← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အပိုင်း (၂၅၈)

မြို့ထဲသို့ ပြန်ရောက်သည့်တိုင်အောင် ဖန့်ယွမ်သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။

လက်အောက်ခံ စစ်သူကြီးများက အတွင်းမြို့ရိုးကို ပြုပြင်မွမ်းမံနေသည့် စစ်သည်များ၏ အခြေအနေကို လာရောက် သတင်းပို့ကြရာ သူသည် စိတ်မပါတပါဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "အင်း... အောင်ပွဲသတင်းကို ဖိန်ကျိုးနဲ့ ကျားချောက်တောင်ကြားဂိတ်ဆီ တစ်စောင်စီ ပို့လိုက်ပါ..."

အောက်ခြေရှိ စစ်သူကြီးငယ်က နားမလည်နိုင်သည့်ရုပ်လေးနှင့် ပြောလိုက်လေသည်။ "စစ်သူကြီး... ကျွန်တော်မျိုး သတင်းပို့တာက အတွင်းမြို့ရိုးက အရမ်းပျက်စီးနေလို့ ပြုပြင်ဖို့ အချိန်နည်းနည်း ယူရလိမ့်မယ်လို့ ပြောတာပါ..."

ထိုအခါမှသာ ဖန့်ယွမ်သည် သတိပြန်ဝင်လာပြီး ချောင်းဟန့်ကာ ပြောလိုက်၏။ "ဒီတိုက်ပွဲက အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့တာဆိုတော့ ငါက လျန်နယ်မြေဆီ အောင်ပွဲသတင်းပို့ဖို့ကိုပဲ တွေးနေမိလို့ပါ။ မင်း ပြောတာတွေကို ငါ သိပါပြီ။ အရင် သွားနှင့်တော့"

စစ်သူကြီးငယ် ထွက်သွားပြီးနောက် ဘေးတွင် စစ်မှုထမ်းဆုတံဆိပ် စာရင်းကို ကူးယူရေးမှတ်နေသော လီရွှင်က ပြောလိုက်သည်။ "လောင်ဖန့်... မင်း ဘာဖြစ်နေတာလဲ"

မုယိုလျန်တို့ သားအဖနှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သောကြောင့် ယခု ဖန်ရှီမြို့တွင် အနားယူကုသနေရ၏။ ထို့ကြောင့် ဤကောလဲ့မြို့ကို တိုက်ခိုက်ရာတွင် ချန်ဝေက ဖိန်ကျိုးမှ ခေါ်ဆောင်လာသော စစ်သည်များသာ ပါဝင်ပြီး ချန်စစ်သူကြီးများ တစ်ဦးမှ ပါမလာခဲ့ချေ။ မြို့ထဲသို့ ဝင်ရောက်ပြီး ဝိန်းယွီကို နေရာချထားပေးပြီးနောက် ကောလဲ့မြို့ အုပ်ချုပ်ရေးမှူးအိမ်တော်တွင် ယာယီ တည်းခိုနေသူများမှာ ဖန့်ယွမ်၊ ချန်ဝေနှင့် လီရွှင်တို့ အနည်းငယ်သာ ရှိသည်။

ဖန့်ယွမ်သည် ကုလားထိုင်တစ်လုံးကို ဆွဲယူထိုင်ချလိုက်ပြီး စိတ်ပူပန်မှုများ ပြည့်နှက်နေသည်မှာ သိသာလေသည်။ သူသည် လဝက်ကျော်ခန့် လေတိုက်ခံ၊ သဲရိုက်ခံထားရပြီး မုတ်ဆိတ်မွေးများ ရှည်ထွက်နေသော မျက်နှာကို ပွတ်သပ်လိုက်ကာ သက်ပြင်းချရင်း ပြောလိုက်လေသည်။ "ငါ... ငါက ရှောင်းနယ်စားမင်းနဲ့ မင်းသမီးအတွက် စိတ်ပူနေတာ။ ဒီတစ်ခေါက် ရှောင်းနယ်စားမင်းက တာ့လျန်ကို အများကြီး ကူညီပေးခဲ့တယ်ဆိုပေမယ့် မြို့တံခါးဝမှာ သူ ပြောခဲ့တဲ့စကားက နည်းနည်းတော့ စည်းကျော်လွန်းနေတယ်။ မင်းသမီးဘက်ကများ..."

