အခန်း ၄၅
Vol. 5 Ch. 45
အခန်း (၄၅)
ထိုကောင်လေးက ဘတ်စကက်ဘောကို လက်ညှိုးပေါ်တင်ကာ လှည့်ရင်း လျှောက်လာခြင်းဖြစ်ရာ ဤသို့ဝင်တိုက်မိလိုက်သဖြင့် ဘောလုံးမှာ လွင့်စင်သွားတော့သည်။
ရှလီက တောင်းပန်စကားဆိုကာ ခြေလှမ်းနှစ်လှမ်းခန့် ပြေးသွားပြီး ခါးကိုင်း၍ ကောက်ရန်ပြင်လိုက်စဉ် ခြေထောက်တစ်ဖက်က ထိုဘတ်စကက်ဘောကို လှမ်းနင်းလိုက်၏။
ရှလီက မျက်လုံးပင့်ကြည့်လိုက်မှ ထိုကောင်လေးတို့အဖွဲ့မှာ သုံးယောက်ဖြစ်ကြောင်း သတိထားမိသွားသည်။
ထိုသုံးယောက်ထဲတွင် သူမ သိသောသူတစ်ယောက် ပါဝင်၏။ လော့ဝေး ဖြစ်သည်။
ဘတ်စကက်ဘောကို နင်းထားသူမှာလည်း သူပင်ဖြစ်သည်။
လော့ဝေးက သူမကို မျက်လုံးလှန်ကြည့်ကာ မေးလာသည်။
"မျက်လုံး မပါဘူးလား"
ရှလီက သူ့ကို ဂရုမစိုက်ချင်သဖြင့် ဘောလုံးလွတ်ကျသွားသော ကောင်လေးကို ထပ်မံ၍ တောင်းပန်လိုက်ပြီး သူတို့ကို ကွေ့ပတ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
လော့ဝေးက သူမ၏ လက်မောင်းကို ဆွဲဖမ်းလိုက်၏။
"ဘောလုံး ကောက်ပြီးပြီလား ထွက်သွားဖို့လုပ်နေတာ"
ရှလီက ပြန်မေးလိုက်သည်။
"နင်ပဲ နင်းထားပြီး ငါ့ကို ပေးမကောက်တာ မဟုတ်ဘူးလား"
ရှလီက သူ့ကို နည်းနည်းလေးမျှ မကြောက်သော်လည်း ပိုးဟပ်တစ်ကောင် ကပ်တွယ်နေသလိုအလွန် စိတ်အနှောင့်အယှက် ဖြစ်မိ၏။ ညပိုင်းစာကြည့်ချိန် စတော့မည်ဖြစ်ရာ သူနှင့် အချိန်ဖြုန်းနေရန် လုံးဝစိတ်မပါပေ။
လော့ဝေးက သူမ ထပ်ထွက်သွားရန် ရည်ရွယ်နေသည်ကို ရိပ်မိပြီး သူမကို ထပ်မံ၍ အားပြင်းပြင်းဖြင့် ဆွဲလိုက်ပြန်သည်။
ရှလီမှာ ယိမ်းယိုင်သွားပြီး ဒေါသထွက်သွားချေ၏။
"နင် ရူးနေလား"
လော့ဝေးက ပြောသည်။
"ငါက နင့်ကို ဘောလုံးကောက်ပေးလို့ ပြောနေတယ်"
လော့ဝေးက အလွယ်တကူ လွှတ်မပေးမည့် ပုံစံပေါက်နေသည်။
ဘောလုံးလွတ်ကျသွားသော ကောင်လေးက ဝင်ပြော၏။
"ထားလိုက်ပါတော့ လော့ဝေးရယ် သူလည်း တောင်းပန်ပြီးပြီပဲ မိန်းကလေးတစ်ယောက်ကို ဒီလိုလုပ်စရာ မလိုပါဘူး"
လော့ဝေးက လက်လွှတ်ပေးလိုက်သည်။
