← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အပိုင်း (၂၅၄.၁)

အနောက်ဘက်နယ်စပ်၏ ရာသီဥတုက အပြောင်းအလဲများလွန်းလှသည်။ ပူပြင်းသော နေမင်းကြီးက တိမ်တိုက်များထဲသို့ ပုန်းကွယ်သွားကာ ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှိုင်းညို့လာပြီး မီးခိုးရောင် လွှမ်းခြုံသွားလေသည်။

မြင်းလှည်းသည် သွေးများစွန်းထင်းနေသော မြေပြင်ကို ဖြတ်သန်းကာ မြို့ပြင်သို့ မောင်းနှင်သွား၏။ ထိုကလေးငယ်သည် နောက်ဆုံးတွင် သူ၏မိဘများ၏ ရုပ်အလောင်းများထံသို့ တွားသွားသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။ "အဖေ... အမေ..."

မကြာမီမှာပင် ပဲစေ့အရွယ်အစားရှိသော မိုးပေါက်ကြီးများ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။

မြင်းလှည်းက အရှိန်အဟုန်ဖြင့် ပြေးလွှားနေစဉ် လေအေးများကြောင့် မြင်းလှည်းခန်းဆီးက ယိမ်းထိုးနေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ တောင်တန်းများနှင့် လွင်ပြင်များကို တစ်ခါတစ်ရံ မြင်တွေ့နေရကာ ကျားချောက်တောင်ကြားဂိတ် အရှေ့ဘက်မြို့တံခါးမျှော်စင်၏ အရိပ်ကိုပင် မမြင်ရတော့ချေ။

ဖေစုန့်သည် မြင်းလှည်းအတွင်းတွင် ထိုင်နေပြီး သူ၏လက်ပေါ်ရှိ သွေးကွက်များကို ပိုးပဝါဖြင့် သေချာစွာ သုတ်သင်နေလေသည်။

လေတိုက်သံ၊ မိုးရွာသံနှင့် ဘီးလှိမ့်သံများအားလုံးက နားထဲတွင် ဆူညံစွာ ထွက်ပေါ်နေ၏။ သို့သော် ထိုဆူညံသံများကြားတွင် လူကို ထိတ်လန့်သွားစေနိုင်သော တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုက ပြန့်နှံ့နေပြန်သည်။

ဖေစုန့်သည် လက်ချောင်းထိပ်များမှ သွေးများကို ပြောင်စင်အောင် သုတ်လိုက်ပြီး သူ၏ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ်စေ့ကာ မျက်လုံးများကို ပင့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသော မြင်းလှည်းသည် လမ်းမကြီးပေါ်ရှိ ချိုင့်ခွက်တစ်ခုထဲသို့ ဝင်သွားသကဲ့သို့ ဖြစ်သွားသည်။ ရုတ်တရက် ရွှံ့ရေများ အနှံ့အပြားသို့ စင်ထွက်သွားပြီး မြင်းလှည်းတစ်စီးလုံး ရှေ့သို့ ရုတ်ချည်း ယိမ်းယိုင်သွားတော့၏။

မြင်းဟီသံများကြားတွင် မြင်းလှည်းမောင်းနေသော သိမ်းငှက်အမဲလိုက်ခွေးက အလန့်တကြား အော်ဟစ်လိုက်သည်။ "ရန်သူတွေ တိုက်ခိုက်နေပြီ"

ဖေစုန့်သည် ခန္ဓာကိုယ်ကို ငြိမ်သက်သွားစေရန် မြင်းလှည်းနံရံကို လက်တစ်ဖက်ဖြင့် ထောက်လိုက်လေသည်။

မြင်းလှည်းအမိုးပေါ်မှ ကျယ်လောင်သော အသံကြီးနှင့်အတူ နှင်းပွင့်ကဲ့သို့ တောက်ပနေသော ဓားရှည်ကြီးက ဆွေးမြည့်နေသော သစ်သားကို ခုတ်ပိုင်းလိုက်သကဲ့သို့ မြင်းလှည်းအမိုးနှင့် ဘယ်ဘက်နံရံကို ဖိချကာ တည့်တည့်မတ်မတ် ခုတ်ပိုင်းချလိုက်သည်။

သံပြားများဖြင့် အခိုင်အမာ တည်ဆောက်မထားသည့် ဤမြင်းလှည်းသည် ထိုကြီးမားလှသော အင်အားအောက်တွင် ချက်ချင်းပင် သစ်သားစအပုံအဖြစ်သို့ ပြောင်းလဲသွားတော့၏။

မိုးပေါက်များက အတွင်းသို့ ပြင်းထန်စွာ ဝင်ရောက်လာပြီး မျက်လုံးပင် မဖွင့်နိုင်လောက်အောင် သည်းထန်နေလေသည်။

ဖေစုန့်သည် ထိုအေးစက်နေသော ဓားသွားကို ရှောင်တိမ်းရန် နောက်သို့ ဆုတ်လိုက်ပြီး မြင်းဟီသံများနှင့် လွင့်စင်လာသော သစ်သားစများကြားမှ အနောက်သို့ ခုန်ဆုတ်သွားကာ မြင်းလှည်းကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်းဖျက်ဆီးလိုက်သော လူကို ကြည့်လိုက်၏။

တစ်ဖက်လူသည် လမ်းမကြီး၏ အတွင်းဘက်ရှိ မြင့်မားသော ကုန်းစွန်းမှနေ၍ မြင်းစီးကာ ခုန်ဆင်းလာခြင်း ဖြစ်သည်။ အရှိန်ယူ၍ ဤဓားချက်ကို ခုတ်ပိုင်းလိုက်ပြီးနောက် စစ်မြင်း၏ ခြေလေးဖက်လုံး မြေပြင်ပေါ်သို့ ကျရောက်သွား၏။ အရှိန်ကြောင့် ရှေ့သို့ ဆက်လက် ပြေးသွားချင်သေးသော်လည်း သူ့က လက်တစ်ဖက်တည်းဖြင့် ဇက်ကြိုးကို ပြင်းပြင်းထန်ထန် ဆွဲကိုင်ကာ ထိန်းချုပ်လိုက်သဖြင့် မြင်းက ရှေ့ခြေထောက်များကို မြှောက်ကာ အဆက်မပြတ် ဟီနေလေသည်။

တစ်ဖက်လူ၏ အနောက်ဘက်တွင် လျှပ်စီးများ လက်သွားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ မြင်းစီးစစ်သည် ဒါဇင်ပေါင်းများစွာသည် ကုန်းစွန်းအနောက်ဘက်မှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကြသည်။ ဤသည်မှာ မြေပြင်အနေအထားကို ကျွမ်းကျင်သော ကျားချောက်တောင်ကြားဂိတ်မှ စစ်သည်များက လမ်းပြကာ ဖြတ်လမ်းမှလာ၍ သူတို့ကို တားဆီးထားခြင်း ဖြစ်ကြောင်း သိသာသည်။

မြင်းကျောပေါ်ရှိ ထိုလူ၏ အေးစက်စူးရှသော မျက်လုံးများကို ကြည့်လိုက်ရချိန်တွင် ဖေစုန့်၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်သွားပြီး တစ်ကိုယ်လုံးရှိ သွေးလှည့်ပတ်မှု ရုတ်တရက် မြန်ဆန်သွားမှုကြောင့် လက်ချောင်းထိပ်များတွင်ပင် ထုံကျဉ်မှုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

သူ့ကို ကြည့်နေသော တစ်ဖက်လူ၏ အကြည့်များက အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ကာ ရန်ငြိုးများဖြင့် ပြည့်နှက်နေ၏။

ယုံကျိုး လသာညမှာတုန်းက လိုပင်။

မမြင်ရသည့် လောကထဲမှာ တစ်ခုခုက ကြိုတင် သတ်မှတ်ထားပြီးသား ဖြစ်နေပုံရသည်။

ဖေစုန့်သည် နှာခေါင်းရှုံ့ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "မင်းကိုး"

အနည်းငယ် အံ့ဩသွားသော်လည်း ဤအချိန်တွင် တစ်ဖက်လူ ကျားချောက်တောင်ကြားဂိတ်အတွင်းသို့ ဝင်ရောက်လာချိန်၌ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူ ချက်ချင်းပင် နားလည်သွားခဲ့သည်။

သူသည် အေးစက်ရက်စက်သော မျက်လုံးများဖြင့် လက်ဟန်ပြလိုက်ရာ သိမ်းငှက်အမဲလိုက်ခွေးများ၏ တစ်ဝက်ခန့်သည် မိုးရေများကို ဖြတ်သန်းကာ ရှေ့သို့ တိုက်ခိုက်ရန် ပြေးဝင်သွားကြလေသည်။

