← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

🍋 Chapter 260

ကျောင်းအုပ်ကြီးရှုသည် အနည်းငယ် စိတ်သက်သာရာရသွားကာ သနားစရာကောင်းလှသော ပုံစံ ဖြစ်နေဆဲဖြစ်သည့် ကျိုးထျန်း ကို ကြည့်ပြီး တတ်နိုင်သမျှ ညင်ညင်သာသာဖြင့် .....

“ရှောင်ကျိုး... မင်း မထိတ်လန့်ပါနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို အသေးစိတ် ပြန်ပြောပြပါဦး”

“ငါတို့ ကျောင်းခေါင်းဆောင်တွေကတော့ ဒီကိစ္စကို မျှမျှတတ မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းမှာပါ၊ မင်းကို မတရား မဖြစ်စေရဘူး” ဟု မေးလိုက်သည်။

ကျိုးထျန်းကမူ စိတ်မကောင်းဖြစ်ကာ အပြစ်မဲ့နေသည့် ပုံစံမျိုး ဆက်လက် ဖန်တီးထားဆဲ ဖြစ်ပြီး... အတော်ကြာ နှုတ်ဆိတ်နေပြီးနောက်မှပဲ အိုးတိုးအမ်းတမ်းဖြင့် .....

“ဆရာတို့ ခင်ဗျာ... ကျွန်တော် တမင်တကာ လုပ်ခဲ့တာ တကယ်မဟုတ်ပါဘူး” ဟု ဆိုလိုက်သည်။

သူသည် စကားပြောရင်း သူ့အဝတ်စနားကို လက်ဖြင့် လိမ်ကျစ်နေမိရာ... အလွန်အမင်း စိတ်မသက်မသာ ဖြစ်ပြီး ထိတ်လန့်နေသည့် အမူအရာကို ပေါ်လွင်စေ၏။

“ကျောင်းအုပ်ကြီးရှု အရှေ့ပိုင်းကန်တင်းမှာ အစာအဆိပ် သင့်ခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ရပါတယ်၊ အဲဒါကြောင့် ကျောင်းသား အတော်များများက အဲဒီမှာ သွားစားဖို့ ကြောက်နေကြတာပါ”

“ကျွန်တော်က ကျောင်းသားများသမဂ္ဂရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့... ကျောင်းသားတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးရမယ်၊ ပြီးတော့ ကန်တင်းအပေါ် ကျောင်းသားတွေရဲ့ မယုံကြည်မှုတွေကို ပပျောက်စေဖို့အတွက် ကျောင်းနဲ့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ရမယ်လို့ပဲ တွေးမိခဲ့တာပါ”

“ဒါကြောင့်မို့လို့ ကျောင်းအပေါ် မကျေမနပ်ဖြစ်နေတဲ့ အဲဒီကျောင်းသားတွေကို ကျွန်တော် ကိုယ်တိုင် ငွေစိုက်ထုတ်ပြီး အစားအသောက် ကျွေးမွေးခဲ့တာပါ၊ စားသောက်ရင်းနဲ့ အားလုံး စုဝေးစကားပြောပြီး သူတို့ရဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ဖယ်ရှားပေးဖို့ ရည်ရွယ်ခဲ့တာပါ”

“ဒါပေမဲ့ ကျွန်တော် ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး...”

သူသည် အလွန်အမင်း ရိုးသားလှသော လေသံဖြင့် ပြောဆိုနေသဖြင့် စစ်မှန်သော သရုပ်ဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်သည်။

ထို့ပြင် အစာအဆိပ်သင့်မှုအကြောင်း ပြောသည့်အခါ... သူသည် ခုန်းဖန်ကို တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များ ပါဝင်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သေး၏။

