အခန်း ၂၅၇
Vol. 26 Ch. 257
🍋 Chapter 257
ကျောင်းများအတွက် အကြောက်ရဆုံးအရာမှာ လူစုလူဝေးဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားခြင်းပင်။
အကယ်၍ ကျောင်းသားတစ်ဦးချင်းစီနှင့် လုံခြုံရေးဝန်ထမ်းများအကြား ဖြစ်ပွားသော ပဋိပက္ခမျှသာဆိုလျှင် နှစ်ဖက်စလုံးကို မျှမျှတတ အပြစ်ပေးရုံဖြင့် ပြီးနိုင်၏။
သို့သော် ယခုမူ ကျောင်းသားအမြောက်အမြားသည် ကျောင်းသားရေးရာအဆောက်အအုံဆီသို့ အုန်းအုန်းကျွက် ကျွက် ပြေးဝင်သွားကြပြီး၊ ကျောင်းဆေးပေးခန်း၌ အခြေခံပတ်တီးစည်းရုံမျှဖြင့် မရဘဲ ကျောင်းသားတစ်ဦးကို ဆေးရုံသို့ပင် ပို့ဆောင်လိုက်ရသည်။
ဤအခြေအနေတွင် စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်ဒဏ်အချို့ ပေးရုံမျှဖြင့် ပြဿနာကို ဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။
ယခုအချိန်၌ ကျောင်းသားများကို အပြစ်ပေး၍မရရုံမျှမက၊ သူတို့၏ ဒေါသကိုလည်း မဖြစ်မနေ အေးအောင် ပြုလုပ်ရမည် ဖြစ်သည်။
ဤကလေးများအားလုံးသည် Douyin နှင့် Weibo တို့ကို အသုံးပြုနေကြသူများဖြစ်ရာ၊ အကယ်၍ အခြေအနေကို အမြန်ဆုံး မထိန်းချုပ်နိုင်ပါက အင်တာနက်စာမျက်နှာများမှတစ်ဆင့် ယခုဖြစ်ရပ်မှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားလိမ့်မည်။
ကျောင်းတွင်း ရုန်းရင်းဆန်ခတ်မှု သတင်းကို ကြားရလျှင်ချင်း... ဆေးရုံ၌ နှစ်ရက်တိုင်တိုင် ဆေးပုလင်းချိတ်ထားရသော ကျောင်းအုပ်ကြီးရှုသည် ချက်ချင်းကျောင်းသို့ အပြေးအလွှား ရောက်ရှိလာသည်။
သူ့ မျက်နှာမှာ ခရမ်းချဉ်သီးပုပ်ရောင်ကဲ့သို့ ညိုမည်းနေ၏။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျောင်း၌ ပြဿနာများ တစ်ခုပြီးတစ်ခု အဆက်မပြတ် ရင်ဆိုင်နေရသဖြင့် ဤထက်ပို အခြေအနေ အဆိုးရွားမခံနိုင်တော့ချေ။
ယခုအချိန်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန်မှာ အရေးကြီးဆုံး လုပ်ငန်းစဉ် ဖြစ်လာသည်။
ကျောင်းအုပ်ကြီးရှုသည် ကျောင်းသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကျောင်းခေါင်းဆောင်များအားလုံး အစည်း အဝေးတက်ရောက်ရန် အကြောင်းကြားဖို့ သူ့ လက်ထောက်ကို ညွှန်ကြားလိုက်သည်။
မြို့ပြင်သို့ ရောက်ရှိနေ၍ ပြန်မလာနိုင်သူများမှလွဲ၍ အခြားနယ်မြေခွဲများမှ ခေါင်းဆောင်များအပါအဝင် အားလုံးတက်ရောက်ရန် လိုအပ်ပြီး၊ ရှန်ဟိုင်းမြို့အတွင်း ရှိနေသူတိုင်း ချက်ချင်း ရောက်ရှိလာရမည် ဖြစ်သည်။
မြို့ပြင်သို့ ရောက်ရှိနေသူများပင်လျှင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် မဖြစ်မနေ ပါဝင်တက်ရောက်ရ၏။