လီရွှင်သည် စာရေးနေသော စုတ်တံကို မရပ်တန့်ဘဲ သူ့စကားများကို ဖန့်ယွမ်ထံသို့သာ ရည်ရွယ်ပြောလိုက်သည်။ "မင်းသမီးက သဘောထားကြီးပြီး အမြော်အမြင်ရှိတယ်။ ဒီလို အသေးအဖွဲ ကိစ္စလေးတွေအတွက် ရှောင်းနယ်စားမင်းနဲ့ အငြင်းပွားနေမှာ မဟုတ်ပါဘူး"

"အာ... ငါ ဆိုလိုတာက အဲ့ဒီသဘောမျိုး မဟုတ်ပါဘူး..." ဖန့်ယွမ်သည် မျက်နှာကို နောက်တစ်ကြိမ် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြန်၏။ ရှောင်းလိသည် လျန်စစ်စခန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း လီရွှင်နှင့် ချန်ဝေတို့က မသိသေးတာ သိသာနေသည်။ ရှောင်းလိ လျန်စစ်စခန်းသို့ ပြန်လာခြင်းသည် ရှောင်းလိ ကိုယ်တိုင်၏ သဘောဆန္ဒသက်သက်လား၊ သို့မဟုတ် ဝိန်းယွီပါ သိရှိနေသလားဆိုသည်ကို သူလည်း ယခုအချိန်အထိ မသိခဲ့ပေ။

သူသည် ဘေးဘီဝဲယာသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် တကယ်ပင် ဆက်မထိန်းထားနိုင်တော့ဘဲ အကြံအိုက်နေသော လေသံဖြင့် ပြောလိုက်လေသည်။ "လောင်လီ... မင်း မခံစားမိဘူးလား။ မင်းသမီးနဲ့ ရှောင်းနယ်စားမင်းက... နည်းနည်းတော့ ထူးဆန်းနေသလိုပဲနော်"

လီရွှင်၏ စုတ်တံသည် ရုတ်တရက် ရပ်တန့်သွားပြီး ပြောလိုက်၏။ "လောင်ဖန့်... စကားကို ဆင်ခြင်ပြော"

မိမိ မဆင်မခြင် ပြောဆိုမိသည့်အရာကို ဖန့်ယွမ် သတိပြုမိသွားကာ ချွေးအေးများ ထွက်လာပြီး ပါးစပ်ကို ချက်ချင်း ပိတ်ထားလိုက်သည်။ သူသည် ဘေးဘီကို ထပ်မံ အကဲခတ်ကြည့်ပြီးမှသာ ချောင်းနှစ်ချက် ဟန့်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်လေသည်။ "ငါ... ငါက နောင်တစ်ချိန် တောင်နဲ့မြောက် သံတမန်ဆက်ဆံရေး ထူထောင်မယ့်ကိစ္စကို စိတ်ပူနေတာပါ..."

ထိုခဏတွင် အုပ်ချုပ်ရေးမှူးအိမ်တော်အတွင်း၌ မည်သူ့ထံမှ အသံထွက်မလာတော့ချေ။ အေးစက်သော လေပြင်းများက ပြတင်းပေါက်တံခါးများကို ရိုက်ခတ်နေပြီး မိုးရွာတော့မည့် အသွင်ရှိသည်။

လီရွှင်သည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။ "နောင်တစ်ချိန် စစ်မတိုက်ကြတော့ဘူးဆိုရင်လည်း တော်တော်လေး ကောင်းပါတယ်..."

ကျောင်းပိုင်သည် ကျိုချက်ပြီးခါစ ဆေးခွက်ကို ကိုင်ဆောင်ကာ ဝင်လာချိန်တွင် သမားတော်သည် ဝိန်းယွီ၏ လက်မောင်းပေါ်မှ အပ်များကို ရုပ်သိမ်းနေသည်။

နေမကောင်းသည့်ကြားမှ ဖန်ရှီမြို့မှ ဤနေရာအထိ ခရီးဆက်လာရသည့် ပင်ပန်းနွမ်းနယ်မှုနှင့် မြို့တံခါးဝတွင် လေတိုက်ခံခဲ့ရခြင်းကြောင့် ဖြစ်လိမ့်မည်။ ဝိန်းယွီ၏ ကျန်းမာရေးအခြေအနေသည် သိပ်မကောင်းလှဘဲ အိပ်ရာပေါ်တွင် မှီကာ မျက်လုံးများကို တစ်ဝက်ခန့် မှိတ်ထား၏။ ရှုပ်ထွေးလှပသော တိမ်တိုက်ပုံစံများ ပန်းထိုးထားသည့် ပိုးသားအင်္ကျီလက်ကျယ်ကြီးများကို တံတောင်ဆစ်အထိ ခေါက်တင်ထားရာ သူမ၏ လက်မောင်းနှစ်ဖက်စလုံးတွင် ငွေအပ်များ အပြည့်စိုက်ထားသည်ကို မြင်ရသည်မှာ အလွန်ပင် ရင်နာစရာ ကောင်းလှသည်။

ထိုနေ့ရက်များအတွင်း နေ့ရောညပါ စည်တီးခဲ့ရသဖြင့် သူမ၏ လက်မောင်းကြွက်သားများ ထိခိုက်ခဲ့ရသည်။ ထို့နောက်တွင်လည်း စစ်ဆင်ရေးများကို ကြီးကြပ်နေရသဖြင့် သေချာစွာ မကုသနိုင်ခဲ့ရာ နာတာရှည် ရောဂါအဖြစ် ကျန်ရစ်ခဲ့လေသည်။ ယခုအချိန်အထိ သမားတော်က ငွေအပ်များဖြင့် သွေးကြောပိတ်ဆို့မှုများကို ပုံမှန် ရှင်းလင်းကုသပေးနေရဆဲ ဖြစ်သည်။