မျှော်လင့်ထားသည့်အတိုင်းပင် ခုန်းဖန်သည် သူ့အကြည့်ကို အဓိပ္ပာယ်ကောက်လိုက်မိသည်။

‘ဒီကလေးက အပြင်က ကောလာဟလတွေကို ကြားပြီးတော့ အရှေ့ပိုင်းကန်တင်းက ငါနဲ့ ပတ်သက်နေမှန်း သိလို့... ကျောင်းသားတွေကို ဖျောင်းဖျဖို့ ကြိုးစားပေးတာပဲ၊ သူက ငါ့ကို ကျေးဇူးပြုချင်တာကိုး၊ ဒါပေမဲ့ ကိစ္စကို ရှုပ်အောင် လုပ်မိသွားတာပဲ’

သူသည် ကျိုးထျန်းစဆိုလိုရင်းကို နားလည်သွားသဖြင့် ပြတ်သားသော အကြည့်တစ်ခု ချက်ချင်းပြန်ပေးလိုက်သည်။

သူ့ စိတ်ထဲ၌ ကျိုးထျန်းကို မဖြစ်မနေ အကာအကွယ်ပေးရမည်ဟု ဆုံးဖြတ်ထား၏။

အဘယ်ကြောင့်ဆိုသော် ကတိပြုထားသော ယွမ်ဆယ်သန်း မှာ လက်ထဲသို့ ရောက်မလာသေးပေ။

ကျိုးထျန်း၏ ရှင်းပြချက်ကို ကြားရပြီးနောက် တက်ရောက် လာသူများသည်လည်း ဤကျောင်းသားမှာ မရည်ရွယ်ဘဲ ပြဿနာရှာမိသွားခြင်း ဖြစ်လိမ့်မည်ဟု ခံစားလိုက်ကြရတော့သည်။

“ကျောင်းအုပ်ကြီးရှု... ကျွန်တော် ထင်တာကတော့ ဒီကလေး ဟာ အတော်လေးရိုးသားပြီး ကျောင်းနဲ့ အများပိုင် ဂုဏ်သိက္ခာကိုလည်း ဂရုစိုက်တတ်ပါတယ်၊ သူက အတော်လေး တာဝန်သိတတ်တဲ့သူပဲ”

“ဒါပေမဲ့ သူက ငယ်ရွယ်သေးတော့ ကျောင်းရဲ့ စည်းကမ်းချက်တွေကို သိပ်နားမလည်လို့ ပြဿနာဖြစ်သွားတာပေါ့၊ ဒါပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်”

ခုန်းဖန် ကျိုးထျန်းအတွက် ချက်ချင်းကြားဖြတ် ရှင်းလင်းပေးလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော်လည်း လောင်ခုန်းပြောတာ မှန်တယ်လို့ ထင်တယ်”

“ဟုတ်ပါ့... ဒီကလေး ပြောတာ အမှန်တွေပဲလို့ ကျွန်မ ထင်တယ်၊ သူက စေတနာကောင်းတာပဲ”

အခြားဆရာများကလည်း ဝိုင်းဝန်းထောက်ခံကြရာ... ကျိုးထျန်း မှာ သရုပ်ဆောင် အလွန်ကောင်းလွန်းသဖြင့်သာဖြစ်ပြီး၊ သို့မဟုတ်ပါက အော်ဟစ်ရယ်မောမိလုနီးပါး ဖြစ်သွားသည်။

‘ဒီခုန်းဖန်ကတော့ တကယ့်ကို အတိုင်းထက်အလွန် လောဘ ကြီးလွန်းတာပဲ၊ ပိုက်ဆံအတွက်နဲ့ ငါ့ကို ဘာမဆို လုပ်ပြီး ကာကွယ်ပေးမှာ သေချာတယ်၊ တကယ်လို့ အမှန်တရား ပေါ်လာတဲ့အခါ သူ့ရဲ့ မျက်နှာအမူအရာက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုပဲ ငါ သိချင်မိတော့တယ်’

ကျောင်းအုပ်ကြီးရှုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျိုးထျန်း၏ ရှင်းပြချက်ကို လက်ခံလိုက်တော့သည်။

