အခန်း ၂၅၅
Vol. 26 Ch. 255
🍋 Chapter 255
ကျောင်းသားများ၏ တိုင်ကြားချက်များမှာ အရှေ့ကျောင်းဝန်း ထမင်းစားဆောင်၏ အစားအစာ အရည်အသွေးနှင့် ပတ်သက်၍သာ ဖြစ်ကြသည်။
သို့သော် ၎င်းတို့သည် အခြားသော အရေးကြီးသည့် အချက်တစ်ချက်ကိုမူ သတိမပြုမိကြချေ။
ထို့ကြောင့် ကျိုးထျန်းအနေဖြင့် ၎င်းကို ထောက်ပြပေးရန် လိုအပ်လာခဲ့သည်။
"ဟေး... စီနီယာတို့၊ ကျွန်တော် တစ်ခုလောက် မေးပါရစေ၊ ကျွန်တော်တို့ကျောင်းက ဘာဖြစ်လို့ အပြင်က ပါဆယ်မှာစားတာကို ခွင့်မပြုရတာလဲ"
"ဟဟ... မင်းက ဒီနှစ်မှ ရောက်လာတဲ့ ကျောင်းသားသစ်မို့လို့ ဖြစ်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ ငါတို့ကျောင်းက ပါဆယ်မှာစားတာကို ခွင့်ပြုတယ်က”
“ ဒါပေမဲ့ အရှေ့ကျောင်းဝန်း ထမင်းစားဆောင်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးကတည်းက ကျောင်းဝန်းထဲကို ပါဆယ်တွေ ပေးမသွင်းတော့ဘူး။ ဘေးကင်းလုံခြုံမှုမရှိဘူး၊ သန့်ရှင်းမှုမရှိဘူးလို့ သူတို့က အကြောင်းပြတာပဲ”
“အပြင်အစားအစာတွေက သန့်ရှင်းမှုမရှိဘူးဆိုရင်တောင် အရှေ့ကျောင်းဝန်း ထမင်းစားဆောင်က အစားအစာတွေထက်တော့ ပိုပြီး သန့်ရှင်းပါသေးတယ်"
"ဟုတ်ပ... ဒါကို ငါလည်း သတိထားမိတယ်။ အရှေ့ကျောင်းဝန်း ထမင်းစားဆောင် ပိုင်ရှင်အသစ် ပြောင်းလဲပြီးကတည်းက ကျောင်းဝန်းထဲမှာ ပါဆယ်မှာစားခွင့် မရှိတော့တာ။ အချိန်ကိုက်ပဲဟေ့"
"ဟာ... ဒါကတော့ လျှို့ဝှက်ချက် အကြီးကြီးပဲပဲ။ ကျောင်းထဲက လူတစ်ယောက်ယောက်က ထမင်းစားဆောင်ပိုင်ရှင်နဲ့ ပူးပေါင်းကြံစည်နေတာ ထင်ရှားနေတာပဲ"
"ဒါကတော့ အထင်သားကြီး မဟုတ်လား။ ဘယ်ထမင်းစားဆောင် ကန်ထရိုက်တာကများ အထက်လူကြီးတွေနဲ့ မပတ်သက်ဘဲ နေမှာလဲ"
၎င်းတို့၏ ဆွေးနွေးမှု ခေါင်းစဉ် ပြောင်းလဲသွားသည်ကို မြင်တွေ့ရသောအခါ ကျိုးထျန်းသည် အလွန်ပင် ကျေနပ်အားရသွားခဲ့သည်။
‘ဒီကောင်တွေ နောက်ဆုံးတော့ သဘောပေါက်သွားကြပြီပဲ၊ ဒီလောက် ထင်ရှားတဲ့ ဆက်စပ်မှုကိုတောင် ချက်ချင်း မရိပ်မိကြဘူး။ သူတို့တွေ နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်တစ်ခုဆီ ဘယ်လိုများ တက်ရောက်ခွင့်ရခဲ့ကြလဲဆိုတာ ငါ တကယ်ကို သံသယဝင်မိတယ်’
ဂျက်ဆီ ပေးအပ်ထားသည့် အချက်အလက်များကို သူ မြင်တွေ့ခဲ့ရစဉ်ကတည်းက ဤဆက်စပ်မှုကို ချက်ချင်း သတိပြုမိခဲ့သည်။