ရှောင်းလိသည် ဘေးတွင် စောင့်နေပြီး အစအဆုံး စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း သူ၏ မြင့်မားသော အရပ်အမောင်းနှင့် စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် ဖိအားများက သမားတော်၏ ကျောပြင်တစ်ခုလုံးကို ချွေးများ စိုရွှဲသွားစေခဲ့သည်။

ဝိန်းယွီ၏ လက်မောင်းပေါ်မှ နောက်ဆုံး ငွေအပ်ကို ဆွဲနှုတ်ပြီးချိန်မှသာ သမားတော်သည် သက်ပြင်းချနိုင်သွားပြီး နဖူးမှ ချွေးများကို အင်္ကျီလက်ဖြင့် သုတ်ကာ ပြောလိုက်လေသည်။ "လေးလံတဲ့ ပစ္စည်းတွေ မ မမိအောင် သတိထားရပါမယ်။ အားစိုက်ရတဲ့ အလုပ်တွေလည်း ရှောင်ရပါမယ်။ နေ့တိုင်း ဆေးနှစ်ဖုံ လိမ်းပေးရင် မြန်ရင် နှစ်လ၊ ကြာရင် ခြောက်လလောက်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ မင်းသမီးရဲ့ ခန္ဓာကိုယ် အခြေအနေကတော့... အားနည်းလွန်းနေလို့ ပြင်းပြင်းထန်ထန် အားဆေးတွေ ပေးလို့ မရသေးပါဘူး။ ဖြည်းဖြည်းချင်းပဲ ပြန်လည် အားဖြည့်ယူရပါမယ်"

ကျောင်းပိုင်သည် သမားတော်ကို ကျေးဇူးတင်စကား ပြောကြားပြီး ချင်းယွင်ကိုယ်ရံတော်များကို သမားတော်အား အပြင်သို့ လိုက်ပို့ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် ဆေးလင်ပန်းကို ကိုင်ကာ ရှေ့သို့ တိုးသွားရန် ပြင်လိုက်စဉ် ရှောင်းလိက ဝင်ပြောလိုက်၏။ "ငါ လုပ်မယ်"

ကျောင်းပိုင်၏ ကိုယ်နေဟန်ထားသည် အနည်းငယ် တောင့်တင်းသွားသော်လည်း ရှေ့သို့ ဆက်မတိုးတော့ချေ။

ရှောင်းလိက လင်ပန်းပေါ်မှ ဆေးခွက်ကို ယူလိုက်ပြီးနောက် ကျောင်းပိုင်သည် ဆေးရည်ဖြင့် ပြုတ်ထားသော ဝါဂွမ်းစအချို့ကို ဝိန်းယွီ၏ လက်ကောက်ဝတ်တွင် ကပ်ပေးလိုက်သည်။ သူမသည် အနည်းငယ် တွန့်ဆုတ်နေပြီးနောက်မှ လင်ပန်းကို ယူကာ အပြင်သို့ ထွက်သွားပြီး မထွက်ခွာမီ စကားတစ်ခွန်း ပြောလိုက်သည်။ "အချိန်ခဏလောက် ကြာရင် အဝတ်စတွေ အေးသွားပါလိမ့်မယ်။ အဲဒီအခါကျရင် မင်းသမီးအတွက် ဖယ်ပေးလိုက်ပါ"

ခြံဝင်းအပြင်ဘက်တွင် စောင့်နေသော ချင်းယွင်ကိုယ်ရံတော်များသည် ကျောင်းပိုင် တစ်ယောက်တည်း ထွက်လာသည်ကို မြင်သောအခါ အနည်းငယ် ထူးဆန်းသွားသော မျက်နှာဖြင့် ခေါ်လိုက်ကြသည်။ "တပ်မှူး..."

ကျောင်းပိုင်၏ အကြည့်တစ်ချက်ကြောင့် ထိုချင်းယွင်ကိုယ်ရံတော်များမှာ ချက်ချင်း ပါးစပ်ပိတ်သွားကြတော့သည်။

ချင်းယွင်ကိုယ်ရံတော်များနှင့် သမားတော်များသည် မိမိတို့လူများသာ ဖြစ်ကြပြီး တော်ဝင်နန်းတော်တွင် ရှိစဉ်ကတည်းက ဝိန်းယွီနှင့် ရှောင်းလိတို့ နှစ်ဦး၏ ဆက်ဆံရေးကို သိရှိထားကြပြီး ဖြစ်သည်။

ချင်းယွင်ကိုယ်ရံတော်များက အခန်းထဲတွင် ရှောင်းလိ တစ်ယောက်တည်း ကျန်ခဲ့ခြင်းကို စိုးရိမ်နေကြသည်မှာ ဝိန်းယွီကို သူ အန္တရာယ်ပြုမည်ကို ကြောက်ရွံ့သောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ ယခု တာ့လျန်ပြည်ကြီးသည် တောင်နှင့်မြောက် အားပြိုင်မှုသာ ကျန်ရှိတော့သည် မဟုတ်ပါလား။

