အခန်း ၂၅၂
Vol. 26 Ch. 252
🍋 Chapter 252
သူသည် ငယ်ရွယ်သေးသော်လည်း မိသားစု၊ နိုင်ငံနှင့် ကမ္ဘာလောကဟူသော အယူအဆကို နားလည်ထားပေသည်။
တရုတ်နိုင်ငံ၏လုံခြုံရေးကို ထိခိုက်လာနိုင်သည့် ဤကိစ္စရပ်တွင် သူကဲ့သို့ သာမန်လူတစ်ယောက်အနေဖြင့်ပင် နိုင်ငံတော်ကို ဦးဆောင်၍ကမ္ဘာလောကကြီးအား ငြိမ်းချမ်းအောင် ပြုလုပ်ရန် တာဝန်ကို ပခုံးထမ်းတင်ထားရန်လိုအပ်သည်။
ကြီးမားသော အကျိုးစီးပွားမရှိလျှင် သေးငယ်သော မိသားစုလေးက မည်သို့တည်ရှိနိုင်ပါမည်နည်း။
ဤဓာတ်ခွဲခန်းကို မဖြစ်မနေ သိမ်းပိုက်ရမည်သာ။
"ဆန်းတို့စ်... ဒီဓာတ်ခွဲခန်းရဲ့ တည်နေရာက မင်းရဲ့ အုပ်ချုပ်မှုနယ်မြေထဲမှာ ရှိတာလား"
"အဲဒါက... ဆရာ၊ ကျွန်တော် ထိန်းချုပ်ထားတဲ့ နယ်မြေအစွန်းက အဲဒီဓာတ်ခွဲခန်းနဲ့ တကယ်ကို နီးပါတယ်၊ ၇၀ ကီလိုမီတာလောက်ပဲ ဝေးတာပါ၊ ဒါပေမဲ့ လက်ရှိမှာ အဲဒီနယ်မြေကို တခြားစစ်တပ်တစ်ခုက ထိန်းချုပ်ထားပါတယ်"
"ဒါဆို မင်းနဲ့ အဲဒီစစ်ဘုရင်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ"
"ရန်သူပါ"
ကျိုးထျန်းသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူသည် ဆန်းတို့စ်၏ လိုရင်းတိုရှင်းနှင့် ပြတ်သားသော စကားပြောပုံကို သဘောကျသည်။
"ဒါဆို မင်းမှာ သူ့ကို အနိုင်တိုက်ဖို့ အင်အားရှိလား၊ လုံးဝအပြတ်အသတ် အနိုင်တိုက်ဖို့ မလိုပါဘူး၊ ဓာတ်ခွဲခန်းအနီးက နယ်မြေကို သိမ်းပိုက်နိုင်ရင် ရပြီ"
ဆန်းတို့စ်သည် ဆယ်စက္ကန့်ကျော်ခန့် တိတ်ဆိတ်သွားပြီးနောက်မှ ချက်ချင်းပင် ဖြည်းဖြည်းချင်း စကားပြောလာတော့သည်။
"လုပ်လို့တော့ ရပါတယ်၊ ဒါပေမဲ့ အချိန်တိုအတွင်းမှာ အပြီးလုပ်ချင်ရင်တော့ ကျွန်တော်တို့ရဲ့ ရိက္ခာနဲ့ လူအင်အား အမြောက်အမြား ဆုံးရှုံးသွားလိမ့်မယ်"
ဆန်းတို့စ်သည်လည်း သဘာဝအတိုင်း သူ၏ ကိုယ်ပိုင်နယ်မြေအတွက် ထည့်သွင်းစဉ်းစားရပေမည်။
သူသည် သူ့ဆရာ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သည်။
၎င်းမှာ ထိုနယ်မြေကို သိမ်းပိုက်ပြီး ဓာတ်ခွဲခန်းပတ်ဝန်းကျင်ရှိ လူများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ဖြစ်သည်မှာ ထင်ရှားသည်။
"ကောင်းပြီ၊ ငါနားလည်ပြီ"
"ဒီဆုံးရှုံးမှုကို ပြန်ကာမိဖို့ အချိန်နဲ့ ငွေကြေး ဘယ်လောက်ကုန်မလဲလို့ မင်းခန့်မှန်းလဲ"
