အခန်း ၁၉၄၂
Vol. 130 Ch. 1942
အခန်း (၁၉၄၂) ချူးယွင်ဖန်းပြန်ပေါ်လာပြီ
မီးတောက်သခင်လေးသည် နီရဲသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထိုဓားသွားမှာ သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ တောက်လောင်နေသော မီးလျှံများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုအနီရောင် မီးလျှံများကြားတွင် ထူထပ်လှသော မိစ္ဆာအရှိန်အဝါများ ကိန်းအောင်းနေ၏။
နီရဲမီးလျှံမိစ္ဆာဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားစေသည့် ပြင်းပြသော မီးလျှံများ ထွက်ပေါ်လာတော့သည်။ ခဏချင်းအတွင်းမှာပင် ကောင်းကင်ယံကြီးမှာ မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဝုန်း. . . .
ကြယ်ကြွေကောင်းကင်လက်ဝါးချက်သည် ကောင်းကင်အလယ်တွင်ပင် ပေါက်ကွဲပျက်စီးသွားတော့သည်။
ဘုန်း. . . .
ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသော ပေါက်ကွဲမှုများအပြီးတွင် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်ရင်းများမှာ လွင့်စင်ထွက်သွားကြတော့သည်။ သူတို့သည် သွေးများ အန်ထုတ်လိုက်ကြရပြီး ချက်ချင်းပင် ဒဏ်ရာအပြင်းအထန်ရသွားကြလေသည်။
"ဖန်ဆင်းရှင်အဆင့်”
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များ ကြောင်အမ်းသွားကြတော့သည်။ သူတို့အားလုံး အင်အားချင်း ပူးပေါင်းခဲ့ကြသော်လည်း ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းထားပြီးဖြစ်သော မီးတောက်သခင်လေးကို မယှဉ်နိုင်ခဲ့ကြပေ။ မီးတောက်သခင်လေး၏ ပါရမီရှင်စာရင်းမှ အဆင့်မှာ ထိပ်တန်း (၄၀) ဝန်းကျင်ခန့်သာရှိပြီး သိပ်မမြင့်လှသော်လည်း သူတို့အတွက်မူ သူသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင် ဖြစ်သည်။
သူတို့သည် သာမန်အစစ်အမှန်တပည့်များသာ ဖြစ်ကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းအတွင်း၌မူ အရေးပါသူများ ဖြစ်နိုင်သော်လည်း လောကကြီးထဲတွင်မူ သူတို့မှာ ဘာမှမဟုတ်ကြသေးပေ။ စကြဝဠာအဆင့်နှင့် ဖန်ဆင်းရှင်အဆင့်တို့၏ ကွာခြားချက်မှာ ဤနေရာတွင် အထင်အရှား ပေါ်လွင်နေတော့သည်။
သူတို့အနေဖြင့် ထိုကွာခြားချက်ကို ကြိုတင်သိရှိထားခဲ့ကြသော်လည်း ဖန်ဆင်းရှင်အဆင့်ရှိသူတစ်ဦးနှင့် တစ်ခါမျှ တိုက်ခိုက်ဖူးခြင်း မရှိခဲ့ကြပေ။ သူတို့အင်အားချင်း ဤမျှပူးပေါင်းထားသည့်တိုင်အောင် ဖန်ဆင်းရှင်တစ်ဦး၏ သာမန်တိုက်ခိုက်မှုတစ်ခုကိုပင် မခုခံနိုင်လောက်အောင် ဖြစ်ရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ကြပေ။
"တကယ်ကို ကြောက်စရာကောင်းလိုက်တာ၊ မီးတောက်သခင်လေးက အရင်ကထက် ပိုပြီးတောင် အစွမ်းထက်လာသလိုပဲ”
"ဒီလောက် အချိန်အတော်ကြာသွားပြီဆိုတော့ ပါရမီရှင်စာရင်းဝင်တွေတင်မကဘူး၊ အဲ့ဒီစာရင်းအောက်က တခြားပါရမီရှင်တချို့တောင် ဖန်ဆင်းရှင်အဆင့်ကို ရောက်နေကြပြီပဲ"
"မျိုးဆက်သစ်လူငယ်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး အစွမ်းထက်လာကြတာပဲ"