သို့သော် ကျောင်းပိုင် ကိုယ်တိုင်က မြောက်ပိုင်းမှ နယ်စားအသစ်နှင့် သူတို့၏ မင်းသမီးကို အတူတူ ထားခဲ့ရန် စိတ်ချနေမှတော့ သူတို့လည်း ထပ်မံ တွေးတောပူပန်နေစရာ မလိုတော့ချေ။

ကျောင်းပိုင်သည် အမိုးစွန်းအောက်တွင် ဓားကိုပိုက်ကာ တိတ်ဆိတ်စွာ စောင့်နေလိုက်၏။ ညနေခင်း၏ တိမ်တိုက်များသည် အလွန်နိမ့်နေပြီး အေးစက်သော လေပြင်းတိုက်ခတ်မှုကြောင့် မိုးပေါက်ငယ်လေးများပင် ကျဆင်းလာခဲ့သည်။

သူမသည် ညကောင်းကင်ယံကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ "သူ ပြန်ရောက်လာပြီဆိုတော့ မင်းသမီးလည်း စိတ်အေးရလောက်ပါပြီ"

ဖန်ရှီမြို့ တိုက်ပွဲအပြီးတွင် သူတို့ အောင်ပွဲခံနိုင်ခဲ့သော်လည်း ဝိန်းယွီသည် အိပ်ရာပေါ်တွင် ဖျားနာနေခဲ့ပြီး ညစဉ် ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိခဲ့ပေ။

ကောလဲ့မြို့ကို အသေအလဲ ကာကွယ်ရစဉ်က ဖိနှိပ်ထားခဲ့ရသော ကြောက်ရွံ့မှုများနှင့် အမှောင်ရိပ်များသည် ဤပြင်းထန်သော ဖျားနာမှုအတွင်း အိပ်မက်ဆိုးများအဖြစ် ပြန်လည် ခြောက်လှန့်လာခဲ့သည်။

ထို့အပြင် ကျားချောက်တောင်ကြားဂိတ်မှ သတင်းများ အချိန်ကြာမြင့်စွာ ရောက်မလာခဲ့သဖြင့် ဝိန်းယွီ၏ ရင်ဘတ်ထဲတွင် ကြီးမားသော ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ ဖြစ်နေခဲ့သည်။

အကြိမ်များစွာ ဝိန်းယွီသည် အိပ်မက်ဆိုးများမှ လန့်နိုးလာတတ်ပြီး သူမ၏ အဝတ်အစားများနှင့် ဆံပင်များမှာ ချွေးများဖြင့် စိုရွှဲနေတတ်သည်။ သူမ၏ သတိလွတ်နေသော အခြေအနေတွင် ကျောင်းပိုင်က စိုးရိမ်တကြီးဖြင့် "မင်းသမီး" ဟု ခေါ်လိုက်တိုင်း သူမသည် ချွေးများ ပြန်နေရင်း ကျောင်းပိုင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ အလောတကြီး မေးတတ်သည်။ "အားကျောင်း... ရှီယွင် အသက်ရှင်သေးရဲ့လား။ ကျားချောက်တောင်ကြားဂိတ် ကျသွားပြီလား။ ရှီးလင်က ပြန်ပြီး ထိုးစစ်ဆင်လာပြီလား"

စစ်သူကြီးကု ဘာမှမဖြစ်ကြောင်း၊ ယခု ဖန်ရှီမြို့တွင် ဒဏ်ရာများကို ကုသနေကြောင်း၊ ကျားချောက်တောင်ကြားဂိတ်မှလည်း မည်သည့် စစ်သတင်းမှ မရောက်သေးကြောင်းနှင့် ရှီးလင်တွင် စစ်ရှုံးသွားသော အကြွင်းအကျန်များသာ ကျန်ရှိတော့ကြောင်း သူမက အကြိမ်ကြိမ် ပြောပြပြီးမှသာ ဝိန်းယွီသည် အိပ်မက်ဆိုး၏ ထိတ်လန့်မှုမှ တဖြည်းဖြည်း ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် သူမ၏ မျက်စိရှေ့တွင်ပင် ဝိန်းယွီသည် သိသိသာသာ ဖြူရော်ကာ အားနည်းနေခဲ့သည်။

ထိုနေ့က ကုရှီယွင်ကို စစ်မြေပြင်မှ သွေးသံရဲရဲဖြင့် ခေါ်ဆောင်လာခဲ့စဉ်က ဝိန်းယွီသည် မြို့ရိုးထက်တွင် စည်တီးနေခဲ့သည်။ မိမိကိုယ်ကို ထိန်းချုပ်မှု ကင်းမဲ့သွားမည်ကို စိုးရိမ်ပြီး အသေအလဲ ကာကွယ်နေသော စစ်သည်များကို ထိတ်လန့်မှု မဖြစ်စေရန်အတွက် ကုရှီယွင်ကို တစ်ချက်ပင် မကြည့်ရဲခဲ့ချေ။ စည်တီးသံများနှင့်အတူ ကျဆင်းသွားသည်မှာ သူမ၏ လက်ခုံပေါ်မှ သွေးစက်များနှင့် မျက်လုံးထောင့်မှ စီးကျလာသော မျက်ရည်များသာ။

