← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း (၄၇)

ညာဘက်သို့ကွေ့ပြီး လူကူးခုံးကျော်တံတားတစ်စင်းကို ဖြတ်ကျော်လိုက်တော့ ထျန်းရှင်းလမ်းဆုံက လက်တစ်ကမ်းအကွာကိုရောက်လာ၏။

ညဈေးတန်းများ ဖွင့်လှစ်နေပြီဖြစ်ပြီး ဈေးပေါသော အဝတ်အစားများ၊ ကစားစရာအရုပ်လေးတွေကို ရောင်းချနေကြကာ ဈေးဆိုင်ငယ်လေးများပေါ်တွင် ရောင်စုံမီးသီးလေးများ ချိတ်ဆွဲထားသဖြင့် မီးလင်းလာတော့ လမ်းမကြီးက နေ့ခင်းဘက်နှင့်မတူသော ရောင်စုံအလင်းတန်းများဖြင့် လှပနေသည်။

ဒီဆူညံသံများကြားထဲတွင် သူတို့က စကားဆက်မပြောဖြစ်ကြတော့ဘဲ ဘာဘယ်တီးဆိုင် တံခါးဝကိုရောက်သည်အထိ လျှောက်လာခဲ့ကြသည်။

"ဘာသောက်မလဲ" ယန့်စစ်ရှီက မော့ကြည့်ကာ ဆိုင်းဘုတ်ကို ဖတ်ရင်း မေးလိုက်သည်။

ရှလီက ခဏစဉ်းစားပြီး ဖြေလိုက်သည်။ "ပဲနီဘာဘယ်တီးပဲ သောက်မယ်"

လမ်းတစ်လျှောက်လုံး လျှောက်လာခဲ့ရာ သူမက အအေးဒဏ်ကို မခံစားရသည့်အပြင် အပေါ်ရုံအင်္ကျီတစ်ထည် ပိုဝတ်ထားသဖြင့် ပူပင်လာသေးသည်။

သို့သော် စိတ်ဓာတ်ကျနေချိန်တွင် ပူနွေးပြီး ချိုမြိန်သောအရာတစ်ခုခုကို လိုအပ်သည်။

ယန့်စစ်ရှီကမူ အအေးခံထားသော သံပရာရည် 7 Up တစ်ခွက်ကိုသာ မှာယူလိုက်၏။

သူတို့နှစ်ယောက် အချိုရည်တွေကို ယူကာ ထျန်းရှင်းလမ်းအတိုင်း ဆက်လျှောက်လာခဲ့ပြီး အရှေ့ဘက်လမ်းဆုံကိုရောက်တော့ လမ်းချိုးကာ လမ်းသွယ်လေးတစ်ခုထဲကိုဝင်သွားခဲ့ကြသည်။ လျှောက်လမ်းဖြစ်သော်လည်း များစွာပို၍ကျဉ်းမြောင်းပြီး ရောင်းချသော ပစ္စည်းများကလည်း ပို၍စုံလင်လှသည်။ လူသွားလူလာ နည်းပါးသဖြင့် ဆူညံနေသည့်ကြားမှ တိတ်ဆိတ်မှုကို ခံစားရစေချေသည်။

ထိုအချိန်တွင် အသံသွင်းဆိုင်တစ်ဆိုင်ကို ဖြတ်သွားကြ၏။

ရှလီ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားကာ ယန့်စစ်ရှီဘက်ကိုလှည့်၍ မေးလိုက်သည်။

"အခုတလော အသစ်ထွက်ထားတဲ့ ရုပ်ရှင် 2012 ကို နင် ကြည့်ပြီးပြီလား"

ယန့်စစ်ရှီက ပြန်ဖြေသည်။ "ဝမ်ချန်း ကြည့်တုန်းက ငါလည်း နှစ်ခါလောက် ဝင်ကြည့်ဖြစ်တယ်"