ထိုခဏတွင် ပတ်ဝန်းကျင်၌ လူပေါင်းများစွာမှာ မသိမသာ စုရုံးရောက်ရှိနေကြပြီဖြစ်သည်။ သူတို့ထဲမှ အများစုမှာ အရှေ့ဘက်ပင်လယ်မှ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ မင်းသမီးကြီးအား ဂုဏ်ပြုဆုတောင်းရန် ရောက်ရှိလာကြသည့် ဖန်ဆင်းရှင်အဆင့် အင်အားကြီး ပုဂ္ဂိုလ်များစွာလည်း ပါဝင်သော်လည်း သူတို့သည် လမ်းခရီးတွင် ရပ်တန့်ကာ လူကိုယ်တိုင် ထွက်မပြဘဲ စောင့်ကြည့်နေကြသည်။
ဤအခြေအနေမျိုးကို သူတို့ အံ့ဩခြင်းမရှိကြပေ။ တရှ၏အချက်အချာကျသော အလယ်ပိုင်းလွင်ပြင်များနှင့်မတူဘဲ ဤနေရာမှာ နယ်စပ်ဒေသကဲ့သို့ ဖြစ်နေသည်။ အလယ်ပိုင်းလွင်ပြင်တွင်မူ မည်သည့် မိစ္ဆာ သို့မဟုတ် နတ်ဆိုးမျှ ဤမျှအထိ ရဲရဲတင်းတင်း သောင်းကျန်းဝံ့ခြင်းမရှိချေ။ ထိုသို့သောသူ ပေါ်လာသည်နှင့် တရှ၏ အလုံးအရင်းဖြင့် တိုက်ခိုက်ချေမှုန်းခြင်းကို သေချာပေါက် ရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော် အရှေ့ဘက်ပင်လယ်တွင်မူ အခြေအနေက ကွဲပြားသည်။ လေလွင့်ကျင့်ကြံသူ အမြောက်အမြားအပြင် ဆိုးယုတ်သော မိစ္ဆာများ၊ နိုင်ငံခြားသားများနှင့် လမ်းစဉ်မမှန်သော အင်အားစုများစွာ ရောနှောနေထိုင်ကြသည်။
မီးတောက်နီမိစ္ဆာဂိုဏ်းသည် နာမည်ကျော် မိစ္ဆာဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်သည်။ မီးတောက်သခင်လေးကဲ့သို့ ပါရမီရှင်စာရင်းဝင် ထိပ်တန်းပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခြင်းကပင် သူတို့ဂိုဏ်း၏ အင်အားကို သက်သေပြနေခြင်း ဖြစ်သည်။ ဂိုဏ်းကြီးအသီးသီးက ပါရမီရှင်စာရင်းကို အလေးထားရခြင်းက ဤအချက်နှင့် များစွာပတ်သက်နေ၏။ အကယ်၍ ဂိုဏ်းတစ်ခုသည် ထိုစာရင်းဝင် ပါရမီရှင်တစ်ဦးကို မွေးထုတ်မပေးနိုင်ပါက လောက၏ ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ယခုအခါ လူပေါင်းများစွာမှာ မီးတောက်နီမိစ္ဆာဂိုဏ်းနှင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းတို့ ထိပ်တိုက်တွေ့နေသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ မီးတောက်နီမိစ္ဆာဂိုဏ်းမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းထက် အင်အားအနည်းငယ် သေးငယ်သော်လည်း ဤနေရာမှာ အရှေ့ဘက်ပင်လယ် ဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက မည်မျှပင် အစွမ်းထက်ပါစေ၊ ဤနေရာတွင်တော့ သူတို့၏လက်တံမှာ မမီနိုင်လှပေ။
ထို့ကြောင့် မီးတောက်နီမိစ္ဆာဂိုဏ်းက ကြယ်ကြွေကောင်းကင်ဂိုဏ်းကို အနည်းငယ်မျှ မကြောက်ရွံ့ခြင်း ဖြစ်သည်။
"ဟင်း... ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ နတ်ဒေဝါလက်ဝါးချက်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ငါတို့ မိစ္ဆာဂိုဏ်းရဲ့ မီးတောက်နီမိစ္ဆာဓား နဲ့ယှဉ်ရင် အဝေးကြီး လိုပါသေးတယ်"
မီးတောက်သခင်လေးက နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
သူ၏ အမူအရာမှာ အလွန်ပင် မောက်မာဝင့်ကြွားနေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်အချို့ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြန်သည်။ သူသည် ထိုတပည့်များ၏ ကိုယ်ခံပညာများကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်းမှာ သိသာလှသည်။
