အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆)
"၂၀၁၂ ခုနှစ် ၁၂ လပိုင်း ၂၁ ရက် ကောလာဟလတွေထဲက ကမ္ဘာပျက်မယ့်နေ့ အဲဒီနေ့က ငါ ကော်ဖီဆိုင်မှာ တစ်ညလုံးမအိပ်ဘဲ ပရောဂျက်လုပ်နေခဲ့တယ် သန်းခေါင်ယံအချိန်ကို ရေတွက်နေတုန်း Y ကောင်လေးကို သတိရပြီး ခဏလောက် ငေးမောသွားမိတယ် ဟေး… ကြည့်စမ်း ကမ္ဘာကြီးက တကယ် မပျက်စီးသွားဘူးပဲ"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ရုတ်တရက် ထွက်လာသော ခြေသံကြောင့် တန့်သွားသော ရှလီ၏ မျက်ရည်များက တစ်ဖန် ပြန်လည်ကျဆင်းလာတော့မည့်ဟန် ရှိနေသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလူ၏ အသံက အေးစက်နေသော်လည်း လေသံကမူ ဤမျှနူးညံ့နေခဲ့၏။
သို့သော် သူမက လုံလောက်အောင် သနားစရာကောင်းနေပြီဖြစ်ရာ နှစ်သက်ရသူ၏ရှေ့တွင် ဆက်၍ မငိုချင်တော့ချေ။
"အင်း"
သူမက ထပ်ခါတလဲလဲ အောင့်အည်းထားပြီး ခဏအကြာမှ မိမိအသံကို ပြန်ရှာတွေ့ကာ လည်ချောင်းတစ်ချက်ဟန့်၍ သိပ်မပြင်းထန်သော အကြောင်းပြချက်တစ်ခုကို ရွေးချယ်ပြောလိုက်သည်။
"သင်္ချာအမှတ်တွေ အရမ်းကျသွားလို့"
"အင်း" ယန့်စစ်ရှီက စဉ်းစားနေသည့် လေသံဖြင့် ပြန်ပြောသည်။ "တကယ်ပဲ ငါတစ်ခါမှ မရဖူးတဲ့ အမှတ်မျိုးပဲ"
သူပြောမှသာ ဒီစကားမျိုးက ကြွားလုံးထုတ်နေသည်ဒါမှမဟုတ်အထက်စီးဆန်သည်ဟု လူတွေကို မခံစားရစေတော့ကေ။
လေတစ်ချက် တိုက်ခတ်လာပြီး ယန့်စစ်ရှီ၏ လက်ချောင်းကြားမှ စီးကရက်မီးခိုးငွေ့များ လွင့်စင်သွားကာ မီးပွင့်လေးက တစ်ခဏမျှ တောက်ပသွား၏။
စာသင်ခန်းထဲတွင် ဖုန်နံ့တစ်မျိုးရနေပြီး ဒီနေရာကို စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ခံစားရစေသည်။
"နင်လည်း စိတ်အခြေအနေ သိပ်မကောင်းဘူးထင်တယ်"
ရှလီက ထိုမီးပွင့်လေးကို ကြည့်ရင်း သူမ၏ နှလုံးသားဟုပင် ခံစားနေရသည်။ သူ၏လက်ထဲတွင် နားခိုကာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ခုန်လှုပ်နေ၏။
ယန့်စစ်ရှီက ခပ်ပေါ့ပေါ့လေသံဖြင့် ဖြေလာသည်။ "မကိုင်ချင်တဲ့ ဖုန်းတစ်ကော ဝင်လာလို့"
သူ၏ထံတွင် အမြဲတမ်း နက်နဲသော နယ်နိမိတ်တစ်ခုရှိနေပြီး ရှလီက ထိုအရာကို မထိခိုက်ရဲချေ။
နာရီစင်အတွင်းပိုင်းမှ ခေါင်းလောင်းထိုးသံကို ကြားရခဲပြီး အဆောက်အအုံတစ်ခုလုံးမှာ တသိမ့်သိမ့် တုန်ခါသွားသလိုကျယ်ပြောခမ်းနားသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
ယန့်စစ်ရှီက မေးလာသည်။ "ညပိုင်းစာကြည့်ချိန် ပြန်မသွားတော့ဘူးလား"
ရှလီက ဖြေသည်။ "ပြန်မသွားချင်ဘူး"
ယန့်စစ်ရှီက ထပ်မေးသည်။ "ဒါဆို အပြင်ထွက်မလား"
ရှလီက နားမလည်စွာ မေးလိုက်သည်။ "အမ်"