ရှလီက မေးလိုက်သည်။ "၂၀၁၂ ခုနှစ်က ကမ္ဘာပျက်မယ့်နှစ်လို့ နင် ယုံလား"

ယန့်စစ်ရှီက တိတ်ဆိတ်သွား၏။

ရှလီက မော့ကြည့်လိုက်ရာ အသံသွင်းဆိုင်၏ နီယွန်ဆိုင်းဘုတ်မှ မှိတ်တုတ်မှိတ်တုတ် အပြာရောင်အလင်းတန်းများက သူ၏မျက်နှာပေါ်ကိုကျရောက်နေပြီး သူက မျက်လွှာချထားကာ သူ၏အကြည့်များက နည်းနည်း မှိုင်းညို့နေသော အရိပ်များထဲတွင် ဖုံးကွယ်နေသော်လည်း နက်ရှိုင်းပြီး နားလည်ရခက်နေသည်။ ယန့်စစ်ရှီက ပြန်ဖြေလာသည်။

"အဲဒီလို ဖြစ်လာဖို့ မျှော်လင့်တယ်"

ထိုလေသံက ပေါ့ပါးလွန်းလှသဖြင့် သူမအား ငြီးငွေ့တဲ့အရိပ်အယောင်တချို့ကိုပင် ခံစားမိသွားစေသည်။

အဲဒီလို ဖြစ်လာဖို့ မျှော်လင့်တယ်။

ဒါက ဘယ်လို အဖြေမျိုးလဲ။

ဘာကြောင့်မှန်းမသိဘဲ သူမ၏ နှလုံးသားက ရေစိုပြီး လုံးချေခံထားရသော တစ်ရှူးစက္ကူလေးတစ်ရွက်ကဲ့သို့တွန့်ကြေကာ စိုစွတ်သွားသလို ခံစားလိုက်ရချေသည်။

လူအများ၏ မျက်စိထဲတွင် အလင်းရောင်တစ်ခုကဲ့သို့တည်ရှိနေသော မိုးကျရွှေကိုယ်လေးသည် အားလုံးထင်ထားသလောက် အားကျစရာကောင်းသည့်ပုံစံမျိုး မဟုတ်ဘူးဟု သူမ ခံစားလိုက်ရသည်။

ရှလီက သူမကိုယ်တိုင် မကောင်းတဲ့ အကြောင်းအရာတစ်ခုကို စပြောလိုက်မိပြီဟု ထင်သွားမိ၏။

သူမက ပဲနီလေး ဘာဘယ်တီးကို တစ်ငုံ စုပ်သောက်လိုက်ရာ ပူနွေးစေးကပ်သော အချိုဓာတ်က လည်ချောင်းထဲတွင် တွယ်ကပ်သွားပြီး နည်းနည်း ခါးသက်သလိုပင် ခံစားလိုက်ရသည်။

သူမက နည်းနည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိစိတ်ဖြင့် တိတ်ဆိတ်နေခဲ့သည်။

ဤသို့ဖြင့် အတန်ကြာ လမ်းလျှောက်လာပြီး ယန့်စစ်ရှီက ထိုအကြောင်းအရာကို ပြန်စလာကာ သူမကို မေးလိုက်၏။

"ဒါဆိုရင် နင်‌ေကာ ယုံလား"

ရှလီက ခေါင်းခါကာ ဖြေလိုက်သည်။ "မာယာလူမျိုးတွေရဲ့ ဟောကိန်းတွေထဲမှာ ကမ္ဘာကြီးက အကြိမ်ပေါင်းများစွာ ပျက်စီးခဲ့ပြီးပြီလေ ဒါပေမဲ့ အဲဒီတုန်းက The Bucket List ဇာတ်ကားကို ကြည့်ပြီးတော့ ငါလည်း ကိုယ်တိုင် လုပ်ချင်တဲ့ဆန္ဒတွေရဲ့ စာရင်းတစ်ခုကို ရေးခဲ့ဖူးတယ် အကယ်၍ ၂၀၁၂ ခုနှစ်က တကယ်ပဲ ကမ္ဘာပျက်မယ့်နှစ်ဆိုရင် ဒါက ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ကောင်းတစ်ခု ဖြစ်မှာပေါ့"

