အခန်း ၁၉၃၆
Vol. 130 Ch. 1936
အခန်း (၁၉၃၆) အချိန်သုံးလကုန်ဆုံးသွားခဲ့လေပြီ
သုံးရက်တာတိုက်ပွဲအတွင်းတွင် ကျရှုံးမည့်ခန့်မှန်းနေကြသော ပင်လယ်မင်းသားအပြင် နောက်ထပ်ဇာတ်လိုက်တစ်ဦးကလည်း အာရုံစိုက်ခံနေရသည်။
ထိုသူမှာ တရှ၏ ဟန်ထျန်းမြို့ဝန် လီချန်းယွမ်လည်း ပျောက်ဆုံးနေလေသည်။
သူ၏နာမည်က ပါရမီရှင်စာရင်းနံပါတ်တစ်တွင် ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် လူများစွာက သူသည်လည်း ပင်လယ်မင်းသားကဲ့သို့ သေသွားပြီဟု ယူဆကြပေမည်။ လီချန်းယွမ် ဘယ်ရောက်နေသည်ကို မသိသော်လည်း ပင်လယ်မျိုးနွယ်၏အမြင်တွင်မူ ပင်လယ်မင်းသား၏အလောင်းနှင့်အတူ ထွက်ပြေးသွားသည်ဟု ထင်နေကြသည်။ ပင်လယ်မျိုးနွယ်ဝင်တို့ ဒေါသထွက်နေကြလေသည်။ ပင်လယ်မင်းသားသတ်ခံရသည်က တော်သေးသော်လည်း လူသတ်သမားက အလောင်းကိုပါယူသွားသည်က လွန်လွန်းသည်။ သူတို့၏အမြင်တွင် လီချန်းယွမ်က မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်၏။
သို့သော် သုံးရက်ခန့်ကုန်လွန်ပြီးနောက် လီချန်းယွမ် ပြန်ပေါ်လာသည်။ သူသည်လည်း သွေးအလိမ်းလိမ်းဖြင့် ပေကျံကာ လီမျိုးနွယ်အိမ်ပေါက်ဝတွင် လဲနေသည်ကို တွေ့လိုက်သည်ဟု မြင့်သည့်သူများက ပြောကြသည်။ လီချန်းယွမ်တစ်ယောက် အရိုးကျိုးနေသည့် လမ်းဘေးခွေးတစ်ကောင်နှယ် သနားစရာပုံစံမျိုးဖြစ်နေသည်ကို မည်သူမှ မမြင်ဖူးကြပေ။
လီမျိုးနွယ် ကောလာဟလများအရ လီချန်းယွမ်လည်း သေလုမြောပါး ဖြစ်နေသည်။ သုံးရက်လောက် သတိလစ်မေ့မြောပြီးနောက်မှ ပြန်သတိရလာသည်။ သူသတိရလာပြီးနောက် ကြားရသောပထမဆုံးသတင်းမှာ ပင်လယ်မင်းသားကို သတ်သည်မှာ သူမဟုတ်ပေ။
ထိုသတင်းထွက်လာသည်နှင့် လီမျိုးနွယ်တစ်ခုလုံး တုန်လှုပ်သွားကြရသည်။ ပင်လယ်မင်းသားသေပြီဟုသော သတင်းများက ပြန့်နေသော်လည်း လီချန်းယွမ်လက်ချက်ဟုသာ အားလုံးက ထင်ထားကြသည်။ လီချန်းယွမ်ကလွဲ၍ ပင်လယ်မင်းသားကို သတ်နိုင်သောအင်အားမျိုး မည်သူ့တွင်ရှိနိုင်သေးသလဲ။
ထို့ကြောင့် အားလုံးက ထိုသို့သာ ယုံကြည်ထားကြသည်။ ထိုအကြောင်းကြောင့် ပင်လယ်မျိုးနွယ်စုကို တိုက်ရန် ဝန်မလေးကြပေ။ အရှေ့ပင်လယ်၌ လီမျိုးနွယ်စုအုတ်မြစ် အခြေတည်နေသည်ကလည်း နှစ်ရာချီကြာပြီဖြစ်၏။