"ဒီနေ့က မင်းသမီးကြီးရဲ့ မွေးနေ့ဖြစ်နေလို့ ငါ မင်းတို့ကို အသက်ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ကိုယ်ခံပညာတွေကိုတော့ ဖျက်ဆီးပစ်ရလိမ့်မယ်၊ ဒါမှ အင်အားဆိုတာ ဘာလဲဆိုတာ မင်းတို့ သိသွားမှာ"
"နတ်ဒေဝါလက်ဝါးရိုက်ချက်က မင်းရဲ့ မိစ္ဆာဓားထက် နိမ့်ကျတယ်လို့ ဘယ်သူပြောလဲ”
ရုတ်တရက်ဆိုသလို ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံကို ဖြတ်သန်းသွားသည့် တုန်လှုပ်ဖွယ်ရာ ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ဧရာမလက်ဝါးကြီးကို ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားစေတော့သည်။
"ဘယ်သူလဲ"
မီးတောက်သခင်လေး၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။ သူ၏နောက်ကွယ်မှ နောက်လိုက်များ၏ မျက်နှာမှာလည်း သိသိသာသာ ပျက်ယွင်းသွားကြလေသည်။
ချက်ချင်းဆိုသလိုပင် လူရိပ်တစ်ခုမှာ လူတိုင်း၏ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့သည်။
"ဒါက ဒါမဖြစ်နိုင်တာ စီနီယာချူး”
လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချူးယွင်ဖန်းကို မြင်လိုက်ရသည့်အခါတွင် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ အစစ်အမှန်တပည့်များ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားကြတော့သည်။ သူတို့မှာ မျက်လုံးရှေ့က မြင်ကွင်းကို လုံးဝပင် မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။
သူသည် ချူးယွင်ဖန်း ဖြစ်နေသည် မဟုတ်ပါလား။
လွန်ခဲ့သော အချိန်အတန်ကြာက ချူးယွင်ဖန်း သေဆုံးသွားပြီဟူသော သတင်းမှာ လောကတစ်ခုလုံးကို ဟိုးဟိုးကျော်အောင် လှုပ်ခတ်သွားစေခဲ့သည်။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ခဲ့ကြသော်လည်း မကြာမီမှာပင် မိစ္ဆာနတ်ဘုရားဂိုဏ်းက ဤကိစ္စအတွက် သူတို့တွင် တာဝန်ရှိကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ မိစ္ဆာနတ်ဘုရားဂိုဏ်းအတွက်မူ ပါရမီရှင်စာရင်းဝင် ချူးယွင်ဖန်းကဲ့သို့ ပါရမီရှင်တစ်ဦးကို သုတ်သင်နိုင်ခြင်းမှာ ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်သဖြင့် ဖုံးကွယ်ထားရန် အကြောင်းမရှိပေ။
ကြယ်ကြွေကောင်းကင်ဂိုဏ်းကလည်း ထိုသတင်းကြောင့် အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။ သူတို့သည် အခြေအနေကို စုံစမ်းစစ်ဆေးရန် ပညာရှင်အမြောက်အမြားကို ချက်ချင်းပင် စေလွှတ်ခဲ့သော်လည်း နောက်ဆုံးရရှိသောအဖြေမှာမူ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးမှ ချူးယွင်ဖန်း အသက်ရှင်ရန် လုံးဝမဖြစ်နိုင်ဟူ၍သာ ဖြစ်သည်။
ချူးယွင်ဖန်း၏ အမည်မှာလည်း ပါရမီရှင်စာရင်းထဲတွင် မရှိတော့ပေ။