ယန့်စစ်ရှီက ခေါင်းငုံ့ကာ သူမကို တစ်ချက်ကြည့်၍ မေးလိုက်သည်။

"နင့်ရဲ့ ဆန္ဒက ဘာလဲ"

ရှလီက ဖြေသည်။ "မစဉ်းစားရသေးဘူး"

ရှလီ ပြောပြီးသွားချိန်တွင် မျက်နှာက ရုတ်တရက် ပူထူလာချေသည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာမပျက်မီ သူမ မဖြစ်မနေ လုပ်ရမည့်ကိစ္စတစ်ခုရှိကြောင်း ရုတ်တရက် စဉ်းစားမိသွားသောကြောင့် ဖြစ်သည်။ ထိုအရာက ယန့်စစ်ရှီကို ဖွင့်ပြောခြင်းပင်။

အကောင်းဆုံးကတော့ ကမ္ဘာကြီးပျက်စီးမည့် တိကျသောအချိန်ကို သူမအား သိခွင့်ပေးပြီး နောက်ဆုံး သုံးစက္ကန့်အလိုတွင် သူ့ကို ပြောပြခွင့်ရလျှင် ပိုကောင်းမည်။ ထိုသို့ဆိုလျှင် သူမက သူ၏အဖြေကို ရင်ဆိုင်စရာ လိုတော့မည်မဟုတ်ပေ။

"နင်ကကော" ရှလီက မေးလိုက်သည်။

ယန့်စစ်ရှီက ပြန်ဖြေသည်။ "ငါ့မှာ ဘာဆန္ဒမှ မရှိပါဘူး"

ရှလီက နည်းနည်း ကြောင်အမ်းသွားကာ မေးလိုက်သည်။

"ဘာမှ မရှိဘူးလား မဖြစ်မနေ လုပ်ရမယ့် ကိစ္စမျိုးလေ"

ယန့်စစ်ရှီ၏ မျက်နှာထားနှင့် လေသံတို့က အလွန်တရာ အေးစက်နေပြီး ပြန်ဖြေ၏။

"ငါ့ရဲ့ဆန္ဒက ငါ့ရဲ့ဆန္ဒအတိုင်း ပြောင်းလဲလို့မရဘူး"

လေထုက ပို၍လေးလံသွားသလိုဖြစ်သွားသည်။

ရှလီက ပိုက်ကို ဖွဖွလေး ကိုက်လိုက်ပြီး ဘာပြောရမည်ကို မသိတော့ချေ။ သူမကိုသာ အပြစ်တင်ရမည်ဖြစ်သည်။ ဒီအကြောင်းကို စကားမစခဲ့သင့်ပေ။

သူမက ဆက်၍ စကားမစရဲတော့ဘဲ အတန်ကြာ တိတ်ဆိတ်နေခဲ့ရာ မသိမသာဖြင့် လမ်းဆုံကိုရောက်လာ၏။

အရှေ့ကိုဆက်လျှောက်သွားလျှင်ရှန်ကျိစာအုပ်ဆိုင်ရှိသော လမ်းသွယ်လေးကိုရောက်မည်ဖြစ်သည်။

ရှလီက အမြန်မေးလိုက်သည်။ "စာအုပ်နှစ်အုပ်လောက် သွားရွေးကြမလား"

ယန့်စစ်ရှီက ခေါင်းညိတ်ပြ၏။

စာအုပ်ဆိုင်ထဲတွင် အခြားဖောက်သည်များ မရှိဘဲ ဆိုင်ရှင်အဒေါ်ကြီးက သူမဘာသာ စာအုပ်ဖတ်နေသည်။