ယန့်စစ်ရှီက ရှင်းပြသည်။ "တစ်ခုခု သွားသောက်ရအောင်"
ယန့်စစ်ရှီကဲ့သို့သော ထိပ်တန်းကျောင်းသားတစ်ယောက်ထံမှ ထွက်လာတော့ အတန်းလစ်ခြင်းကပင် သဘာဝကျသော ရိုမန်းတစ်ဆန်မှုတစ်ခု ဖြစ်သွားသကဲ့သို့ပင်။
"ကောင်းပြီလေ" သူမက ဘာမှမဖြစ်သလိုပြန်ဖြေလိုက်သည်။
သို့သော် သူမ နှလုံးသားမှာမူ တုန်ရီနေခဲ့ချေသည်။ သူနှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ယောက် ဖြစ်လာမည့် အခွင့်အရေးကို သူမက ဘယ်လိုလုပ် ငြင်းပယ်နိုင်မည်နည်း။
ရှလီက အပေါ်ရုံအင်္ကျီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ယန့်စစ်ရှီကို ခဏစောင့်ခိုင်းပြီး အတန်းပိုင်ဆရာထံ ဖုန်းဆက်၍ ခွင့်တောင်းလိုက်သည်။
ဖုန်းဝင်သွားသည့်အချိန်တွင် လေတစ်ချက် ထပ်မံတိုက်ခတ်လာရာ ကောင်းကောင်းမကြားရမည်စိုးသဖြင့် သူမက လက်တစ်ဖက်ဖြင့် ကျန်နားတစ်ဖက်ကို အုပ်ထားလိုက်၏။
ယန့်စစ်ရှီကမူ ပြတင်းပေါက်ဘက်ကိုတစ်လှမ်းတိုးသွားကာ မီးညှိထားသည်မှာ မကြာသေးသော စီးကရက်ကို ငြိမ်းသတ်လိုက်ပြီး ပြတင်းပေါက်ကို အသာပိတ်လိုက်သည်။ ထိုပြတင်းပေါက်မှာ မကြာခဏ အဖွင့်အပိတ်မလုပ်သဖြင့် တကျွိကျွိ မြည်သံ ထွက်လာချေသည်။
လေတိုက်သံများ ရပ်တန့်သွားပြီး ရုတ်တရက် တိတ်ဆိတ်သွားမှုထဲတွင် ရှလီက သူမ၏အသံများ နည်းနည်း တုန်ရီနေသည်ကို ကြားလိုက်ရသည်။
သူမက လောင်ကျွမ်းကို နေမကောင်းသဖြင့် ညပိုင်းစာကြည့်ချိန်ကို နောက်ကျမှ လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။
ယခင်က ခွင့်တောင်းထားသည့် အကြောင်းပြချက်ရှိနေသဖြင့် လောင်ကျွမ်းက ဘာမျှသံသယမဝင်ဘဲ သူမကို ကောင်းကောင်းအနားယူရန်သာ ပြောလိုက်၏။
ဝိဇ္ဇာအတန်းတွင် မိန်းကလေးများပြားရာ အတန်းပိုင်ဆရာတစ်ယောက်အနေဖြင့် ဤကဲ့သို့သောအကြောင်းပြချက်ဖြင့် ခွင့်တောင်းမှုတွေကို လောင်ကျွမ်းက အများကြီးကြုံဖူးပြီးဖြစ်ရာ ပုံမှန်အားဖြင့် ခွင့်ပြုပေးလေ့ရှိသည်။
ဖုန်းချပြီး ရှလီက ယန့်စစ်ရှီကို ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ သွားကြရအောင်"
ယန့်စစ်ရှီက ခေါင်းညိတ်ပြ၏။ သူတို့နှစ်ယောက် နာရီစင်မှထွက်လာပြီး ကျောင်းတံခါးဝဆီကိုအတူတူ လျှောက်သွားကြသည်။
ရှလီက ခုနက ကျောင်းပေါက်မှထွက်လာစဉ်က လောင်ကျွမ်း လက်မှတ်ထိုးထားသော ခွင့်စာရွက်ကို ယူလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တံခါးဝတွင် လူအဝင်အထွက်များနေသဖြင့် လုံခြုံရေးအစောင့်က သေချာမစစ်ဆေးဘဲ ကြည့်ပြီးသည်နှင့် လွှတ်ပေးလိုက်ကာ ခွင့်စာရွက်ကို သိမ်းမထားခဲ့ချေ။ ထို့ကြောင့် ရှလီက ၎င်းကို ကျောင်းဝတ်စုံအိတ်ကပ်ထဲကိုပြန်ထည့်ထားခဲ့သည်။