မစ္စတာကု ထမင်းစားဆောင်ကို လွှဲပြောင်းရယူပြီးနောက်တွင် ကျောင်းဘက်မှ အစားအစာ ပါဆယ်မှာယူခြင်းကို တင်းကျပ်စွာ ပိတ်ပင်သည့် အမိန့်ထုတ်ပြန်ခဲ့ခြင်းမှာ ထင်ရှားလွန်းလှသည်။
သို့သော် ဆက်စပ်နေသည့် ဖြစ်ရပ်မှာ ဤမျှတင်သာ မကသေးချေ။
‘ဒီအတင်းအဖျင်း သတင်းတွေကို အရင်ဆုံး ပျံ့နှံ့သွားအောင် လုပ်လိုက်ဦးမယ်၊ ပြီးမှ သူတို့ကို ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတစ်ခု ပေးရမယ်’
သူသည် ကိစ္စရပ်များကို အလောတကြီး မလုပ်ဆောင်နိုင်ချေ။ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ဖြစ်နေခြင်းက သူ့အတွက် အားသာချက်များစွာ ရှိနေစေရာ ၎င်းတို့ကို စောစီးစွာ ထုတ်ဖော်ပြသ၍ မဖြစ်နိုင်ချေ။
ဤအရာမှာ မြည်းစမ်းကြည့်ရုံသက်သက်သာ ရှိသေးပြီး ကြွားဝါရန် မလိုသေးချေ။
ပုံမှန်အတိုင်းပင် သူသည် မည်သည့်အရာမျှ ဖြစ်ပျက်ခြင်းမရှိသကဲ့သို့ စာသင်ခန်းများသို့ ဆက်လက်တက်ရောက်ခဲ့ပြီး မည်သည့်ဖိအားမျှမရှိဘဲ အိမ်သို့ ပြန်ခဲ့သည်။
သို့သော် သူ၏ ရုံးခန်းအတွင်း၌ ထိုင်နေသော ခုန်းဖန်မှာမူ ဖိအားများကို ပြင်းထန်စွာ ခံစားနေရသည်။
ကျောင်းအုပ်ကြီးနှင့် အခြားလူများ ဆေးရုံသို့ ရောက်ရှိသွားကြောင်း သိရှိရသောအခါ ပြဿနာကြီး တက်တော့မည်ကို သူ သေချာပေါက် သိရှိလိုက်သည်။
အဆုံးသတ်တွင် မစ္စတာကုသည် သူ၏ အဆက်အသွယ်များကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း လစဉ်လတိုင်း ငွေကြေးရာခိုင်နှုန်းအချို့ကို ရရှိခဲ့ရာ အမြောက်အမြား လက်ခံရရှိထားပြီး ဖြစ်သည်။
ယခု ဖြစ်ရပ်ကြောင့် မစ္စတာကုမှာ သေချာပေါက် အဆုံးသတ်သွားပြီဖြစ်ရာ သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ မစ္စတာကုက သူ့ကိုပါ ဆွဲချသွားမည်ကိုပင် ဖြစ်သည်။
ထို့ကြောင့် သူသည် အခြေအနေကို အတည်ပြုရန်အတွက် မစ္စတာ ကုထံသို့ ချက်ချင်း ဆက်သွယ်ခဲ့ပြီး သူ၏ အမည်ကို ထုတ်ဖော်မပြောသရွေ့ သူ့ကို ပြန်လည်လွတ်မြောက်အောင် ကူညီပေးမည့် နည်းလမ်းကို ရှာဖွေပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
လစဉ် ပေးချေမှုများနှင့် ပတ်သက်၍မူ မည်သူမျှ ခြေရာခံနိုင်မည် မဟုတ်ချေ။
အကြောင်းမူကား သူသည် မိမိ၏ ကိုယ်ပိုင်အမည်ဖြင့် မည်သည့်ငွေကြေးကိုမျှ လက်ခံရရှိခဲ့ခြင်း မရှိသောကြောင့်ပင်။
ယခုအခါတွင်မူ သူသည် ဤအခြေအနေမှ လျင်မြန်စွာ ရုန်းထွက်ပြီး အဆက်အသွယ် ဖြတ်တောက်နိုင်ရန်သာ မျှော်လင့်နေတော့သည်။