အိမ်ရှေ့စံမင်းသား၏ အုပ်စုအတွင်းရှိ အခြားမဟာမိတ်များကို လှုပ်ရှားလာစေရန်အတွက် ကတိကဝတ်များစွာ ပေးခဲ့ရသည့်အပြင် အကျိုးအမြတ်များစွာကိုလည်း စွန့်လွှတ်ခဲ့ရသည်။ သူတို့သည် မဟာမိတ်များဖြစ်ကြပြီး အိမ်ရှေ့စံ၏ အလံတော်အောက်တွင် ရှိနေကြသော်လည်း မိသားစုအသီးသီးမှာ ပြိုင်ဘက်များသာ ဖြစ်ကြသည်။ ထို့ကြောင့် အခြားသူများ ပါဝင်ကူညီလာရန်မှာ လွယ်ကူလှသည်မဟုတ်။ သူတို့ပေးဆပ်ခဲ့ရသည့် တန်ဖိုးမှာ လီမျိုးနွယ်စု၏ အထက်လူကြီးများအတွက် အလွန်ပင် ရင်နာစရာကောင်းလှသည်။
သို့သော် လီမျိုးနွယ်စု၏ အနာဂတ်မျှော်လင့်ချက်ကို ကယ်တင်ရန်အတွက် သူတို့သည် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် ဝန်မလေးခဲ့ကြပေ။
သို့သော်လည်း လီချန်းယွမ် ယူဆောင်လာသည့် သတင်းမှာမူ ပင်လယ်မင်းသားကို သူသတ်ခဲ့ခြင်းမဟုတ်ဘဲ အခြားတစ်ယောက်က သတ်ခဲ့ခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ လီချန်းယွမ် ကိုယ်တိုင်ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်လည်း များပြားခဲ့သည်။
လီမျိုးနွယ်စုတစ်ခုလုံး ဒေါသထွက်သွားကြသည်။ ထိုကောင်က တစ်ဖန်ပြန်ပေါ်လာပြန်ပြီ။
အရင်တုန်းကလည်း ထိုကောင်သည် လီမျိုးနွယ်စု၏ ခံတပ်ကို ကျူးကျော်ဝင်ရောက်ကာ ဘဏ္ဍာတိုက်ကို လုယက်ခဲ့သည်။ လီမျိုးနွယ်စု အခက်အခဲများစွာဖြင့် ရယူထားခဲ့သည့် နတ်မီးတောက်သစ်သီးကိုလည်း သူကပင် လုယူသွားခဲ့ခြင်းဖြစ်သည်။ ဤအချက်က လီမျိုးနွယ်စုကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ထိုလူကို ရှာဖွေရန်အတွက် လီမျိုးနွယ်စုသည် ပင်လယ်အရှင်၏ ဂူကို ရှာဖွေမည့်အစီအစဉ်ကိုပင် ရွှေ့ဆိုင်းခဲ့ရသည်။ ဤအချက်ကပင် ပင်လယ်မင်းသား၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး အလစ်အငိုက်တိုက်ပွဲမှသည် ရေရှည်တိုက်ပွဲအဖြစ်သို့ ကူးပြောင်းသွားစေခဲ့သည်။
ယခုမူ ထိုကောင်သည် လီချန်းယွမ်နှင့် ပင်လယ်မင်းသားတို့၏ တိုက်ပွဲကို အခွင့်ကောင်းယူကာ ယုတ်မာသော ရည်ရွယ်ချက်ဖြင့် ပင်လယ်မင်းသားကို သတ်ဖြတ်ခဲ့ပြီး လီချန်းယွမ်အပေါ် အပြစ်ပုံချခဲ့သည်။ ဤလုပ်ရပ်ကြောင့် အိမ်ရှေ့စံအုပ်စုနှင့် ပင်လယ်မင်းသား၏ ပင်လယ်မျိုးနွယ်တို့ကြား ထိတ်လန့်ဖွယ်စစ်ပွဲကြီး ဖြစ်ပွားခဲ့ရသည်။ နှစ်ဖက်စလုံး အထိနာခဲ့ကြသည်။
သုံးရက်အတွင်း လီမျိုးနွယ်စု၏ ဆုံးရှုံးမှုမှာ တုန်လှုပ်စရာပင်။ လီမျိုးနွယ်စု၏ အင်အားမှာ တစ်ညအတွင်း ဆယ်စုနှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။ အရှေ့ပင်လယ်ပြင်တွင် ကျွမ်းကျင်သူပေါင်းများစွာ သေဆုံးခဲ့ရပြီး ဤသည်မှာ လီမျိုးနွယ်စု အမှန်တကယ် မမြင်လိုသည့် အခြေအနေပင် ဖြစ်သည်။ သို့သော်လည်း ယခုအခါ ထိုအရာအားလုံးမှာ လှည့်စားခံခဲ့ရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ခဏအတွင်းပင် လီမျိုးနွယ်စုတစ်ခုလုံး ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဤသတင်းမှာလည်း အလွန်မြန်သော အရှိန်ဖြင့် ပျံ့နှံ့သွားတော့သည်။
