အခန်း ၁၉၄၃
Vol. 130 Ch. 1943
အခန်း (၁၉၄၃) သာမာန်လူသားတွေကို ကယ်တင်ဖို့ မင်းကိုသတ်ပစ်ရမယ်
လူအပေါင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရခြင်းမှာလည်း ဤအချက်ကြောင့်ပင်။ သူတို့မှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင်။ လူများစွာ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့်အတွေးက တစ်စုံတစ်ယောက်သည် ချူးယွင်ဖန်းအဖြစ် အယောင်ဆောင်နေခြင်းလော ဟူ၍ဖြစ်သည်။ မဟုတ်လျှင် ဤမျှအထိ တူသောသူ မည်သို့ရှိနိုင်ပါမည်နည်း။
အမှန်တွင် ချူးယွင်ဖန်း သေဆုံးသွားပြီဟု အတည်ပြုပြီးသား ဖြစ်သည်။ အကယ်၍ ၎င်းမှာ မိစ္ဆာနတ်ဘုရားဂိုဏ်း၏ ထုတ်ပြန်ချက်တစ်ခုတည်းသာ ဆိုလျှင်မူ သူတို့ ယုံကြည်ချင်မှ ယုံကြည်ကြပေလိမ့်မည်။ သို့သော် ပါရမီရှင်စာရင်းမှပင် ချူးယွင်ဖန်း၏ အမည်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ပါရမီရှင်စာရင်းက ချူးယွင်ဖန်းကို အာရုံခံ၍ မရတော့ခြင်းပင်။ သူ သေဆုံးသွားသည်မှာ အသေအချာပင် ဖြစ်သည်။
ချူးယွင်ဖန်း တစ်ကျော့ပြန် ပေါ်လာခြင်းက သူတို့၏ စိတ်နှလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့၏။
"စီနီယာချူး တကယ်ပဲ စီနီယာချူးပဲ”
မကြာခင်ပင် သူတို့၏ ရှေ့မှောက်၌ ပေါ်လာသောသူမှာ အတုအယောင်မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ ၎င်းမှာ အမှန်တကယ်ပင် ချူးယွင်ဖန်း ဖြစ်သည်။ အမှန်တွင် ယခုကဲ့သို့ အချိန်မျိုးတွင် မည်သူကမျှ သူ့အဖြစ် ဟန်ဆောင်ချင်မည် မဟုတ်သကဲ့သို့ ဟန်ဆောင်ရန်လည်း အကြောင်းမရှိပေ။ သူ မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့သည်ကို မသိကြသော်လည်း ယခုအချိန်တွင် ချူးယွင်ဖန်းကို မြင်လိုက်ရခြင်းမှာ ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်မှာ အမှန်ပင်။
"မင်းက ချူးယွင်ဖန်းလား"
ထိုအချိန်တွင် မီးတောက်သခင်လေးသည်လည်း အနည်းငယ် အံ့ဩသွားသော အမူအရာကို ပြသလိုက်သည်။ သူသည် ချူးယွင်ဖန်းနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း ပါရမီရှင်စာရင်းဝင် ကျန်ရှိနေသော အယောက်ကိုးဆယ်ကိုးဦး၏ လှုပ်ရှားမှုများကို ဂရုမစိုက်ဘဲနေရန်မှာ သဘာဝကျကျပင် မဖြစ်နိုင်ပေ။
ချူးယွင်ဖန်း သေဆုံးသွားခြင်းက ဤမျှကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်ကို သူ မည်သို့ မသိဘဲ နေမှာလဲ။
သို့သော် သူက ထိုအချက်ကို အလေးအနက် မထားခဲ့ခြင်းသာ ဖြစ်သည်။ လျင်မြန်စွာ ပေါ်လာပြီး လျင်မြန်စွာပင် လောင်ကျွမ်းပျောက်ကွယ်သွားသည့် ဥက္ကာခဲတစ်ခုအဖြစ်သာ သူ မှတ်ယူခဲ့သည်။ ချူးယွင်ဖန်းကဲ့သို့သော သူများသည် အလွန်မောက်မာလွန်းလှသဖြင့် အခြားသူများ၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားကြရခြင်း ဖြစ်သည်ဟု သူ တွေးခဲ့ဖူးသည်။ သူတို့၏ပါရမီက မည်မျှပင် ထူးချွန်ပါစေ၊ မည်မျှပင် အစွမ်းထက်ပါစေ၊ ကြွေလွင့်သွားလျှင်မူ ဘာမှ အရေးမပါတော့ပေ။