ရှောင်းလိသည် မြင်းဗိုက်ကို ပြင်းပြင်းထန်ထန် ညှပ်ကာ အရှိန်အဟုန်ဖြင့် ပြေးလွှားရင်း လူများအားလုံးကို ဝင်တိုက်ဖယ်ရှားလိုက်၏။

လျှပ်စီးလက်ပြီး မိုးခြိမ်းသံများကြားတွင် သူ၏လက်ထဲရှိ အေးစက်ဖြူလျော့နေသော ဓားသွားက ဖေစုန့်၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ခုတ်ပိုင်းချလိုက်ချိန်တွင် ဖေစုန့်က သူ၏ဓားကို ဆွဲထုတ်ကာ ကာကွယ်လိုက်၏။

လက်နက်နှစ်ခုသည် မိုးရေထဲတွင် ရိုက်ခတ်သွားပြီး နားကွဲမတတ် အသံကြီး ထွက်ပေါ်လာသည်။ ဖေစုန့်၏ လက်ဖမိုးနှင့် လက်မောင်းနှစ်ဖက်လုံး ထုံကျဉ်သွားပြီး ဓားရှည်က လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွား၏။ ထိုဓားချက်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ဖယ်ရှားနိုင်ရန်အတွက် ရွှံ့ဗွက်ထနေသော လမ်းမကြီးပေါ်တွင် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရလေသည်။

ထိတ်လန်သွားသည့်စိတ်က မပြယ်သေးခင်မှာပင် ဒုတိယမြောက် ကန့်လန့်ဖြတ် ဓားချက်က ထပ်မံ ရောက်ရှိလာသည်။ ဖေစုန့်သည် မျက်လုံးများ စူးရှသွားပြီး ဓားဖြင့် ဆက်လက် ကာကွယ်လိုက်သော်လည်း စူးရှသော ရိုက်ခတ်သံတစ်သံကိုသာ ကြားလိုက်ရပြီး သူနှင့်အတူ အချိန်အတော်ကြာ ရှိနေခဲ့သော မိမိ၏ဓားမှာ အက်ကွဲသွားကာ လက်ဖမိုးမှာလည်း ပေါက်ပြဲသွားပြီး နီရဲနေသော သွေးစက်များ စီးကျလာတော့သည်။

လုံးဝကို ဝန်မခံချင်သော်ငြား ဤအခိုက်အတန့်တွင် ဖေစုန့်သည် နှလုံးခုန်မြန်လာသည်အထိ ကြောက်ရွံ့မှုကို အမှန်တကယ် ခံစားလိုက်ရသည်။

အရင်တုန်းက သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသလို အလွယ်တကူ အသက်ယူနိုင်ခဲ့တဲ့ ဒီခွေးလေခွေးလွင့်လေးက အရမ်းကို မြန်မြန်ဆန်ဆန် ကြီးပြင်းလာခဲ့ပြီပဲ။

အချိန်သုံးနှစ်ဆိုတဲ့ ကာလတိုလေးအတွင်းမှာ သူက ဝေ့ချီရှန်းရဲ့ နေရာကို ဆက်ခံပြီး မြောက်ပိုင်းနယ်စပ်ကို အုပ်ချုပ်နိုင်ခဲ့တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

သူ၏ နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော ခံစားချက်က မည်သို့သော ခံစားချက်မျိုးဖြစ်ကြောင်းကို ရှင်းပြ၍ မရနိုင်ချေ။

မကျေနပ်ချက်များကြောင့်လည်း ဖြစ်နိုင်သလို လက်မခံနိုင်သည့် စိတ်ကြောင့်လည်း ဖြစ်နိုင်သော်ငြား ဒီအခိုက်အတန့်တွင် ဖေစုန့်၏ ခေါင်းထဲ၌ ပေါ်လာသည့် တစ်ခုတည်းသော အတွေးမှာ...

ဒီလူ့ရှေ့မှာ ငါ အရှုံးမပေးနိုင်ဘူး။

ဖေစုန့်သည် အံကြိတ်ကာ အဆုတ်များ ပူလောင်လာသည်အထိ ပြင်းထန်သော ခံစားချက်များအားလုံးကို သူ၏နှုတ်ခမ်းပေါ်ရှိ လှောင်ပြောင်မှုတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်၏။ သူ့ဓားက ဓားရှည်နှင့် ပွတ်တိုက်ကာ စောင်းသွားချိန်တွင် သွားကျိန်းလောက်အောင် ဆူညံသော သတ္တုပွတ်တိုက်သံများကြားမှ လှောင်ပြောင်လိုက်သည်။ "ချင်ယီရဲ့ စစ်မှန်တဲ့ အမွေကို ရထားတာ မဟုတ်ဘူးလား။ ဒီလောက်လေးပဲ တတ်တာလား"

ဓားသွားနှစ်ခု အပြန်အလှန် ဖြတ်သန်းသွားချိန်တွင် မိုးပေါက်များစွာကို ပိုင်းဖြတ်သွားခဲ့သည်။ သူသည် ရှေ့သို့ ရုတ်တရက် တိုးဝင်သွားကာ ရှောင်းလိ၏ ရက်စက်သော ကန့်လန့်ဖြတ် ဓားချက်ကို ရှောင်တိမ်းလိုက်ပြီး မြင်း၏ခြေထောက်များကို ခုတ်ပိုင်းရန် ကိုယ်ကို ကိုင်းလိုက်လေသည်။

ရှောင်းလိ၏ အမူအရာက အေးစက်နေပြီး လက်တစ်ဖက်ဖြင့် ဇက်ကြိုးကို တင်းကျပ်စွာ ဆွဲကိုင်လိုက်ရာ အောက်ရှိ မြင်းက ဟီသံပြုရင်း ရှေ့ခြေထောက်များကို ဘေးဘက်သို့ မြှောက်လိုက်သည်။ ထို့နောက် လက်ထဲရှိ ဓားရှည်ကို နောက်သို့ လှည့်ကာ မိုးပေါက်များကို ထက်အောက်ခွဲဖြတ်လျက် ပြင်းထန်စွာ ခုတ်ချလိုက်၏။

ဖေစုန့်၏ တိုက်ခိုက်မှုက ပစ်မှတ်ကို လွဲချော်သွားခဲ့၏။ ဓားကို အလောတကြီး မြေပြင်တွင် ထောက်ကာ ခန္ဓာကိုယ်ကို လှည့်လိုက်ရမှသာ ဤဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။

ရှောင်းလိက အေးစက်စွာ ပြောလိုက်လေသည်။ "သေရမယ့်လူက ပါးစပ်ပဲ အရသာခံနေတာပဲ"

အေးစက်သော မိုးရေထဲတွင် ဖေစုန့်သည် စောစောက ပြင်းထန်သော တိုက်ပွဲအတွင်း မျက်နှာပေါ်သို့ စင်လာသော ရွှံ့များကို သုတ်ပစ်လိုက်သည်။ အသက်ရှူနေစဉ်အတွင်း သူ၏ လက်မခံနိုင်မှုနှင့် ဒေါသတရားများ အားလုံးက ဤအခိုက်အတန့်တွင် သူ၏ မျက်လုံးထဲ၌ ရှင်းလင်းစွာ ပေါ်လွင်နေ၏။

သိမ်းငှက်အမဲလိုက်ခွေးများနှင့် မြင်းတပ်သားများက အပြင်းအထန် ရောယှက်တိုက်ခိုက်နေကြပြီး သူတို့နှစ်ဦး၏ ကြားတွင် ပိတ်ဆို့နေလေသည်။

ရှောင်းလိသည်လည်း မြင်းကို စွန့်လွှတ်လိုက်ပြီး ဓားကို ကိုင်ဆောင်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

သူတို့နှစ်ဦးသည် အပြင်းအထန် တိုက်ခိုက်နေကြသော စစ်သည်များနှင့် မြင်းများကို ကျော်လွန်ကာ တစ်ယောက်ကိုတစ်ယောက် အေးစက်စွာ စိုက်ကြည့်နေကြပြီးနောက် ရွှံ့ဗွက်ထနေသော မြေပြင်ကို နင်းကာ အရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြပြီး ဓားသွားနှစ်ခုမှာ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားတော့၏။

အကြည့်ချင်း ဆုံသွားချိန်တွင် နှစ်ဦးစလုံး၏ မျက်လုံးများထဲ၌ သွေးစွန်းနေသော အငွေ့အသက်များ ပြည့်နှက်နေပြီး တစ်ဖက်လူ မသေမချင်း အရှုံးမပေးလိုသော ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။