"သတ်လိုက်တာ လီချန်းယွမ် မဟုတ်ဘူးတဲ့လား၊ နာမည်မရှိတဲ့ တစ်ယောက်ယောက်က သတ်တာတဲ့။ အခုခေတ်မှာ နာမည်မရှိတဲ့သူတွေက ဒီလောက်တောင် အင်အားကြီးနေကြတာလား”
"အခု ပျံ့နေတဲ့ ပုံရိပ်တွေကလည်း သူ့ရဲ့ တကယ့်ရုပ်သွင် မဟုတ်တာ သေချာတယ်။ သူ့ရဲ့ ရုပ်ဖျက်ထားတာကို ဘယ်သူမှ မမြင်နိုင်တော့ ပုံထဲကအတိုင်းပဲ လိုက်ရှာနေကြရတာ။ ဒါပေမဲ့ ကျွန်တော်ကြည့်ရသလောက်တော့ ထိရောက်မှာ မဟုတ်ဘူးထင်တယ်"
"ဘယ်စီနီယာပညာရှင်ကြီးကများ လက်စွမ်းပြလိုက်တာပါလိမ့်။ ဟားဟားဟား လီမျိုးနွယ်စုက အမြဲတမ်း မောက်မာပြီး ငါတို့ကိုမှ ဂရုမစိုက်တာ၊ အခုတော့ သူတို့ ဘာများ ပြောဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့!"
"ဟုတ်ပါ့ဗျာ။ လီမျိုးနွယ်စုက ဒီတစ်ခါတော့ တကယ် အထိနာသွားတာ။ နောက်လာမယ့် ဆယ်စုနှစ် အနည်းငယ်အထိတော့ အရှေ့ပင်လယ်ပြင်ထဲကို ခြေဆန့်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး"
"လီမျိုးနွယ်စု တင်မကဘူးဗျ။ လီမျိုးနွယ်စုဆီကလာတဲ့ သတင်းအရဆိုရင် ပင်လယ်လူသားတွေတောင် အရှုံးကြီး ရှုံးသွားတာ။ ပင်လယ်မင်းသားကို လီချန်းယွမ် သတ်တယ်လို့ အကုန်လုံးက ထင်နေကြပြီး လက်စားချေဖို့အတွက် လီမျိုးနွယ်စုနဲ့ တိုက်ခိုက်ခဲ့ကြတာလေ။ ဘယ်သူက သိမှာလဲ၊ ဒါကြီးက အထင်မှားမှု သက်သက်ကြီး ဖြစ်နေမယ်ဆိုတာကို"
"အဲ့ဒီလူက ဘီလူးကြီး နှစ်ကောင်လုံးကို သူ့လက်ဝါးထဲမှာ ထည့်ကစားသွားတာပဲ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ လူပဲဗျာ၊ ဘယ်သူများပါလိမ့်"
ပါးနပ်သော လူများစွာကမူ လီမျိုးနွယ်စုသည် ဤသတင်းကို တမင်တကာ အချိန်တိုအတွင်း ဖြန့်လိုက်ခြင်းဖြစ်ကြောင်း ရိပ်မိကြသည်။ လီမျိုးနွယ်စုသည် တရှ၏ စစ်ဘက်မျိုးနွယ်စု ဖြစ်သောကြောင့် ပင်လယ်လူသားမျိုးနွယ်များရှေ့တွင် ခေါင်းငုံ့ခံမည်မဟုတ်သော်လည်း သူတစ်ပါးအတွက် အပြစ်တင်ခံအဖြစ်မူ မခံလိုကြပေ။ နောင်တစ်ချိန်တွင် လီမျိုးနွယ်စုသည် အရှေ့ပင်လယ်ပြင်သို့ တစ်ဖန်ပြန်လည် ဝင်ရောက်ရဦးမည်ဖြစ်သည်။ အကယ်၍ ယခုကတည်းက ရှင်းရှင်းလင်းလင်း မရှင်းပြထားပါက လီမျိုးနွယ်စုသည် ပင်လယ်လူသားတို့၏ အချိန်မရွေး တိုက်ခိုက်မှုကို ခံရနိုင်ပြီး အခြေချရန်မှာ မဖြစ်နိုင်တော့ပေ။