ဤအရေးမှာ အမှန်တကယ်ပင် အလွန်ဆိုးရွားလွန်းလှသည်။
အစည်းအဝေးခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေပြီး၊ အလယ်အလတ်အဆင့် မန်နေဂျာများပင်လျှင် လက်ထဲ၌ မှတ်စုစာအုပ်များ ကိုင်ဆောင်ကာ နံရံတွင် ကပ်၍ မတ်တတ်ရပ်နေကြရသည်။
သူတို့သည် တင်းမာခက်ထန်နေသော ကျောင်းအုပ်ကြီးရှု၏ မျက်နှာကို စိုးရိမ်တကြီး ကြည့်ရှုနေကြ၏။
သူသည် မျက်မှောင်ကြုတ်ကာ အောက်သို့ ငုံ့ကြည့်နေသည်။
အစာအဆိပ်သင့်မှုကြောင့် သူ့ မျက်နှာမှာ ဖြူဖျော့ပြီး ဖျားနာနေသူနှင့်ပင် တူနေသည်။
ယခုမူ ဒေါသအမျက်ချောင်းချောင်း ထွက်နေသဖြင့် ပါးပြင်နှစ်ဖက်မှာ ခရမ်းပုပ်ရောင်သန်းနေပြီး၊ နဖူးမှလည်း ချွေးများ တရဟော ထွက်နေသောကြောင့် ကြောက်မက်ဖွယ်ကောင်း သော အမူအရာကို ဖြစ်ပေါ်စေသည်။
လူအားလုံး နေရာတကျ ထိုင်မိသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီး ရှု သည် စားပွဲပေါ်ရှိ မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက်၊ အစည်းအဝေးခန်းမတံခါးကို ပိတ်ကာ မည်သူ့ကိုမျှ အထဲမဝင်စေရန် စောင့်ကြပ်ဖို့ သူ၏ လက်ထောက်ကို လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။
“ကိုယ့်လူတို့... လုပ်ဖော်ကိုင်ဖက်တို့... ငါတို့ အခု ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်နေရပြီ”
ကျောင်းအုပ်ကြီးရှုသည် ကျောင်းတော်ကြီး ရင်ဆိုင်နေရသော အရေးကြီးသောကာလကို အလေးအနက်ထား၍ အစည်းအဝေး၏လေသံကို ချက်ချင်းသတ်မှတ်လိုက်သည်။
“အားလုံး သိကြတဲ့အတိုင်းပဲ... ငါတို့ကျောင်းရဲ့ ပုံရိပ်ဟာ မီဒီယာတွေ၊ တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေရဲ့ ကြားမှာ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးပြီး မေးခွန်းထုတ်တာကို ခံနေရတယ်”
သူသည် စားပွဲကို လက်ဝါးဖြင့် အကြိမ်ကြိမ် ပြင်းထန်စွာ ရိုက်ချလိုက်ရာ၊ သူ့ ဘေးတွင် ထိုင်နေသော ခုန်းဖန်ကို တုန်ရင်သွားစေသည်။
ပုံမှန်အားဖြင့် လုပ်ငန်းထောက်ပံ့ရေးပိုင်းကို တာဝန်ယူရသော ဒုကျောင်းအုပ်ခုန်းဖန်သည် ကျောင်းအုပ်ကြီးရှု၏ ဘေးတိုက်ရိုက်နေရာတွင် ထိုင်ခွင့်မရှိပေ။
သို့သော် ယနေ့တွင်မူ အစည်းအဝေးမစတင်မီကတည်းက သူ့ အမည်ဆိုင်းဘုတ်ကို ကျောင်းအုပ်ကြီးရှုနှင့် အနီးဆုံးနေရာ၌ တမင်တကာ စီစဉ်ချထားခြင်း ဖြစ်သည်။
သူသည် ဆူးပုံပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရပြီး၊ သွေးကြောများမှာလည်းတင်းနေကာ ကျောင်းအုပ်ကြီးရှု စားပွဲကို လက်သီးဖြင့် ထုလိုက်သောအခါ ပိုထိတ်လန့်သွားတော့သည်။
‘သူ ငါနဲ့ ကန်တင်းပိုင်ရှင် မစ္စတာကုရဲ့ ဆက်ဆံရေးကို သိသွားပြီလား...’