ဓားကို ဆွဲထုတ်ကာ ထပ်ခုတ်သည်။ ထပ်ကာကွယ်သည်။ ထပ်ကာကွယ်သည်။ ထပ်ခုတ်သည်။ ဓားသွားနှစ်ခုသည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ မီးပွားများ ထွက်လာလုနီးပါးပင်။

သူတို့နှစ်ဦးသည် မုန်တိုင်းထဲတွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေသော ဂျင်နှစ်ခုနှင့် တူနေ၏။ လှုပ်ရှားမှုတိုင်းက အသက်ကို ပဓာနမထားသော တိုက်ခိုက်မှုမျိုး ဖြစ်နေသည်။ မိုးပေါက်များကြားတွင် ဓားသွားများက မရေမတွက်နိုင်သော အရိပ်များကို ဖန်တီးနေပြီး ပတ်ဝန်းကျင်တွင် ဓားသွားများမှ လွင့်စင်လာသော ရေပေါက်များဖြင့် ပြည့်နှက်လို့နေသည်။ သူတို့ တိုက်ခိုက်နေစဉ်အတွင်း မြေပြင်ပေါ်ရှိ ရေအိုင်ငယ်များမှာလည်း ခြေထောက်ဖြင့် နင်းမိသဖြင့် အရပ်မျက်နှာအနှံ့ စင်ထွက်နေလေရာ သိမ်းငှက်အမဲလိုက်ခွေးများနှင့် ဝံပုလွေတပ်ကြမ်းများသည် ကူညီချင်သော်လည်း လုံးဝ ဝင်ရောက်စွက်ဖက်၍ မရနိုင်ခဲ့ချေ။

ရှုပ်ပွနေသော ခြေရာများသည် လမ်းမကြီးမှတစ်ဆင့် ရေအများအပြား စုဝေးနေသော လမ်းမကြီးအောက်ဘက်ရှိ ချိုင့်ဝှမ်းဆီသို့ ပျံ့နှံ့သွားခဲ့သည်။

သူတို့နှစ်ဦး အပြင်းအထန် တိုက်ခိုက်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သဖြင့် ဖေစုန့်၏ လက်မောင်းနှစ်ဖက်မှာ နာကျင်ထုံကျဉ်လာပြီ ဖြစ်သည်။ လက်ဖမိုးမှ စီးကျလာသော သွေးများကလည်း လက်ဖဝါးတစ်ခုလုံးကို စိုရွှဲသွားစေပြီး မိုးရေထဲတွင် ပိုစေးကပ်နေတော့၏။

သူတို့၏ အဝတ်အစားများမှတစ်ဆင့် မြေပြင်ပေါ်သို့ စီးကျလာသော မိုးရေများတွင်လည်း သွေးနီရောင်များ စွန်းထင်းနေသည်။ လျှပ်စီး ထပ်မံ လက်သွားချိန်တွင် သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်ပေါ်၌ ကြောက်မက်ဖွယ်ရာ ဒဏ်ရာများစွာ ရှိနေသည်ကို မြင်တွေ့နိုင်လေသည်။

သို့သော် ရှောင်းလိ ခုတ်ပိုင်းလိုက်သော ဓားချက်တိုင်း၏ အင်အားမှာ ကြမ်းတမ်းနေဆဲပင်။ ဖေစုန့်၏ လက်ထဲရှိ သံမဏိဖြင့် ပြုလုပ်ထားသော ဓားမှာ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး အသုံးမကျသော သံတိုသံစတစ်ခုလို ဖြစ်နေလေပြီ။

မိုးရေများက ရှောင်းလိ၏ မျက်နှာပေါ်သို့ ကျဆင်းလာပြီး ယခင်က သတ်ဖြတ်မှုများအတွင်း မျက်နှာပေါ်တွင် ခြောက်သွေ့နေသော သွေးကွက်များကို ဆေးကြောပေးလိုက်ရာ အလွန်ဖျော့တော့သော နီရဲရဲ ရေပေါက်များအဖြစ် မေးရိုးမှတစ်ဆင့် စီးကျသွားလေသည်။ သူ၏ မျက်ဖြူလွှာများမှာ သွေးကြောများဖြင့် နီရဲနေပြီး ၎င်းမှာ အမုန်းတရားများသာမက အချိန်အတော်ကြာ စုပုံနေခဲ့သော ငြိမ်းသတ်၍မရသည့် ဒေါသတရားများပင်။

ဖေစုန့်သည် ဤသေစေနိုင်လောက်သော အင်အားကို တဖြည်းဖြည်း မခံနိုင်တော့ဘဲ ကာကွယ်နေစဉ်အတွင်း ရွှံ့ဗွက်များကို နင်းကာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရ၏။

ရှောင်းလိ၏ မျက်လုံးများထဲရှိ နီရဲသော အရောင်က ပိုပြင်းထန်လာပြီး အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေစဉ်အတွင်း နောက်တစ်ကြိမ် ရက်စက်စွာ ဓားကို ဝှေ့ယမ်းလိုက်သည်။ ဖေစုန့်က ဓားကို မြှောက်ကာ ကာကွယ်လိုက်သော်လည်း လက်ထဲရှိ တုံးတိနေသော ဓားမှာ ဤအင်အားကို လုံးဝ မခံနိုင်တော့ဘဲ ကျိုးပဲ့သွားတော့သည်။ ကျိုးသွားသော ဓားသွားက ဘေးဘက်သို့ လွင့်စင်သွားပြီး သူ၏ မျက်နှာပေါ်တွင် သွေးထွက်နေသော ခြစ်ရာတစ်ခုကို ချန်ရစ်ခဲ့၏။

အံ့ဩထိတ်လန့်မှု၊ ဒေါသနှင့် လက်မခံနိုင်မှုများက ဖေစုန့်၏ မျက်နှာပေါ်တွင် တစ်ပြိုင်နက်တည်း ပေါ်လွင်လာ၏။ သူသည် အလောတကြီး နောက်ဆုတ်လိုက်မှသာ ဤသေစေနိုင်သော ဓားချက်ကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် ရှောင်းလိက သူ့ကို အသက်ရှူဖို့ အချိန်ပင် မပေးဘဲ အရှိန်ယူပြီး ခြေထောက်ကို ပြင်းပြင်းထန်ထန် မြှောက်ကာ သူ့ရင်ဘတ်ကို ကန်ချလိုက်လေသည်။

ဖေစုန့်သည် အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ ရင်ဘတ်ကို အပြင်းအထန် အကန်ခံလိုက်ရသည်။ ချက်ချင်းပင် လည်ချောင်းထဲမှ သွေးညှီနံ့များ ဆန်တက်လာပြီး အနောက်သို့ လွင့်စင်သွားတော့၏။ မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် ကျိုးနေသော ဓားကို မြေပြင်ပေါ်သို့ အတင်းအကျပ် ထိုးစိုက်လိုက်ပြီး ခန္ဓာကိုယ်ကို ငြိမ်သက်သွားစေရန် လက်တစ်ဖက်ဖြင့် မြေပြင်ကို ထောက်ကာ ဒူးကို ကွေးထားလိုက်ရသဖြင့် အလွန်အမင်း သနားစဖွယ် အခြေအနေသို့ မရောက်ခဲ့ချေ။

သို့သော် လတ်လတ်ဆတ်ဆတ် သွေးတစ်လုပ်ကတော့ ပြင်းထန်စွာ ပန်းထွက်လာပြီး သူ၏ အတွင်းကလီစာများ အားလုံး ဗြောင်းဆန်သွားလေ၏။

သည်ကန်ချက်က ရက်စက်လွန်းလှသည်။

"ကျူကျွင်း" အနီးအနားရှိ သိမ်းငှက်အမဲလိုက်ခွေး အချို့က သူ့ကို တွဲထူရန် အပြေးအလွှား ရောက်ရှိလာကြသော်လည်း ဖေစုန့်က လက်တစ်ဖက်ဖြင့် ပုတ်ထုတ်လိုက်သည်။

သူက နှုတ်ခမ်းထောင့်ရှိ သွေးကွက်များကို လက်ဖြင့် သုတ်ဖယ်လိုက်ပြီး လည်ချောင်းထဲသို့ ဆန်တက်လာသော သွေးညှီနံ့များကို အားလုံး မျိုချလိုက်ကာ လှောင်ပြောင်လိုက်၏။ "ဒီလောက် အင်အားလေးက ယားလို့ ကုတ်တဲ့ အားလောက်ပဲရှိတယ်"

ရှောင်းလိသည် မုန်တိုင်းထဲတွင် သူ့ဓားသွားကို ဘေးတိုက်လှည့်လိုက်သည်။ "နောက်ဆုံးစကားတွေ ပြောလို့ပြီးပြီလား။ ပြီးရင်တော့ သွားသေလိုက်တော့"

