အခန်း ၁၉၄၅
Vol. 130 Ch. 1945
အခန်း (၁၉၄၅) ခေတ်သစ်၏အောင်နိုင်သူ
ပင်လယ်မျိုးနွယ်စုများကဲ့သို့ အင်အားကြီးမားလှသည့် အစုအဖွဲ့မျိုးပင် စစ်မီးတောက်စေခဲ့လျှင် မီးတောက်နီမိစ္ဆာဂိုဏ်းအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။ သူတို့၏ အခြေစိုက်စခန်းသည် အလယ်ပိုင်းလွင်ပြင်ဒေသနှင့် အလှမ်းဝေးလှသဖြင့် ကောင်းကင်တစ်ခုလုံးကို လက်ဝါးဖြင့် အုပ်မိုးနိုင်စွမ်းရှိသည့် ကြယ်ကြွေကောင်းကင်ဂိုဏ်းကိုပင် သူတို့က ကြောက်ရွံ့နေမည် မဟုတ်ချေ။
"အခုကစပြီး ဒုက္ခတွေ ပိုများလာတော့မယ် ထင်တယ်"
"ဟုတ်တယ်၊ ဒီလူငယ်ပါရမီရှင်တွေက နောက်ဆုံးတော့ ကြီးပြင်းလာကြပြီလေ။ အရင်က အတွေ့အကြုံတွေအရဆိုရင် ဒီလူငယ်တွေ ကြီးပြင်းလာပြီးတဲ့နောက်မှာ ရက်စက်လွန်းတဲ့ တိုက်ပွဲတွေကို ရှောင်လွှဲလို့မရဘဲ ရင်ဆိုင်ကြရစမြဲပဲ။ အဲ့ဒီလို အဆက်မပြတ်ဘဲ ရက်စက်တဲ့ ဖယ်ထုတ်မှုတွေ ပြီးသွားမှပဲ ကျန်ရစ်တဲ့ ပါရမီရှင်တွေက ဒီမျိုးဆက်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်လာကြတာ"
လူအများမှာ မိမိတို့ဘာသာ တွေးတောနေကြသည်။ အတိတ်က အတွေ့အကြုံများအရ မျိုးဆက်တစ်ခု၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များမှာ ပါရမီရှင်စာရင်းတစ်ခုတည်းတွင် ပါဝင်နေလေ့မရှိပေ။ မျိုးဆက်ဟောင်းများက အသက်ကန့်သတ်ချက် ပြည့်သွားချိန်တွင် ပါရမီရှင်စာရင်းအသစ်ကို ပြန်လည်သတ်မှတ်လေ့ရှိပြီး မျိုးဆက်သစ်များမှာလည်း အဆုံးမရှိ ပေါ်ထွက်နေတတ်သည်။
ပါရမီရှင်များအကြား တိုက်ပွဲများမှာလည်း ရပ်တန့်သွားမည်မဟုတ်ပေ။ ပါရမီရှင်စာရင်းဝင် အယောက် (၁၀၀) အနက်မှ သုံးပုံတစ်ပုံခန့် ကျန်ရစ်လျှင်ပင် တော်တော်လေး ကောင်းမွန်လှပြီဟု ဆိုနိုင်သည်။ အပြိုင်အဆိုင် ထွက်ပေါ်လာကြသော ပါရမီရှင်များကြောင့် ခေတ်တစ်ခုကို အပြည့်အဝ ကိုယ်စားပြုနိုင်ရန်အတွက် ပါရမီရှင်စာရင်းကို လေးငါးကြိမ်ခန့်အထိ အဆင့်မြှင့်တင် ပြောင်းလဲရလေ့ရှိသည်။
ပါရမီရှင်စာရင်းကို အဆင့်မြှင့်တင်လိုက်တိုင်း ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများ ရှိခဲ့သည်ဟု အဓိပ္ပာယ်ရပေသည်။ အဆုံးထိ ကြံ့ကြံ့ခံနိုင်သူများသာလျှင် နောက်မျိုးဆက်၏ အုပ်ချုပ်သူများ ဖြစ်လာကြလိမ့်မည်။ ယခုကိစ္စမှာလည်း ပါရမီရှင်စာရင်းဝင်များအကြား ဖြစ်ပွားသော တိုက်ပွဲတစ်ခုသာ ရှိသေးသည်။ ဤမျိုးဆက်မှ ပါရမီရှင်များ ကြီးပြင်းလာသည်နှင့်အမျှ နောက်ထပ် သွေးချောင်းစီးမည့် မုန်တိုင်းကြီးတစ်ခုမှာ ရောက်ရှိလာတော့မည်ကို လူအများ သတိပြုမိလိုက်ကြသည်။