ကုရှီယွင်ကို အတွင်းမြို့ရိုးသို့ ကုသရန် ပို့ဆောင်ပြီးနောက် ဝိန်းယွီသည် မြို့ရိုးထက်တွင် ဆက်လက်၍ စစ်ဆင်ရေးများကို ကြီးကြပ်နေခဲ့ပြီး ကုရှီယွင်၏ ဒဏ်ရာအခြေအနေကို တစ်ခွန်းမှ မမေးရဲခဲ့ချေ။

ကျောင်းပိုင်သည် သူမ၏ ရင်ထဲမှ ကြောက်ရွံ့မှုများနှင့် စိုးရိမ်ပူပန်မှုများကို သိရှိထားသည်။ ဤခရီးလမ်းတစ်လျှောက်တွင် သူမသည် မည်သည့် ဆုံးရှုံးမှုကိုမှ ထပ်မံ မခံနိုင်တော့ပေ။

ထို့ကြောင့် မမေးမြန်းခြင်းဖြင့် အဆိုးရွားဆုံးသော ရလဒ်များကို စောင့်ဆိုင်းနေရသော်လည်း ထိုအချိန်မတိုင်မီအထိ သူမသည် မိမိကိုယ်ကို လှည့်စားကာ ဆက်လက် ရပ်တည်နိုင်လိမ့်မည်။

သို့သော် အခြေအနေများ ပြေလည်သွားပြီးနောက် အိပ်မက်ဆိုးများအတွင်း၌ အားလုံးသော နာကျင်မှု၊ ဝမ်းနည်းမှုနှင့် ထိတ်လန့်မှုများသည် အရှိန်အဟုန်ဖြင့် ပြန်လည် ရောက်ရှိလာကာ အိပ်မက်ထဲရှိ သွေးစွန်းနေသော မြင်ကွင်းများသည် အမှန်တရားလား၊ သို့မဟုတ် သူတို့ အောင်ပွဲခံနိုင်ခဲ့သည်က အမှန်တရားလားဆိုသည်ကို ဝိန်းယွီ တစ်ခါတစ်ရံ ခွဲခြားမရနိုင်အောင် ဖြစ်ရသည်။

ကုရှီယွင်သည် ဝိန်းယွီ ညစဉ် အိပ်မက်ဆိုးများ မက်နေကြောင်း သိရှိသွားသောအခါ သူမ ကိုယ်တိုင် ဒဏ်ရာများ ပြည့်နှက်နေသည့်တိုင်အောင် ဝိန်းယွီနှင့်အတူ လာရောက် နေထိုင်ခဲ့သည်။

ဝိန်းယွီ အိပ်မက်ဆိုး မက်ပြန်သောအခါ ကုရှီယွင်သည် သူမ၏ လက်ကို ဆုပ်ကိုင်ကာ မျက်ရည်များ ရစ်သိုင်းနေလျက် ဟာသနှောကာ အကြိမ်ကြိမ် ကတိပေးခဲ့သည်။ "အားယွီ... နင် စိတ်ချပါ။ ငါက အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အထိ မနေရရင် သေမှာ မဟုတ်ဘူး။ အဖေနဲ့ အစ်ကိုကတော့ အရင်ဧကရာဇ်နဲ့ အိမ်ရှေ့မင်းသားဆီ လိုက်သွားကြပြီ။ ငါက အားယွီကို စောင့်ရှောက်ရဦးမယ်လေ"

နန်ချန်သို့ သွားရန် ဆုံးဖြတ်ခဲ့သည့် နေ့မှစ၍ ဝိန်းယွီသည် မည်သည့် အားနည်းချက်ကိုမျှ မပြသခဲ့ချေ။ သို့သော် ထိုညတွင်တော့ မျက်လုံးများကို လက်ဖြင့် ကွယ်ထားလျက် သူမ၏ သေးသွယ်သော ပခုံးများ တုန်ခါသွားပြီး လက်ဖဝါးအောက်မှ မျက်ရည်များစွာ စီးကျလာခဲ့သည်။

သူမက ပြောခဲ့သည်။ "ရှီယွင်... ကျားချောက်တောင်ကြားဂိတ်လည်း ကျသွားပြီလို့ ငါ အိပ်မက်မက်တယ်။ သူက မြို့တံခါးရှေ့က မြင်းခွာတွေအောက်မှာ သေဆုံးသွားတယ်"

ကျောင်းပိုင်နှင့် ကုရှီယွင်တို့ နှစ်ဦးစလုံးသည် သူမ ပြောသော 'သူ' ဆိုသည်မှာ မည်သူဖြစ်ကြောင်း နားလည်ကြသည်။