‘မဖြစ်နိုင်တာ၊ ကျောင်းထဲက လူအတော်များများက ငါတို့ပတ်သက်မှုကို သိကြတာပဲ၊ ဒီလိုမျိုးကိစ္စက ပုံမှန်ပဲလေ’
‘တခြားကန်တင်းက ကန်ထရိုက်တာတွေလည်း အဆက်အ သွယ်တွေနဲ့ပဲ ရခဲ့ကြတာ၊ ဒီလို အမြတ်အစွန်းများတဲ့ နေရာတွေကို ကိုယ့်လူတွေအတွက်ပဲ ချန်ထားကြတာ သဘာဝပဲလေ’
ခုန်းဖန် တွေးသည်မှာ မှန်ပေသည်။
ထို့ကြောင့်လည်း သူသည် ယခင်က မကြောက်မရွံ့ ရှိခဲ့ခြင်း ဖြစ်၏။
မည်သည့်ကန်တင်းသည် ဆက်နွှယ်မှုရှိသော အာဏာရှိသူများ၏ ဆွေမျိုးများ ပိုင်ဆိုင်ကြသည်။ တစ်ခုချင်းစီတွင် အားကိုးရာ နောက်ခံအသီးသီး ရှိကြသည်။
ကျောင်းကန်တင်းများသည် သာမန်ပုဂ္ဂလိကကုမ္ပဏီ ကန်တင်းများနှင့် မတူညီပေ။
၎င်းတို့သည် အစိုးရ၏ ထောက်ပံ့ကြေးများမှ အကျိုး အမြတ်ရရှိရုံမျှမက၊ အစားအသောက်ကို မျှော်လင့်စောင့်စားနေကြသော အမြောက်အမြားရှိလှသည့် ကျောင်းသားထုကြီးထံမှလည်း အကျိုးအမြတ် ရရှိကြသည်။
နှစ်စဉ်ရရှိသော အမြတ်အစွန်းမှာ ကြီးမားသော စားသောက် ဆိုင်ကြီးတစ်ခုထက်ပင် သာလွန်နိုင်၏။
ထို့ကြောင့် ဤကိစ္စတွင် မိမိနှင့် ပတ်သက်နေသော ကန်ထ ရိုက်တာ ကု ပါဝင်နေရုံမျှဖြင့် ကျောင်းအုပ်ကြီးရှုသည် မိမိကို တိုက်ရိုက်ပစ်မှတ်ထားလိမ့်မည်မဟုတ်ကြောင်း ခုန်းဖန် ယုံကြည်နေသည်။
ထို့အပြင် သူတို့အားလုံးသည် အထက်တန်းအဆင့်ခေါင်း ဆောင်ပိုင်းများ ဖြစ်ကြရာ... ကိစ္စရပ်များကြီးထွားမလာသရွေ့ အဆင့်အတန်းတူညီသော လူအချင်းချင်းပြဿနာကို ဖိနှိပ်ချုပ်ချယ်ပြီး တစ်ဦးကိုတစ်ဦး ဖုံးကွယ်ပေးလေ့ရှိကြသည်။
ခေါင်းဆောင်ပိုင်းအတွင်း၌ တစ်ခုခုဖြစ်ပွားပါက မည်သူ့အတွက်မျှ မျက်နှာပန်းလှမည်မဟုတ်ချေ။
သူတို့အထဲတွင် မိမိအာဏာကို အသုံးပြု၍ မိတ်ဆွေများနှင့် ဆွေမျိုးများကို အကျိုးအမြတ် မရှာပေးဖူးသူဟူ၍ မရှိကြပေ။ ၎င်းမှာ လူတိုင်း နားလည်ထားကြသော အသိတစ်ခုဖြစ်ပြီး မည်သူကမှ ဖွင့်ချလိုခြင်းမရှိကြချေ။
ကျောင်းအုပ်ကြီးရှုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လူအုပ်ကြီးကို ဝေ့ပျံကြည့်လိုက်သည်။