ချူးယွင်ဖန်းသည် မီးတောက်သခင်လေးကို လက်သီးတစ်ချက်တည်းနှင့် သတ်ဖြတ်ပြီးနောက် နှာခေါင်းရှုံ့လိုက်ကာ သူ၏ အလောင်းကို သိမ်းဆည်းလိုက်သည်။ အကယ်၍ အရင်တုန်းကသာဆိုလျှင် ပါရမီရှင်စာရင်းဝင်တစ်ဦးကို သတ်ဖြတ်ပြီးနောက် သူ ယခုကဲ့သို့ တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။
အကြောင်းမှာ သူတို့မှာ ဤမျိုးဆက်၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသောကြောင့်ပင်။ သို့သော် ယခုအခါတွင်မူ သူသည် အဆင့် (၄) နေရာတွင်ရှိသော ပင်လယ်မင်းသားကိုပင် သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ အဆင့် (၁) နေရာမှ လီချန်းယွမ်ပင်လျှင် သူ၏ လက်ချက်ဖြင့် သေဆုံးလုနီးပါး ဖြစ်ခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့်သာ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အောင်မြင်မှုများကို အခြေခံထားသဖြင့် အခြားသူများ မသိရှိစေကာမူ ချူးယွင်ဖန်းမှာ ထိုသူများကို သိပ်ပြီး ဂရုမစိုက်တော့ပေ။ သူ၏ မျိုးဆက်တွင် သူ့ကို ယှဉ်ပြိုင်နိုင်မည့်သူ မရှိတော့သလောက်ပင်။
"မင်း မင်း ငါတို့ သခင်လေးကို သတ်လိုက်တယ်ပေါ့။ မီးတောက်နီမိစ္ဆာဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
မီးတောက်နီမိစ္ဆာဂိုဏ်းမှ နောက်လိုက်များမှာ မျက်နှာပျက်ပျက်ဖြင့် အော်ဟစ်ကာ ချူးယွင်ဖန်းထံသို့ ပြေးဝင်လာကြသည်။ ဤလူများသည် သူတို့အနေဖြင့် ချူးယွင်ဖန်းကို မယှဉ်နိုင်မှန်း သိကြသော်လည်း သူတို့အားလုံးမှာ အခြေခံအဆင့် အစေခံများသာ ဖြစ်ကြသည်။ သူတို့မှာ ကျိန်စာတိုက်ခြင်း ခံထားရသူများဖြစ်ရာ မီးတောက်သခင်လေးကို မိမိတို့၏ အသက်နှင့်လဲ၍ ကာကွယ်ကြရမည် ဖြစ်သောကြောင့်ပင်။
ယခုအခါ မီးတောက်သခင်လေးသေဆုံးသွားပြီဖြစ်ရာ သူတို့ အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် သေဘေးမှ လွတ်ကင်းကြမည် မဟုတ်ပေ။ သူတို့၏ မိသားစုတစ်ခုလုံးမှာပင် ဆွဲထည့်ခြင်းခံရမည်ဖြစ်ပြီး သူတို့၏ ဆွေမျိုးတစ်စုလုံး မျိုးပြုတ်သွားပေလိမ့်မည်။
