အခန်း ၁၉၄၈
Vol. 130 Ch. 1948
အခန်း (၁၉၄၈) လီချန်းယွမ်ကို အဆုံးသတ်ဖို့အချိန်ကျပြီ
မင်းသမီးယွင်ယန်က ချူးယွင်ဖန်းကို မြင်သောအခါတွင် ယခင်ကကဲ့သို့ တည်ငြိမ်နေသောမျက်ဝန်းများ ပျောက်ဆုံးသွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် အံ့ဩမှုတို့ကသာ နေရာယူထားလေ၏။ သူ၏အသွင်အပြင်က သူမကို လုံးဝပင် တုန်လှုပ်သွားစေသည်။
ထိုစဉ်က ချူးယွင်ဖန်း သေဆုံးသွားပြီဖြစ်ကြောင်းကို တရှပြည်ကြီးနှင့် မိစ္ဆာအင်အားစုဟူသော အင်အားကြီးအဖွဲ့အစည်းနှစ်ခုလုံးက အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ နှစ်ဖက်စလုံးက သူ သေဆုံးသွားပြီဟု တစ်ထပ်တည်း ထွက်ဆိုခဲ့ကြသည်။ သို့သော် ယခုမူ သူမသည် ချူးယွင်ဖန်းကို ကိုယ်တိုင် မြင်တွေ့နေရပြီ ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုအဆင့်အရ ဤသူသည် အတုအယောင်မဟုတ်ကြောင်း ကောင်းကောင်း သိမြင်နိုင်သည်။ ရုပ်ရည်ကို အတုခိုး၍ ရနိုင်သော်လည်း ပညာရှင်တစ်ဦး၏ ထူးခြားသော အရှိန်အဝါနှင့် ပင်ကိုယ်စရိုက်ကိုမူ မည်သို့မျှ အတုခိုး၍ မရနိုင်ပေ။
ထို့ကြောင့်လည်း သူမ အလွန်တုန်လှုပ်သွားရခြင်း ဖြစ်သည်။ လူတိုင်းက သေပေးပြီးသားဟု သတ်မှတ်ထားသည့် ချူးယွင်ဖန်းသည် အသက်ရှင်လျက် ရှိနေသေးသည်။ သူမ၏ စိတ်အခြေအနေမှာလည်း အခြားသူများနည်းတူ သရဲသဘက်ကို မြင်လိုက်ရသည့်အလား ဖြစ်နေတော့သည်။
သို့သော်လည်း သူမသည် နဂါးတို့၏ ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး ထီးနန်းကိုပင် ယှဉ်ပြိုင်လိုသည့် မင်းသမီးတစ်ပါး ဖြစ်ပေရာ ချူးယွင်ဖန်း၏ ထူးဆန်းသော တစ်ကျော့ပြန် ပေါ်လာမှုအပေါ် အနည်းငယ်မျှသာ အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် တည်ငြိမ်သော အမူအရာကို ပြန်လည်ရရှိသွားခဲ့သည်။
"မတွေ့တာ ကြာပြီနော် မင်းသမီး? တကယ့်ကို ဘဝတစ်ခုစာလောက် ကြာသွားသလိုပဲ"
ချူးယွင်ဖန်းက ပြုံးလျက် ဆိုလိုက်သည်။
နောက်ဆုံးတွေ့ခဲ့သည့်အချိန်မှစ၍ ယခုအထိ အချိန်အားဖြင့် သိပ်မကြာသေးသော်လည်း၊ သူ့အတွက်မူ ဘဝတစ်ခုစာလောက် ကြာမြင့်ခဲ့သည်ဟု ခံစားရသည်။ သူသည် မိစ္ဆာပညာရှင်ကြီး၏ လက်တွင်းမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ အဆုံးအဖြတ်အချိန်တွင်မှ ထိုလိုက်လံတိုက်ခိုက်မှုများကြားမှ လွတ်မြောက်ခဲ့ရခြင်းမှာ ငရဲခန်းမှ ပြန်လည်လွတ်မြောက်လာခြင်းနှင့် မခြားပေ။ ထိုစဉ်က အခြေအနေကို ပြန်စဉ်းစားကြည့်လျှင် အမှားအယွင်း အနည်းငယ်ရှိရုံဖြင့် သူသည် သေသည်အထိ အရိုက်ခံရနိုင်သည် မဟုတ်ပါလား။