သူ့အနေဖြင့် အပြစ်များကို ကုန်ကြမ်းပံ့ပိုးသူထံသို့သာ လွှဲချရန် လိုအပ်သည်။
အစာအဆိပ်သင့်ခြင်းမှာ သိသာထင်ရှားစွာပင် ကုန်ကြမ်းပစ္စည်းများ၏ ပြဿနာဖြစ်ရာ ကျောင်းနှင့် လုံးဝသက်ဆိုင်ခြင်း မရှိချေ။
မစ္စတာ ကုသည်လည်း ထိုအတိုင်းပင် လုပ်ဆောင်ခဲ့ပြီး ရဲစခန်းအတွင်း၌ ငိုယိုကာ ဆဲဆိုကြိမ်းမောင်းလျက် ကုန်ကြမ်းပံ့ပိုးသူက အဆင့်မမီသော ကုန်ပစ္စည်းများဖြင့် သူ့အား လိမ်လည်ခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်မှာမူ လုံးဝမသိရှိကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် သဘာဝအတိုင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တွေ့ရှိချက်များကြောင့် ၎င်းတို့မှာ လွန်စွာ ဒေါသထွက်ခဲ့ကြရသည်။
အမှန်စင်စစ် ကုမ္ပဏီတစ်ခုက မစ္စတာ ကုထံသို့ ကုန်ကြမ်းများ ပံ့ပိုးပေးနေခဲ့ခြင်း ဖြစ်သော်လည်း မစ္စတာ ကုသည် ငွေကြေးချွေတာရန်အတွက် မှောင်ခိုဈေးကွက်မှ ခိုးသွင်းလာသည့် ကုန်ကြမ်းများကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။
တူညီသော ဝဂူးအမဲသား ဂရမ် ၅၀၀ စီလျှင်ပင် ကုန်ကျစရိတ်မှာ ၅၀ ရာခိုင်နှုန်းကျော်အထိ ကွာခြားနိုင်ချေရှိသည်။
ဤအရာများမှာ သူ၏ အထက်လူကြီးများကို ကျွေးမွေးနေခဲ့သည့် အရာများပင် ဖြစ်သည်။
ကျိုးထျန်းသည် ဤအကြောင်းကို သဘာဝအတိုင်း သိရှိထားသဖြင့် သူသည် သူဌေး ကျန်းအား ကူညီပေးရန် အထူးတလည် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုကုန်ကြမ်းများမှာ မှောင်ခိုပစ္စည်းများ ဖြစ်သော်လည်း ၎င်းတို့၏ အရည်အသွေးမှာမူ အမှန်တကယ် ပြဿနာမရှိချေ။
မစ္စတာ ကုသည် လူမိုက်မဟုတ်ရာ ကျောင်းအကြီးအကဲများကို ရည်ရွယ်ချက်ရှိရှိ နေထိုင်မကောင်းဖြစ်အောင် ပြုလုပ်မည်မဟုတ်ပေ။
ထို့ကြောင့် သူဌေး ကျန်းသည် ထိုကုမ္ပဏီ၏ ဝန်ထမ်းအချို့ကို တံစိုးလက်ဆောင်ပေးကာ ပစ္စည်းပို့ဆောင်မည့် အချိန်အတွင်း အနားယူစေခဲ့ပြီး အခြားလူများကို ၎င်းတို့ကိုယ်စား အလုပ်လုပ်ခွင့် ပေးခဲ့သည်။
တစ်ဦးလျှင် ငွေသား ယွမ် ၅၀၀၀၀ စီ လက်ခံရရှိခဲ့ကြပြီး ကုန်ပစ္စည်းများ သွားရောက်ယူဆောင်ခြင်းမှသည် ပို့ဆောင်ခြင်းအထိ အရာအားလုံးကို သူဌေး ကျန်း၏ လူများကသာ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြသည်။
လမ်းခရီးတွင် ကုန်တင်ကားကို လဲလှယ်လိုက်ပြီး မှောင်ခိုကုန်ကြမ်းများနေရာတွင် ပုပ်သိုးနေသည့် အေးခဲအသားများဖြင့် အစားထိုးလိုက်ကြသည်။
