အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈)
"နှစ်သစ်ကူးတစ်ခုမှာ ငါက သူငယ်ချင်းနဲ့အတူ ကျောင်းဟောင်းနားက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရှေးဟောင်းဘုရားကျောင်းကို ထပ်သွားခဲ့တယ် ဒါပေမဲ့ ငါက အမွှေးတိုင် သုံးတိုင်ပဲ ထွန်းခဲ့ပြီး ဘာမှမလုပ်ခဲ့ဘူး ငါက ငါ့ရဲ့ဆန္ဒတွေကို နတ်ဘုရားတွေဆီ အပ်နှံဖို့ အမြဲတမ်း ဝန်လေးနေသလိုပဲ နတ်ဘုရားတွေမှာလည်း မတတ်နိုင်တဲ့ နေရာတွေ ရှိတယ်လေ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ငါက ဒီနှစ်တွေအတွင်းက ဆန္ဒတွေကို နင့်ကိုပဲ ပေးချင်သေးတယ် နင့်ကို ပျော်ရွှင်ချမ်းမြေ့ပြီး တစ်သက်လုံး အဆင်ပြေစေချင်တယ်"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
ဆယ့်တစ်လပိုင်း လစဉ်စာမေးပွဲ ပြီးဆုံးပြီး ကျောင်းပိတ်ရက်တွင် ရှလီက နောက်ဆုံးမှာတော့ အိမ်ကိုတစ်ခေါက် ပြန်သွားခဲ့၏။
ရှကျန့်ယန်က ဆေးရုံမှဆင်းပြီး အိမ်တွင်သာ အနားယူနေပြီး သူ့အပေါ် ကာကွယ်ပေးသည့်အနေဖြင့် စက်ရုံမှအလုပ်ကို လော့ဝေ့ကော်က အရင်ရပ်ထားပေးခဲ့သည်။
ကျန်းဟုန်က တစ်ဖက်တွင် ရှကျန့်ယန်ကို ပြုစုစောင့်ရှောက်ဖို့နဲ့ နောက်တစ်ဖက်တွင် စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များ၏ သရော်လှောင်ပြောင်မှုတွေကို သည်းမခံနိုင်သောကြောင့် ခေတ္တခွင့်ယူထားခဲ့၏။
ဒီကိစ္စများ ဖြစ်ပျက်ပြီး အိမ်ထဲမှ လေးလံနေတဲ့ ရာသီဥတုကို မှန်းဆကြည့်၍ ရနိုင်သည်။
သူတို့နှစ်ယောက်က ရှလီမှာ အထက်တန်းနောက်ဆုံးနှစ်၏ အရေးကြီးသော အချိန်ကာလတွင် ရောက်နေကြောင်း သိထားပြီး ဤကဲ့သို့ပြဿနာများ ဖြစ်ပွားခဲ့သဖြင့် အလွန်အပြစ်ရှိသလို ခံစားနေရရာ သူမနှင့် စကားပြောရာတွင် နည်းနည်း ဝန်လေးေနဟန် ပါနေချေသည်။
ထမင်းစားပြီး ရှလီက သူမ၏အခန်းထဲကိုပြန်ဝင်ကာ ကျောင်းပိတ်ရက် အိမ်စာတွေကို ရေးနေ၏။
ဧည့်ခန်းထဲတွင် ရှကျန့်ယန်က တီဗွီကြည့်နေပြီး ကျန်းဟုန်က တိုးတိုးလေး အော်ငေါက်လိုက်သည်ကို ရှလီ ကြားလိုက်ရသည်။
"အသံနည်းနည်း တိုးလိုက်"
တံခါးတစ်ချပ် ခြားထားသော်လည်း တီဗွီအသံက တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးတွင် မကြားရသလောက် ဖြစ်သွား၏။
ရေရှည်ငှားထားသော ဒီအိမ်ထဲတွင် အဲကွန်းမတပ်ဆင်ထားသလို အိမ်အနေအထားကလည်း လေတိုက်ရာလမ်းကြောင်းနှင့် တည့်တည့်ဖြစ်နေကာ နံရံများကလည်း ပါးလွှာပြီး အပူဓာတ်ကို မထိန်းထားနိုင်သဖြင့် ခဏလောက် ထိုင်လိုက်သည်နှင့် လက်နှင့်ခြေထောက်များ အေးစက်လာသည်ကို ခံစားရသည်။