“ပညာရေးဝန်ကြီးဌာနက ခေါင်းဆောင်တွေဟာ စစ်ဆေးရေးအဖွဲ့ရဲ့ အစာအဆိပ်သင့်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ငါတို့ကျောင်းကို လူလွှတ်လိုက်ပြီ၊ အားလုံးပဲ ဒါကိုနားလည်သဘောပေါက်ပြီး အလေးအနက်ထားကာ ပြင်ဆင်ထားကြဖို့ ငါ မျှော်လင့်တယ်”
သူ ပြောနေစဉ်အတွင်း သူ့ မျက်လုံးများသည် အချို့သော ခေါင်းဆောင်များကို အထူးတလည် ပစ်မှတ်ထားကြည့်ရှုနေ၏။
၎င်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ မကြာမီရောက်ရှိလာတော့မည်ဖြစ်၍ အားလုံး သတိရှိရှိနေထိုင်ကြရန် သတိပေးခြင်းနှင့် နှိုးဆော်ခြင်းပင်။
နောက်ဆုံးတွင် သူ့ အကြည့်မှာ ခုန်းဖန် ထံ၌ ရပ်တန့်သွားပြီး အားကိုးရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ကာ .....
“ဒုကျောင်းအုပ်ခုန်း... ဒီတစ်ကြိမ် ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကြိုဆိုလက်ခံဖို့ မင်းပဲ တာဝန်ယူရမယ်၊ ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို သတိထားပြီး ဒါကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းပါ၊ ပြီးတော့ ဆိုးကျိုးတွေကို တတ်နိုင်သမျှ ပပျောက်အောင် လုပ်ပါ” ဟု ပြောလိုက်သည်။
ခုန်းဖန် သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ဤတာဝန်ကို မိမိအား ပေးအပ်ခြင်း၏ ဆိုလိုရင်းမှာ “မင်းမွှေထားတဲ့ ချေးကို မင်းဘာသာမင်း ပြန်ရှင်းတော့” ဟူ၍ ဖြစ်ကြောင်း သူ နားလည်လိုက်၏။
“ဒါက ပထမဆုံး ပြဿနာဖြစ်ပြီး ပထမဆုံး စိန်ခေါ်မှုလည်း ဖြစ်တယ်၊ လူတိုင်း အထူးဂရုစိုက်ကြပါ၊ နောင်အနာဂတ်မှာ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ငါတို့ အလွန်အမင်းသတိထားရမယ်” ဟု ကျောင်းအုပ်ကြီးရှုက တည်ကြည်စွာ ပြောကြားလိုက်သည်။
“ဒုတိယပြဿနာကတော့... ငါတို့ကျောင်းဟာ ကျောင်းဝန်းအနီးနားက စီးပွားရေးလုပ်ငန်းတွေဆီကနေ ကျောင်းထဲကို အစားအသောက် ပို့ဆောင်ခွင့်အတွက် ငွေကြေးကောက်ခံနေတယ်ဆိုတဲ့ ကောလဟာလ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကိစ္စပဲ”
“ဒီကိစ္စက အင်တာနက်ပေါ်မှာ ငါတို့အတွက် အခြေအနေမဟန်ဘူး ဒါကို ကိုင်တွယ်ဖို့ ငါတို့မှာ နည်းလမ်းနှစ်ခု ရှိတယ်”
“ပထမနည်းလမ်းကတော့... ငါတို့အားလုံး နှုတ်ဆိတ်နေပြီး ဒီရေစီးကြောင်း ငြိမ်သက်သွားမယ့်အချိန်ကို စောင့်ဆိုင်းတာပဲ”