ဆရာတစ်ယောက်အနေဖြင့် ကျိုးထျန်းသည် ကုန်ကျစရိတ်များကို တွက်ချက်ရန် လိုအပ်သည်။
"ကျွန်တော်တို့ရဲ့ အသုံးအဆောင်တွေနဲ့ လူအင်အား အရည် အသွေးအရ အဲဒီနယ်မြေကို သိမ်းပိုက်ဖို့ အင်အားပြင်း လက်နက်ကြီး အမြောက်အမြား လိုအပ်လိမ့်မယ်၊ ဒါမှ ဆုံးရှုံးမှုကို လျှော့ချနိုင်ပြီး ရန်သူက တန်ပြန်ကလဲ့စားမချေရဲအောင် ဟန့်တားနိုင်လိမ့်မယ်"
"ကျွန်တော် ခန့်မှန်းရသလောက်တော့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၃၀ ကနေ ၅၀ အထိ ရှိနိုင်ပါတယ်"
"ဒါပေမဲ့ အဲဒီနယ်မြေမှာ မရသေးတဲ့ သတ္တုတွင်းအချို့ ရှိနေတယ်၊တစ်ကယ်လို့ ကျွန်တော်တို့ အကောင်းစားတစ်ခုခု ရှာတွေ့ရင်တော့ အရင်းပြန်ကျနိုင်တယ်"
"ဒါပေမဲ့ အဲဒါက လောင်းကစားဆန်ပါတယ်၊ ကျွန်တော် အသေအချာတော့ မပြောနိုင်ဘူး၊ ငွေရှုံးဖို့ကတော့ ရာခိုင် နှုန်းပိုများပါတယ်"
ဆန်းတို့စ်သည် အလွန်တိကျပြီး လိုအပ်မည့် ရန်ပုံငွေပမာဏကို အတိအကျ ပေးအပ်ခဲ့သည်။
"သန်း ၃၀ ကနေ ၅၀ ဆိုတာ တကယ်ကိုကြီးမားတဲ့ အသုံးစ ရိတ်ပဲ"
သူသည် တရုတ်ယွမ်ငွေ သန်း ၂၀၀ မှ ၃၀၀ ခန့်နှင့် ညီမျှကြောင်း လျင်မြန်စွာ တွက်ချက်လိုက်မိသည်။
ပြင်းထန်သော ဒေသတွင်းစစ်ပွဲတစ်ခုအတွက် ယင်းကစျေးမကြီးသော်လည်း သူသည် ဘီလီယံနာတစ်ဦး မဟုတ်ရာ ဤကဲ့သို့သော လောင်းကစားမျိုးကို မတတ်နိုင်ချေ။
‘ဒီဆုံးရှုံးမှုကို ကာမိဖို့ ငါ့မှာ ရန်ပုံငွေ အလုံအလောက် ရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ပြည်ပအကောင့်ထဲမှာ အမေရိကန်ဒေါ်လာ ၁၂၀ သန်းလောက် ကျန်သေးတာပဲ’
‘ဒါပေမဲ့ ငွေတွေ အများကြီး သုံးလိုက်ရင် ကမ်းဘဲလ်ရဲ့ ဓာတ်ခွဲခန်းကို ဝယ်ဖို့ ငွေမလောက်ဘဲ ဖြစ်သွားလိမ့်မယ်’
‘ဒါကြောင့် သူတို့ တောင်းဆိုမယ့်စျေးနှုန်းကို မသိရတာက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ’
သူ ခဏမျှ စဉ်းစားပြီးနောက် ထိုင်ပြီး စောင့်ဆိုင်းနေ၍မရဘဲ အရေးယူဆောင်ရွက်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ဤအချက်အလက်မှာ စနစ်ထံမှ ရရှိထားခြင်းဖြစ်ပြီး ယင်းမှာ အလယ်အလတ်အဆင့် ချမ်းသာကြွယ်ဝမှု အချက်အ လက် ဖြစ်သဖြင့် အနည်းဆုံး သန်းပေါင်းများစွာ တန်ဖိုးရှိသည်။
သူ ငွေရှုံးလျှင်ပင် များစွာဆုံးရှုံးလိမ့်မည် မဟုတ်ပေ။