ရှလီက ရေနွေး နှစ်ခါတိတိ ထည့်ပြီး လက်ကိုနွေးစေရန်နှင့် အနွေးဓာတ်နည်းနည်း ရအောင် မီးဖိုချောင်သို့သွားလိုက်သည်။
ကျန်းဟုန်က လက်ထဲတွင် အပူပေးစက်တစ်ခုကို ကိုင်ကာ တံခါးဝတွင် ရပ်လျက် နည်းနည်း သတိထားနေဟန်ဖြင့် ပြုံးကာ ပြောလာသည်။
"ဒါလေး တပ်ထားလိုက်လေ ခြေထောက်တွေ မအေးရအောင်"
"ဆောင်းရာသီကျမှ သုံးတာမဟုတ်ဘူးလား အခုကတည်းက ဘာလို့ ထုတ်လာတာလဲ"
"သမီးအဖေ ရှာထုတ်ပေးလိုက်တာ ဒီနှစ် စောစောအေးတယ်ဆိုပြီးတော့လေ"
ကျန်းဟုန်က အထဲသို့ဝင်လာပြီး အပူပေးစက်ကို ပလပ်ထိုးကာ ဖွင့်လိုက်ပြီး အပူပေးပိုက်လေး လင်းလာသည်အထိ စောင့်ကြည့်ပြီးမှ ထွက်သွားကာ ထွက်သွားချိန်တွင် သူမအတွက် တံခါးကို ပြန်ပိတ်ပေးခဲ့၏။
ကျန်းဟုန်နှင့် ရှကျန့်ယန်က အများအားဖြင့် စောစောအိပ်တတ်ကြပြီး ညဆယ်နာရီခွဲတွင် ရှလီကို စောစောအိပ်ရန် မှာပြီး သူတို့၏အခန်းကိုပြန်၍ အနားယူသွားကြသည်။
ရှလီက မေးခွန်းလွှာတွေကို ဆယ့်တစ်နာရီအထိ ဖြေပြီး ရိုးရိုးရှင်းရှင်း မျက်နှာသစ်သွားတိုက်ကာ အခန်းထဲသို့ပြန်၍ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး စားပွဲတင်မီးအိမ်ကို ဖွင့်ကာ မဂ္ဂဇင်းတစ်အုပ်ကို လှန်လှောဖတ်ရှုရင်း အပန်းဖြေနေလိုက်သည်။
တံခါးခေါက်သံ ထပ်မံထွက်လာပြန်သည်။ ကျန်းဟုန်ပင် ဖြစ်ပြီး လက်ထဲတွင် အားသွင်းရသော ရေနွေးအိတ်တစ်လုံးကို ကိုင်ထား၏။
သူမက ဝင်လာပြီး စောင်ကိုလှန်ကာ အားသွင်းထားပြီးသော ရေနွေးအိတ်ကို ရှလီ၏ ခြေရင်းတွင် ထည့်ပေးလိုက်ရင်း ပြောလာသည်။
"စောစောအိပ်တော့"
ရှလီက မဂ္ဂဇင်းအပေါ်မှ ကျော်၍ ကြည့်လိုက်ရာ ကျန်းဟုန်က ထရပ်ပြီး ထွက်သွားရန် ပြင်နေသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။
"သူ အိပ်သွားပြီလား"
"ဒါဆို တံခါးပိတ်လိုက်ပါ သမီး အမေ့ကို စကားနည်းနည်းလောက် ပြောချင်လို့"
ကျန်းဟုန်က ပြောသည့်အတိုင်း တံခါးကို ပိတ်လိုက်၏။
ရှလီက မဂ္ဂဇင်းကို ချထားလိုက်ပြီး လက်ချောင်းများက အလိုအလျောက် စာရွက်ထောင့်စွန်းလေးကို လိပ်နေမိကာ မေးလိုက်သည်။
"အမေတို့ စက်ရုံမှာ ဆက်အလုပ်လုပ်ဦးမှာလား"
"လော့ဝေ့ကော် ပြောတာကတော့ အမေတို့ကို နောက်ထပ် အလုပ်ခွင်တစ်ခုဆီ ပြောင်းပေးမယ်တဲ့ အဲဒီဘက်မှာ နှစ်သစ်ကူးပြီးတာနဲ့ အလုပ်စမှာ သမီးအဖေက အဲဒီမှာ လုံခြုံရေးသွားလုပ်ပြီး အမေကတော့ ထမင်းချက်ပဲ ဆက်လုပ်ရမှာပေါ့ အခြေအနေကတော့ အခုထက် နည်းနည်းတော့ ဆိုးနိုင်တယ် ပြီးတော့..."