တရှတွင်မူ သူတို့သည် အလွန်အင်အားကြီးမားကြသော်လည်း အရှေ့ပင်လယ်ပြင်တွင်မူ သူတို့သည် ဘာမှမဟုတ်တော့ချေ။
အခြေအနေများသည် လူအများ မျှော်လင့်ထားသလိုပင် ဖြစ်လာခဲ့သည်။ လီမျိုးနွယ်စု၏ ကမ်းလှမ်းမှုကို လက်ခံရရှိပြီးနောက် ပင်လယ်လူသားတို့သည် ချက်ချင်းပင် လက်လျှော့လိုက်ကြပြီး လီမျိုးနွယ်စုကို ဆက်လက်ဝိုင်းရံတိုက်ခိုက်ခြင်း မပြုတော့ပေ။
ဤတိုက်ပွဲအပြီးတွင် လီမျိုးနွယ်စုနှင့် အိမ်ရှေ့စံအုပ်စုတို့သည် သူတို့၏ ဂုဏ်သိက္ခာကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြသည်။ သူတို့သည် အမှန်တကယ်ပင် အင်အားကြီးမားကြပေသည်။ ပင်လယ်လူသားမျိုးနွယ်တစ်ခုလုံးက စုပေါင်းတိုက်ခိုက်ခြင်းမဟုတ်ပါက သူတို့ကို အနိုင်ယူရန် မလွယ်ကူကြောင်း သက်သေပြလိုက်ခြင်းပင်။ ထို့ကြောင့် ပင်လယ်လူသားတို့၏ အထက်လူကြီးများသည်လည်း လီမျိုးနွယ်စုနှင့် ဆက်လက်မတိုက်ခိုက်တော့ရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက်တွင်မူ ပင်လယ်လူသားမျိုးနွယ်စုအားလုံးက ပင်လယ်မင်းသားကို သတ်ခဲ့သူကို ဖမ်းဆီးရန် ဆုကြေးများ ထုတ်ပြန်လိုက်ကြတော့သည်။ ထိုလူ၏ရုပ်သွင်မှာ အစစ်အမှန်မဟုတ်နိုင်ကြောင်း သိကြသလို၊ ပုံကြမ်းကိုသာ အားကိုးပြီး ရှာတွေ့ရန်မှာ အခွင့်အလမ်းနည်းပါးကြောင်း သိကြသော်လည်း ဒေါသထွက်နေသော သူတို့အတွက်မူ ဤအချက်များကို ဂရုမစိုက်နိုင်တော့ပေ။
ပင်လယ်လူသား ကျွမ်းကျင်သူ အမြောက်အမြားသည်လည်း လူသတ်သမားကို ရှာဖွေရန်အတွက် အရှေ့ပင်လယ်ပြင်ရှိ နာမည်ကြီးကျွန်းများကို ပိတ်ဆို့ရှာဖွေလာကြသည်။ သူတို့၏စာရင်းတွင်ရှိသော ထိုကဲ့သို့ အင်အားကြီးသည့် ကျွမ်းကျင်သူများကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံစစ်ဆေးနေကြသည်။
အချိန်တစ်ခုအတွင်းတွင်မူ အရှေ့ပင်လယ်ပြင်တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတော့သည်။
သုံးလဆိုသော အချိန်ကာလက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
တောတောင်မြစ်ချောင်းပန်းချီကားထဲတွင်မူ ချူးယွင်ဖန်းသည် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏အရှိန်အဝါမှာ ပိုမိုတည်ငြိမ်ရင့်ကျက်လာပြီး တောတောင်မြစ်ချောင်းလောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသည့်အလားပင် ဖြစ်နေတော့သည်။
--