အမှန်တွင် မီးတောက်နီမိစ္ဆာဂိုဏ်းဆိုသည်မှာ မိစ္ဆာဂိုဏ်းတစ်ခုသာ ဖြစ်သည်။ ထိုဂိုဏ်း၏ ယုတ္တိမရှိသော လုပ်ရပ်များနှင့် အာဏာရှင်ဆန်သည့် အပြုအမူများကို ဤလူများက ကောင်းကောင်းကြီး သိထားကြသည်။ သူတို့ကြောင့် သူတို့၏ မိသားစုများ ဒုက္ခမရောက်စေရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ပွဲအတွင်း အသေခံခြင်းသာ ဖြစ်သည်။
ထိုအချိန်တွင် သူတို့အားလုံးသည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန် သန္နိဋ္ဌာန်ချလိုက်ကြတော့သည်။ သူတို့ထဲတွင် ဖန်ဆင်းရှင်အဆင့် တတိယအဆင့်ရှိသော မိစ္ဆာတစ်ကောင်ပင် ပါဝင်နေသေး၏။ သူ၏ မာနစွမ်းအားများနှင့် မိစ္ဆာမီးလျှံများမှာ ကောင်းကင်ယံအထိ ဟုန်းဟုန်းတောက်လောင်နေပြီး၊ သူ၏ ကျင့်ကြံမှုမှာ မီးတောက်သခင်လေးထက်ပင် ပို၍ အစွမ်းထက်နေသေးသည်။
သူ၏ လက်ထဲတွင် မီးတောက်နီမိစ္ဆာဓားတစ်လက် ပေါ်လာသည်။ ၎င်းမှာ နတ်ဘုရားစွမ်းရည်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး၊ ၎င်း၏ အစွမ်းမှာ မီးတောက်သခင်လေး၏ ဓားထက်ပင် သာလွန်၏။
ဘုန်း. . . .
ဓားအလင်းတန်းမှာ အောက်သို့ စိုက်ဆင်းလာကာ ပင်လယ်ပြင်တွင် ကြီးမားလှသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေရန်နှင့် ချူးယွင်ဖန်း၏ ဦးခေါင်းကို တိုက်ရိုက်ခွဲရန် ရည်ရွယ်၍ ကျရောက်လာသည်။
"ကလေးကစားစရာ အတတ်ပညာသာသာပဲ"
ချူးယွင်ဖန်းက နှာခေါင်းရှုတ်လိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ကြီးမားလှသော ရွှေရောင်လက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထိုဓားအလင်းတန်းကို ဖမ်းဆွဲလိုက်၏။
ဂျွတ်.... ဂျွတ်.... ဂျွတ်....
ထိုဓားအလင်းတန်းမှာ လေထဲ၌ပင် ရွှေရောင်လက်ဝါးကြီး၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး တစ်လက်မချင်းစီ အက်ကွဲပျက်စီးသွားတော့သည်။ ၎င်းတွင် ပါဝင်သော မိစ္ဆာစွမ်းအင်များမှာလည်း လွင့်စင်ပျက်ပြယ်ကုန်၏။
သို့သော် ချူးယွင်ဖန်းက ရုတ်တရက် တိုက်စစ်ဆင်လာသည်။ သူက လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ပျက်စီးသွားသော ဓားအလင်းတန်း အပိုင်းအစများသည် ဥက္ကာခဲမိုးများ ရွာချလိုက်သကဲ့သို့ အပြင်ဘက်သို့ ပြန့်ထွက်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုဓားအလင်းစအနများက မီးတောက်သခင်လေး၏ နောက်လိုက်များကို ကောင်းကင်ယံတစ်ခုလုံး သွေးမြူတိမ်များ ဖုံးလွှမ်းသွားသည်အထိ ချေမှုန်းပစ်လိုက်သည်။ ထို ဖန်ဆင်းရှင်အဆင့်မိစ္ဆာပင်လျှင် ချူးယွင်ဖန်း၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သူ၏ ရင်ဘတ်မှာ ဓားအလင်းတန်း အပိုင်းအစတစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ၏ အသက်ဝိညာဉ်မှာ ချက်ချင်းပင် ချုပ်ငြိမ်းသွားတော့သည်။
