းထောက်က အသက်ရှူပြင်းပြင်းဖြင့် ပြေးလာပြီး ပြောလိုက်၏။ "ကျူကျွင်း! ရှီးလင်စစ်တပ်ထဲက ဒီမနက်ပိုင်းက လူတစ်စု ခြောက်သွေ့နေတဲ့ မြစ်ဝှမ်းတစ်လျှောက် အထက်ကို တက်သွားတယ်။ ရေသွားရှာတာ ထင်ရတယ်!"
...