အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂)
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနေ့ကိုနောက်ဆုံးတွင် ရောက်လာချေပြီ။
ကောင်းကင်ကြီးက မျက်နှာသာပေးစွာ မိုးရွာချပေးသဖြင့် အပူချိန်က ပုံမှန်ထက် နည်းနည်း ကျဆင်းသွားပြီး စာမေးပွဲဖြေမည့်သူများ၏ စိုးရိမ်ပူပန်မှုတွေကိုလည်း နည်းနည်း ပြေလျော့သွားစေသကဲ့သို့ပင်။
ရှလီ၏ စာမေးပွဲစင်တာမှာ အထက်တန်းကျောင်း အမှတ် (၁) တွင် ဖြစ်သည်။ အဝေးရှိ ယွီထန်ခရိုင်တွင် ရောက်နေသော ရှကျန့်ယန်နှင့် ကျန်းဟုန်တို့က အမြန်ပြန်လာကြသော်လည်း ရှလီက သူတို့ကို လိုက်မပို့ခိုင်းသလို အိမ်ကိုလည်း ပြန်မအိပ်ခဲ့ပေ။ ရုတ်တရက် ပတ်ဝန်းကျင်ကို ပြောင်းလဲလိုက်လျှင် အနားယူခြင်းကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ကျောင်းက စာမေးပွဲစင်တာများကိုအသွားအပြန်အတွက် ဘတ်စ်ကားကြီးများ တူညီစွာ စီစဉ်ပေးထားသည်။ ကားပေါ်တွင် ဆရာများက ကျောင်းသားများအား မှတ်ပုံတင် စာမေးပွဲခုံအမှတ်လက်မှတ် 2B ခဲတံ စသည်တို့ကို သေချာစစ်ဆေးရန် ထပ်ခါတလဲလဲ သတိပေးနေကြ၏။
ရှလီက ဘတ်စ်ကားစီး၍ ကိုယ်တိုင် စာမေးပွဲသွားဖြေပြီး နေ့လယ်နှင့် ညပိုင်းတွင် ကျန်းဟုန်က အိမ်မှ ထမင်းချက်ကာ ထမင်းချိုင့်ဖြင့် လာပို့ပေးသည်။
ကြပ်တည်းလှသော နှစ်ရက်တာကာလက ဤသို့ဖြင့် ကုန်ဆုံးသွားခဲ့ချေသည်။
စာမေးပွဲခန်းထဲတွင် ထိုင်နေသော ရှလီမှာ သူမ ထင်ထားသလောက် မစိုးရိမ်ခဲ့ပေ။ သူမကိုယ်တိုင် အဖြေ ကောင်းမကောင်းကို အတိအကျ မပြောနိုင်သော်လည်း လုပ်နိုင်သော မေးခွန်းများအားလုံးကိုတော့ ဖြေဆိုနိုင်ခဲ့သည်။
၈ ရက်နေ့ မွန်းလွဲပိုင်းတွင် စာမေးပွဲပြီးသွားတော့ ရှလီက တိုက်ခန်းကိုပြန်၍ ပစ္စည်းများထားကာ ညစာစားပြီး ကျောင်းကိုတစ်ခေါက် သွားလိုက်၏။
ထင်ထားသည့်အတိုင်း အထက်တန်းနောက်ဆုံးနှစ် စာသင်ဆောင်ရှေ့တွင် အဖြူရောင်စာရွက်များက မြေပြင်အနှံ့ ပြန့်ကျဲနေပြီး ခြေချစရာနေရာပင် မရှိတော့ချေ။ ရင်ဖွင့်ပေါက်ကွဲသော အော်ဟစ်သံများနှင့်အတူ အပေါ်ထပ်မှ လူများက ဖတ်စာအုပ်များနှင့် မေးခွန်းလွှာတွေကို အောက်ကိုမပြတ်တမ်း ပစ်ချနေကြသည်။
ဘာသာရပ်အားလုံး၏ အဖြေမှန်များက ထွက်နေပြီဖြစ်ပြီး မြန်ဆန်မှုက အံ့မခန်းပင်။
ရှလီ အခန်းထဲ ပြန်ရောက်လာချိန်တွင် တစ်စုံတစ်ယောက်က အမှတ်တွေကို ခန့်မှန်းတွက်ချက်ပြီးနေပြီဖြစ်ကာ အဖြေများက သိပ်မကောင်းလှသဖြင့် သူငယ်ချင်းကိုဖက်ကာ သည်းထန်စွာ ငိုကြွေးနေသည်။
ရှလီက နေရာတွင် ပြန်ထိုင်လိုက်ပြီး အိတ်ထဲမှ ဘာသာရပ်လေးခု၏ မေးခွန်းလွှာတွေကို ထုတ်ယူကာ မှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲအချိန်လေးတွင် သတင်းစာပေါ်ရှိ အဖြေမှန်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး ကိုယ့်ကိုယ်ကိုယ် အမှတ်ခန့်မှန်းကြည့်လိုက်၏။