ထိုဖန်ဆင်းရှင်အဆင့်မိစ္ဆာမှာ မှင်တက်သွားတော့၏။ သူသည် မိမိရှေ့မှောက်၌ ဖြစ်ပျက်သမျှကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိ၏။ ချူးယွင်ဖန်၏ တိုက်ကွက်ကို တားဆီးရန် သူ လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပေ။
တစ်ခဏအတွင်းမှာပင် မီးတောက်သခင်လေး၏ နောက်လိုက်များအားလုံး သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။ ချူးယွင်ဖန်းသည် မီးတောက်သခင်လေးကို အလွယ်တကူ သတ်ဖြတ်ခဲ့သကဲ့သို့ပင် အရာအားလုံးမှာ သန့်ရှင်းသပ်ရပ်လွန်းလှသည်။ မီးတောက်သခင်လေးဖြစ်စေ၊ သူ၏ နောက်လိုက်များဖြစ်စေ သာမန်လူများအဖို့ အလွယ်တကူ မသတ်နိုင်သော ထိုအင်အားစုမှာ ချူးယွင်ဖန်း၏ လက်ထဲတွင်တော့ စက္ကူတစ်ချပ်ကဲ့သို့ပင် နုနယ်လှပြီး ယှဉ်ပြိုင်နိုင်စွမ်း လုံးဝမရှိခဲ့ကြချေ။
"သူတို့အားလုံးကို တစ်ခါတည်း ရှင်းပစ်လိုက်ဖို့ အချိန်အခါကောင်းပဲ။ ပြဿနာရှာတဲ့ကောင်တွေ ငါ့ရှေ့မှာ ပေါ်လာရဲတယ်ပေါ့။ တကယ်ပဲ သေတွင်းထဲကို ကိုယ်တိုင်တိုးဝင်လာကြတာပဲ"
ချူးယွင်ဖန်းသည် နှာခေါင်းရှုံ့လိုက်ရင်း ဟင်းလင်းပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ လူအများအပြားမှာ ဟင်းလင်းပြင်ထဲ၌ ကိုယ်ယောင်ဖျောက် ပုန်းကွယ်နေကြသော်လည်း သူ၏ မျက်လုံးများကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိကြပေ။ သူတို့ထဲမှ အတော်များများမှာ တကယ့်ကို ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးများကဲ့သို့ပင်။
သို့သော်လည်း ချူးယွင်ဖန်းက လက်ဦးအောင် မလှုပ်ရှားခဲ့ပေ။ အရှေ့ပင်လယ်တွင် လှည့်လည်ကျင့်ကြံသူများစွာ ရှိနေသကဲ့သို့၊ မိစ္ဆာပညာရပ်များကို ကျင့်ကြံသူများလည်း မရေမတွက်နိုင်အောင် ရှိနေသည်။ သေချာသည်မှာ သူသည် ထိုသူအားလုံးကို လိုက်လံသတ်ဖြတ်နေ၍ မရနိုင်ပေ၊ ထိုသို့လုပ်ရန်လည်း သူ၏စွမ်းဆောင်ရည်က မလုံလောက်သေးချေ။ အကယ်၍ ထိုသို့သတ်ဖြတ်ရန် လွယ်ကူနေမည်ဆိုလျှင် တရှအနေဖြင့် ထိုသူများကို အရှေ့ပင်လယ်တွင် ခြေကုပ်ယူခွင့် ပေးထားလိမ့်မည် မဟုတ်ပေ။