“ဒုတိယနည်းလမ်းကတော့... တရားဝင်လမ်းကြောင်းတွေကနေတစ်ဆင့် ရှင်းလင်းချက်ထုတ်ပြန်ပြီး အနီးနားက စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ဆက်သွယ်ကာ ထုတ်ဖော်ပြောဆိုမှုတွေ မလုပ်ကြဖို့ တားမြစ်တာပဲ”
ကျောင်းအုပ်ကြီးရှုသည် ဆေးရုံ၌ သတင်းကို မြင်ကတည်း က ဖြေရှင်းချက်ကို စဉ်းစားထားပြီးဖြစ်၏။
ဤအရာများသည် အမြဲသုံးနေကျ နည်းလမ်းများ ဖြစ်သည်။
သူသည် ပထမနည်းလမ်းကို ပိုသဘောကျသည်။
အဆုံးသတ်တွင်မူ ဤနေရာသည် ကျောင်းတော်ကြီးဖြစ်ပြီး ပညာသင်ကြားပေးရာနှင့် ပြုစုပျိုးထောင်ရာ နေရာဖြစ်ကာ၊ စီးပွားရေးနှင့် ကျော်ကြားမှုအတွက် ဈေးကွက်တစ်ခုမဟုတ်ပေ။
ပေါ်ပေါ်ထင်ထင် ဖြေရှင်းခြင်းမှာ အထက်လူကြီးများ၏ ပုံစံနှင့် ပို၍ ကိုက်ညီလှသည်။
သို့သော် ယခုမူ အစာအဆိပ်သင့်မှုဖြစ်စဉ်ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်ရှိလာတော့မည်ဖြစ်ရာ၊ အချိန်ဆွဲ၍ အေးအေးလူလူ ဖြေရှင်းရန်မှာ အချိန်မရတော့ချေ။
ထို့ပြင် ပြဿနာကို အချိန်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်သွားစေရန် လွှတ်ထားခြင်းမှာ ကျိုးထျန်း အလိုရှိသောအရာ မဟုတ်ပေ။
ထို့ကြောင့် ကျိုးထျန်းသည် ကျောင်းတော်အား ဖိအားပေးရန် ကြားဖြတ်ဝင်ရောက်လာပြီး၊ အေးအေးလူလူ ဖြေရှင်းနိုင်မည့် လမ်းစအားလုံးကို အကြွင်းမဲ့ ဖြတ်တောက်လိုက်သည်။
၎င်းမှာ ကျောင်းအုပ်ကြီးရှုပြောကြားလိုသော တတိယမြောက် အကြောင်းအရာပင် ဖြစ်သည်။
“ကိုယ့်လူတို့... အခု နောက်ထပ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြန်ပြီ၊ ဒါကြောင့် ငါတို့ အရင်လိုမျိုး အခြေအနေတွေ အလိုအ လျောက် အေးအေးဆေးဆေးပြီးသွားဖို့ စောင့်နေလို့ မရတော့ဘူး”
သူသည် ကျောင်း၏လုံခြုံရေးညွှန်ကြားရေးမှူးကို လက်ညှိုး ထိုးကာ စတင် ဆူပူကြိမ်းမောင်းတော့သည်။
“မင်း အလုပ်က ထွက်ချင်နေတာလား၊ မင်းရဲ့ လုံခြုံရေးဝန်ထမ်းတွေက ကျောင်းသားတွေကို ရိုက်နှက်နေကြတယ်၊ စည်းကမ်းက ဘယ်မှာလဲ၊ ဖြစ်လာမယ့် ဆိုးကျိုးတွေက ဘယ်လောက်အထိ ကြီးမားလဲဆိုတာ မင်း သိရဲ့လား”