လုပ်လိုက်စမ်း။
"ဆန်းတို့စ်... မင်း ပြင်ဆင်ပြီး အစီအစဉ်ဆွဲလိုက်တော့၊ ဒီနယ်မြေကို တတ်နိုင်သမျှ အမြန်ဆုံးသိမ်းပိုက်လိုက်၊ ပြီးတော့ အဲဒီနယ်မြေထဲမှာ မင်းရဲ့လူတွေပဲ ရှိနေပါစေ"
"ပြီးရင် ဓာတ်ခွဲခန်းကို စိတ်ဝင်စားတဲ့ တခြားဝယ်မယ့်သူတွေ လာရင် မင်း သူတို့နဲ့ ရင်းရင်းနှီးနှီး ဆက်သွယ်လိုက်၊ အကယ် ၍ သူတို့က အကြံဉာဏ်ကို နားမထောင်ရင်တော့ မင်းတို့ နယ်မြေထဲမှာ နှစ်တိုင်း လူပျောက်ဆုံးမှုတွေ အများကြီး ရှိနေတာပဲ၊ တခြားလူအချို့ ထပ်ပျောက်သွားတာကလည်း အထူးအဆန်း မဟုတ်တော့ပါဘူး"
"နားလည်ပါပြီ ဆရာ၊ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်၊ စိတ်ချပါ... ဓာတ်ခွဲခန်းက တခြားလူတွေ လက်ထဲကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး"
သူ၏အာမခံချက်ကို ကြားပြီးနောက်တွင်ပင် ကျိုးထျန်းသည် စိုးရိမ်စိတ်အချို့ဖြင့် ဖုန်းကို ချလိုက်မိသည်။
‘ဒီဝယ်မယ့်သူတွေက ဘာက ကောင်းလဲဆိုတာ သိကြဖို့ မျှော်လင့်ရတာပဲ’
‘ငါတို့အားလုံးက လူကောင်းတွေပါ၊ တစ်ကယ်လို့ သူတို့က လူကောင်းလို နေနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ အကောင်းအတိုင်း မနေနိုင်ရင်တော့ ငါတို့က သူတို့ကို အတင်းအဓမ္မ လူကောင်းဖြစ်အောင် လုပ်ရုံပေါ့’
ကျိုးထျန်း၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်း ရောင်များ ဖျတ်ခနဲပေါ်လာခဲ့ပြီး တစ်ကိုယ်လုံးတွင်လည်း လူသတ်ငွေ့များ ထွက်ပေါ်နေတော့သည်။
ဆန်းတို့စ်၏ ဇာတိမြေတွင် ဥပဒေမရှိ၊ ယဉ်ကျေးမှုမရှိဘဲ အကြမ်းဖက်မှုသာ ရှိသည်။
လက်သီးပိုကြီးသောသူကသာ စကားပြောပိုင်ခွင့် ရှိသည်။
ယင်းသို့ဖြစ်လျှင် ကိစ္စရပ်များက ပို၍ လွယ်ကူသွားပေလိမ့်မည်။
‘ငါအလိုရှိတဲ့အရာကို လာလုရဲရင် ငါ သူတို့လက်ကို ဖြတ်ပစ်မယ်။ ငါ့ဆီကနေ လာလုရဲတဲ့ လူမိုက်က ဘယ်သူလဲဆိုတာ ငါ သိချင်သေးတယ်’
သူသည် ယင်းကို ရရှိပြီးနောက် မည်သို့ ကိုင်တွယ်ရမည်ကို တွက်ချက်နေမိသည်။
၎င်းမှာ သူ၏ အကြီးမားဆုံး ခေါင်းခဲစရာ ကိစ္စပင်။
သူ ဖုန်းကို တစ်ချက် ကြည့်လိုက်ရာ တစ်နာရီ ထိုးတော့မည်ဖြစ်သည်။ ၏
မဖြေရှင်းရသေးသော အတွေးများကို ဘေးဖယ်ထားလိုက်သည်။