ဖေစုန့်၏ နဖူးပေါ်ရှိ သွေးကြောများက ပြင်းထန်စွာ ခုန်ပေါက်နေပြီး ကြီးမားလှသော စော်ကားမှုကို ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ သိမ်းငှက်အမဲလိုက်ခွေးများက သူ့ရှေ့တွင် ကာကွယ်ရန် ဓားကို ကန့်လန့်ဖြတ် ကိုင်ဆောင်ထားချိန်တွင် သူသည် သိမ်းငှက်အမဲလိုက်ခွေးတစ်ဦး၏ လက်ထဲမှ ဓားရှည်ကို လုယူကာ မြေပြင်ကို ထောက်၍ မတ်တတ်ရပ်လိုက်ပြီး ရှောင်းလိထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ကာ အော်ဟစ်လိုက်လေသည်။ "မောက်မာလိုက်တာ"

ရှောင်းလိက သူ့ရှေ့တွင် ဓားကို ကန့်လန့်ဖြတ် ကာကွယ်လိုက်ကာ ဤတိုက်ခိုက်မှုကို အလွယ်တကူပင် ခုခံနိုင်ခဲ့သည်။

ဖေစုန့်ကလည်း ဓားကို စောင်းကာ နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။ သူ၏ တိုက်ခိုက်မှု အရှိန်က အလွန်မြန်ဆန်ပြီး ဓားရေးကလည်း ခန့်မှန်းရခက်လှသဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားတွင် သူတို့နှစ်ဦး၏ လျင်မြန်စွာ ရိုက်ခတ်နေသော လက်နက်များ၏ အရိပ်များကိုသာ မြင်တွေ့နိုင်လေသည်။

သို့သော် သူတို့နှစ်ဦးလုံး အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေကြပြီ။

ထိုကန်ချက်ကြောင့် ဖေစုန့်၏ အတွင်းကလီစာများသည် အဆက်မပြတ် ဗြောင်းဆန်နေပြီး အသက်ကိုပင် မမှုဘဲ တိုက်ခိုက်နေစဉ်အတွင်း လည်ချောင်းထဲတွင် သွေးညှီနံ့များ ထပ်မံ ဆန်တက်လာသည်ကို အမြဲတမ်း ခံစားနေရ၏။

ရှောင်းလိသည် ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ မွေးရာပါ အားသာချက် ရှိသော်လည်း ကျားချောက်တောင်ကြားဂိတ် မြို့ပြင်တွင် သေမလောက် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခဲ့ရပြီး ဤနေရာအထိ အပြေးအလွှား လာရောက်ကာ သေရေးရှင်ရေး တိုက်ခိုက်နေရခြင်း ဖြစ်သည်။ ယခင်က ရရှိခဲ့သော ဒဏ်ရာများသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြာနှမ်းနေပြီဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲအတွင်း ဖိမိ၊ ဆွဲမိချိန်တွင် သွေးစက်လေးများ ပြန်စိမ့်ထွက်လာခဲ့၏။

သို့သော် သူတို့နှစ်ဦးလုံးသည် နောက်ဆုံးအထိ အသေခံတိုက်ခိုက်ရန်ကလွဲပြီး နောက်ဆုတ်ရန် နည်းနည်းလေးမှ စိတ်ကူးမရှိကြချေ။

ဖေစုန့်သည် သူ၏ တိုက်ခိုက်မှုများ ပိုမို နှေးကွေးလာသည်ကို ခံစားနေရ၏။ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ဓားကို ဝှေ့ယမ်းကာ မျက်နှာချင်းဆိုင်ရှိ အရိပ်ကို သေချာစွာ မြင်နိုင်ရန် ကြိုးစားနေချိန်တွင် သူ့နှလုံးသားထဲ၌ အနိုင်ရလိုစိတ်သည် တစ်ခါမှ ဤမျှလောက် မပြင်းထန်ခဲ့ဖူးချေ။ ထို့ကြောင့် သူ၏ လောင်ကျွမ်းနေသော အဆုတ်များနှင့် အာရုံခံစားမှု ကင်းမဲ့လုနီးပါး ဖြစ်နေသော လက်မောင်းနှစ်ဖက်က သူ့ကို လဲမကျသွားစေရန် ဆက်လက် ထိန်းထားပေးနိုင်နေသည်။

ငါ နိုင်ရမယ်။

ငါ့ရှေ့ကလူကို ငါ မဖြစ်မနေ အနိုင်ယူရမယ်။

သူသည် နောက်တစ်ကြိမ် ဓားကို ဝှေ့ယမ်းပြီးနောက် ရုတ်တရက် အေးစက်ရက်စက်စွာ ပြုံးကာ ပြောလိုက်၏။ "မင်းအမေ ဘယ်လိုသေသွားလဲဆိုတာ မင်း သိလား"

ရှောင်းလိ၏ ဓားကို ကာကွယ်မည့် လှုပ်ရှားမှုက အနည်းငယ် နှေးကွေးသွားပြီး ဖေစုန့်၏ ဓားသွားက သူ၏ လက်မောင်းကို ခြစ်မိလုနီးပါး ဖြစ်သွား၏။

"သူက အရမ်းမိုက်မဲတယ်။ သခင်မကြီးကို ကာကွယ်ဖို့ ရှင်းလဲ့ရဲ့ ဓားချက်ကို ခံလိုက်ရပြီးတဲ့နောက် ငါ သူ့ကို ကယ်ခဲ့တာ။ သူက ငါ့ကို ကျိုးအိမ်တော်က အစောင့်လို့တောင် ထင်ပြီး ငါ ပြောသမျှ အကုန်ယုံခဲ့တယ်။ ပြီးတော့ ငါက သူ့ကို မင်းဆီ ခေါ်သွားပေးလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ဟန့်ယန်က သူ့ကို ရှာဖို့ လူတွေ အကြိမ်ကြိမ် လွှတ်ခဲ့ပေမယ့် သူက ငါ့စကားကို ယုံပြီး သူ့အမည်ကို ဖုံးကွယ်ထားခဲ့တယ်လေ။ ပုန်ကန်တဲ့ စစ်တပ်က သူ့ကို ရှာနေတယ်လို့ အခိုင်အမာ ယုံကြည်နေခဲ့တာလေ..."

ဖေစုန့်၏ ဓားက မိုးပေါက်များကို ခွဲဖြတ်ကာ ရှောင်းလိ၏ လက်ထဲရှိ ဓားရှည်နှင့် နောက်တစ်ကြိမ် ရိုက်ခတ်သွားပြီး ရူးသွပ်ရက်စက်စွာ ရယ်မောလိုက်သည်။ "သူ့ရဲ့ မိုက်မဲမှုကြောင့်ပဲ သေသွားခဲ့ရတာပေါ့"

...

အပိုင်း (၂၅၄.၂)

ရှောင်းလိ၏မျက်လုံးများက ရဲရဲတောက်လို့နေ၏။ ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ လက်မောင်းနှစ်ဖက်ကို အားကုန်သုံး၍ ဖေစုန့်က ဖိချလာသော ဓားသွားကို တွန်းဖယ်လိုက်ပြီး ဓားကိုမြှောက်ကာ ရက်ရက်စက်စက် ခုတ်ချလိုက်သည်။ သူသည် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲကာ သွားကြားမှ စကားလုံးတစ်လုံးချင်းစီကို အံကြိတ်၍ ပြောလိုက်လေသည်။ "မင်းလို အမှိုက်ကောင်က သေသင့်တယ်"

ဖေစုန့်သည် သူ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားရ၏။ ဒေါသကြောင့် ဘာမှကို မမြင်နိုင်လောက်အောင် ဖြစ်နေသည့် ရှောင်းလိသည် ရှိသမျှ ခွန်အားအားလုံးကို ဓားသွားထဲသို့ ထည့်သွင်းထားပြီး ခုတ်ချက်တိုင်းက ပြင်းထန်သော လေလှိုင်းများ ပါဝင်နေသော်လည်း ဟာကွက်များလည်း မကြာခဏ ပေါ်ထွက်နေခဲ့သည်။

ဒါက ဖေစုန့်၏ ရည်ရွယ်ချက်ပင်။

သူက ဟာကွက်ကို အမိအရ ဆုပ်ကိုင်ကာ ရှောင်းလိ၏ လည်ပင်းဆီသို့ သူ့ဓားကို ဝေ့ယမ်းလိုက်လေသည်။ ရှောင်းလိသည် ခန္ဓာကိုယ်ကို နောက်သို့ လှန်လိုက်သော်လည်း အနည်းငယ် နောက်ကျသွားသဖြင့် လည်ပင်းဘေးတွင် သွေးထွက်သွားသော ခြစ်ရာတစ်ခု ရရှိသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့လက်ထဲရှိ ဓားရှည်ကို အချိန်မီ ကန့်လန့်ဖြတ် ခုတ်ပိုင်းလိုက်နိုင်သောကြောင့် ဖေစုန့်သည် ဓားသွားကို ဆက်လက် ဖိချမည့် လုပ်ရပ်ကို စွန့်လွှတ်လိုက်ရပြီး နောက်သို့ဆုတ်ကာ ရှောင်တိမ်းလိုက်ရလေသည်။