သူတို့က ဒီလက်ဝါးအရွယ်ခန့်သာရှိသော စာအုပ်ဆိုင်လေးထဲတွင် ဧရာမ သတ္တုတွင်းကြီးတစ်ခုထဲမှ မိမိတို့အနှစ်သက်ဆုံး ရတနာတွေကို တူးဖော်နေသလိုကိုယ်စီကိုယ်စီ ရွေးချယ်နေကြသည်။

အပြင်ဘက်တွင် ရံဖန်ရံခါ ဖြတ်သန်းသွားသော ကားများ၏ ဝှီးကနဲ အသံများမှလွဲ၍ အခြားအချိန်များတွင် အလွန်တိတ်ဆိတ်နေ၏။

ရှလီက တစ်ခါတစ်ရံ ခိုးကြည့်တတ်ပြီး စာအုပ်စင်၏ တစ်ဖက်စွန်းတွင် မှိန်ဖျော့သော အလင်းရောင်အောက်၌ တိတ်ဆိတ်စွာ ရပ်နေသော ယန့်စစ်ရှီကို ကြည့်လိုက်မိသည်။ သူက ခေါင်းငုံ့ကာ စာအုပ်အဖုံးပေါ်ရှိ စာသားတွေကို သေချာစွာ ဖတ်ရှုနေသည်။

စာမေးပွဲ မရှိ၊ စာပြန်နွှေးစရာ မရှိ၊ အထက်တန်းနောက်ဆုံးနှစ်၏ ဖိအားများ မရှိသလို အိမ်ထဲက သပွတ်အူများလည်း မရှိတော့ချေ။

ဒီကျဉ်းမြောင်းသော ကမ္ဘာလေးထဲတွင် ယခုအချိန်၌ သူမနှင့် သူသာ ရှိနေ၏။

သူမက ရုတ်တရက် ဝမ်းနည်းလာမိသည်။ သူမကိုယ်သူမ နည်းနည်း လောဘကြီးနေမိကြောင်း သတိထားမိလာသည်။

သူမက ဘယ်လိုလုပ်ပြီး လောဘကြီးရဲမှာလဲ။

သူမက အလွန်လက်တွေ့ကျသော လူတစ်ယောက်ဖြစ်ပါလျက်နှင့် ဒီအချိန်လေးတွင် သူမက လေကို ဖမ်းဆုပ်နိုင်မည် လရောင်ကို ဖမ်းဆုပ်နိုင်မည်ဟု အဘယ်ကြောင့် တွေးမိနေရသလဲ။

အချိန်များက မသိမသာ ကုန်ဆုံးသွား၏။

ဆိုင်ရှင်အဒေါ်ကြီးထံကိုဖုန်းတစ်ကော ဝင်လာပြီး ထိုရုတ်တရက် ထွက်လာသော ဖုန်းမြည်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်မှသာ ရှလီက အိပ်မက်မှ နိုးထလာသလိုဖြစ်သွားတော့သည်။

သူမက ဖုန်းကိုထုတ်ကာ အချိန်ကို ကြည့်လိုက်ရာ ၉ နာရီကျော်နေပြီ ဖြစ်သည်။

"ပြန်ရမယ့်အချိန် ရောက်ပြီထင်တယ်" ရှလီက တိုးညင်းစွာ ပြောလိုက်သည်။

ယန့်စစ်ရှီက ဖြေသည်။ "ဒါဆို သွားရအောင်"

သူတို့နှစ်ယောက်က ရွေးထားသောစာအုပ်တွေကို ယူကာ ဆိုင်ရှင်အဒေါ်ကြီးထံတွင် ငွေရှင်းလိုက်ကြသည်။

စာအုပ်ဆိုင်မှ ထွက်လာပြီး ရှလီက ယန့်စစ်ရှီကို စာသင်ခန်းကိုပြန်သွားဦးမည်လားဟု မေးလိုက်သည်။

ယန့်စစ်ရှီက ပြန်ဖြေသည်။ "မပြန်တော့ဘူး"