ကျောင်းဝင်းအတွင်း၌မူ စာသင်ခြင်းကသာ အဓိကဖြစ် သည်။ ဖိအားမရှိသော်လည်း အလွန်အမင်း စိတ်လျှော့ထား၍ မရနိုင်ပေ။
မွန်းလွဲပိုင်းကမူ လွယ်ကူလှပြီး သူ၏ နောက်ဆုံးအတန်းမှာ ၂ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။
တက္ကသိုလ်သည် အထက်တန်းကျောင်းနှင့်မတူဘဲ ကျောင်း သားများသည် ၎င်းတို့၏အတန်းများ ပြီးဆုံးမည့်အချိန်ကို ရွေးချယ်နိုင်သည်။
မဖြစ်မနေ တက်ရောက်ရမည့် သင်ရိုးညွှန်းတမ်း အချို့မှလွဲ၍ကျန်အတန်းများမှာ ခရက်ဒစ် ရယူရန်အတွက်သာ ဖြစ်သည်။
ပထမနှစ်နှစ်မှာ အေးအေးဆေးဆေး နေပြီး နောက်ဆုံးနှစ်နှစ်မှာ ကြိုးစားဖို့ ရွေးချယ်နိုင်သလို အစပိုင်းမှာ ပြင်းပြင်း ထန်ထန်ကြိုးစားပြီး နောက်ပိုင်းမှာ အနားယူဖို့လည်း ရွေးချယ်နိုင်သည်။
အရမ်းကြိုးစားပြီး ဘာသာရပ်တိုင်းကို စမ်းသပ်လိုသည့် ကျောင်းသားများလည်း ရှိကြသည်။
သို့သော် ကျိုးထျန်းကမူ ကွဲပြားသည်။ ဘွဲ့ရရန်အတွက် ခရက်ဒစ် အလုံအလောက် ရရှိလျှင်ပင် အဆင်ပြေလှပြီဖြစ် သည်။
ပိုတာ ဒါမှမဟုတ် လိုတာကို မလိုချင်ဘဲမျှတပြီး တတ်နိုင်သမျှ စိတ်အေးလက်အေးရှိနေရန်သာ လိုလားသည်။
ထို့ကြောင့် သူသည် လျိုမုယန်ထက် တစ်နာရီခန့် စော၍ အတန်းဆင်းခဲ့သည်။
လုပ်စရာမရှိသဖြင့် သူသည် ကျောင်းကန်တင်းပတ်ဝန်းကျင်တွင် ထူးဆန်းသော အပြုံးတစ်ခုဖြင့် လျှောက်လှမ်းနေမိသည်။
နောက်ဆုံးတွင် လျိုမုယန် အတန်းဆင်းပြီးနောက် သူတို့နှစ်ဦးစလုံး ကားပေါ်သို့ တက်ကာ အိမ်သို့ ပြန်ခဲ့ကြသည်။
"ကျိုးထျန်း... နင် ကားအသစ် ထပ်ဝယ်ပြန်ပြီလား၊ ဒီကားက အရမ်းစျေးကြီးမယ့် ပုံပဲ"
လျိုမုယန်နှင့် သူသည် သက်တော်စောင့်များ မောင်းနှင်သော ဖန်တွမ်ကား၏ နောက်ခန်းတွင် ထိုင်နေကြခြင်းဖြစ်သည်။
ဤလူများသည် ဟေးလုံကျန်းတွင် ကြမ်းတမ်းစွာ မောင်းနှင်လေ့ရှိသော်လည်း ကျိုးထျန်းအတွက် မောင်းနှင်ပေးသည့်အခါတွင်မူ ကျောက်ဆောင်တစ်ခုကဲ့သို့ တည်ငြိမ်လှပြီး သူတို့၏ကျွမ်းကျင်မှုအဆင့်မှာ မည်သည့် ပရော်ဖက်ရှင်နယ် ယာဉ်မောင်းထက်မဆို မနိမ့်ချေ။
လျိုမုယန်သည် ကြမ်းပြင်ပေါ်ရှိ ကက်ရှ်မီးယား ကော်ဇောကို နင်းလိုက်ပြီး ထိပ်တန်းသားရေ ထိုင်ခုံကိုကိုင်တွယ်ရင်း မျက်မှောင်ကုတ်လျက် ကျိုးထျန်းအား မေးမြန်းလိုက်သည်။
ကားအကြောင်း လုံးဝမသိသော သူမပင်လျှင် ဤကားမှာ မယုံနိုင်လောက်အောင် စျေးကြီးရမည်ကိုသိရှိနေသည်။