ဖေစုန့်၏ မျက်နှာက အလွန်အမင်း ရှုံ့မဲ့နေပြီး တိုက်ခိုက်နေစဉ်အတွင်း အေးစက်စွာ ပြုံးကာ ဆက်ပြောလိုက်လေသည်။ "သူ မသေခင်က မင်းအတွက် ဖိနပ်အသစ်ချုပ်ပေးပြီး အင်္ကျီအသစ်တွေ ချုပ်ပေးခဲ့သေးတယ်။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးက မီးကြီးထဲမှာ လောင်ကျွမ်းသွားခဲ့တော့ မင်း တစ်ချက်လေးတောင် မမြင်လိုက်ရဘူး မဟုတ်လား"

ထိုညက ရှောင်းအိမ်တော် တစ်ခုလုံး မီးတောက်များထဲတွင် လွှမ်းခြုံခံခဲ့ရသော ကြောက်မက်ဖွယ် မြင်ကွင်းက ရှောင်းလိ၏ မျက်လုံးထဲတွင် နောက်တစ်ကြိမ် ပြန်လည်ပေါ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ အသားအရေများသည်လည်း ထိုမီးတောက်များ၏ လောင်ကျွမ်းမှုဒဏ်ကို ခံစားနေရသကဲ့သို့ ပူလောင်နာကျင်လာပြီး ဖေစုန့်နှင့် ဓားရှည်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နေစဉ်မှာပင် မျက်လုံးနှစ်ဖက်မှာ သွေးထွက်ကျလာတော့မည့်အလား နီရဲနေလေသည်။ အလွန်အမင်း နာကျင်မှုနှင့် ဒေါသတရားများကြားတွင် သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓားရှည်ကို ရက်စက်စွာ ခုတ်ချလိုက်၏။

ဖေစုန့်သည် ရှောင်းလိ အခြေအနေ ပျက်သွားသည်ကို စောင့်ဆိုင်းနေရမည့်အစား ထိန်းမရနိုင်တော့သည့် ပြိုင်ဖက်တစ်ယောက်ကို ရင်ဆိုင်လိုက်ရလေသည်။ နာကျင်ကိုက်ခဲမှုကြောင့် အာရုံခံစားမှု ကင်းမဲ့နေပြီဖြစ်သော သူ၏ လက်မောင်းနှစ်ဖက်က တစ်ဖက်လူ၏ ယခင်ကထက် ပိုကြမ်းတမ်းပြင်းထန်လှသော ဤခုတ်ချက်ကို မခံနိုင်တော့ချေ။ လက်ထဲရှိ ဓားမှာ အက်ကြောင်းထသွားကာ လွင့်စင်သွားပြီး သူကိုယ်တိုင်လည်း ရင်ဘတ်ကို နောက်ထပ်တစ်ချက် ပြင်းပြင်းထန်ထန် အကန်ခံလိုက်ရသဖြင့် အနောက်သို့ လွင့်စင်သွားတော့သည်။

ဤတစ်ကြိမ်တွင် သူသည် တစ်လံခန့် ကွာဝေးသော မိုးရေထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး အချိန်အတော်ကြာအောင် အတင်းအကျပ် မျိုချထားခဲ့သော သွေးများကို ဆက်လမထိန်းထားနိုင်တော့ဘဲ ချောင်းဆိုးလိုက်ရာ သွေးများ အဆက်မပြတ် ပန်းထွက်လာလေသည်။

သူ့မျက်စိရှေ့ရှိ မြင်ကွင်းများကလည်း အဖြူနှင့် အမည်း နှစ်ရောင်တည်းသာ ကျန်ရှိတော့ပြီး အဆက်မပြတ် မူးဝေလာတော့၏။

မိုးရေထဲတွင် တဖြည်းဖြည်း နီးကပ်လာသော ခြေသံများကြား၌ သူသည် အရိုးများအားလုံး ကျိုးကြေသွားသကဲ့သို့ နာကျင်နေသော သူ၏ညာဘက်လက်မောင်းကို ခေါင်းစောင်းကာ ကြည့်လိုက်သည်။ လုံးဝ ပုံပျက်သွားသည့် တံတောင်ဆစ်အရိုးက စိုရွှဲနေသော အင်္ကျီလက်အောက်တွင် ပုံသဏ္ဌာန် ပေါ်လွင်နေပြီး သွေးများဖြင့် ပြည့်နှက်နေသော လက်ဖမိုးနှင့် လက်မသည်လည်း ပုံမှန်မဟုတ်သော ကွေးကောက်ကာ အပြင်သို့ လန်ထွက်နေလေရာ ထိုဓားချက်ကို ကာကွယ်လိုက်စဉ်က ကြီးမားလှသော အင်အားကြောင့် ကျိုးသွားခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။

နောက်ဆုံးကျန်ရစ်သော သိမ်းငှက်အမဲလိုက်ခွေးသည်လည်း ဝံပုလွေတပ်၏ ဓားသွားအောက်တွင် အသက်ဆုံးရှုံးသွားခဲ့ရသည်။

မိုးက တဖြည်းဖြည်း စဲလာပြီး ဖေစုန့်က သွေးများပြည့်နှက်နေသော ပါးစပ်ကို ဟကာ အနီးသို့ လျှောက်လာသော ရှောင်းလိကို အလွန်အမင်း ရက်စက်သော အငွေ့အသက်များဖြင့် ဖြည်းညင်းစွာ ပြုံးပြလိုက်သည်။ "ဒါပေါ့... မင်းအမေသေရတာက အဓိက အပြစ်တင်ရမှာက... မင်းကိုယ်မင်းရယ်... ပြီးတော့ ဟန့်ယန်ရယ်ပဲ..."

ရှောင်းလိသည် မေးရိုးများကို တင်းကျပ်စွာ စေ့ထားလိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်ထားသော လက်ဖမိုးထက်တွင် သွေးကြောများ ထောင်ထလာကာ ဓားရှည်ကို ပြင်းပြင်းထန်ထန် စိုက်ချလိုက်လေသည်။

ဖေစုန့်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်ယင်သွားပြီး ဝမ်းဗိုက်ကို ဖောက်ထွင်းခံလိုက်ရသော နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့၏။ မျက်နှာကို စက္ကူကဲ့သို့ ဖြူလျော့သွားစေသော ထိုကြီးမားလှသည့် နာကျင်မှုကို ကျော်ဖြတ်ပြီးနောက် သူသည် အသက်ရှိုက်ကာ ရက်စက်စွာ ဆက်ပြောလိုက်သည်။

"မင်းသာ အရည်အချင်းမရှိတာ မဟုတ်ရင်... ဟန့်ယန်က ငါ့ရဲ့ သွေးခွဲတဲ့ အကြံအစည်လေးတစ်ခုကြောင့် မင်းကို သံသယဝင်ပြီး သတ်ချင်စိတ် ပေါ်လာတာ မဟုတ်ခဲ့ရင်... ငါက မင်းကို ထိန်းချုပ်ဖို့ မင်းအမေကို အသုံးချပြီး အဲဒီလောက် မြန်မြန် သတ်ပစ်ခဲ့မှာ မဟုတ်ဘူး..."

နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် သူ၏ ရက်စက်မှုများ ပြည့်နှက်နေသော မျက်လုံးများထဲ၌ သူကိုယ်တိုင်ပင် သတိမထားမိသော နာကျင်မှုနှင့် မုန်းတီးမှု အရိပ်အယောင်တစ်ခုက ဝေဝါးစွာ စီးဆင်းသွားခဲ့သည်။

ရှောင်းဟွေ့နျန် မသေခင်က ချုပ်ပေးခဲ့သော ဖိနပ်နှင့် အင်္ကျီအသစ်များ အားလုံးသည် သူ့အတွက် ပြုလုပ်ပေးခဲ့ခြင်းသာ...