ကျန်းဟုန်က ခေါင်းမော့ကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး အလွန်အပြစ်ရှိသလို ခံစားနေရကာ ဆက်ပြောသည်။ "ချူချန်မှာ မဟုတ်ဘူး ယွီထန်ခရိုင်ထဲမှာ"
ယွီထန်ခရိုင်မှာ ချူချန်မြို့အောက်ရှိ ခရိုင်မြို့တစ်ခုဖြစ်ပြီး ကားဖြင့်သွားလျှင် သုံးနာရီကြာမြင့်သည်။
"ဦးလေးလော့ စီစဉ်ပေးတဲ့ အလုပ်ကိုမှ လုပ်ရမှာလား အမေတို့ဘာသာ ရှာလို့မရဘူးလား"
"အမေတို့က ပညာလည်းမတတ် အဆက်အသွယ်လည်း မရှိဘူးလေ"
ရှလီက ဆက်၍ ဘာမျှမပြောတော့ချေ။ သူမက မိဘများ ပင်ပန်းဆင်းရဲစွာ ရှာဖွေထားသော ငွေတွေကို သုံးစွဲနေရသူဖြစ်ရာ သူတို့၏အလုပ်နှင့်ပတ်သက်၍ ဝေဖန်ရန် အရည်အချင်း မရှိပေ။
ယခုအချိန်တွင် သူမ အဓိက ဆွေးနွေးချင်သည်မှာ...
"အမေနဲ့ အဖေက ဒီလိုပဲ ပြီးသွားတော့မှာလား"
ကျန်းဟုန်က သူမကို ကြည့်ကာ မေးလာသည်။
"ဒီလိုပဲ ပြီးသွားတော့မှာလား ဆိုတာက ဘာအဓိပ္ပာယ်လဲ"
"အမေက သူ့ကို ကွာရှင်းဖို့ မစဉ်းစားဖူးဘူးလား"
ကျန်းဟုန်မှာ ကြောင်အမ်းသွား၏။
သူမ၏ ဒီအမူအရာက ဒီကိစ္စကို တစ်စက္ကန့်မျှပင် မစဉ်းစားဖူးကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
ရှလီက နည်းနည်းမျှ အံ့ဩမသွားချေ။ ကျန်းဟုန်က သူမအပေါ် အပြစ်ရှိသလို ဆက်ဆံနေသည့် သဘောထားကို ကြည့်ခြင်းအားဖြင့် ကျန်းဟုန်က ဒီကိစ္စကို လင်မယားနှစ်ယောက်စလုံး၏ ကံကြမ္မာဆိုးဟုသာ ထင်နေပြီး ရှကျန့်ယန် တစ်ဖက်သတ် တာဝန်မဲ့မှုဟု မမြင်ကြောင်း သိသာနေသည်။
"သူက ဒီလိုမျိုး ဖောက်ပြန်တဲ့ကိစ္စ လုပ်တာကို အမေ နည်းနည်းလေးမှ စိတ်မဆိုးဘူးလား"
ကျန်းဟုန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလာသည်။
"သမီးအဖေက... သူက အဲဒီမိန်းမနဲ့ တကယ် ဘာမှမဖြစ်ခဲ့ပါဘူး QQ ပေါ်မှာ စကားပြောတာ နည်းနည်း လွန်သွားရုံပါပဲ အမေလည်း သူ့ကို ဆူထားပါတယ် သူကလည်း တစ်ခဏတာ အမှားလုပ်မိတာပါ နောက်ကို လုံးဝ ထပ်မလုပ်တော့ပါဘူးလို့ ပြောပါတယ် ပုံမှန်ဆိုရင်လည်း သူ့မှာ တခြားအပြစ် မရှိပါဘူး မိသားစုကိုလည်း ဂရုစိုက်ပါတယ် တခြားယောက်ျားတွေလို အိမ်ကို ဂရုမစိုက်ဘဲ အရက်သောက် လောင်းကစားလုပ်ပြီး လူရိုက်တာမျိုးလည်း မလုပ်ပါဘူး... ပြီးတော့ အမေတို့ ကွာရှင်းလိုက်ရင် သမီးဘယ်လိုလုပ်မလဲ"
ရှလီက ကျန်းဟုန်ကို စကားဖြတ်ပြောလိုက်သည်။
"အမေတို့က လင်မယားတွေလေ သမီးက အမေတို့ကလေး… အကယ်၍ အမေက သူ့ကို ခွင့်လွှတ်မယ်ဆိုရင် သမီးက ဘာမှပြောပိုင်ခွင့် မရှိပါဘူး … ဒါပေမဲ့ မကွာရှင်းတာက သမီးကြောင့်ဆိုရင်တော့ သမီး လက်မခံချင်ဘူး သမီးက မကြာခင် တက္ကသိုလ်သွားတက်ရတော့မှာ ချူချန်မှာ အမြဲတမ်း နေမှာမဟုတ်ဘူး အမေတို့ ကွာရှင်းတာနဲ့ မကွာရှင်းတာက သမီးအတွက် ဘာမှမကွာပါဘူး… ပိုက်ဆံကိစ္စကို စိတ်ပူနေတာဆိုရင် ကွာရှင်းပြီးရင်လည်း သူက ကျွေးမွေးစရိတ် ပေးရမှာပဲလေ… ပြီးတော့ သမီးကိုယ်တိုင်လည်း စကော်လားရှစ် လျှောက်လို့ရသလို ကိုယ်တိုင်လည်း အချိန်ပိုင်းအလုပ် လုပ်လို့ရတယ်..."