သို့သော်လည်း ကြွေလွင့်သွားပြီဟု သူထင်ထားသောသူကို ဤနေရာတွင် မြင်တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
"မှန်တယ်။ ငါပဲ"
ချူးယွင်ဖန်း၏ စကားက လူအများကြားတွင် အကြီးအကျယ် ဟိုးဟိုးကျော်သွားစေတော့သည်။ ပတ်ဝန်းကျင် ပင်လယ်ပြင်တွင် ဤမြင်ကွင်းကို စောင့်ကြည့်နေကြသော မျက်လုံးပေါင်းများစွာ ရှိနေပြီး ချူးယွင်ဖန်း ကိုယ်တိုင် ဝန်ခံလိုက်သည်ကို ကြားလိုက်ရချိန်တွင် လူအများမှာ တအံ့တဩ ရေရွတ်လိုက်ကြ၏။
"တကယ်ပဲ ချူးယွင်ဖန်းလား၊ သူ အသက်ရှင်နေသေးတာလား"
လူများစွာမှာ မယုံကြည်နိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ရှေ့တွင် ရပ်နေသူမှာ ချူးယွင်ဖန်း ဖြစ်နေသည်ကို လုံးဝပင် မယုံနိုင်အောင် ဖြစ်နေကြ၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူ့နာမည်က ပါရမီရှင်စာရင်းထဲကတောင် အပယ်ခံလိုက်ရတာလေ။ သူ ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို ရောက်လာတာလဲ”
"ချူးယွင်ဖန်းဆိုတာ ဘယ်သူလဲ။ မင်းတို့အားလုံးက သူ့အကြောင်းကို သိနေကြသလိုပဲ"
နှစ်ပတ်လုံးလုံး တရားကျင့်ကြံရင်း အောင်းအောင်းနေတတ်သော အသက်ကြီးပိုင်း ပညာရှင်အချို့မှာ မင်းသမီးကြီး၏ မွေးနေ့ပွဲကြောင့်သာ လူလုံးထွက်ပြလာကြခြင်းဖြစ်ရာ သူတို့မှာ ချူးယွင်ဖန်းအကြောင်းကို မကြားဖူးကြပေ။ အခြားသူများကို မေးမြန်းစုံစမ်းပြီး သူ၏ လုပ်ဆောင်ချက်များကို သိလိုက်ရသောအခါတွင်မူ မအံ့ဩဘဲ မနေနိုင်ကြတော့ချေ။
ချူးယွင်ဖန်း သေဆုံးသွားပြီဟု သူတို့ ထင်ထားကြသဖြင့် သူ့ကို လျစ်လျူရှုထားခဲ့ကြခြင်း ဖြစ်သည်။ အမှန်တွင် သေဆုံးသွားသူတစ်ဦးမှာ မည်မျှပင် ထူးချွန်ပါစေ၊ သေသွားပြီဖြစ်၍ အရေးမပါတော့ပေ။ သို့သော် ချူးယွင်ဖန်းသာ အသက်ရှင်နေသေးသည်ဆိုလျှင်မူ အရာအားလုံးက လုံးဝကို ပြောင်းလဲသွားပြီ ဖြစ်သည်။
လူတိုင်းက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော်လည်း ၎င်းမှာ သက်တံ့တံတားရှေ့တွင် ရှိနေသော ချူးယွင်ဖန်းနှင့် မီးတောက်သခင်လေးတို့အပေါ် သက်ရောက်မှု မရှိပေ။
"မင်း အသက်ရှင်နေသေးတာလား"
မီးတောက်သခင်လေးက ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ အံ့ဩသွားရာမှသည် မောက်မာပြီး ဂရုမစိုက်သော အမူအရာသို့ ပြောင်းလဲသွား၏။
"မင်း ဘယ်လိုဖြစ်ပြီး အသက်ရှင်နေတာလဲဆိုတာ ငါမသိပေမဲ့ ဒါက ဘာဖြစ်လဲ။ မင်းရဲ့ အဆင့်က ငါ့ထက် နိမ့်ပါတယ်။ မင်းက အရင်တုန်းက ဖန်ဆင်းရှင်အဆင့်နဲ့ အဝေးကြီး လိုနေသေးတာလေ။ မင်း ပါရမီရှင်စာရင်းထဲ ဘယ်လိုဝင်သွားလဲဆိုတာ ငါမသိပေမဲ့၊ ဖန်ဆင်းရှင်အဆင့် နဲ့ စကြာဝဠာအဆင့်ဆိုတာ လုံးဝကို ခြားနားတယ်ဆိုတာ မင်းသိအောင် ငါပြပေးရမှာပေါ့"