"ဒါက ငါဝယ်တာတော့ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က ငါ့ကို လက်ဆောင်ပေးတာ၊ ဒီကားက မပေါ့ဘူးဆိုတာတော့ သေချာတယ်၊ စျေးကွက်ပေါက်စျေးက သန်းဆယ်ဂဏန်းထက်မနည်းနိုင်ဘူး"
ကျိုးထျန်းက မာဆတ်ထိုင်ခုံကို အသုံးပြုရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
မာဆတ်ထိုင်ခုံ၏ ခံစားချက်ကို အနည်းငယ် စွဲလမ်းနေပြီဖြစ်ရာ သူ၏ ဗီလာအတွက် တစ်လုံး ဝယ်ယူရမည်ဟု တွေးတောလိုက်မိသည်။
"အဲဒီလောက်တောင် စျေးကြီးတာလား၊တစ်ယောက်ယောက် က နင့်ကို တကယ်ပေးတာ သေချာရဲ့လား"
"ဒီလောက်စျေးကြီးတဲ့အရာကို လက်ခံတာ တကယ်ပဲ အဆင်ပြေရဲ့လား"
ကျိုးထျန်းအတွက် စိုးရိမ်နေရှာသည်။
"ငါက မသေချာတဲ့အရာကို လက်ခံလိမ့်မယ်လို့ နင်ထင်လို့လား၊ ငါလက်ခံရဲတယ်ဆိုကတည်းက ဘာပြဿနာမှ မရှိဘူး၊ လုံးဝကို တရားဝင်ပြီး ဥပဒေနဲ့ ညီညွတ်တယ်"
"နင် စိတ်အေးအေးထားပြီး အနားယူစမ်းပါ၊ နင်က ငါ့အပြင် ပထမဆုံး လိုက်ပါစီးနင်းတဲ့ ခရီးသည်ပဲ၊ ဒီထိုင်ခုံက နောက်ဆိုရင် နင့်အတွက်ပဲ ဖြစ်လိမ့်မယ်"
သူ့စကားကို ကြားသောအခါ လျိုမုယန်သည် စိတ်အေးသွားသည့်အပြင် ရင်ထဲတွင်လည်း ချိုသာသော ခံစားချက်ကို ခံစားလိုက်ရသဖြင့် ပြုံးလိုက်မိသည်။
"နင်က ငါ့ကို လိမ်နေတာပဲ၊ နင်က မိန်းကလေးတွေကြားမှာ အရမ်းရေပန်းစားတာပဲ၊ ဒီထိုင်ခုံက ငါ့အတွက်ပဲ ဖြစ်မှာ သေချာလို့လား"
သူမသည် ကျိုးထျန်းကို အကဲခတ်သည့်မျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။
"ဟဲ... ငါတို့ကျောင်းက ဘယ်မိန်းကလေးကမဆို ငါ့မျက်စိထဲ ဝင်မယ်လို့ နင်ထင်လို့လား"
"ဒါဆို နင်ကြိုက်တဲ့လူ ရှိလာရင်တော့ နင် သူမကို ပေးစီးမှာပေါ့"
ကျိုးထျန်း လက်လှမ်း၍ လျိုမုယန်၏ခေါင်းကို ပုတ်လိုက်သည်။
မိန်းကလေးများသည် အချစ်ရေးနှင့် ပတ်သက်လာလျှင် ချက်ချင်းပင် လော့ဂျစ်မစ္စတာများအဖြစ်သို့ ပြောင်းလဲသွားတတ်ကြသည်။
"နင်ကလွဲလို့ ဘယ်သူမှ ထိုင်ပိုင်ခွင့်မရှိဘူး၊ ဟုတ်ပြီလား"
အမှန်တော့ လျိုမုယန် ထိုသို့ပြောသည်ကို သူ အလွန်ကျေနပ်မိသည်။
ယင်းမှာ ယခင်က လုံးဝအမှီအခိုကင်းခဲ့သော သူမ၏ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ သူ့အပေါ် ပိုမိုမှီခိုလာရသည့် ထင်ရှားသော လက္ခဏာတစ်ရပ်ပင်။