သူဌေး ကျန်းသည် အစားအစာ တင်သွင်းသည့် လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ရာ သူ့ထံတွင် ဤကဲ့သို့သော တစ်ဝက်တစ်ပျက် ပုပ်သိုးနေသည့် အစားအစာများမှာ ဂိုဒေါင်တစ်ခုလုံးစာ အမြောက်အမြား ရှိနေသည်။
ဤအရာများကို စားသုံးခြင်းက အသက်အန္တရာယ် မရှိနိုင်သော်လည်း ပြင်းထန်သော ဖျားနာမှုကိုမူ သေချာပေါက် ဖြစ်ပွားစေနိုင်သည်။
ကျိုးထျန်းသည် ရဲတပ်ဖွဲ့က မည်သည့်ဟာကွက်မျှ ရှာမတွေ့နိုင်စေရန်အတွက် ခြေရာလက်ရာအားလုံးကို ဖျက်ဆီးပစ်ရန် တာဝန်ယူခဲ့သည်။
ယခုကဲ့သို့ပင် ရဲတပ်ဖွဲ့သည် အလွန်ပင် ဒေါသထွက်နေခဲ့ကြသည်။
ဤကိုယ်ကျင့်တရားမရှိသော စီးပွားရေးသမားမှာ ရဲတင်းလွန်းလှပြီး မှောင်ခိုကုန်ကြမ်းများဖြင့် ကျောင်းအကြီးအကဲများကို ဖျားနာအောင် ပြုလုပ်ဝံ့သည်။
ထိုသူကို မဖမ်းလျှင် မည်သူ့ကို ဖမ်းရမည်နည်း။
ယခုအခါတွင်မူ ကိစ္စရပ်များမှာ အမှန်တကယ်ပင် ရှုပ်ထွေးသွားခဲ့သည်။
ခုန်းဖန်သည် အဆက်အသွယ်များ ရရှိရန်အတွက် များစွာ ကြိုးပမ်းခဲ့ပြီး လူတိုင်းကလည်း မစ္စတာ ကုကို ကယ်တင်ပေးမည်ဟု ကတိပြုခဲ့ကြသော်လည်း ယခုအခါတွင်မူ ၎င်းတို့သည် ပြဿနာအတွင်း ပါဝင်ပတ်သက်မိမည်ကို စိုးရိမ်သဖြင့် သူ၏ ဖုန်းခေါ်ဆိုမှုများကိုပင် ပြန်လည်ဖြေကြားခြင်း မရှိကြတော့ချေ။
ထိုသတင်းကို ကြားသိရသောအခါ ခုန်းဖန်သည် လွန်စွာ ဒေါသထွက်ခဲ့ပြီး ရဲစခန်းသို့ သွားရောက်ကာ မစ္စတာ ကုအား ပြင်းထန်စွာ ရိုက်နှက်ချင်စိတ်ပင် ပေါက်လာခဲ့သည်။
သူ့အား ပြန်လည်ခေါ်ထုတ်ရန် မဖြစ်နိုင်တော့သဖြင့် စွန့်လွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
မစ္စတာ ကု သူ့ကို ပြန်လည်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ခုန်းဖန်သည် နည်းလမ်းမျိုးစုံကို အသုံးပြု၍ မစ္စတာ ကုထံသို့ သတင်းစကားတစ်ခု ပါးခိုင်းခဲ့သည်။
"မင်းရဲ့သားကို ငါ ဒီနေ့ကစပြီး စောင့်ရှောက်ပေးပါ့မယ်"
သူသည် မစ္စတာ ကုက သူ၏သားကို အချစ်ဆုံးဖြစ်ကြောင်း သိရှိထားရာ သူ၏သားကို အသုံးချခြင်းကသာ အပြစ်အားလုံးကို ခေါင်းခံစေရန် ပြုလုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
သူ၏ စကားလုံးများနောက်ကွယ်မှ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ “ မင်း ဘာလုပ်ရမလဲဆိုတာ သိရင် မင်းကို ငါ စောင့်ရှောက်မယ်၊ မသိရင်တော့...”