အမြဲတမ်း တည်ငြိမ်လှသော ကျောင်းအုပ်ကြီးရှု ဤမျှအထိ ကျယ်လောင်စွာအော်ဟစ်ဆဲဆိုသည်ကို အားလုံး ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်သည်။
“ငါ အခုကစပြီး... လုံခြုံရေးညွှန်ကြားရေးမှူး ဟွမ်ဝေ ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်၊ ပြီးတော့ ဒုကျောင်းအုပ် ချန်က လုံခြုံရေးပိုင်းကို ယာယီတာဝန်ယူရမယ်”
ဒုကျောင်းအုပ်ချန် ခေါင်းညိတ်ပြကာ ဤခက်ခဲလှသော တာဝန်ကို လက်ခံလိုက်သည်။
သူသည် စီမံခန့်ခွဲရေးပိုင်းကို တာဝန်ယူရသော ဒုကျောင်း အုပ်ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်အနည်းငယ်က စစ်သင်တန်းစနစ်ကို ပြုပြင်ပြောင်းလဲခဲ့သူလည်း ဖြစ်၏။
သူသည် ဖြောင့်မတ်ပြီး အလုပ်လုပ်ရာတွင် ထိရောက်ထက်မြက်သူ ဖြစ်သည်။
ဤကဲ့သို့သော အရေးကြီးသည့် အကျပ်အတည်းကာလတွင် သူသည် စီမံခန့်ခွဲရန်အတွက် အသင့်တော်ဆုံးလူ ဖြစ်ပေသည်။
“ကျောင်းသားတွေကို ရိုက်နှက်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတွေအားလုံးကို တရားဥပဒေအတိုင်း မျှမျှတတ အရေးယူနိုင်ဖို့ ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီ”
“အဓိက လုပ်ဆောင်ရမယ့်အလုပ်က ကျောင်းသားတွေနဲ့ မိဘတွေရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့နဲ့ အခြေအနေတွေ ပိုပြီးမကြီးထွားလာအောင် တားဆီးဖို့ပဲ”
ချက်ချင်းရာထူးမှ ထုတ်ပယ်ခံလိုက်ရသော လုံခြုံရေးအရာရှိချုပ်မှာမူ စကားတစ်ခွန်းမျှပင် မဟရဲဘဲ ထောင့်တစ်နေရာ၌ ထိုင်ကာ ကြောက်လန့်တုန်ရင်နေမိသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မည်သို့ ဖြစ်ပျက်သွားသည်ကို သူ မသိချေ။
အရှေ့တံခါးဝတွင် တာဝန်ကျနေသော လုံခြုံရေးဝန်ထမ်းများသည် မနေ့ကပဲ ရုတ်တရက် အကုန်လုံးအလုပ်ထွက်သွားကြသည်။
မြေခွေးအိုကြီးဖြစ်သော အဖွဲ့ခေါင်းဆောင်ပင်လျှင် ယခုလအတွက် လစာကိုပင် မယူတော့ဘဲ ထွက်ခွာသွားခဲ့၏။
၎င်းမှာ သူ၏ပုံစံမျိုး လုံးဝမဟုတ်ပေ။
သူသည် အမြဲတမ်း တံစိုးလက်ဆောင်များ ယူတတ်ပြီးပြားစေ့တစ်စေ့မျှပင် အလွတ်မခံသော လူစားမျိုး ဖြစ်သည်။
ထိုသို့သောလူက ယခုကဲ့သို့ စွန့်လွှတ်ကာ ထွက်ခွာသွားခြင်းမှာ ယုံကြည်နိုင်စရာမရှိပေ။