ချူးယွင်ဖန်း အလိုရှိသည်မှာ ဤဖြစ်ရပ်ကို အသုံးချ၍ သူတို့ကို သတိပေးရန်သာ ဖြစ်သည်။ သူသည် ဤနေရာသို့ အသစ်ရောက်လာသူဖြစ်သော်လည်း အလွယ်တကူ အနိုင်ကျင့်၍ရမည့်သူ မဟုတ်ကြောင်း သတိပေးလိုက်ခြင်းပင်။
ကြက်ကိုသတ်၍ မျောက်ကို သတိပေးသည့်နည်းလမ်းမှာ သိသိသာသာပင် အောင်မြင်လှသည်။ အရှေ့ပင်လယ်မှ လှည့်လည်ကျင့်ကြံသူများသည် ချူးယွင်ဖန်းကို မြင်လိုက်ရချိန်တွင် သူ၏ အကြည့်ကို အသာအယာ ရှောင်ဖယ်သွားကြတော့သည်။ ချူးယွင်ဖန်း၏ မျက်လုံးကို တည့်တည့်ကြည့်ရဲသူမှာ လက်ချိုးရေတွက်၍ ရသလောက်သာ ရှိပြီး၊ ထိုသူများမှာလည်း အခြေခံအားဖြင့် ဖန်ဆင်းရှင်အဆင့်အရှင်သခင်များသာ ဖြစ်ကြသည်။
ထိုသူအတော်များများမှာ ဂိုဏ်းတစ်ခု၏ ထိပ်တန်းပုဂ္ဂိုလ်များ သို့မဟုတ် ဂိုဏ်းချုပ်များပင် ဖြစ်ကြသည်။ ဥပမာအားဖြင့် မင်းသမီးယွင်ယန်၏ ဓားအစေခံဖြစ်သော တားတီးယပ်စ်သည်လည်း ထိုကဲ့သို့သော ထူးဆန်းအစွမ်းထက်သူများထဲမှ တစ်ဦးဖြစ်သည်။ နောင်တွင် သူမကို မင်းသမီးယွင်ယန်က အောင်နိုင်သွားခဲ့ပြီး ဓားအစေခံအဖြစ် ခေါ်ယူထားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် စီနီယာချူး"
ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ တပည့်များမှာ သတိပြန်ဝင်လာကြသည်။ သူတို့၏ ဝတ်ရုံများကို သေသေသပ်သပ် ပြင်ဆင်လိုက်ပြီးနောက် ချူးယွင်ဖန်း၏ ရှေ့သို့လာကာ ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
"ဒါက ဘာမှမဟုတ်ပါဘူး။ မီးတောက်သခင်လေးက တကယ်ကို ရဲတင်းလွန်းတယ်။ သူက ကြယ်ကြွေကောင်းကင်ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ ကျင့်ကြံမှုကိုတောင် ဖျက်ဆီးပစ်ရဲတယ်ပေါ့။ ဒီနေ့ သူ အသတ်ခံရတာက သူပြုခဲ့တဲ့ ကံရဲ့ အကျိုးပေးပါပဲ"
ချူးယွင်ဖန်းက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ဆိုလိုက်သည်။
သူက ထိုကိစ္စကို ဂရုမစိုက်လေလေ၊ ထိုတပည့်များမှာ ချူးယွင်ဖန်း၏ အစွမ်းထက်မှုကို ပို၍ ခံစားရလေလေ ဖြစ်သည်။ မီးတောက်သခင်လေးကဲ့သို့ အစွမ်းထက်သူပင်လျှင် ချူးယွင်ဖန်း၏ လက်သီးတစ်ချက်ကို မကာကွယ်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် မီးတောက်သခင်လေးကို ထိုကဲ့သို့ပင် အလွယ်တကူ သတ်ဖြတ်ပစ်ခဲ့သည်။
ယခုအချိန်တွင်မူ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို အားနည်းသည်ဟု မည်သူမျှ ခေါ်ဝံ့တော့မည် မဟုတ်ပေ။ ယန်သန်ရှန်းမှလွဲ၍ အခြားသူ မည်သူမျှ မရှိတော့သကဲ့သို့ပင် ချူးယွင်ဖန်းက အစွမ်းပြခဲ့လေပြီ။
--