သူသည် စိုးရိမ်ပူပန်နေသော်လည်း ဤအရာမှာ ကြီးမားသော ပြဿနာတစ်ခုဟု ခုန်းဖန် မထင်ခဲ့ချေ။
အရာအားလုံးမှာ ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသည်။
ကံမကောင်းစွာဖြင့် ၎င်းမှာ အမှန်တကယ်ပင် ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ကျိုးထျန်း၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခြင်း ဖြစ်သည်။
သူသည် အရာအားလုံး ပြီးဆုံးသွားပြီဟု ထင်မှတ်နေခဲ့သော်လည်း ယခုမှ အစသာ ရှိသေးသည်။
နောက်တစ်နေ့တွင် ရှန်ဟိုင်းရှိ ထိပ်တန်းတက္ကသိုလ်တစ်ခု၏ ထမင်းစားဆောင်တွင် အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် သတင်းမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။
ဤအချက်မှာ ချက်ချင်းပင် ကျယ်ပြန့်သော လှောင်ပြောင်မှုလှိုင်းလုံးကို ဖြစ်ပေါ်စေခဲ့သည်။
"ထိပ်တန်းတက္ကသိုလ်တစ်ခု ဟုတ်လား။ သူတို့က ကောင်းမွန်တဲ့ ထမင်းစားဆောင်တစ်ခုကိုတောင် သေချာ မစီမံနိုင်ကြဘူးပဲ"
"ငါက အနီးအနားပြည်နယ်က သမုဒ္ဒရာတက္ကသိုလ်ကပါ။ ငါတို့ကျောင်းရဲ့ ဥက္ကဋ္ဌလည်း ရှန်ဟိုင်းမှာ အစာအဆိပ်သင့်ခဲ့သေးတယ်။ ဒါက ရှန်ဟိုင်းရဲ့ အထူးထုတ်ကုန် တစ်ခုခုလား"
"ကျောင်းအကြီးအကဲတွေတောင် အစာအဆိပ်သင့်နိုင်တယ်ဆိုရင် ကျောင်းသားတွေက အဆိပ်ခပ်သိမ်းကို ခံနိုင်ရည်ရှိနေကြလို့လား"
သို့သော်လည်း မကြာမီအချိန်အတွင်းမှာပင် တရားဝင် ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး အခြားသော ဝေဖန်သံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
အကြောင်းမူကား ဆက်လက်၍ ထုတ်ဖော်ပြောဆိုနေခြင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနှင့် တူညီကြောင်း လူတိုင်း သဘောပေါက်သွားခဲ့ကြသောကြောင့် ဖြစ်သည်။
သူ၏ ရုံးခန်းအတွင်း ပုန်းအောင်းနေသော ခုန်းဖန်သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
သူသည် ကိစ္စရပ်များ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
သူသည် ဤဖြစ်ရပ်နှင့် ပတ်သက်၍ အင်တာနက်ပေါ်ရှိ လူထု၏ သဘောထားကိုလည်း အနီးကပ် စောင့်ကြည့်နေခဲ့ပြီး အကယ်၍ အခြေအနေများ မှားယွင်းသွားပါက ကိစ္စရပ်များကို ပြေလည်အောင် ဖြေရှင်းပေးမည့်သူတစ်ဦးကို ရှာဖွေရမည်ဖြစ်သည်။
သို့သော် သူ စိတ်အေးလက်အေး ရှိရုံမျှသာရှိသေးပြီး Weibo ပေါ်တွင် ရေပန်းစားနေသော ပို့စ်တစ်ခုကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။
ရှန်ဟိုင်းရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုသည် အပြင်မှ အစားအစာ ပါဆယ်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ပိတ်ပင်ထားပြီး ဝင်ရောက်ခွင့်အတွက် "ကာကွယ်ခကြေးငွေ" တောင်းခံနေသည်ဟူသော သတင်းပင်။
ထိုပို့စ်တွင် မှတ်ချက်များနှင့် Like ပေးမှုများ အမြောက်အမြား လျှံထွက်နေခဲ့သည်။
၎င်းတွင် ကျောင်း၏အမည်ကို အတိအကျ ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း ထိုပို့စ်၌ ရှန်ဟိုင်း၏ ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရှင်းလင်းစွာ ဖော်ပြထားရာ စာဖတ်တတ်သူ မည်သူမဆို ၎င်းမှာ မည်သည့်ကျောင်းဖြစ်ကြောင်း သိရှိနိုင်ပေသည်။