ထို့ကြောင့် ရှလီက သူ၏ အပေါ်ရုံအင်္ကျီကို ချွတ်ပေးရန် အမြန်ပြင်လိုက်၏။

ယန့်စစ်ရှီက မေးလာသည်။ "နင်က ကျောင်းနားမှာ နေတာလား"

ဒီစကားမှာ မေးခွန်းမဟုတ်ဘဲ သူမကို အတည်ပြုနေခြင်းသာ ဖြစ်ပုံရသည်။ ယခင်တစ်ခေါက်က ယန့်စစ်ရှီအိမ်မှကားဖြင့် သူမကို လိုက်ပို့ဖူးသည်လေ။

ရှလီက ခေါင်းညိတ်ပြလိုက်သည်။

ယန့်စစ်ရှီက ပြောသည်။ "အရင် ဝတ်ထားလိုက်ပါဦး"

ထိုစကားကို ကြားတော့ ရှလီ ချွတ်ဖို့လုပ်နေရာမှ ရပ်တန့်သွား၏။

နောက်တစ်ခွန်းအဖြစ် ယန့်စစ်ရှီက ဆက်ပြောလာသည်။

"ငါ နင့်ကို လိုက်ပို့ပေးမယ်"

အပြန်လမ်းတွင် သူတို့က ကိုယ်စီဝယ်လာသော စာအုပ်များနှင့်ပတ်သက်၍ စကားနည်းနည်း ပြောခဲ့ကြသည်။

စကားအများကြီး မပြောဖြစ်ကြဘဲ ခပ်တိုတို ခရီးစဉ်လေးက မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွား၏။

ယန့်စစ်ရှီက ရှလီကို ဟွာဖုန်းစူပါမားကတ်၏ တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။

ရှလီက သူမ အပေါ်ရုံအင်္ကျီကို ချွတ်လိုက်ချိန်အထိ အသိစိတ် မဝင်လာသေးသလိုဖြစ်နေသည်။

အပေါ်ရုံအင်္ကျီကို သူ့ထံ ကမ်းပေးရင်း ပြောလိုက်သည်။

"ကျေးဇူးပဲ"

အချိန်အတော်ကြာ ဝတ်ထားခဲ့၍ ထိုအနွေးဓာတ်နှင့် အသားကျနေပြီဖြစ်ရာ ယခုအချိန်တွင် လေတိုက်လိုက်တော့ နည်းနည်း အေးစိမ့်သွားသလို ခံစားလိုက်ရချေသည်။

ယန့်စစ်ရှီက အပေါ်ရုံအင်္ကျီကို လှမ်းယူလိုက်ပြီး မဝတ်ဘဲ လက်ထဲတွင်သာ ကိုင်ထားကာ ပြောလိုက်သည်။

"ငါ ပြန်တော့မယ်"

ရှလီက အလိုအလျောက် တိုးညင်းစွာ "အာ" ဟု အာမေဍိတ်သံပြုလိုက်မိ၏။

ယန့်စစ်ရှီက ခြေလှမ်းရပ်သွားပြီး မေးလာသည်။ "အင်း"

"နင့် စိတ်အခြေအနေ နည်းနည်း ပိုကောင်းသွားပြီလား"

သူမက မော့ကြည့်လိုက်သော်လည်း သူ၏မျက်လုံးတွေကို မကြည့်ရဲဘဲ အကြည့်များက သူ၏မျက်နှာပေါ်ကိုပုစဉ်းရေတို့သလိုတစ်ခဏမျှသာ ကျရောက်သွားပြီး ပြန်လည်ရုပ်သိမ်းလိုက်သည်။

ယန့်စစ်ရှီက ဖြေသည်။ "အင်း"

ရှလီက ပြန်ပြောသည်။ "ဒါဆိုလည်း ကောင်းတာပေါ့"