ယခုအချိန်တွင် ကျောင်းသားများကို အပြစ်ပေးခြင်းက ဖြစ်ပျက်ခဲ့ပြီးသော အမှန်တရားကို ပြောင်းလဲနိုင်တော့မည်မဟုတ်ချေ။

ထို့အပြင် ယခင်က သူသည် ခေါင်းဆောင်ဖြစ်သော ကျိုးထျန်း ကို မဖြစ်မနေ အပြစ်ပေးရမည်ဟု တွေးခဲ့သော်လည်း... ယခု ဤစကားကို ကြားရပြီးနောက် ကျောင်းသားများကိုချည်း သက်သက် အပြစ်ပုံချ၍ မရနိုင်ကြောင်း ခံစားလိုက်ရသည်။

အနည်းဆုံးတော့ သူတို့၏ ကနဦး ရည်ရွယ်ချက်မှာ ချီးကျူးဖွယ်ရာ ဖြစ်ပေသည်။

“ကဲ... ငါ နားလည်ပါပြီ၊ ရှောင်ကျိုး... မင်း အခု ပြန်လို့ရပြီ၊ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုတော့ လောလောဆယ် လျှို့ဝှက်ထားပေးပါ၊ ဒဏ်ရာရတဲ့ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေအပါအဝင် ဘယ်သူ့ကိုမှ သွားမပြောပါနဲ့ ငါတို့ ဘာသာမင်း အားလုံး ကိုင်တွယ် ဖြေရှင်းလိုက်မယ်၊ မင်း ထပ်ပြီး ဝင်မပတ်သက်ပါနဲ့တော့”

ထို့နောက် သူသည် ခုန်းဖန်ကို လှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ပြစ်ဒဏ်ပေးဖို့ကတော့ မလိုပါဘူး၊ ဒါပေမဲ့ ဒါက တကယ်ပဲ ပြဿနာ ဖြစ်ပွားစေခဲ့တာ၊ သူ့ကို ကျောင်းသားများသမဂ္ဂရဲ့ ယာယီဥက္ကဋ္ဌ ရာထူးကနေ ထုတ်ပယ်သင့်တယ်လို့ ငါ ထင်တယ်”

မိမိအနေဖြင့် အပြစ်ပေးမခံရခြင်းမှာပင် သက်ညှာမှု ခံရခြင်းဖြစ်ကြောင်း ခုန်းဖန် သိသကဲ့သို့၊ ကျိုးထျန်းကိုလည်း အကာအကွယ်ပေးပြီးဖြစ်၍ ကျောင်းအုပ်ကြီးရှုနှင့် ဤကိစ္စအတွက် ငြင်းခုံနေတော့မည်မဟုတ်ချေ။

“ကောင်းပါပြီ... ကျွန်တော်လည်း လူပြောင်းသင့်တယ်လို့ ထင်ပါတယ်၊ ဒါကို နောက်မှပဲ ဆက်ပြောကြတာပေါ့”

လူတိုင်း သဘောတူညီမှု ရရှိသွားသည်ကို မြင်သောအခါ ခုန်းဖန်က ကျိုးထျန်းကို ပြန်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။

သူသည် အစည်းအဝေးခန်းမမှ ထွက်လာပြီး ထောင့်ချိုးတစ်ခုသို့ အကွေ့တွင်ပင်... အော်ဟစ် ရယ်မောလိုက်မိတော့ သည်။

‘ကောင်းတယ်... ငါ့ကို ရာထူးက ထုတ်လိုက်ရင် ပိုတောင် ကောင်းသေးတယ်၊ ဘာပဲဖြစ်ဖြစ် ငါ ကျောင်းသားများသမဂ္ဂကို သုံးပြီးတော့ ငါ့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ပြီးပြီပဲ၊ ဒါကြောင့် ဒီအမည်ခံ ရာထူးက ငါ့အတွက် အသုံးမဝင်တော့ဘူး’