ကျန်းဟုန်မှာ သူမရဲ့ အလှပဆုံးသော အကြောင်းပြချက်ကြီး ဖောက်ထွင်းခံလိုက်ရသဖြင့် တစ်ခဏတာ အလွန်ရှက်ရွံ့သွားပြီး မျက်ရည်များပင် ဝဲလာချေသည်။
ရှလီက သူမကိုယ်သူမ ပညာတတ်လွန်ပြီး နည်းနည်း ရက်စက်နေသလားဟု တွေးမိသွားသည်။
အကယ်၍ ဒီကိစ္စက ယခုလေးတင် ဖြစ်ခဲ့သည်ဆိုလျှင်သူမက ဤမျှတည်ငြိမ်နေနိုင်မည် မဟုတ်ချေ။ ဒါဟာ တစ်ပတ်ကျော်ကြာ သူမ ထပ်ခါတလဲလဲ စဉ်းစားပြီး ဖြစ်ပေါ်လာသော တုံ့ပြန်မှုသာ ဖြစ်သည်။
"အမေ့သဘောပါပဲ" နောက်ဆုံးတွင် ရှလီက ပြောလိုက်သည်။ "အမေ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်နိုင်ရင် ရပါပြီ"
သို့သော် သူမအတွက်မူ သူမက အရင်ကလို ရှကျန့်ယန်အပေါ် ဘယ်တော့မှ ထပ်မံယုံကြည်အားကိုးတော့မည် မဟုတ်ပေ။
ယခင်က မိဘများဆိုသည်မှာ သူမစိတ်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်ပြီး သူမက ထူးချွန်မှု၊ လိမ္မာမှုတို့ဖြင့် ပူဇော်ပသရန် ဆန္ဒရှိခဲ့သည်။
ယခုအချိန်တွင်တော့ သူမ ရှင်းလင်းစွာ သိသွားခဲ့ပြီ ဖြစ်သည်။ နောင်တွင် သူမ လုပ်သမျှကိစ္စတိုင်း၏ တွန်းအားမှာ သူမကိုယ်တိုင်အတွက်သာ ဖြစ်တော့မည်ကိုပင်။
ကိုယ်ပိုင် အိပ်မက်၊ ရည်မှန်းချက်၊ ဂုဏ်မာနနှင့် မျှော်လင့်ချက်များအတွက်သာ ဖြစ်သည်။
သူမက တစ်ညတည်းနှင့် ကြီးပြင်းသွားသလိုခံစားလိုက်ရ၏။
နောက်ဆုံးကျန်ရှိနေသော သံယောဇဉ်ကြိုးေလးအပေါ်၌ပင် မည်သည့် သံယောဇဉ်မျှ မရှိတော့ချေ။
ကျန်းဟုန်က အခန်းထဲမှ ထွက်သွား၏။
ရှလီက ဘေးစောင်းလှဲချလိုက်ပြီး စားပွဲတင်မီးအိမ်ကို ပိတ်လိုက်ကာ အမှောင်ထုထဲတွင် လက်ကိုမြှောက်၍ မျက်လုံးကို ပွတ်လိုက်ရာ မျက်ရည်စအချို့ ထွက်လာခဲ့သည်။
ဒီနှစ်က တကယ်ကို အေးခဲလှသော ဆောင်းရာသီပင် ဖြစ်သည်။
______