ရှောင်းလိအတွက် မဟုတ်ချေ။

ဘာလို့ ငါ့ရှေ့က ဒီလူကို အနိုင်ယူချင်နေရတာလဲ။

သူ့ကို အနိုင်ယူလိုက်ရင်... အဲဒီနေ့က သတိရလာပြီးနောက်မှ မြို့ရိုးအောက်မှာ သူ့ကို တစ်ချက်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့ အဖေရယ်၊ အိမ်ခေါင်မိုးအောက်မှာ အမြဲတမ်း အပ်ချည်ကြိုးထိုးပြီး အင်္ကျီနဲ့ ဖိနပ်တွေ ချုပ်ပေးနေတတ်တဲ့ ရှောင်းဟွေ့နျန်ရယ် အားလုံးက သူ့အပိုင် ဖြစ်သွားလိမ့်မယ်လို့ ထင်နေလို့ ဖြစ်လိမ့်မယ်။

သူက အဖေနဲ့ အမေကို ဘယ်တုန်းကမှ မဆုံးရှုံးခဲ့ဖူးဘူးလေ...

ဝမ်းဗိုက်တွင် စိုက်ဝင်နေသော ဓားရှည်သည် ပြင်းထန်စွာ မွှေနှောက်ခံလိုက်ရသဖြင့် ဖေစုန့်သည် နောက်တစ်ကြိမ် နာကျင်စွာ ညည်းတွားလိုက်ရပြီး မျက်နှာမှာ ပိုရှုံ့မဲ့သွားကာ ထိုကြီးမားလှသော နာကျင်မှုထဲတွင် လက်နှင့် ခြေထောက်များရှိ သွေးကြောများ အားလုံး ထောင်ထလာတော့သည်။ သူ့မျက်စိရှေ့က မြင်ကွင်းများက အာရုံစိုက်လို့ မရနိုင်တော့ဘဲ အပေါ်ဘက်မှ ကျဆင်းလာသော အေးစက်စူးရှပြီး အမုန်းတရားများ ပြည့်နှက်နေသည့် စကားတစ်ခွန်းကိုသာ ကြားလိုက်ရလေသည်။ "ချင်ဟွမ့်... မင်းက လူဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး"

ထိုနာမည်က ဖေစုန့်၏ ပိုနက်ရှိုင်းသော နာကျင်မှုကို ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူသည် မိုးဖွဲဖွဲလေးထဲတွင် အားယူကာ ခေါင်းကို မော့လိုက်ပြီး သွေးများ ပန်းထွက်နေသော ပါးစပ်ဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။ "ကြည့်စမ်း... မင်းလည်း မုန်းနေတယ် မဟုတ်လား"

နာကျင်မှုနှင့် သွေးထွက်လွန်မှုကြောင့် သူသည် မောဟိုက်စွာ အသက်ရှူနေရ၏။ "ဒါပေမယ့် မင်းကို အမုန်းတရားတွေ ယူဆောင်လာပေးတာက... ငါပဲ။ ငါ့ကို... အမုန်းတရားတွေ ယူဆောင်လာပေးတာက... သူ့ရဲ့ ဝိန်းမင်းဆက်ပဲ။ ငါတို့တွေ... အားလုံးက ကလဲ့စားချေနေကြရုံ သက်သက်ပါပဲ..."

ရှောင်းလိက ကိုယ်ကို ကိုင်းကာ ဖေစုန့်၏ အင်္ကျီကော်လာကို ဆွဲမလိုက်သည်။ ဒေါသကြောင့် သူ့လည်ပင်းအောက်ရှိ သွေးကြောတစ်ချောင်း ထောင်ထလာပြီး အေးစက်စွာ ပြောလိုက်လေသည်။ "မင်းက ကလဲ့စားချေဖို့ သက်သက်ပဲလား။ မင်းက အောဝ်အဖွဲ့အတွက် ခွေးတစ်ကောင်လို လုပ်ပေးပြီး သစ္စာရှိတဲ့ အမတ်ကောင်း ဘယ်လောက်များများကို သတ်ဖြတ်ခဲ့လဲ။ လော့ယန်ကို ဝင်တိုက်ပြီး ပြည်သူဘယ်လောက်များများကို သတ်ဖြတ်ခဲ့လဲ။ လျန်ဝမ် မိသားစု၊ လူကြီးမင်းကျိုး မိသားစု၊ စစ်သူကြီးယန် မိသားစုတို့ကရော မင်းနဲ့ ဘာရန်ငြိုးတွေ ရှိလို့လဲ။ အခုဆိုရင် လူမျိုးခြားတွေနဲ့ ပူးပေါင်းပြီး တစ်လောကလုံးက ပြည်သူတွေကို ဒုက္ခတွင်းထဲ တွန်းပို့နေပြီပဲ"

ဖေစုန့်သည် ပျက်စီးနေသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ရှောင်းလိ၏ လက်ထဲတွင် ဆွဲမခံထားရပြီး အားယူကာ ရယ်မောလိုက်၏။ "အားနည်းသူက အားကြီးသူရဲ့ စားရာဖြစ်ပြီး နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက သူပုန်ဆိုတာ ရှေးခေတ်ကတည်းက ဒီလိုပဲ မဟုတ်ဘူးလား"

နောက်ပိုင်းသို့ ရောက်လာသောအခါ သူ၏ မျက်လုံးများတွင် မုန်းတီးမှုများ ပေါ်လွင်လာခဲ့သည်။ "ကောင်းကင်ကြီးက ငါ့ချင်မိသားစုကို တရားမျှတမှု မပေးနိုင်ရင်၊ ငါကိုယ်တိုင် အဲဒီကောင်းကင်ကြီး ဖြစ်အောင် လုပ်မယ်။ ဘာမှားနေလို့လဲ"

" ဝိန်းယွမ်ကျီက ငါ့လမ်းကို ပိတ်ဆို့နေတာဆိုတော့ သေသင့်တာ သဘာဝပဲ။ ကျိုးကျင့်အန်းကလည်း မိုက်မဲစွာ သစ္စာရှိလွန်းလို့ သေသင့်တာပဲ။ ယန်ရှော့ကလည်း အကောင်းအဆိုး နားမလည်လို့ သေတာတောင် နည်းသေးတယ်။ ဒီလောကထဲက မိုက်မဲတဲ့ ပြည်သူတွေဆိုတာကတော့ လူစကား နားလည်တဲ့ တိရစ္ဆာန် တစ်အုပ်ကလွဲပြီး ဘာမှ မပိုပါဘူး။ ဘယ်လောက်သတ်သတ် မကုန်နိုင်ပါဘူး။ ငါ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်အတွက် ပိုသေသွားတော့ရော ဘာဖြစ်လဲ"

ရှောင်းလိသည် ဖေစုန့်၏ မျက်နှာကို လက်တစ်ဖက်တည်းဖြင့် ဖိကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်လေသည်။ ဤတစ်ချက်က အလွန်ပြင်းထန်လှသဖြင့် ဖေစုန့်၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စိမ့်ထွက်လာတော့၏။

ရှောင်းလိ၏ တစ်ကိုယ်လုံးတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များက ထင်ရှားစွာ လွှမ်းခြုံနေပြီး အေးစက်စွာ ပြောလိုက်သည်။ "ဒါကြောင့် မင်းက ကလဲ့စားချေဖို့ သက်သက် မဟုတ်ဘူး။ အဲဒီ နဂါးပလ္လင်ပေါ်မှာ ထိုင်ချင်နေရုံ သက်သက်ပဲ"

ဖေစုန့်၏ သွားကြားတွင် သွေးများဖြင့် ပြည့်နှက်နေပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကာ ရှောင်းလိကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။ "ငါက ပုန်ကန်တဲ့ သစ္စာဖောက်တစ်ယောက်အနေနဲ့တောင် ပုန်ကန်ခဲ့ပြီးပြီပဲ၊ ဘာလို့ အဲဒီ နဂါးပလ္လင်ကို မလိုချင်ရမှာလဲ။ ငါက အောဝ်အဖွဲ့ကို ဖြုတ်ချပြီးတာနဲ့ ရပ်တန်းက ရပ်သင့်တယ်လို့ ပြောချင်နေတာ မဟုတ်လား"

ရုတ်တရက်ဆိုသလို အရင်တုန်းက ကျန်းယီချူးက သူ့ကို နောက်ဆုတ်ဖို့ ငိုယိုပြီး တောင်းပန်ခဲ့သည့် စကားများကို သူ၏ ခေါင်းထဲတွင် ဝေဝါးစွာ သတိပြန်ရလာခဲ့သည်။

နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများက ရွှံ့မြေပေါ်တွင် သွေးအိုင်ငယ်လေးတစ်ခု ဖြစ်ပေါ်သွားစေပြီး သူ့အပြုံးက ပိုလှောင်ပြောင်ချင်စရာ ကောင်းလာခဲ့၏။ "ငါက ဘာလို့ ဝိန်းမျိုးရိုးကို ဆက်ပြီး ဧကရာဇ် လုပ်ခိုင်းရမှာလဲ။ ဒါ့အပြင် ငါက ဝိန်းယွမ်ကျီ လက်အောက်က သစ္စာရှိတဲ့ အမတ်ကောင်း၊ စစ်သူကြီးကောင်း ဘယ်လောက်များများကို သတ်ခဲ့ပြီးပြီလဲ။ သူက ချင်မိသားစု အမှုတစ်ခုတည်းအတွက်နဲ့ ငါ့ကို လွှတ်ပေးပါ့မလား။ ငါ့နောက်ကို လိုက်ပြီး အသက်စွန့်ခဲ့ကြတဲ့ လူတွေကိုရော လွှတ်ပေးပါ့မလား"

ဖေစုန့်သည် တစ်ကိုယ်လုံး နေရာအနှံ့ နာကျင်ကိုက်ခဲနေသည့် ကြားမှ ရင်ဘတ်တစ်ခုလုံး တုန်ခါသွားသည်အထိ ရယ်မောလိုက်လေသည်။

ထွက်ပေါက်မရှိတော့သည့်အပြင် အမုန်းတရား၏ ဝါးမြိုခံရကာ အောဝ်အဖွဲ့၏ လက်အောက်သို့ ဝင်ရောက်ခိုလှုံခဲ့ချိန်မှစ၍ သူ့အတွက် နောက်ကြောင်းပြန်လှည့်စရာ လမ်းမရှိတော့ချေ။

သူနှင့် ဝိန်းမိသားစုကြားတွင် တစ်ဖက်တည်းကသာ ရှင်သန်နိုင်လိမ့်မည်။

ထိုသို့ ကျယ်လောင်စွာ ရယ်မောလိုက်ခြင်းက ဖေစုန့်၏ ထိခိုက်နေသော နှလုံးသွေးကြောများကို ဆွဲဆန့်လိုက်သကဲ့သို့ ဖြစ်သွားသဖြင့် သူသည် သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ပြီး ပြောလိုက်သည်။ "ငါက ရှုံးသွားရုံ သက်သက်ပဲ။ ဒါပေမယ့် ဘာမှ မမှားခဲ့ဘူး"

"မင်း လုပ်စရာရှိတာ လုပ်လိုက်တော့။ မင်းလက်ထဲမှာ သေရမယ်ဆိုရင်လည်း ငါ လက်ခံတယ်"

ရှောင်းလိက အေးစက်စွာ ပြောလိုက်လေသည်။ "မင်းက သေချာပေါက် ဘာမှ မမှားပါဘူး။ ကလဲ့စားချေမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သစ္စာရှိတဲ့ အမတ်ကောင်း၊ စစ်သူကြီးကောင်းတွေကို သတ်တာက ဘာအရေးလဲ။ ကိုယ်ကျိုးအတွက် စစ်ပွဲတွေ ဖန်တီးပြီး ပြည်သူတွေ ငတ်မွတ်ခေါင်းပါးစွာ သေဆုံးရတာ၊ အိမ်ခြေဆယ်အိမ်မှာ ကိုးအိမ်လောက် လွတ်နေရတာကရော ဘာအရေးလဲ။ ချင်စစ်သူကြီးဟောင်းက မင်းအတွက် အပြစ်ဖြေဖို့ သူ့လည်ပင်းကိုသူဖြတ်ပြီး သတ်သေသွားခဲ့ပြီ။ တစ်ကိုယ်ကောင်းဆန်တဲ့ မင်းလို အသုံးမကျတဲ့ကောင်ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေတွေကို ပေးရင်း သူရဲဘောကြောင်တဲ့ကောင် အဖြစ်နဲ့ ဆက်နေနိုင်တာပေါ့"

သူသည် ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျိုသိပ်ထားသော ဒေါသများက သူ့ကို တိတ်ဆိတ်နေသော တောင်ကြီးတစ်လုံးနှယ်ပင်။ "မင်းပါးစပ်ကပြောတဲ့ အကောင်းအဆိုး နားမလည်တဲ့ ပြည်သူတွေဆိုတာက တစ်နေ့ သုံးနပ် ဝဝလင်လင် စားဖို့တောင် ခက်ခဲနေကြတာ။ ဆောင်းရာသီရဲ့ အအေးဒဏ်၊ နွေရာသီရဲ့ အပူဒဏ်တွေကို သည်းခံပြီး နေ့တိုင်း မြေကြီးကို မျက်နှာမူကာ ကောင်းကင်ကို ကျောခိုင်းပြီး အလုပ်လုပ်နေရတာ။ လယ်ကွင်းထဲက ပေါက်တူးတစ်လက်ကိုပဲ အားကိုးပြီး မိသားစု တစ်ခုလုံး အသက်ရှင်ဖို့ ရုန်းကန်နေရတာ။ သူတို့က ဒေသခံ ခရိုင်ဝန်ရဲ့ နာမည်ကိုတောင် မသိကြဘူး။ မင်းအဖေက နယ်စပ်ကို ကာကွယ်တဲ့ စစ်သူကြီးဖြစ်ပြီး နန်းတော်ရဲ့ မတရားစွပ်စွဲမှုကို ခံခဲ့ရတယ်ဆိုတာကို သူတို့ မသိကြလို့ မင်းက သူတို့ကို မုန်းနေတာလား"

ရှောင်းလိက ဖေစုန့်၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး မျက်လုံးများက ရုတ်တရက် စူးရှသွားသည်။ "မင်း ဘယ်သူ့ကို မုန်းမုန်း အကြောင်းပြချက် ရှိကောင်းရှိနိုင်ပေမယ့် မင်း မုန်းဖို့ အရည်အချင်းမရှိဆုံးက မင်းကြောင့် အိမ်ရာတွေ ပျက်စီးပြီး ဒုက္ခရောက်နေရတဲ့ လောကထဲက ပြည်သူတွေကိုပဲ"

ရှောင်းလိသည် သူ့ကို မြေပြင်ပေါ်သို့ အားဖြင့် ပြန်ပစ်ချလိုက်လေသည်။ ချင်ယီအကြောင်းကို ပြောလိုက်ခြင်းကြောင့် သူ၏ နာကျင်မှုကို ထိခိုက်သွားစေခြင်းလား သို့မဟုတ် နောက်ပိုင်းတွင် ပြောလိုက်သော စကားများကြောင့်လား မသိရသော်လည်း ဖေစုန့်၏ မျက်လုံးများထဲတွင် ဒေါသတရားများ ပြည့်နှက်နေဆဲ ဖြစ်သော်လည်း သူ့ကို ထောက်ကူထားသော အရာတစ်ခုခုက ပါးလွှာသော ရေခဲပြင်တစ်ခုလို အက်ကြောင်းများ ထသွားသယောင်။

သူ ကလေးဘဝတုန်းက ချင်ယီသည် ခြံဝင်းထဲတွင် သူ့ကို ဓားရေးလေ့ကျင့်ရန် သင်ကြားပေးခဲ့ပြီး မိခင်ဖြစ်သူက ကျောက်စားပွဲရှေ့တွင် မုန့်များ ပြင်ဆင်ပေးနေခဲ့သည်။ သူ ပထမဆုံးအကြိမ် ဓားရေးပြနိုင်ခဲ့ချိန်တွင် ချင်ယီက သူ့ကို ရှားရှားပါးပါး ချီးကျူးခဲ့ပြီး သတိပေးစကား ပြောကြားခဲ့သည်။ "ငါတို့ စစ်သူကြီးတွေဆိုတာ ဘုရင်ကို သစ္စာစောင့်သိပြီး တစ်လောကလုံးက ပြည်သူတွေကို ကာကွယ်ပေးရမှာ"

မိခင်ဖြစ်သူက ပြုံးကာ ပြောခဲ့၏။ "သူက ငယ်ငယ်လေးပဲ ရှိသေးတာကို ရှင်က ဒါတွေကို သင်ပေးနေရတာလဲ။ ဟွမ့်အာ... ဒီကိုလာခဲ့။ ကြည့်စမ်း... ချွေးတွေ ရွှဲနေတာပဲ။ အမေ သုတ်ပေးမယ်..."

နောက်ပိုင်းတွင် ချင်အိမ်တော် တစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ပြီး မိသားစု တစ်ခုလုံးကို အကျဉ်းသားလှည်းပေါ်သို့ တင်ကာ ဖမ်းဆီးသွားခဲ့ကြသည်။ မိခင်ဖြစ်သူ၏ ပိန်လှီသော လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် လေးလံသော သံကြိုးများ ခတ်ထားရပြီး နယ်နှင်ဒဏ်ပေးခံရသည့် လမ်းခရီးတွင် ရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်...