ပုံမှန်အချိန်များတွင် သူမ စိုးရိမ်ပူပန်နေလျှင်တောင်မှ ထိုကဲ့သို့ ခံစားချက်များကို ထုတ်ဖော်ပြသလေ့ မရှိပေ။ နေ့စဉ် ကျားချောက်တောင်ကြားဂိတ်မှ စစ်သတင်းများ ရောက်မလာသေးဘူးလားဟု မပျက်မကွက် မေးမြန်းလေ့ရှိသော်လည်း ထိုလူ၏ နာမည်ကိုတော့ လုံးဝ မဟခဲ့ချေ။

မေးလိုက်လျှင် သူမ မကြားချင်သော အဖြေကို ရရှိသွားမှာ ကြောက်ရွံ့နေသည့်အလားပင်။

ထိုညတွင်မှသာ သူမ၏ တင်းမာနေသော ခံနိုင်ရည်များနှင့် ကြံ့ခိုင်မှုများအားလုံးသည် အကြိမ်ကြိမ် အိပ်မက်ဆိုးများကြားတွင် ပြိုလဲသွားခဲ့ပြီး သူမ၏ အားနည်းမှုနှင့် နူးညံ့မှုများ ထွက်ပေါ်လာခဲ့သည်။

ထိုလူသည် ဝိန်းယွီအတွက် မည်မျှ အရေးပါကြောင်းကို ကျောင်းပိုင် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သူမသည် ဤတုန်လှုပ်ချောက်ချားဖွယ်ရာ တိုင်းပြည်အတွင်း ထိုလူနှင့်အတူ ခရီးစဉ်တစ်ခုတည်းကို လျှောက်လှမ်းရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

သို့သော် သူမက တိုင်းပြည်၏ တစ်ဝက်ကို ကာကွယ်နိုင်ခဲ့သော်လည်း တစ်ဖက်လူက ပြန်မလာနိုင်ခဲ့လျှင်ရော။

ကျောင်းပိုင်သည် ထပ်မတွေးရဲတော့ချေ။

ယခု ထိုလူ အောင်ပွဲခံပြီး ပြန်လည်ရောက်ရှိလာသောကြောင့် ကျောင်းပိုင်သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိသည်။

ဆေးတစ်ခွက်လုံး သောက်ပြီးသွားသောအခါ ဝိန်းယွီ၏ လက်မောင်းမှ အင်္ကျီလက်ကျယ်များကို ပြန်ချပေးလိုက်ပြီး တံတောင်ဆစ်နားတွင် စုပုံနေစေသည်။ အောက်ဘက်ရှိ လက်ကောက်ဝတ်တွင်တော့ ထူထဲသော ပုဝါတစ်ထည်ကို ခံထားပြီး ဆေးရည်ပြုတ်ထားသော နွေးထွေးသည့် ဝါဂွမ်းစကို ကပ်ပေးထားသည်။

အခန်းထဲတွင် မီးသွေးဖို ဖိုထားသဖြင့် မချမ်းအေးလှသော်လည်း ယားယံမှုတစ်ခုက သူမ၏ လည်ချောင်းထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။ ဝိန်းယွီသည် လက်ဖြင့် ပါးစပ်ကို အုပ်ကာ ချောင်းဆိုးလိုက်စဉ် လက်ကောက်ဝတ်ရှိ ဆေးအဝတ်စသည် စောင်ပေါ်ရှိ ပုဝါပေါ်သို့ ပြုတ်ကျသွားလေသည်။

ရှောင်းလိ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ အပြင်ဘက်သို့ လှမ်းအော်လိုက်၏။ "အပြင်က..."

'သမားတော်' ဟူသော စကားလုံး ထွက်မလာမီမှာပင် အနာဖေးများ မကျွတ်သေးသော သူ့လက်ကို ဝိန်းယွီက ဆွဲကိုင်လိုက်သည်။ "သမားတော် ခေါ်ဖို့ မလိုပါဘူး။ လွန်ခဲ့တဲ့ ရက်တွေက အအေးမိထားတာ သက်သာနေပါပြီ။ နည်းနည်းလေးပဲ ချောင်းဆိုးနေသေးတာပါ"

ဝိန်းယွီ၏ အသံသည် နူးညံ့နေပြီး မျက်လုံးများကလည်း တည်ငြိမ်နေ၏။ သို့သော် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကတော့ ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေဆဲ။

သူမသည် လက်တစ်ဖက်ဖြင့် နှုတ်ခမ်းကို ကွယ်ကာ တိုးတိုးလေး ချောင်းဆိုးရင်း ကျန်လက်တစ်ဖက်က ရှောင်းလိကို တင်းကျပ်စွာ ဆွဲကိုင်ထားကာ ပြောလိုက်သည်။ "ကျွန်မနဲ့အတူ ခဏလောက် ထိုင်နေပေးပါ"

ရှောင်းလိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များသည် အလွန် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ဖိနှိပ်ထားရသည့်ပုံ ပေါက်နေသည်။ "မင်း နေရခက်နေတယ်"

ဝိန်းယွီကမူ သူ့ကို ပြုံးပြကာ ပြောလိုက်၏။ "ဟုတ်တယ်လေ။ ရှင်က ကျွန်မကို စကားမှ မပြောတော့တာ၊ ကျွန်မ နေရခက်တာပေါ့"