‘ဒါ့အပြင်... အခု သူတို့ ငါ့ကို ရာထူးက ထုတ်လိုက်တာက ပဋိပက္ခထဲမှာ ငါ့ရဲ့တာဝန်ရှိမှုက ပြီးဆုံးသွားပြီလို့ သူတို့ ထင်မှတ်သွားကြတဲ့ သဘောပဲ’

‘ဒါက ငါ ထင်ထားတာထက်တောင် ပိုပြီးလွယ်နေပါသေးလား၊ အနည်းဆုံးတော့ ငါ့ကို ကျောင်းခေတ္တရပ်နားတာ ဒါမှမဟုတ် အပြစ်ပေးစာ ထုတ်တာမျိုး လုပ်လိမ့်မယ်လို့ ထင်ထားတာ’

သူ့ မူလ အစီအစဉ်မှာ ဤမုန်တိုင်းကို အောင့်အည်းခံကျော်ဖြတ်ရန် ဖြစ်ပြီး... ကျောင်းထုတ်မခံရလျှင်ပင် အပြစ်ပေးစာတစ်ခုခုတော့ ရလိမ့်မည်ဟု ထင်ထားခြင်း ဖြစ်သည်။

သို့သော် အပြစ်ပေးစာ ရရှိခြင်းက သူ့အတွက် ကြီးမားသော ပြဿနာမဟုတ်ပေ။

သူသည် မည်သည့်အလုပ်ကိုမျှ လျှောက်ထားရန် မလိုသဖြင့် သူ့မှတ်တမ်းပေါ်တွင် သာမန်အပြစ်ပေးစာ ရှိနေခြင်းက လုံးဝ အရေးမပါချေ။

သို့သော်လည်း ခုန်းဖန်သည် လက်ထဲသို့ ရောက်မလာသေးသော ပိုက်ဆံအတွက်နှင့် သူ့ကို ဤမျှအထိ အသည်းအသန် အကာအကွယ်ပေးလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

၎င်းသည် လူလည်တစ်ယောက် ဖြစ်ပေသည်။

သို့သော် ထိုလည်ပတ်မှုအားလုံးကို ပိုက်ဆံရှာရန်နှင့် ပရိယာယ်ဆင်ရန်အတွက်သာ အသုံးပြုခဲ့ပြီး မည်သည့် ကောင်းမှုတစ်ခုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိချေ။

သူသည် စီမံရေးရာအဆောက်အအုံပြင်ပသို့ ဝင့်ဝင့်ကြွားကြွားဖြင့် လျှောက်လှမ်းလာခဲ့သော်လည်း ခြေလှမ်းအနည်း ငယ်မျှ လှမ်းရသေးခင်မှာပင် ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိလိုက်သည်။

သူ ဖုန်းကို ကိုင်လိုက်သည်နှင့် မည်သူ ဆက်သွယ်လာသည်ကို ချက်ချင်း သိလိုက်၏။

“ဟေး... လောင်ဆန်း၊ အခု ဘာကိစ္စရှိလို့လဲ၊ မင်းတို့ဘက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ”

“ဆရာ... ဒီဘက်မှာ အားလုံး စီစဉ်ပြီးပါပြီ၊ ကျွန်တော်တို့ မနက်ဖြန် စတင် တိုက်ခိုက်ဖို့နဲ့ ဓာတ်ခွဲခန်းနယ်မြေကို ထိန်းချုပ်ဖို့ အဆင်သင့်ပါပဲ” ဟု ဆန်းတို့စ် က လေးနက်ပြီး ဟိန်းထွက်နေသော အသံဖြင့် ပြောလိုက်သည်။

မည်သည့် စိတ်ခံစားမှုလှိုင်းမျှ ပါဝင်မနေဘဲ တည်ငြိမ်လေးနက်လှသော သူ့ လေသံက ကျိုးထျန်းကို စိတ်အေးသွားစေသည်။