မီးတောက်သခင်လေး၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ ချူးယွင်ဖန်း မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့သည်ကို သူ စိတ်မဝင်စားပေ။ သူ သိသည်မှာ တစ်ခုတည်းသာ ရှိသည်၊ ၎င်းမှာ ချူးယွင်ဖန်းကို သတ်ပစ်ရန်ပင်။
အချို့လူများက ချူးယွင်ဖန်းကို တရှ၏ စစ်သေနာပတိချုပ်၊ ပထမတန်းစား အရာရှိကြီးနှင့် နယ်ခြားစောင့် ဗိုလ်ချုပ်ကြီးအဖြစ်သာ သိထားကြသည်။ သို့သော် ပါရမီရှင်များဖြစ်ကြသော သူတို့ကမူ ထို့ထက်ပို၍ သိထားကြ၏။ အချက်တစ်ချက်မှာ သူတို့ကဲ့သို့သော ပါရမီရှင်များအတွက် ချူးယွင်ဖန်းကို ကိုင်တွယ်ရ ခက်ခဲစေသော အချက်ပင်။
ချူးယွင်ဖန်းသည် မင်းသမီးကူရှဲ့ ခေါ် ထန်စစ်ယုနှင့် အမှန်တကယ်စေ့စပ်ထားသူပင် ဖြစ်သည်။ သို့သော် ၎င်းမှာ ထန်စစ်ယုက မင်းသမီးကြီး၏ တပည့်မဖြစ်လာမီက ကိစ္စဖြစ်ပြီး၊ မင်းသမီးကြီးကိုယ်တိုင်ကလည်း ချူးယွင်ဖန်းကို လက်မခံခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ပြိုင်ပွဲတွင် အနိုင်ရလိုကြသော ပါရမီရှင်များအတွက်မူ ချူးယွင်ဖန်း၏ တည်ရှိမှုမှာ လည်ချောင်းထဲတွင် အရိုးစူးနေသကဲ့သို့ ခံရခက်လှသည်။ အကယ်၍ ထန်စစ်ယုကသာ လက်ထပ်ရန် ငြင်းဆန်ပြီး ပြဿနာရှာခဲ့လျှင် မြင်ကွင်းမှာ အတော်လေး ကြည့်မကောင်း ဖြစ်သွားပေလိမ့်မည်။
လူအများစုသည် မင်းသမီးကြီးနှင့် ရင်းနှီးသောပတ်သက်မှု ရရှိရန်အတွက်သာ ထန်စစ်ယုကို လက်ထပ်လိုကြခြင်း ဖြစ်သော်လည်း ချူးယွင်ဖန်းကဲ့သို့သော တည်ရှိမှုမျိုးမှာ အပြတ်ရှင်းပစ်ရမည့် အရာပင် ဖြစ်သည်။အကယ်၍ ချူးယွင်ဖန်းသာ သာမာန်အရပ်သားတစ်ဦးဖြစ်ခဲ့လျှင် သူသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးသွားခဲ့ပြီးပြီ ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းမှာ သေမသွားခဲ့ပေ။ လီချန်းယွမ်၏ ဖိနှိပ်မှုများအောက်တွင် သူသည် ပို၍ပို၍ အစွမ်းထက်လာခဲ့ပြီး သူတို့နှင့် တန်းတူအဆင့်သို့ပင် ရောက်ရှိလာခဲ့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေလျှင်တော့ အခြေအနေမှာ အလွန်ဆိုးရွားသွားပေလိမ့်မည်။
"မိစ္ဆာနတ်ဘုရားဂိုဏ်းနဲ့ မိစ္ဆာတွေကတော့ အမှိုက်တွေပဲ။ မင်းကို သတ်လိုက်ပြီလို့ လူသိရှင်ကြား ကြေညာရဲကြတယ်ပေါ့။ ဒါပေမဲ့ အရေးမကြီးပါဘူး။ မင်း မသေသေးဘူးဆိုမှတော့ ငါကိုယ်တိုင်ပဲ အခု မင်းကို သတ်ပေးလိုက်မယ်"