ရှလီက ဆွဲခံရသဖြင့် ပုံပျက်သွားသော ကျောင်းဝတ်စုံကို ပြင်ဝတ်လိုက်ပြီး ဘေးကိုကွေ့ထွက်လိုက်၏။
နှစ်လှမ်းခန့် လျှောက်ပြီးသည်နှင့် အနောက်မှ လော့ဝေး၏ အေးစက်စက် လှောင်ပြောင်သံကို ကြားလိုက်ရသည်။
"နင်က ဘာကိုများ မွန်မြတ်ဟန်ဆောင်နေတာလဲ နင့်အဖေက ငါတို့မိသားစုကို ဒုက္ခပေးဖို့လောက်ပဲ တတ်တာ ငါ နင့်ကို ပြောပြမယ် ဒီတစ်ခေါက် နင့်အဖေ ပြဿနာတက်ပြီ ဘယ်သူ့ကို သွားတောင်းပန်တောင်းပန် အလကားပဲ"
ရှလီ၏ ခြေလှမ်းများ ရပ်တန့်သွား၏။
လော့ဝေးက သူမကို စွေကြည့်လိုက်သည်။
"အော် နင် မသိသေးဘူးလား နင့်အဖေက ထောက်ပံ့ရေးဌာနက ယောက်ျားတစ်ယောက်ရဲ့ မိန်းမနဲ့ ဖောက်ပြန်လို့ အဲဒီယောက်ျားရဲ့ အရိုက်ခံရတာလေ..."
ရှလီက ပြောလိုက်၏။
"စောက်ရူးစကားတွေ လာမပြောနဲ့"
လော့ဝေးက လှောင်ပြုံးပြုံး၏။
"ငါက စောက်ရူးစကားတွေ ပြောနေတာ ဟုတ်လား"
လော့ဝေးက ဆက်ပြောလာသည်။
"သူတို့နှစ်ယောက်ရဲ့ Q.Q ချက်မှတ်တမ်းတွေ နေရာတိုင်းမှာ ပျံ့နှံ့နေပြီ နင် မယုံရင် နင့်အဖေကို နင့်ဘာသာ သွားမေးကြည့် ရှက်စရာကောင်းလိုက်တာ ဒီလိုတွေ ဖြစ်ကုန်တော့လည်း ငါ့အဖေကပဲ နင်တို့မိသားစုအတွက် အမှိုက်လိုက်ရှင်းပေးနေရတာ..."
ရှလီ ဆက်ပြီး နားမထောင်ချင်တော့ပေ။
သူမက စာသင်ဆောင်ဘက်ကိုခပ်သုတ်သုတ် ပြေးသွားပြီး ပြန်ရပ်လိုက်၏။
ရင်ဘတ်ထဲတွင် မွန်းကျပ်နေပြီး အသက်ရှူမဝသလိုခံစားနေရသည်။
ထိုစဉ်က ကျန်းဟုန်က သူမအား စကားလှည့်၍ စကားဝှက်မသိဘဲ သူများ Q.Q ကို ဝင်လို့ရလားဟု မေးခဲ့သည်ကို သတိရသွားသည်။ ထို့အပြင် ဖိုင်တွဲတွေကို ရှင်းလင်းစဉ်က သူမကိုယ်တိုင် တွေ့ခဲ့ရသော ဓာတ်ပုံအချို့ကိုလည်း သတိရသွားလေ၏။
လော့ဝေး ပြောသည်မှာ လေဖမ်းဒန်းဆွဲ ပြောနေခြင်း မဟုတ်တန်ရာပေ။
ခဏရပ်နေပြီး သူမ နည်းနည်း တည်ငြိမ်သွားကာ ဖုန်းကိုထုတ်၍ ကျန်းဟုန်ထံ ဖုန်းခေါ်ဆိုလိုက်ရင်း အရှေ့မြောက်ဘက်ထောင့်ရှိ နာရီစင်ဘက်ကိုလျှောက်သွားလိုက်သည်။
ဖုန်းအကြိမ်နည်းနည်း မြည်ပြီး ကိုင်လိုက်၏။
ကျန်းဟုန်၏ အသံက အက်ရှနေသည်။
"ဟယ်လို..."