၎င်းက နောက်တစ်ကြိမ် အသုံးဝင်လာမည်ဟု ဘယ်သူက ထင်ထားမည်နည်း။
ယန့်စစ်ရှီအတွက်မူ အပြည်ပြည်ဆိုင်ရာအတန်း၏ ဝင်ထွက်ကတ်အရောင်မှာ အခြားအတန်းများနှင့် မတူညီသဖြင့် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ထွက်လာရသည်မှာ သူမထင်ထားသည်ထက် များစွာချောမွေ့နေခဲ့သည်။ သူမက အသက်ပြင်းပြင်းရှူလိုက်ရာ ကျောင်းပြင်ပမှ လတ်ဆတ်ပြီး အေးစိမ့်သောလေများက အဆုတ်ထဲကိုဝင်ရောက်လာချေသည်။
ယနေ့ညအတွက်တော့ အပြစ်ရှိသလို ခံစားရတာတွေကို ခေါင်းထဲမှ ခေတ္တထုတ်ထားဖို့ သူမ ဆုံးဖြတ်လိုက်သည်။ ဒီကနေ ပြန်ရောက်သွားလျှင်တော့ ကြိုးစားပမ်းစား စာသင်မည့် လိမ္မာသော ကျောင်းသူလေး သမီးလိမ္မာလေးအဖြစ် ပြန်နေမည်။
ဘာသောက်မည်လဲဟု ဘယ်သူကမျှ မမေးဘဲ သူတို့နှစ်ယောက်က သဘာဝကျစွာပင် ထျန်းရှင်းလမ်းဘက်ကိုအတူတူ လျှောက်သွားကြ၏။
ရှလီက လက်နှစ်ဖက်ကို ကျောင်းဝတ်စုံအပေါ်ရုံအိတ်ကပ်ထဲ ထည့်ထားပြီး အေးစက်သောလေကြောင့် လည်ပင်းကို နည်းနည်း ပုထားမိသည်။ လေတိုက်သံများကြားထဲတွင် သူတို့၏ခြေသံတွေကို သူမက ခွဲခြားနားထောင်နေမိကာ နည်းနည်းပေါ့ပါးနေသည်က သူမ၏ခြေသံဖြစ်ပြီး နည်းနည်းလေးလံနေသည်က ယန့်စစ်ရှီ၏ခြေသံ ဖြစ်သည်။
ကျောင်းတံခါးဝရှိ မီးလင်းနေသော စာရေးကိရိယာဆိုင်ကို ကျော်လွန်သွားပြီး ရှလီက စကားစလိုက်သည်။
"နင်တို့ နိုင်ငံခြားက ကျောင်းတွေကို စပြီးလျှောက်တော့မှာ မဟုတ်လား"
ယန့်စစ်ရှီက ဖြေသည်။ "အင်း"
ရှလီက ထပ်မေးသည်။ "offer ကို ဘယ်တော့လောက် ရမှာလဲ"
ယန့်စစ်ရှီက ဖြေသည်။ "သုံးလပိုင်း ဒါမှမဟုတ် ခြောက်လပိုင်း မတိုင်ခင်လောက်ပေါ့"
"ဘယ်ကျောင်းကို သွားမယ်လို့ သေချာဆုံးဖြတ်ထားတာ ရှိလား"
ဒီစကားကိုမေးချိန်တွင် ရှလီက ခြေအောက်ကိုသာ ငုံ့ကြည့်နေပြီး ယန့်စစ်ရှီကို မကြည့်ရဲချေ။ သူမက သာမန်အတန်းဖော်များဒါမှမဟုတ်သူငယ်ချင်းများကြား အပြန်အလှန် နှုတ်ဆက်မေးမြန်းမှုမျိုးအဖြစ်သာ ကြားရစေရန် လေသံကို အတတ်နိုင်ဆုံး ထိန်းညှိထားလိုက်သည်။
ယန့်စစ်ရှီက ဖြေလာသည်။ "ကျောင်းတော်တော်များတွေကို လျှောက်ထားတယ် ဘယ်ကျောင်းက လက်ခံလဲဆိုတဲ့အပေါ် မူတည်ပြီး သွားရမှာပဲ အကယ်၍ တစ်ကျောင်းမှ လက်မခံရင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေရမှာပေါ့"
ရှလီက ပြုံးကာ ပြောလိုက်သည်။ "နင့်အတွက်ကတော့ သေချာပေါက် ပြဿနာမရှိနိုင်ပါဘူး ငါတို့လို တံတားလေးပေါ်ကနေ အလုအယက် သွားရမယ့် သနားစရာ နေရာလေးတွေကို လာမလုပါနဲ့တော့"