သူသည် နာမည်နှင့် မျိုးရိုးကို ပြောင်းလဲကာ အမုန်းတရားများ ပြည့်နှက်နေသော ရင်ဘတ်ဖြင့် အောဝ်အဖွဲ့ လက်အောက်သို့ ဝင်ရောက်ခိုလှုံခဲ့သည်။ သူ့လက်ထဲရှိ ကိုယ်ပိုင်ဓားသည် ပါးကွပ်သား ဓားတစ်လက်ကဲ့သို့ ဖြစ်နေပြီး သစ္စာဖောက်များ၏ သွေး၊ သစ္စာရှိသူများ၏ သွေးများ မည်မျှပင် စွန်းထင်းနေသည်ကို သူကိုယ်တိုင်ပင် ခွဲခြား၍ မရနိုင်တော့ချေ။

ထို့နောက် အောဝ်နှင့် ဝိန်း မိသားစုနှစ်စု တိုက်ခိုက်ကြချိန်တွင် သူသည် အခွင့်ကောင်းယူကာ အကျိုးအမြတ်များ ရယူခဲ့ပြီး လော့ယန် ပြိုလဲသွားခဲ့လေသည်။

သူသည် ချက်ချင်းပင် အရာများစွာကို ရရှိခဲ့သလို၊ အရာများစွာကိုလည်း ဆုံးရှုံးခဲ့ရသည်...

သူ၏ လှည့်စားမှုကို ခံရသော်လည်း သူ့ကို ခြွင်းချက်မရှိ ယုံကြည်ခဲ့သော ရှောင်းဟွေ့နျန်သည် ယုံကျိုးမှ ထိုမီးလောင်မှုကြီးထဲတွင် ထာဝရ အိပ်စက်သွားခဲ့သည်။ ကလေးငယ်ကို အသုံးချပြီး သူ၏အနားတွင် အတင်းအကျပ် နေခိုင်းခဲ့သော ကျန်းယီချူးသည် ချောက်ကမ်းပါးစွန်းတွင် သူ့လက်ကို ပြတ်သားစွာ ဖယ်ခွာကာ နက်ရှိုင်းလှသော ချောက်ကမ်းပါးထဲသို့ ဆန္ဒအလျောက် ကျဆင်းသွားခဲ့သည်။ အချိန်အတော်ကြာ ရူးသွပ်နေခဲ့သော ချင်ယီသည် သတိရလာပြီးနောက် သူ့ကို တစ်ချက်ကြည့်ကာ လှံရှည်ဖြင့် လည်ပင်းကို ဖောက်ထွင်းပြီး သတ်သေသွားခဲ့သည်။ လော့ယန်ကို အောင်နိုင်ပြီးနောက် ကုန်းစွန်းချိုက သူ့ကို ခေါ်သွားရန် သိမ်းငှက်အမဲလိုက်ခွေးများကို အော်ဟစ်အမိန့်ပေးခဲ့ပြီး သူကိုယ်တိုင်ကမူ သူ့အတွက် ဤနောက်ဆုံးမြို့ကို ကာကွယ်ရန် တစ်ကိုယ်တည်း လှည့်ထွက်သွားခဲ့သည်...

အတိတ်က မြင်ကွင်းတိုင်းသည် မျက်စိရှေ့တွင် ရှင်းလင်းပြတ်သားစွာ ပေါ်လာပြီး သူ၏ မျက်လုံးများကို တဖြည်းဖြည်း နီရဲလာစေ၏။

အလျင်စလို ဖြတ်သန်းခဲ့ရသော ဘဝတစ်ဝက်တွင် သူ ချစ်ရသူများသည် နောက်ဆုံးတွင် သူ့ကို မုန်းတီးသွားကြပြီး သူ့ကို ချစ်ရသူများအားလုံးမှာ သူ့ကြောင့် သေဆုံးသွားခဲ့ရသည်။

ဖေစုန့်သည် အံကြိတ်ကာ မျက်လုံးထဲရှိ ထိုနာကျင်မှုကို ခုခံရင်း အသံကုန်ဟစ်ကာ တစ်လုံးချင်းစီ ပြောလိုက်လေသည်။ "ငါ... ဘာမှ... မမှားဘူး"

သူ၏ နီရဲနေသော မျက်လုံးများထဲတွင် ထိုခံစားချက်ကို ဖိနှိပ်ရန် အသုံးပြုသော ဒေါသ၊ ရန်ငြိုးနှင့် လက်မခံနိုင်မှုများ ပြည့်နှက်နေပြီး ရှောင်းလိကို ကျေနပ်ခွင့် မပေးချင်မိဘဲ အေးစက်စွာ သရော်လိုက်လေသည်။ "မင်း ကျားချောက်တောင်ကြားဂိတ်ကို ဒီတစ်ကြိမ် ကာကွယ်ပေးနိုင်ခဲ့တော့ရော ဘာဖြစ်လဲ။ စစ်သတင်းတွေ ပြန်ရောက်သွားတာနဲ့ ကောလဲ့မြို့ကို အောင်နိုင်ခဲ့တဲ့ ရှီးလင်စစ်တပ်က တစ်ဝက်လောက်ကို ကျားချောက်တောင်ကြားဂိတ်ဆီ လွှတ်လိုက်လိမ့်မယ်။ ကျားချောက်တောင်ကြားဂိတ်က ဘယ်လိုပဲဖြစ်ဖြစ် အရှင်သခင် ပြောင်းသွားမှာပဲ"

ရှောင်းလိက အေးစက်စွာဖြင့် နေရာတွင် ရပ်နေပြီး စကားတစ်ခွန်းမှ မပြောချေ။ သူ၏ မြင့်မားသော ခန္ဓာကိုယ်က ဖေစုန့်၏ အမြင်အာရုံကို လုံးဝ ပိတ်ဆို့ထားသော တောင်ကြီးတစ်လုံးနှင့် တူနေ၏။

မြေပြင်ပေါ်တွင် ရေအိုင်များ ကျန်ရှိနေသေးသော်လည်း ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး အဝေးမှ လာသော မြင်းခွာသံများက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာလေသည်။

သံဆူးကြိုးများက လေအေးထဲတွင် အလံတိုင်များနှင့် ရိုက်ခတ်ကာ စူးရှသော အသံများ ထွက်ပေါ်နေပြီး တာ့လျန်၏ နဂါးပြာနှင့် တိမ်နီ အလံများသည် အနောက်ဘက်နယ်စပ် လွင်ပြင်ပေါ်တွင် တစ်ဆက်တည်း ဖြစ်နေလုနီးပါးပင်။ စစ်တပ်ကြီးသည် အမည်းရောင် ဒီရေလှိုင်းကြီးကဲ့သို့ ဤဘက်သို့ စီးဆင်းလာတော့သည်။

ဝံပုလွေတပ်တစ်ဦးက အံ့ဩထိတ်လန့်စွာ ပြောလိုက်၏။ "အကူအညီလာတဲ့... စစ်တပ်လား"

တာ့လျန်ရဲ့စစ်ကူ... တကယ် ရောက်လာခဲ့ပြီပဲ။

ဖေစုန့်သည် စစ်တပ်အထက်တွင် လေထဲ၌ လွင့်ပျံနေသော လျန် စာလုံးပါ အလံကို ကြည့်ကာ ယခင်က ရန်ငြိုးများ ပြည့်နှက်နေသော မျက်လုံးများထဲတွင် တဖြည်းဖြည်း မီးခိုးရောင် အရိပ်တစ်ခုသာ ကျန်ရှိတော့သည်။

သူ... လုံးဝကို အရှုံးကြီး ရှုံးသွားခဲ့ပြီ။

သူ့ရှေ့က လူကို ရှုံးသွားရုံသာမက နန်ချန်ကို အဝေးကြီး သွားခဲ့ပေမယ့် သူ့ကို အမြဲတမ်း အနှောင့်အယှက်ပေးနေခဲ့တဲ့ အဲဒီ တာ့လျန် မင်းသမီးကိုပါ ရှုံးသွားခဲ့တာပဲ။

နှုတ်ခမ်းကို ဟကာ လှောင်ပြောင်ရယ်မောလိုက်ချိန်တွင် ရှောင်းလိ၏ လက်ထဲရှိ ဓားရှည်က ရွှံ့မြေကို ဖြတ်သန်းကာ သွေးကွက်များကို လွင့်စင်သွားစေသည့် အခိုက်အတန့်၌ ဖေစုန့်၏ မျက်လုံးအောက်တွင်လည်း စိုစွတ်မှုတစ်ခုက အလောတကြီး ပြေးဆင်းသွားသည့် ခြေရာတစ်ခု ကျန်ရစ်ခဲ့သယောင်။

ဒီ ခြောက်ကပ်ပြီး အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးက... တကယ်ကို ရယ်စရာကောင်းလိုက်တာ။

...

All Chapters