ရှလီက တည့်တိုးပင် မေးလိုက်၏။
"အမေ အဖေ အရိုက်ခံရတယ်ဆိုတာ ဟုတ်လား"
ကျန်းဟုန်က ဘာမှ ပြန်မပြောပေ။
တိတ်ဆိတ်နေခြင်းကပင် အဖြေတစ်ခု ဖြစ်နေချေပြီ။
ရှလီက မေးလိုက်သည်။
"...တကယ်ပဲလား"
ကျန်းဟုန်က ရှိုက်ငင်နေပုံရသည်။
"သူတို့နှစ်ယောက်က Q.Q ပေါ်မှာပဲ စကားပြောကြတာ... တကယ်တော့ မဟုတ်ပါဘူး..."
ရှလီက ပြန်မေး၏။
"အဖေက အဲဒီလိုပြောတာလား"
ကျန်းဟုန်မှာ တိတ်ဆိတ်နေ၏။
ရှလီက မေးလိုက်သည်။
"အမေ ယုံလား"
ကျန်းဟုန်က ပြန်ဖြေလာသည်။
"...အမေ ယုံတယ် သူ့မှာ အဲဒီလောက်အချိန် မရှိပါဘူး သူက ညဆိုင်းမဆင်းရင် အဆောင်မှာပဲ နေတာလေ စက်ရုံမှာ မျက်လုံးတွေအများကြီးရှိတာကို သူ ဘယ်မှာ အခွင့်အရေး ရမှာလဲ... သူက တစ်ခဏတာ စိတ်ရှုပ်ထွေးသွားပြီး ပျင်းတာနဲ့ လူတွေနဲ့ Q.Q ပေါ်မှာ စကားနည်းနည်း ပိုပြောမိသွားတာ ဖြစ်မှာပါ..."
ရှလီက မေးလိုက်၏။
"အခု ဆေးရုံမှာလား"
ကျန်းဟုန်က ဖြေလာသည်။
"မြို့နယ်ဆေးရုံမှာ... သမီးအဖေနဲ့ စကားပြောလိုက်ဦးမလား"
ရှလီက အလွန်ပြတ်သားစွာ ငြင်းဆိုလိုက်သည်။
"မပြောတော့ဘူး"
ရှလီက ဆက်ပြော၏။
"...အမေတို့ အရင်နားလိုက်ပါတော့ သမီး ညစာကြည့်ချိန် သွားတော့မယ်"
ကျန်းဟုန်က သတိပေးလိုက်သည်။
"လီလီ ဒီကိစ္စက သမီးနဲ့ ဘာမှမဆိုင်ပါဘူး သမီးရဲ့ စာလုပ်တဲ့အပေါ် အထိခိုက်မခံနဲ့နော်..."