ဒီစကားကို ပြောပြီးချိန်တွင် သူမက အချိန်အခါနှင့်မလျော်ညီစွာ တွေးတောမိသွားသည်။ အကယ်၍ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် တပ်မတော်ကြီးတစ်ခုလုံး တံတားကျဉ်းလေးပေါ်မှ ဖြတ်သန်းရခြင်းမျိုးဖြစ်လျှင် ယန့်စစ်ရှီအနားကိုချဉ်းကပ်ရခြင်းကလည်း ဘာလို့ အဲဒီလို မဖြစ်နိုင်ရမည်နည်း။
ယန့်စစ်ရှီက ပြောလာ၏။ "နင့်ရဲ့ ဆုတောင်းလေး ပြည့်ပါစေ"
ရှလီက မှိန်ဖျော့ဖျော့ လမ်းမီးရောင်အောက်တွင် ယန့်စစ်ရှီကို တစ်ချက်ခိုးကြည့်လိုက်ရာ သူကလည်း နည်းနည်း ပြုံးလိုက်သည့် အခိုက်အတန့်လေးကို ကွက်တိပင် တွေ့လိုက်ရချေသည်။
သူမ၏နှလုံးသားမှာ မငြိမ်မသက် ခုန်လှုပ်သွားပြီး လေတိုက်ခံရ၍ လွင့်စင်သွားသော ဒန်ဒီလိုင်းယွန် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့နည်းနည်း ယားကျိကျိ ဖြစ်သွားရသည်။
အရှေ့ဘက် လမ်းဆုံတွင် ကွေ့လိုက်ချိန်၌ လေပြင်းများက မျက်နှာဆီကိုအရှိန်အဟုန်ဖြင့် တိုက်ခတ်လာ၏။
ရှလီမှာ မအောင့်ထားနိုင်တော့ဘဲ ခေါင်းလွှဲကာ ပါးစပ်ကိုအုပ်၍ အသံကျယ်ကျယ်ဖြင့် နှာချေလိုက်မိသည်။
ယန့်စစ်ရှီက မေးလာသည်။ "ချမ်းနေလား"
ရှလီက မဖြေရသေးမီ နောက်တစ်စက္ကန့်တွင် ယန့်စစ်ရှီက သူ၏အပေါ်ရုံအင်္ကျီကို ချွတ်ကာ ကမ်းပေးလာချေသည်။
သူမက မယူဘဲ အမြန်ငြင်းလိုက်သည်။ "ငါ မချမ်းပါဘူး"
ယန့်စစ်ရှီက အပေါ်ရုံအင်္ကျီကို သူမ၏ခေါင်းပေါ်ကိုတိုက်ရိုက်ပင် လွှမ်းခြုံပေးလိုက်၏။
ဆောင်းဦးရာသီဝတ် မီးခိုးရောင် အားကစားအပေါ်ရုံအင်္ကျီဖြစ်ပြီး အသားက နည်းနည်းလေးလံကာ ကျလာသည့်အခိုက်အတန့်တွင် သူမက အလိုအလျောက် မျက်လုံးမှိတ်လိုက်မိပြီး ဆောင်းရာသီကဲ့သို့အေးစက်စက် အနံ့အသက်တစ်ခုကို ရလိုက်ရာ ယမန်နှစ် အားကစားပွဲတော်မှ မှတ်ဉာဏ်များက ပြန်လည်ပေါ်ပေါက်လာချေသည်။
ယန့်စစ်ရှီကို ပြန်ကြည့်လိုက်ရာ သူ၏ကိုယ်ပေါ်တွင် အဖြူရောင် ခေါင်းစွပ်အင်္ကျီတစ်ထည်သာ ကျန်ရှိတော့သည်။
"အင်္ကျီကို ငါ့ကိုပေးလိုက်တော့ နင် မချမ်းဘူးလား"
ရှလီက တိတ်တဆိတ် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးမှ အသံထွက်လာနိုင်တော့သည်။
ယန့်စစ်ရှီက ခေါင်းခါပြကာ ပြောသည်။ "နင်ပဲ ဝတ်ထားလိုက်ပါ အအေးမိသွားဦးမယ်"
"ကျေးဇူးပဲ" သူမက ဆက်၍ မငြင်းတော့ဘဲ အပေါ်ရုံအင်္ကျီကို ဝတ်လိုက်၏။
ကျောင်းဝတ်စုံအပေါ်ရုံအင်္ကျီကိုမှ ထပ်ဝတ်လိုက်ခြင်းဖြစ်သော်လည်း အတော်လေး ကြီးနေသေးပြီး သူမကိုယ်လုံးတစ်ဝက်လောက်ကို ဖုံးလွှမ်းသွားသည်။
သူမက လက်နှစ်ဖက်ကို အပေါ်ရုံအင်္ကျီအိတ်ကပ်ထဲကိုထည့်လိုက်ရာ ထိုအထဲတွင် ယန့်စစ်ရှီ၏ ကိုယ်ငွေ့များ ကျန်ရှိနေသေးသလိုခံစားရပြီး လက်ချောင်းများက မီးခြစ်ဆံ၏ ပုံသဏ္ဌာန်ကို စမ်းမိသွားသဖြင့် လက်ချောင်းတွေကို စုကာ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
______