စောစောက ချောင်းဆိုးထားသဖြင့် သူမ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ယခုအခါ သွေးရောင်အနည်းငယ် ပြန်လည်သန်းလာခဲ့သည်။ သူမ ပြုံးလိုက်သည့်ပုံက အလွန်လှပသော်လည်း ရှောင်းလိမှာမူ ရင်ဘတ်ထဲတွင် မွန်းကျပ်မှုများနှင့် ချဉ်စူးစူး ခံစားချက်တို့ကြောင့် နှလုံးသား ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။

မြို့သို့ပြန်လာသော မြင်းလှည်းပေါ်တွင် ဝိန်းယွီသည် ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်သွားခဲ့သည်။ ဤနေရာသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကျောင်းပိုင်က သမားတော်ကို အလျင်စလို ခေါ်ယူပြသခဲ့မှသာ ဝိန်းယွီ၏ ခန္ဓာကိုယ် အခြေအနေသည် မည်မျှအထိ ဆိုးရွားနေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

သူ့ရင်ဘတ်နှင့် လည်ချောင်းများတွင် မွန်းကျပ်ပိတ်ဆို့နေသည်။

သူ စကားမပြောနိုင်အောင် ဖြစ်နေရသည်။

ဝိန်းယွီ၏ လက်နှစ်ဖက်စလုံး ယခုအချိန်တွင် အားပြု၍ မရကြောင်း သိထားသဖြင့် ရှောင်းလိသည် လှည့်ကာ သူ့ကို ဆွဲကိုင်ထားသော ဝိန်းယွီ၏ လက်ကို စောင်ပေါ်သို့ ဖြည်းညင်းစွာ ပြန်ချပေးလိုက်သည်။ ထို့နောက် ဆေးအဝတ်စဖြင့် သူမ၏ လက်ကောက်ဝတ်ကို ပြန်လည် ပတ်ပေးပြီးမှသာ သူကိုယ်တိုင် ခွေးခြေခုံပေါ်တွင် ပြန်လည်ထိုင်လိုက်သည်။

သူသည် တံတောင်ဆစ်များကို ဒူးပေါ်တင်ကာ မျက်နှာကို အားပါပါ ပွတ်သပ်လိုက်သည်။ ဝိန်းယွီကို ပြန်လည်ကြည့်ရှုလာသောအခါ သူ့မျက်လုံးအောက်တွင် ပျံ့နှံ့နေသော သွေးကြောရဲရဲများကို မဖုံးကွယ်နိုင်တော့ဘဲ အက်ကွဲသော လေသံဖြင့် မေးလိုက်၏။ "ဘာပြောချင်လို့လဲ"

ဝိန်းယွီသည် သူ့ကို ကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးများ ရှိနေဆဲပင်။ "ကျားချောက်တောင်ကြားဂိတ်ကနေ ပြန်လာတာနဲ့ ကျွန်မတို့ လက်ထပ်ကြမယ်လို့ သဘောတူထားတာလေ။ အခု ရှင် ဒီလိုဖြစ်နေတာက စကားကို ပြန်ရုပ်သိမ်းချင်လို့လား"

ဝိန်းယွီက တမင်သက်သက် ထိုသို့ ပြောလိုက်ခြင်းဖြစ်ကြောင်း သိထားသော်လည်း ရှောင်းလိ၏ ဒူးပေါ်တင်ထားသော လက်များသည် ချက်ချင်းပင် လက်သီးဆုပ်သွားခဲ့သည်။ မျက်လုံးထဲတွင် ပျံ့နှံ့နေသော သွေးရောင်များက တဖြည်းဖြည်း ရင့်လာပြီး သူ့အသက်ရှူသံများကိုပါ ပိုမို လေးလံသွားစေသည်။ သူက ပြောလိုက်လေသည်။ "မင်း အိပ်မက်မက်နေလိုက်"

သူက ဝိန်းယွီကို ကြည့်နေသည့် အကြည့်များက အလွန်ကြမ်းတမ်းနေပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့်နှယ်။ မျက်လုံးထဲတွင် ဖိနှိပ်ထားသမျှသည် လူကို ရေနစ်သေစေနိုင်လောက်အောင် ပြင်းပြသော ချစ်ခြင်းများသာ။ "မင်း အခုလို ခန္ဓာကိုယ်အခြေအနေနဲ့ ငါ့ကို ဒီလောက် ပေါ့ပေါ့ပါးပါး စကားတွေ လာမပြောနဲ့"

"ဝိန်းယွီ... ကျားချောက်တောင်ကြားဂိတ်ကို ငါ ကာကွယ်နိုင်ခဲ့ပေမယ့် မင်းက ကောလဲ့မြို့ကို ကိုယ်တိုင် သွားခဲ့တယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကတည်းက ငါ သေသွားပြီလို့တောင် ထင်မိတယ်"

"မင်းက လူလိမ်ပဲ။ ငါ အသက်ရှင်လျက် ပြန်လာပြီး မင်းကို တာ့လျန်ဆီ ပြန်ခေါ်သွားဖို့ လိမ်ညာခဲ့တယ်။ ဒါဆို မင်းကိုယ်မင်းရော ဘယ်လိုလဲ"