ယန့်စစ်ရှီက သူမကို ကြည့်ကာ တစ်ချက်ရပ်တန့်သွားပြီး စကားတစ်ခုခု ထပ်ပြောချင်နေပုံရသော်လည်း အရှေ့ဘက်မှ အစိမ်းရောင် မီးလင်းနေသော 'အငှားကား' ဆိုင်းဘုတ်တပ်ထားသည့် အငှားကားတစ်စီးက မောင်းနှင်လာ၏။

ယန့်စစ်ရှီက လက်လှမ်းတားလိုက်ပြီး နောက်ကိုတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။

"သွားပြီ စောစောနားတော့"

ရှလီက လက်ပြလိုက်ရင်း နှုတ်ဆက်၏။

"တာ့တာ"

သူမက နောက်သို့ဆုတ်ကာ လှည့်ထွက်လာပြီး တုံ့ဆိုင်းစွာဖြင့် နောက်ကိုထပ်မံလှည့်ကြည့်လိုက်ရာ ယန့်စစ်ရှီက ကားတံခါးကိုဖွင့်၍ တက်သွားသည်ကို မြင်လိုက်ရမှသာ အကြည့်လွှဲကာ အထဲကိုဝင်သွားတော့သည်။

ဟွာဖုန်းစူပါမားကတ်ကို ကွေ့ပတ်သွားပြီး လူနေအိမ်ရာများ၏ အနောက်ဘက်ကိုရောက်တော့ သံတံခါးထဲမှ ဝင်သွားလျှင် ကျောင်းသားအဆောင်ကိုရောက်မည်ဖြစ်သည်။

ဒီလမ်းတစ်လျှောက်လုံးက အလွန်မှောင်မည်းနေပြီး သူမ၏ ရင်တွင်းဖြစ်တွေကို ပြန်‌ေတွးဖို့ သေချာစီစဉ်ပေးထားသလိုပင်။

သံတံခါးထဲကိုဝင်လာပြီး ရှလီက ခြေဆောင့်လိုက်သော်လည်း အသံအာရုံခံမီးက လင်းမလာခဲ့ချေ။

သူမက ကိုယ်ကို နောက်သို့မှီချလိုက်ပြီး အေးစက်နေသော နံရံကို မှီထားလိုက်၏။

မျက်လုံးကိုမှိတ်ကာ နှလုံးခုန်သံနှင့်အတူ အချိုအချဉ် ရောထွေးနေသော ရှုပ်ထွေးလှသည့် ခံစားချက်များ တဖြည်းဖြည်း ငြိမ်သက်သွားမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

နောက်နှစ်နည်းနည်းကြာချိန်တွင် ရှလီက သီချင်းတစ်ပုဒ်ကို နားထောင်ခဲ့ဖူးသည်။

"ငါ မင်းနောက်ကနေ လိုက်ခဲ့လို့ရပါတယ် အရိပ်က အလင်းရောင်နောက်ကို အိပ်မက်လမ်းလျှောက်သလို လိုက်နေသလိုမျိုးပေါ့"

ထိုသီချင်းက ထိုသို့ဆိုထား၏။

ဒီသီချင်းစာသားက သူမအား အတန်းလစ်ခဲ့သော ဒီညချမ်းလေးကို အမြဲတမ်း သတိရသွားစေတတ်သည်။

နောက်ပိုင်းတွင် အချိန်ကြာလာသည်နှင့်အမျှ အသေးစိတ်အချက်အလက် အများအပြားမှာ မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားခဲ့သော်လည်း အမှောင်ထုထဲတွင် အဆက်မပြတ် နစ်မြုပ်သွားခဲ့ရသော ထိုခံစားချက်ကိုမူ မှတ်မိနေဆဲပင်။

လေက လေဆီကို တိုက်ခတ်ပြီး ညက ညဆီကို ပြေးဝင်သွားတယ်။

ငါက နင့်ဆီကို ပြေးဝင်လာခဲ့တယ်။

All Chapters