"ဒီလိုအခြေအနေမျိုးကနေ မင်း သေဘေးက လွတ်အောင် ပြေးနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက တကယ်ပဲ ကောင်းကင်ဘုံက ရွေးချယ်ခံရသူလား"
မင်းသမီးယွင်ယန်က ပြုံးလျက် ဆိုသည်။ သူမ၏ အဆင့်အတန်းအရ သာမန်လူများထက် ပို၍ သိရှိထားခြင်းမှာ သဘာဝကျလှသည်။ မိစ္ဆာတို့၏ မည်သည့်ပညာရှင်ကြီးက တိုက်ခိုက်ခဲ့သည်ကိုပင် သူမ သိရှိထားသည်။
စစ်သူကြီးချုပ်ရုံးက ဤကိစ္စကို လျှို့ဝှက်ထားခဲ့သော်လည်း ဘုရင့်ထံသို့မူ တင်ပြရမည်သာ ဖြစ်သည်။ ဘုရင်ကြီး၏ အထူးချွန်ဆုံး သားတော်သမီးတော်များ ဖြစ်ကြသည့်အတွက် သူတို့သည် မိမိတို့ လိုချင်သော သတင်းအချက်အလက်ကို ရရှိနိုင်သည့် နည်းလမ်းမျိုးစုံ ရှိကြသည်။ မိစ္ဆာတို့၏ ထိုကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးမှာ စစ်သူကြီးချုပ်ကိုယ်တိုင်ပင် ခေါင်းခဲရသည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။ မိစ္ဆာလောကတွင် သူ၏ အဆင့်အတန်းမှာ တရှပြည်ရှိ စစ်သူကြီးချုပ်၏ အဆင့်အတန်းနှင့် မခြားနားပေ။ ထိုအဆင့်ရှိပညာရှင်တစ်ဦးက တစ်စုံတစ်ယောက်ကို သတ်ရန် ကြံစည်လျှင် ကမ္ဘာပေါ်ရှိ လက်ချိုးရေတွက်ရုံမျှသော လူအနည်းငယ်မှလွဲ၍ ကျန်သူများမှာ မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ချူးယွင်ဖန်းကမူ ထိုသေမင်းတမန်အခြေအနေမှ သီသီလေး လွတ်မြောက်လာခဲ့သည်။ ဤအတွေ့အကြုံ တစ်ခုတည်းနှင့်တင် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေရန် လုံလောက်ပြီး တစ်ပွဲတည်းနှင့်ပင် နာမည်ကျော်ကြားသွားစေမည် ဖြစ်သည်။
"ကံကောင်းသွားလို့ပါပဲ။ တစ်နေ့ကျရင်တော့ သူတို့ကို အတိုးချပြီး ပြန်ပေးဆပ်ခိုင်းမှာပေါ့”
ချူးယွင်ဖန်းက တည်ငြိမ်သော အမူအရာဖြင့် ဆိုလိုက်သည်။
ဤသို့ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပြီးနောက်တွင် သူသည် တစ်ကျော့ပြန်ရှင်သန်လာသည့် ဖီးနစ်ငှက်ကဲ့သို့ ဖြစ်နေသည်။ သူ့အတွက်မူ သူ၏ ဝိညာဉ်မှာ နောက်ထပ်တစ်ကြိမ် အသွင်ပြောင်းလဲမှုကို ကြုံတွေ့လိုက်ရသလိုပင်။ တစ်ဖက်လူမှာ ကမ္ဘာပေါ်ရှိ ထိပ်တန်းပညာရှင်ကြီး ဖြစ်နေပါစေဦးတော့၊ ချူးယွင်ဖန်းမှာမူ လုံးဝ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိပေ။
မင်းသမီးယွင်ယန်က ပြုံးလိုက်သည်။ သူမသည် ချူးယွင်ဖန်း၏ စကားကို အလေးအနက် မထားပေ။ သူမ၏ အမြင်တွင် ချူးယွင်ဖန်း လက်စားချေမည်ဟု ဆိုလိုသည်မှာ မိစ္ဆာနတ်ဘုရားဂိုဏ်းနှင့် ပူးပေါင်းကာ သူ့ကို ချုံခိုတိုက်ခိုက်ခဲ့သည့် လူများကို ဆိုလိုခြင်းဖြစ်မည်ဟု ထင်မှတ်နေသည်။ သို့မဟုတ်လျှင်လည်း နောက်ကွယ်က ကြိုးကိုင်ခဲ့သူ လီချန်းယွမ်ကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။