မီးတောက်သခင်လေးက အေးစက်စွာ ပြုံးလိုက်သည်။ မင်းသမီးကြီးသည် ချူးယွင်ဖန်းအပေါ် စိတ်တိုင်းမကျဖြစ်နေကြောင်း သူသည် လျှို့ဝှက်သတင်းများမှတစ်ဆင့် သိထားသော်လည်း ၎င်းမှာ လျှို့ဝှက်သတင်းပင် မလိုသလောက်ပင်။ အနည်းငယ် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရုံနှင့် သိနိုင်ပေသည်။ အမှန်တွင် ချူးယွင်ဖန်းနှင့် ထန်စစ်ယုတို့က စေ့စပ်ထားသူများဖြစ်သော်လည်း မင်းသမီးကြီးက ချူးယွင်ဖန်းကို လျစ်လျူရှုထားပြီး ကြင်ယာတော်ရွေးချယ်ပွဲကို ကျင်းပတော့မည် ဖြစ်သည်။ ဤသည်မှာ ချူးယွင်ဖန်းကို လုံးဝ အသိအမှတ်မပြုခြင်းပင်။
မင်းသမီးကြီးသည် ချူးယွင်ဖန်းကို အထင်သေးနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ယခု ချူးယွင်ဖန်းကို သတ်လိုက်လျှင် မင်းသမီးကြီးကို စိတ်ဆိုးအောင်လုပ်ခြင်း မဟုတ်ဘဲ သူမကို ပျော်ရွှင်အောင် လုပ်ပေးရာပင် ရောက်လိမ့်မည်ဟု သူတွေးနေခြင်း ဖြစ်သည်။
"ငါ့ကို သတ်မလို့လား"
ချူးယွင်ဖန်းက နှာခေါင်းရှုတ်လိုက်သည်။
"မင်းလို အမှိုက်မျိုးကလား။ ငါ အဝေးကို ရောက်နေတာ တကယ်ပဲ ကြာသွားပုံရတယ်။ ဘယ်ကလာတဲ့ ဘယ်သူမှန်းမသိတဲ့ ကောင်တွေကများ ငါ့ရှေ့မှာ လာဟောင်နေကြတာလဲ။ မင်းက မိစ္ဆာတွေရဲ့ ခွေးတစ်ကောင်သာသာပဲ၊ ငါ့ရှေ့မှာ ပေါ်လာရဲတယ်ပေါ့။ လူသားတွေကို ဘေးဒုက္ခမပေးနိုင်အောင် မင်းကို ငါ အခုပဲ သတ်ပစ်မယ်"
"မောက်မာလှချည်လား"
မီးတောက်သခင်လေးက ဟိန်းဟောက်လိုက်ပြီး တစ်ခဏအတွင်းမှာပင် သူ စတင်လှုပ်ရှားလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် သွေးနီရောင် ပုံရိပ်တစ်ခုအဖြစ် ထွင်းဖောက်ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး ချူးယွင်ဖန်းထံသို့ တရှိန်ထိုး ပြေးဝင်သွားသည်။
သူသည် အရင်ကထက် ဆယ်ဆမျှ ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်ရင်းများကို ကိုင်တွယ်စဉ်က သူ၏ စွမ်းအားအစစ်ကို မသုံးခဲ့ရပေ။ ဖန်ဆင်းရှင်အဆင့်နှင့် စကြာဝဠာအဆင့်ကြားက ကွာခြားချက်မှာ ဆယ်ဆထက်မက ရှိနေသည်ဖြစ်ရာ သူ၏ စွမ်းအားအကုန် သုံးစရာမလိုခဲ့ခြင်းပင်။
ယခုမူ သူ၏ စွမ်းအားအစစ်အမှန်ကို ပြသရမည့်အချိန် ရောက်လာပြီ ဖြစ်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များမှာ အသက်ရှူရခက်ခဲလာကြသည်။ လက်ကြီးတစ်ဖက်က သူတို့၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ ခံစားနေရပြီး အသံပင် မထွက်နိုင်ကြတော့ချေ။
"မင်းရဲ့ အစွမ်းမရှိတဲ့ အတတ်ပညာတွေနဲ့ ငါ့ရှေ့မှာ လာမဟောင်နဲ့"
ချူးယွင်ဖန်းက အော်ဟစ်လိုက်ပြီး ခြေလှမ်းတစ်လှမ်း ရှေ့သို့ တိုးလိုက်ရာ မီးတောက်သခင်လေး၏ တုန်လှုပ်ဖွယ်ကောင်းသော ဖိအားများကို ချိုးဖျက်လိုက်တော့သည်။ ထို့နောက် သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ဘုန်း. . . .
ထိုလက်သီး၏ အရှိန်အဝါသည် အရာအားလုံးကို ဝါးမြိုပစ်မည့် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်သွားပြီး မီးတောက်သခင်လေးထံသို့ တိုက်ရိုက် တိုးဝင်သွားတော့၏။
--