ရှလီက ဖုန်းချလိုက်တော့သည်။
မသိမသာဖြင့်ပင် သူမက နာရီစင်အောက်ကိုရောက်လာခဲ့၏။
သူမက မတုံ့ဆိုင်းဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။
လေးလွှာအထိ တက်သွားပြီး ထိုစာသင်ခန်းလွတ်၏ တံခါးကို တွန်းကြည့်လိုက်ရာ သော့မခတ်ထားပေ။
အထဲသို့ဝင်သွားပြီး ဖုန်းမီးရောင်ဖြင့် လင်းစေကာ နောက်ဘက်ကိုကွေ့သွားပြီး နောက်ဆုံးရှိ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။
လက်ဝါးဖြင့် ဖုန်တွေကို ခပ်ဆတ်ဆတ် သုတ်လိုက်ပြီး ထိုကုလားထိုင်ပေါ်တွင် ထိုင်ချကာ အရှေ့ရှိ စာသင်ခုံဟောင်းပေါ်ကိုမှောက်ချလိုက်၏။
သူမ၏ ဘဝက သာမန်သာဖြစ်သော်လည်း မျှော်လင့်ချက်များ အပြည့်ရှိသည်ဟု သူမ အမြဲထင်ခဲ့သည်။
မိဘတွေက သာမန်လူများဖြစ်သော်လည်း အချင်းချင်း ချစ်ခင်ကြသည်။
သူမအား ရှလီ ဟု အမည်ပေးရခြင်းမှာ ထိုနှစ်က မိဘများ အိမ်ထောင်ကျကာစအချိန်တွင် ကွမ်ရှီးပြည်နယ်ကိုအလုပ်သွားရှာရင်း လမ်းကြုံ၍ လီမြစ်ကိုသွားရောက်လည်ပတ်ခဲ့သောကြောင့် ဖြစ်သည်။ ၎င်းမှာ သူတို့ လည်ပတ်ခဲ့ဖူးသော ခရီးသွားနေရာ နည်းနည်းထဲမှ တစ်ခုဖြစ်နိုင်ပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင် နှုတ်ဖျားတွင် စွဲမြဲနေကာ မေ့မရနိုင် ဖြစ်နေကြ၏။
လီမြစ်၏ ရေက ကြည်လင်ပြီး လှပသလိုမွေးလာမည့် သမီးလေးကလည်း နောင်တွင် သေချာပေါက် ထိုကဲ့သို့ဖြစ်လာမည်ဟု ပြောခဲ့ကြသည်။
ယခုအခါ ရှကျန့်ယန်က သူမ၏ ရင်တွင်းအနက်ရှိုင်းဆုံးနေရာမှ ဂုဏ်ယူဝင့်ကြွားနေရသော ထိုနွေးထွေးလှသည့် အရာတွေကို တစ်စစီ ဆွဲဖြဲပစ်လိုက်လေပြီ။
အပြင်ဘက်မှ လေများက တိုက်ခတ်ဝင်ရောက်လာသည်။
မျက်နှာကို ပါးရိုက်ခံလိုက်ရသလိုအလွန်အေးစက်နေ၏။
တိတ်တဆိတ် ရှိုက်ငိုသံကို ဖြတ်တောက်လိုက်သည်မှာ မသဲကွဲသော ခြေသံတစ်သံပင် ဖြစ်သည်။
ရှလီမှာ ရပ်တန့်သွားပြီး ချက်ချင်းပင် အသက်အောင့်ထားလိုက်ချေ၏။
သို့သော် ထိုခြေသံမှာ တံခါးအပြင်ဘက်မှ ထွက်လာပြီး တဖြည်းဖြည်း နီးကပ်လာကာ တံခါးဝတွင် ရပ်တန့်သွားသည်ကို ကြားလိုက်ရသည်။
တစ်ခဏမျှ ရပ်တန့်သွားပြီး တံခါးက ပွင့်လာကာ အေးစက်စက် အသံတစ်သံက တစ်ချိန်တည်းမှာပင် ထွက်လာပြီး တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေပုံရ၏။