အမှန်တွင် စစ်သူကြီးချုပ်ရုံးသည် တရှအတွင်း သွေးချောင်းစီးစေမည့် လှုပ်ရှားမှုများ ပြုလုပ်ကာ၊ ဤကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သည့် အင်အားစု အတော်များများကို အမြစ်ပြတ် သုတ်သင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုသူများမှာ အနားသတ် အင်အားစုများသာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ဤဇာတ်လမ်း၏ တကယ့် ဗဟိုချက်မှာ လီချန်းယွမ် ဖြစ်သည်။ ခိုင်လုံသော တိုက်ရိုက်သက်သေ မရှိခြင်းကြောင့်သာ သူ လွတ်မြောက်နေခြင်း ဖြစ်သည်။
လီချန်းယွမ်သည် တရှတပ်မတော်၏ နာမည်ကျော် လူငယ်ပါရမီရှင်ဖြစ်ပြီး ပါရမီရှင်စာရင်း၏ နံပါတ်တစ် ဖြစ်သော်လည်း၊ သူသည် မျိုးဆက်သစ်လူငယ်တစ်ဦးသာ ရှိသေးသည်။ စစ်သူကြီးချုပ်၏ အမြင်တွင်မူ သူသည် ဘာမှမဟုတ်သေးပေ။
"လီချန်းယွမ်လည်း ဒီကို ရောက်နေတယ်"
မင်းသမီးယွင်ယန်က ပြုံးလျက် ဆိုသည်။
"ဒီရွေးချယ်ပွဲမှာ မင်းအတွက် အနိုင်ရဖို့တော့ သိပ်မလွယ်လောက်ဘူး ထင်တယ်"
"သူရှိနေတာ ပိုကောင်းတာပေါ့။ ဒီတစ်ခါတော့ အားလုံးကို တစ်ခါတည်း အပြတ်ရှင်းပစ်မယ်"
ချူးယွင်ဖန်းက အေးစက်စက် အပြုံးဖြင့် ဆိုလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး အရှက်မရှိ ကြွားလုံးထုတ်နေတာပဲ"
ထိုအချိန်တွင် အနီးအနားမှ အေးစက်စက် နှာခေါင်းရှုတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ချူးယွင်ဖန်း ခေါင်းလှည့်ကြည့်လိုက်ရာ အသက် (၂၇) (၂၈) ခန့်ရှိမည့် ချောမောသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ကျောတွင် ဓားတစ်လက်ကို လွယ်ထားပြီး သူ၏ ခန္ဓာကိုယ်မှလည်း ထက်မြက်သော ဓားအရှိန်အဝါများ ထွက်ပေါ်နေသည်။
"မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ ငါမထင်ထားဘူး ချူးယွင်ဖန်း။ ဒါပေမဲ့ ဒါက ပိုကောင်းသွားတာပေါ့၊ အရင်က အရှက်ရခဲ့တာတွေအတွက် ငါအခု ကိုယ်တိုင်လက်စားချေလို့ရပြီ"
ထိုလူငယ်က ချူးယွင်ဖန်းကို အေးစက်စက်ကြည့်ရင်း ဆိုလိုက်သည်။
"မင်းက ဘယ်သူလဲ"
ချူးယွင်ဖန်းက နှုတ်ခမ်းကိုတွန့်လိုက်ပြီး ထိုသူကို ကြည့်ပင်မကြည့်ဘဲ ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
"ငါက နတ်ဘုရားဓားဂိုဏ်း'က ယန်လန်ပဲ
ထိုလူငယ်၏ မျက်ဝန်းများမှ ထိတ်လန့်ဖွယ်ကောင်းသော ထက်မြက်သည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ချူးယွင်ဖန်းကို စိုက်ကြည့်နေတော့သည်။
"နတ်ဘုရားဓားဂိုဏ်း...."