လူတိုင်းက ချူးယွင်ဖန်း သေဆုံးသွားပြီဟုသာ တညီတညွတ်တည်း လက်ခံခဲ့ကြသည်။ လူပေါင်းများစွာမှာလည်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြချေ။ ချူးယွင်ဖန်းမှာ ညကောင်းကင်ယံရှိ ဥက္ကာခဲတစ်ခုကဲ့သို့ပင်။ သူသည် အလွန်လျင်မြန်စွာ ပေါ်ထွက်လာခဲ့သော်လည်း ကွယ်ပျောက်သွားသည့် အရှိန်မှာလည်း အလွန်ပင် မြန်ဆန်လှသည်။ လူအများအပြားက ဤအမည်ကိုပင် ရင်းနှီးအောင် မလုပ်ရသေးမီမှာပင် ချူးယွင်ဖန်းမှာ သေဆုံးသူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ခြောက်လခန့် ကြာပြီးနောက်တွင်မူ လူအများစုမှာ ချူးယွင်ဖန်းအကြောင်းကို မေ့လုနီးပါး ဖြစ်နေကြပြီဖြစ်သည်။ အမှန်တွင် သူသည် ရှုံးနိမ့်သွားသူပေါင်းများစွာထဲမှ တစ်ဦးသာဖြစ်ပြီး ဘာမှ အဓိပ္ပာယ်မရှိတော့ဟု သူတို့ ယူဆထားကြသည်။ သူတို့၏အမြင်တွင် ချူးယွင်ဖန်းသည် အသက်ရှင်စဉ်အခါက စံချိန်သစ်များစွာ တင်နိုင်ခဲ့ပြီး အလွန်ထင်ပေါ်ကျော်ကြားခဲ့သော်လည်း အရေးမပါတော့ပေ။ အဓိကမှာ မည်သူက ပို၍ အသံကျယ်ကျယ် ရယ်နိုင်သလဲဆိုသည်မှာ မဟုတ်ဘဲ မည်သူက နောက်ဆုံးအထိ အသက်ရှင်ပြီး ရယ်မောနိုင်သလဲဆိုသည်မှာသာ အရေးကြီးဆုံး မဟုတ်ပါလား။
အချိန်မတိုင်မီ ကြွေလွင့်သွားခဲ့သော ချူးယွင်ဖန်းမှာ ထိုကဲ့သို့သော အရည်အချင်းမျိုး မရှိတော့ပေ။
ကြယ်ကြွေကောင်းကင်ဂိုဏ်းရှိ လူတိုင်းမှာလည်း ချူးယွင်ဖန်း သေဆုံးသွားခြင်းအတွက် သိရှိထားကြသည်။ ဂိုဏ်း၏ အထက်လူကြီးများပင်လျှင် ထိုသတင်းကြောင့် အလွန်အမင်း ဒေါသထွက်ခဲ့ကြရ၏။ ယန်သန်ရှင်းနှင့် ရင်ဘောင်တန်းနိုင်သော ချူးယွင်ဖန်းကဲ့သို့ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာရန်မှာ မလွယ်ကူလှပေ။ သူ၏ အစွမ်းအစများကို အပြည့်အဝ မပြသနိုင်သေးမီမှာပင် သေဆုံးသွားရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ထိုသို့သော ဆုံးရှုံးမှုမျိုးမှာ ဂိုဏ်းအတွက် လုံးဝကို မခံစားနိုင်စရာပင်။ လူပေါင်းများစွာ၏ အမြင်တွင် ချူးယွင်ဖန်းသည် အနာဂတ်၌ ယန်သန်ရှန်းကို ကူညီပံ့ပိုးပေးမည့်သူ၊ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို ပိုမိုကြီးပွားတိုးတက်အောင် လုပ်ဆောင်ပေးမည့်သူ ဖြစ်သည်။ နောင်တစ်ချိန်တွင် သူသည် ဂိုဏ်းချုပ် မဖြစ်လာလျှင်ပင် ဂိုဏ်း၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်လာရမည့်သူပင်။
ထိုသို့သောသူတစ်ဦး သေဆုံးသွားခဲ့သဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှာ အလွန်အမင်း ဒေါသထွက်ခဲ့ပြီး၊ မိစ္ဆာနတ်ဘုရားဂိုဏ်း၏ နေရာအနှံ့အပြားရှိ ဂိုဏ်းခွဲများကို အလှည့်ကျ ဝင်ရောက်တိုက်ခိုက်ကာ ချေမှုန်းပစ်ခဲ့ကြသည်။
မိစ္ဆာနတ်ဘုရားဂိုဏ်းကလည်း ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားပုံရပြီး အဆောက်အဦးအလွတ်များကိုသာ ချန်ထားခဲ့ကာ အချိန်မီ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။ ဤအချက်က ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အထက်လူကြီးများကို မျက်နှာအဖြတ်ခံလိုက်ရသလိုမျိုး ခံစားသွားစေခဲ့သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ဤအစစ်အမှန်တပည့်များကလည်း အဖြစ်မှန်ကို ကောင်းကောင်းသိထားကြသည်။ ယခုအခါ သူတို့မှာ ကြီးစွာသော ဘေးအန္တရာယ်မှ မလွတ်မြောက်နိုင်တော့ဟု ထင်မှတ်နေချိန်တွင် သေဆုံးသွားပြီဟု အားလုံးက ယူဆထားသောသူတစ်ဦးက မိမိတို့ရှေ့မှောက်တွင် တစ်ကျော့ပြန် ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
--