ထိုဆောင်းပါးတွင် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျောင်းအနီးရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးသည် ကျောင်းလုံခြုံရေးဝန်ထမ်းများထံမှ ကျောင်းဝန်းအတွင်းသို့ အစားအစာ ပါဆယ်ပေးပို့ခြင်းကို ခွင့်မပြုတော့ကြောင်း အကြောင်းကြားစာတစ်စောင်ကို ရုတ်တရက် လက်ခံရရှိခဲ့ပုံကို ဖော်ပြထားသည်။
"အကယ်၍ မင်းတို့က ကျောင်းသားတွေနဲ့ စီးပွားရေးလုပ်ချင်ရင် ရပါတယ်၊ ဒါပေမဲ့ အစားအသောက် ဘေးကင်းလုံခြုံမှု ပြဿနာတွေ ဒါမှမဟုတ် ကိုယ်ကျင့်တရားမရှိတဲ့ ပါဆယ်ပို့သမားတွေကို ကာကွယ်ဖို့အတွက် မင်းတို့က အာမခံငွေ ပေးဆောင်ရမယ်။"
"တစ်နှစ်ကို စီးပွားရေးလုပ်ငန်းတစ်ခုစီလျှင် ယွမ် ၅၀၀၀၀ ပေးရမယ်၊ အရင်ပေးပြီးမှ စီးပွားရေးလုပ်နိုင်မယ်"
အာမခံငွေကို မည်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးမည်ကိုမူ မည်သူမျှ မသိရှိကြချေ။
၎င်းတို့က မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မေးမြန်းသည့်အခါတွင်လည်း မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
၎င်းမှာ ထင်ရှားစွာပင် ဆက်ကြေးတောင်းခံခြင်းဖြစ်ပြီး အာမခံငွေဟူသည်မှာ သာယာနာပျော်ဖွယ်ရှိသော အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။
လူတိုင်းမှာ အသေးစား စီးပွားရေးလုပ်ငန်းများသာ ဖြစ်ကြရာ မည်သူမျှ ပေးဆောင်နိုင်စွမ်းမရှိသဖြင့် ရောင်းချသူအမြောက်အမြားနှင့် လုံခြုံရေးဝန်ထမ်းများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်။
နောက်ဆုံးတွင် ပြဿနာမှာ မပြေလည်ခဲ့ဘဲ ရောင်းချသူများသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ကြရသည်။
သို့သော်လည်း နည်းလမ်းများ ရှိနေသေးသည်။
အကယ်၍ ၎င်းတို့ ကျောင်းထဲသို့ ဝင်ရောက်၍မရပါက လျှို့ဝှက်စွာ ပေးပို့နိုင်ချေရှိသည်။
ကျောင်းကို သံပြာဂါတ်ခြံစည်းရိုးများဖြင့် ဝန်းရံထားပြီး အတွင်းရော အပြင်ပါ မြက်ခင်းများ ပေါက်ရောက်နေသဖြင့် ဖြတ်ကျော်ရန် လွယ်ကူလှသည်။
ဤအချက်မှာ ခြံစည်းရိုးကို ဖြတ်ကျော်၍ အစားအစာ ပါဆယ်ပေးပို့သည့် စီးပွားရေးပုံစံကို ဖြစ်ပေါ်စေခဲ့တော့သည်။
ထမင်းစားချိန်များတွင် ကျောင်းသားများနှင့် ပါဆယ်ပို့သမား ရာပေါင်းများစွာတို့သည် ခြံစည်းရိုး၏ တစ်ဖက်တစ်ချက်စီတွင် စုရုံးကြပြီး အစားအစာများကို လဲလှယ်ကြသည်။
လုံခြုံရေးဝန်ထမ်းများသည် ၎င်းတို့အား မကြာခဏ လိုက်လံမောင်းနှင်ရန် ကြိုးပမ်းကြသော်လည်း ကျောင်းသားများသည် ပြောက်ကျားဗျူဟာကို တတ်မြောက်ထားကြရာ ဖုန်းဖြင့် ပါဆယ်ပို့သမားများနှင့် တိုက်ရိုက် ဆက်သွယ်ကြသည်။
အကယ်၍ အမှတ် A တွင် လိုက်လံဖမ်းဆီးခံရပါက ၎င်းတို့သည် အမှတ် B သို့ သွားကြသည်။
ကျယ်ဝန်းလှသော ကျောင်းကြီးတွင် လုံခြုံရေးဝန်ထမ်းများ မဖမ်းဆီးနိုင်သည့် နေရာများ သေချာပေါက် ရှိနေသည်။