ချူးယွင်ဖန်း ပြန်စဉ်းစားကြည့်လိုက်သည်။
သူ ပါရမီရှင်စာရင်း၏ အဆင့်တစ်ရာစတင်ရရှိခဲ့စဉ်က ပထမဆုံးသော ပါရမီရှင်ချင်း စိန်ခေါ်ပွဲကို ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်က သူ့ကို လာရောက်တိုက်ခိုက်ခဲ့သူမှာ အခြားသူမဟုတ်ဘဲ နတ်ဘုရားဓားဂိုဏ်းမှ တပည့်ဖြစ်သူ လင်သင်းထျန်းပင် ဖြစ်သည်။
ထိုစဉ်က လင်သင်းထျန်းမှာ အဆင့် (၉၉) ရှိပြီး ချူးယွင်ဖန်းမှာ အဆင့် (၁၀၀) ရှိခဲ့သည်။ ၎င်းမှာ သူ၏ ပထမဆုံးသော ပါရမီရှင်ချင်း တိုက်ပွဲဖြစ်သဖြင့် သူ ကောင်းကောင်းမှတ်မိနေခြင်း ဖြစ်သည်။
"မှန်တယ်။ ငါ့ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင် လင်သင်းထျန်းကို မင်းဘယ်လိုသတ်ခဲ့လဲဆိုတာ မှတ်မိနေသေးရဲ့လား"
ယန်လန်က အေးစက်စွာ မေးလိုက်သည်။
"စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော် သတ်ခဲ့တဲ့လူတွေက များလွန်းလို့... အဲ့ဒီလူကိုတော့ သိပ်သတိမထားမိဘူး"
ချူးယွင်ဖန်းက သူ၏လက်သည်းများကို အေးအေးလူလူ ကြည့်နေရင်း ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
အမှန်စင်စစ် သူသည် လင်သင်းထျန်း ဘယ်သူလဲဆိုသည်ကို မှတ်မိနေသည်။ သို့သော်လည်း လင်သင်းထျန်းမှာ လီချန်းယွမ်၏အမိန့်ဖြင့် သူ့ကိုသတ်ရန် ရောက်လာခဲ့ခြင်းဖြစ်ရာ ချူးယွင်ဖန်းဘက်မှလည်း ကရုဏာသက်နေစရာ အကြောင်းမရှိခဲ့ပေ။ မိမိကို သတ်ရန်လာသော ရန်သူအပေါ်တွင် ချူးယွင်ဖန်းမှာ မည်သည့်အခါမျှ စိတ်ပျော့တတ်သူမဟုတ်ပေ။
"မင်းလို လူမိုက်ကများ"
ယန်လန်မှာ ဒေါသကြောင့် အံကြိတ်လိုက်မိသည်။
"မင်းက နတ်ဘုရားဓားဂိုဏ်းကို အမှိုက်လို့ ပြောခဲ့တယ်လို့လည်း ငါကြားထားတယ်။ ဒီနေ့တော့ ငါ့ဂိုဏ်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းကို ပြရတာပေါ့။ အစ်ကိုလင်းကို အနိုင်ယူနိုင်ခဲ့ရုံနဲ့ ငါ့ဂိုဏ်းကို အထင်မသေးနဲ့။ ဒီနေ့တော့ မင်းနဲ့ ဖန်ဆင်းရှင်အငဆ့်ကြားက ကွာခြားချက်ကို ငါပြပေးမယ်"
မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်လန်၏ကျောပေါ်ရှိ ဓားရှည်မှာ အိမ်မှ ထွက်ပေါ်လာခဲ့သည်။ ဓား၏အလင်းတန်းမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ချူးယွင်ဖန်းထံသို့ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။
ယန်လန်သည် လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အစွမ်းအစပိုင်းတွင် ပြောရလျှင် သူသည် ထိုစဉ်က လင်သင်းထျန်းထက် ဆယ်ဆမက ပိုမိုအစွမ်းထက်လှသည်။ အမှန်တွင် လင်းတန့်ထျန်းမှာ ထိုစဉ်က စကြဝဠာအဆင့်၏ အထွတ်အထိပ်သာ ရှိသေးပြီး ဖန်တီးရှင်အဆင့်သို့ မရောက်ရှိသေးပေ။ ယခု ယန်လန်မှာမူ ဖန်တီးရှင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏အစွမ်းမှာ လင်သင်းထျန်းထက် များစွာသာလွန်နေပေပြီ။
ဖန်တီးရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လူတိုင်းကို တုန်လှုပ်သွားစေသည်။ ရောက်ရှိနေသော စကြဝဠာအဆင့်တပည့်များမှာ အသက်ရှူပင် ကျပ်လာကြရသည်။ သူတို့ ရှူရှိုက်လိုက်သည့် လေထုထဲတွင်ပင် သူတို့ကို အပိုင်းပိုင်းခုတ်ထစ်မည့် ထက်မြက်သော ဓားဆန္ဒများ ပါဝင်နေသကဲ့သို့ ခံစားနေကြရလေသည်။
--