အနည်းဆုံးတော့ မည်သည့်ဆိုးရွားသော ကိစ္စမှဖြစ်မနေပေ။

“ဒါပေမဲ့ ဆရာ... ကျွန်တော့်ရဲ့ သူလျှိုတွေနဲ့ အတွင်းလူတွေရဲ့ စုံစမ်းချက်အရ ဂျပန်ကိုယ်စားလှယ်အဖွဲ့ဟာ ဗိုလ်ချုပ်ကမ်းဘဲလ် နဲ့ စတင် ဆွေးနွေးနေကြပြီလို့ သိရပါတယ်။ နှစ်ဖက်စလုံးက အလွန် စိတ်အားထက်သန်ပြီး ရိုးသားမှုရှိပုံရတယ်၊ ဆွေးနွေးပွဲတွေကလည်း ချောချောမွေ့မွေ့ တိုးတက်နေပါတယ်”

“ကျွန်တော်ရထားတဲ့ သတင်းအရ... ဂျပန်က ဒေါ်လာ သန်း ၂၀၀ ကမ်းလှမ်းထားတယ်၊ ဒါပေမဲ့ အဲဒါကို သတ်မှတ်ထားတဲ့ အကောင့်ထဲကို အရစ်ကျ ပေးချေရမယ်လို့ ဆိုပါတယ်”

ကျိုးထျန်း ရယ်မောလိုက်မိသည်။ ဤအရာက ရယ်စရာ ကောင်းလှ၏။

ဤကဲ့သို့သော ကိစ္စမျိုးကို အရစ်ကျ ပေးချေရမည် ဟုတ် လား။ ကမ်းဘဲလ်၏ ဦးနှောက်မှာ လက်ပစ်ဗုံးဖြင့် အဖောက်ခွဲခံထားရလျှင်ပင် သူ သဘောတူလိမ့်မည်မဟုတ်ပေ။

ဤကဲ့သို့သော မှောင်ခိုအရောင်းအဝယ်မျိုးသည် ငွေသားကိုသာ အသေအချာလိုအပ်သည်။

သို့မဟုတ်ပါက ကုန်ပစ္စည်းကို ရရှိပြီးသည်နှင့် ကတိဖျက်သွားနိုင်ချေ ရှိ၏။

‘ငါ မင်းကို လိမ်ညာလိုက်ရင် မင်း ဘာလုပ်နိုင်မှာလဲ။ မင်း ငါ့ကို တရားစွဲလို့ မရဘူးလေ။ မင်း သတ္တိရှိရင် ငါ့ပိုင်နက်ထဲကို လာပြီး ငါ့ကို သတ်မလား’

ထို့ကြောင့် ဤဆွေးနွေးပွဲ ချောမွေ့နေသည်ဆိုခြင်းမှာ ကမ်းဘဲလ်၏ စျေးနှုန်းမြှင့်တင်ရန် နည်းလမ်းတစ်ခု ဖြစ်သည်မှာ သေချာလှပေသည်။

သူ့ပစ္စည်းမှာ ဝယ်လိုအား အလွန်များပြားနေသည့် ပုံစံမျိုး ဖြစ်စေရန်အတွက် ဝယ်ယူမည့်သူများကို လိုအပ်သဖြင့် သူသည် ဆွေးနွေးပွဲကို ပျော်ရွှင်စွာ လုပ်ဆောင်နေသည့် ပုံစံမျိုး ဖန်တီးနေရခြင်းဖြစ်၏။

“လောင်ဆန်း... မစိုးရိမ်နဲ့၊ သူတို့ သဘောတူညီမှုရမှာမဟုတ်ဘူး၊ အနည်းဆုံးတော့ ဒီအချိန်အတွင်းမှာပေါ့၊ မင်း ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်လုပ်”

ကျိုးထျန်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

“လောင်ဆန်း... မင်း သတိထားရမယ့် ကိစ္စတစ်ခု ရှိတယ်၊ တကယ်လို့ တရုတ်ဆွေးနွေးရေးအဖွဲ့က ကမ်းဘဲလ်ကို ဆက်သွယ်လာရင်... မင်း သူတို့ကို ဘယ်လိုနည်းနဲ့မှ အန္တရာယ်မပြုရဘူး”