"အဘိုးကို အကြောင်းပြပြီး ကျွန်တော့်ကို လာဖိအားပေးနေစရာ မလိုဘူး အခု အခြေအနေက ဘယ်သူ့ကြောင့် ဖြစ်ရတာလဲဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ် ခင်ဗျား မတောင်းပန်ဘူး လုပ်ပုံလုပ်နည်းကို မပြောင်းလဲဘူးဆိုရင် ကျွန်တော် ပြန်လာမှာ မဟုတ်ဘူး"
ယန့်စစ်ရှီ ဖြစ်သည်။
၎င်းမှာ ရှလီ လုံးဝ နားမယောင်နိုင်သော အသံနေအသံထားပင် ဖြစ်၏။
သို့သော် ဒီလိုစကားပြောသည့် လေသံမျိုးကိုတော့ ရှလီ တစ်ခါမှ မကြားဖူးခဲ့ချေ။
မှတ်ဉာဏ်ထဲရှိ ယန့်စစ်ရှီမှာ အေးစက်စက်နိုင်ပြီး လူများနှင့် စကားပြောရာတွင်လည်း ဘယ်တော့မှ နွေးထွေးမှု မရှိသော်ငြား လေသံကတော့ အမြဲတမ်း ယဉ်ကျေးပျူငှာပြီး မျက်နှာမထောက်ဘဲ ပြောတတ်သူမျိုး မဟုတ်ပေ။
ဖုန်းတစ်ဖက်မှလူမှာ မည်သူဖြစ်ကြောင်း မသိသော်လည်း သူ၏အသံက အလွန်တရာ အေးစက်မာကြောနေပြီး မသိမသာ ဒေါသသံပင် ပါဝင်နေချေသည်။
"အဲဒီလိုဆိုမှတော့ ခင်ဗျားနဲ့ ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး"
ဖုန်းချသွားလေပြီ။
တိတ်ဆိတ်သွားပြီး ရှလီက မီးခြစ်ဘီးလုံး လှည့်လိုက်သော တိုးညင်းသည့် အသံလေးကို ကြားလိုက်ရသည်။
တစ်ခဏအကြာတွင် မှုန်ဝါးဝါး နေရာလေးအတွင်း မီးတောက်ငယ်လေးတစ်ခု လင်းလက်လာ၏။
မီးခိုးငွေ့နံ့ ဖျော့ဖျော့လေး လွင့်ပျံလာသည်။
ရှလီက အသံလုံးဝ မထွက်ဘဲ နေနေခဲ့သည်။
လေအေးတစ်ချက် ဝင်ရောက်လာချိန်တွင် လည်ချောင်းထဲမှ ယားယံလာမှုကို မထိန်းနိုင်တော့ဘဲ ခပ်ဖွဖွ ချောင်းတစ်ချက် ဟန့်လိုက်မိချိန်အထိပင်။
သူမက ပါးစပ်ကို ကမန်းကတန်း အုပ်ထားလိုက်ချေ၏။
ယန့်စစ်ရှီက မျက်လုံးပင့်၍ ကြည့်လိုက်သည်။
"ဘယ်သူလဲ"
ရှလီက ဖြေလိုက်၏။
"ငါပါ"
ယန့်စစ်ရှီက အသံကြားရာ ထောင့်ဆီကိုလျှောက်လာခဲ့သည်။
အပြင်ဘက်တွင် မီးရောင်ရှိသဖြင့် ဒီအခန်းထဲ၌ လုံးလုံးလျားလျား မှောင်မိုက်မနေဘဲ အရာဝတ္ထုများ၏ ပုံသဏ္ဌာန်ကို ခွဲခြားသိမြင်နိုင်ကာ ရှလီကလည်း ပြတင်းပေါက်နားတွင် ထိုင်နေခြင်း ဖြစ်၏။
ရှလီက အသံနှာသံပါပါဖြင့် တိုးညင်းစွာ စကားစလိုက်သည်။
"တောင်းပန်ပါတယ် ငါက ဆရာတွေ စစ်ဆေးရေး လာတယ်ထင်လို့ ချက်ချင်း အသံမထွက်လိုက်မိတာ… နင့်ဖုန်းပြောတာကို တမင် ခိုးနားထောင်တာ မဟုတ်ပါဘူး..."
ယန့်စစ်ရှီက ဘာမှမပြောပေ။
သူက သူမ၏အရှေ့ရှိ စာသင်ခုံရှေ့တွင် ရပ်ကာ လက်တစ်ဖက်ဖြင့် စားပွဲစွန်းကို ထောက်ထားပြီး ခေါင်းငုံ့၍ သူမထိုင်နေသောဘက်ကိုနည်းနည်း ကိုင်းကာ အကဲခတ်ကြည့်လိုက်၏။
တစ်ခဏအကြာတွင် သူက မေးလိုက်သည်။
"ဘာလို့ ငိုထားတာလဲ"