"ပြန်လာတဲ့ ဆယ့်သုံးရက်နဲ့ ကိုးနာရီလုံးလုံး၊ ကောလဲ့မြို့သာ ကျသွားရင် ဘယ်လိုလုပ်မလဲ၊ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို ငါ တစ်စက္ကန့်လေးတောင် မတွေးဘဲ မနေနိုင်ခဲ့ဘူး"

သူ့အသက်ရှူသံများ နာကျင်နေပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းနေလေပြီ။ ဝိန်းယွီ၏ မျက်နှာကို ကိုင်ထားသော လက်များသည် အနည်းငယ် တုန်ယင်နေသော်လည်း အကြည့်များကတော့ အလွန် ပြတ်သားနေဆဲပင်။ "ငါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖြစ်တယ်၊ တိုက်ခိုက်ပြီး ရယူမယ်။ မင်းရဲ့ အလောင်းပဲ ဖြစ်နေပါစေ၊ ငါ တာ့လျန်ဆီ ပြန်ယူသွားမယ်။ ပြီးတော့ မင်းနဲ့ ငါ လက်ထပ်မယ်ဆိုတာကို လောကကြီး တစ်ခုလုံးကို ကြေညာမယ်"

"မင်းအတွက် လက်စားချေပေးတဲ့ လမ်းမှာ ငါ သေဆုံးသွားခဲ့ရင်တောင်၊ ငါ့ရဲ့ အရိုးတွေကို မင်းနဲ့အတူ ခေါင်းတလား တစ်ခုတည်းမှာ မြှုပ်နှံရမယ်"

"ဒါမှ နောင်ဘဝကျရင်လည်း မင်း ငါ့ဆီကနေ လွတ်မြောက်လို့ မရမှာ။ ဒါ မင်း ငါ့ကို အကြွေးတင်နေတာပဲ"

ယခုအချိန်တွင် ဤစကားများကို ပြောဆိုနေသော်လည်း သူ့လေသံတွင် နက်ရှိုင်းလှသည့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပါဝင်နေဆဲပင်။

ရှောင်းလိ၏ လက်ဖဝါးအောက်သို့ မျက်ရည်များ စီးကျလာသည်။ ၎င်းမှာ ဝိန်းယွီ၏ မျက်လုံးများမှ ကျဆင်းလာသော မျက်ရည်များပင်။

သူမသည် လက်ကိုမြှောက်ကာ သူမ၏ မျက်နှာကို ကိုင်ထားသော ရှောင်းလိ၏ လက်ခုံပေါ်သို့ အုပ်ကိုင်လိုက်သည်။ ဖြည်းညင်းစွာ အသက်ရှူနေသော်လည်း လည်ချောင်းနှင့် ရင်ဘတ်ထဲမှ ခါးသီးမှုများကို ဖိနှိပ် မရနိုင်ခဲ့ချေ။ ထို့ကြောင့် သူမ စကားပြောလိုက်ချိန်တွင် အသံများ အက်ကွဲနေသည့်တိုင်း ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်မကို လာခေါ်မယ့် ရှင့်ကိုတောင် မစောင့်ရသေးဘဲ ကျွန်မက ဘယ်လိုလုပ် သေရက်မှာလဲ"

"လက်ထပ်ဖို့ ရှင် သဘောတူခဲ့တုန်းက ကျွန်မ ရှင့်ကို ပြောခဲ့သားပဲ။ အဲဒီအချိန်ကစပြီး ဘယ်ဘဝရောက်ရောက် ရှင်နဲ့ ကျွန်မက ကင်းကွာလို့ မရတော့ဘူးလို့လေ"

ရင်ဘတ်ထဲတွင် မွန်းကျပ်နာကျင်နေဆဲ ဖြစ်သော်လည်း တစ်စုံတစ်ရာက အပြည့်အဝ နေရာယူသွားသကဲ့သို့ ခံစားရပြီး မျက်လုံးထဲမှ တစ်ခုခု လျှံကျလာတော့မလိုပင်။

ရှောင်းလိသည် နီရဲနေသော မျက်လုံးများကို မှိတ်ထားလိုက်ပြီး တုန်ယင်နေသော အသက်ရှူသံများဖြင့် ဝိန်းယွီ၏ နဖူးနှင့် သူ၏ နဖူးကို ထိကပ်ထားလိုက်သည်။

ဘယ်ဘက် ရင်အုံအတွင်းမှ ခုန်ပေါက်နေသော နှလုံးသားသည် အလွန် ငြိမ်းချမ်းသွားခဲ့သည်။

ဒါက သူ့ရဲ့ အိမ်ပြန်လမ်းပဲ။

"ဒီလောကမှာ တကယ်ပဲ သံသရာဆိုတာ ရှိတယ်ဆိုရင် ငါတို့တွေ ဘဝဆက်တိုင်း ဘဝဆက်တိုင်း ရစ်ပတ်နှောင်ဖွဲ့နေကြတာပေါ့"

...

All Chapters