“နားလည်ပါပြီ၊ ဒါပေမဲ့ တရုတ်လူမျိုးတွေ ရောက်လာလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး” ဟု ဆန်းတို့စ်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

“ဘာကို ဆိုလိုတာလဲ” ဟု ကျိုးထျန်း အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်၏။

“မစ္စတာဂျက်ဆီက ကမ်းဘဲလ်ရဲ့ ဆက်သွယ်ရေးတွေကို ကြားဖြတ်ဖမ်းယူခဲ့ပါတယ်၊ သူ ထိန်းချုပ်လုပ်ဆောင်နေတာတွေဟာ အမှန်တကယ်တော့ အမေရိကန်အစိုးရအတွင်းက အချို့လူတွေရဲ့ ညွှန်ကြားချက်အရပါ၊ သူက အမည်ခံသက်သက်ပဲ၊ အကျိုးအမြတ်ကို ခွဲဝေယူဖို့ စောင့်နေတဲ့လူတွေ အများကြီးရှိပါသေးတယ်”

၎င်းမှာ အမေရိကန်အစိုးရ၏ သဘာဝနှင့် အလွန်ကိုက်ညီလှပေသည်။

အဆုံးသတ်တွင်မူ ဗိုလ်ချုပ်တစ်ဦးအနေဖြင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဤမျှအထိ ပေါ်ပေါ်ထင်ထင် ရောင်းချနေခြင်းမှာ... အကယ်၍ သူ၏ ပုဂ္ဂိုလ်ရေးဆန္ဒသက်သက်သာ ဆိုလျှင်မူ အလွန် ဆိုးရွားလွန်းလှပေလိမ့်မည်။

ဆန်းတို့စ်က ဆက်လက်၍ .....

“ဒီလူတွေအားလုံးဟာ အကျိုးအမြတ် ခွဲဝေဖို့ စောင့်နေကြတာ၊ ဒီအရောင်းအဝယ်ကနေ အမြင့်ဆုံး အကျိုးအမြတ်ကို ရဖို့ စိတ်အားထက်သန်နေကြတာလေ”

“ဒါပေမဲ့ သူတို့မှာ ပြတ်သားတဲ့ သဘောတူညီချက်တစ်ခု ရှိတယ်... ‘ဘယ်အချက်အလက်နဲ့ စမ်းသပ်ပစ္စည်းကိုမှ တရုတ်တွေရဲ့ လက်ထဲကို အရောက်မခံနိုင်ဘူး၊ ဒါက သူတို့ရဲ့ အောက်ခြေစည်းပဲ’ တဲ့”

ကျိုးထျန်း ဤစကားကို ကြားရပြီးနောက် ခဏမျှမှင်တက်သွားကာ ဖုန်းကို အသံတိတ် ကိုင်ထားမိတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်မှသာ သူ ပြန်လည်စကား ပြောလိုက်၏။

“လောင်ဆန်း... အခုအချိန်ကစပြီး၊ ဖြစ်လာမယ့် အကျိုး ဆက်တွေ ဒါမှမဟုတ် ကုန်ကျစရိတ်တွေကို ဂရုမစိုက်ဘဲ... ဒီဓာတ်ခွဲခန်းနဲ့ အဲဒီမှာရှိတဲ့ အချက်အလက်အားလုံးကို သိမ်းပိုက်နိုင်ဖို့ မင်း အစွမ်းကုန်လုပ်ရမယ်”

“မင်း ဘယ်လောက်အထိ ရန်ပုံငွေ လိုအပ်လဲဆိုတာကိုသာ ငါ့ကို ပြော၊ ငါ အားလုံး ထောက်ပံ့ပေးမယ်”

“ပန်းတိုင်က တစ်ခုတည်းပဲ... ငါ ဒီဓာတ်ခွဲခန်းကို မဖြစ်မနေ အရယူရမယ်!”

All Chapters