လောင်ကျွမ်းက အခန်းထဲကိုရောက်လာသည်။ သူက လျှောက်လာပြီး ကျောင်းသားများ၏ အမှတ်ခန့်မှန်းမှု အခြေအနေတွေကို တစ်ယောက်ချင်းစီ လိုက်မေးနေ၏။
ရှလီ၏ အလှည့်သို့ရောက်လာတော့ ရှလီက ပြောပြလိုက်သည်။
"စာစီစာကုံးနဲ့ ဝိဇ္ဇာဘာသာတွဲ အက်ဆေးမေးခွန်းတွေက အမှတ်ခန့်မှန်းရ ခက်တယ် အကောင်းဆုံး အခြေအနေဆိုရင်တော့ ၅၈၅ မှတ် အထက် ရနိုင်ပါတယ်"
လောင်ကျွမ်းက အကဲဖြတ်ပေး၏။
"ဆရာတို့ ခန့်မှန်းချက်အရ ဒီနှစ် ဝင်ခွင့်အမှတ်က တမန်နှစ်ကနဲ့ သိပ်မကွာဘူး ၅၃၅ ဝန်းကျင်လောက်ပဲ မင်းက ပထမအဆင့်တက္ကသိုလ် ဝင်ခွင့်အမှတ်ထက် ၅၀ လောက် သာနေတယ် ဒီရလဒ်က မဆိုးပါဘူး ကျောင်းတော်တော်များတွေကို သွားလို့ရတယ်"
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးသွားပြီး လောင်ကျွမ်းသည်လည်း နောက်ဆုံးတွင် ဝန်ထုပ်ဝန်ပိုးကြီးကို ချထားလိုက်ရသလိုသူ၏ တစ်ကိုယ်လုံးမှ လူကို အသားမကျစေသော 'ကြင်နာမှု' ရောင်ဝါမျိုး ထွက်နေချေသည်။
ရှလီက အကြမ်းစာရွက်ပေါ်တွင် စုစုပေါင်း တွက်ထားသော အမှတ်ကို တစ်ချက် ကြည့်လိုက်သည်။ ၅၈၅ မှတ်။ သူမ၏ ခေါင်းထဲတွင် လျှောက်ထားနိုင်သော ကျောင်းများ တစ်သီတစ်တန်းကြီး ဖြတ်ပြေးသွားသော်လည်း ထိုအထဲတွင် သူမ၏ တက္ကသိုလ်ဝင်ခွင့် ရည်မှန်းချက်ဖြစ်သော အစိုးရတက္ကသိုလ် မပါဝင်ခဲ့ပေ။
ယခင်နှစ်များ၏ ဝင်ခွင့်အမှတ်တွေကို ကြည့်လျှင် အစိုးရတက္ကသိုလ်က သူတို့ပြည်နယ်တွင် လက်ခံသော ဝင်ခွင့်အမှတ်မှာ ၅၉၅ ထက် ဘယ်တုန်းကမှ မနည်းခဲ့သလို အချို့သော နာမည်ကြီး ဘာသာရပ်များဆိုလျှင် ၆၀၀ အထက်တွင် ရှိရမည်ဖြစ်သည်။
အမှတ်ခန့်မှန်းမှု၏ ရလဒ်များက သဘာဝအတိုင်းပင် အချို့အတွက် ပျော်စရာဖြစ်ပြီး အချို့အတွက် ဝမ်းနည်းစရာ ဖြစ်စေ၏။
လင်ချင်းရှောင်နှင့် ရွှီနင်တို့ ရောက်လာပြီး အသီးသီး အမှတ်ခန့်မှန်းကြည့်ကြရာ လောင်ကျွမ်း ခန့်မှန်းထားသော ပထမအဆင့်တက္ကသိုလ် ဝင်ခွင့်အမှတ်ထက် ကျော်လွန်ကြသော်လည်း ရွှီနင်၏ အမှတ်ကတော့ နည်းနည်း အန္တရာယ်များနေပြီး ၁၀ မှတ်ခန့်သာ ပိုနေသဖြင့် ဒီရမှတ်ကွာဟချက်ဖြင့် ရွေးချယ်စရာ သိပ်မရှိလှပေ။
ရွှီနင်ကတော့ စိတ်ထားအတော်လေး ကောင်းမွန်နေသည်။
"လွှတ်ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် စာမေးပွဲဖြေပြီးသွားပြီပဲ ဘယ်သွားမလဲဆိုတာ ၂၅ ရက်နေ့ကျမှ ဆက်ပြောကြတာပေါ့ ဒီည ငါအိမ်ပြန်ရင် တစ်ညလုံး ကာတွန်းကားထိုင်ကြည့်ရမယ်"
သူတို့ သုံးယောက်က တစ်စုတစ်ဝေးတည်း ထိုင်ကာ ခဏနေလျှင် အပြင်ထွက်၍ ကိုယ့်ကိုယ်ကိုယ် ဆုချရန် တစ်ခုခု သွားစားကြမလားဟု တိုင်ပင်နေကြ၏။
ထိုအချိန်တွင် ရှောက်ယွီလုံက လျှောက်လာပြီး သူတို့၏ အမှတ်ခန့်မှန်းမှု အခြေအနေတွေကို မေးမြန်းသည်။ ရှလီက သူမ၏ အမှတ်ကို ပြောပြလိုက်တော့ ရှောက်ယွီလုံ၏ မျက်နှာလေး လင်းလက်သွားသော်လည်း နောက်တစ်စက္ကန့်တွင် အကြည့်များက ပြန်လည် မှေးမှိန်သွားကာ ချီးကျူးလိုက်သည်။
"ဖြေနိုင်လိုက်တာ ဝမ်းသာပါတယ်"
ရှလီက ပြန်မေးလိုက်သည်။
"နင်ရော"
ရှောက်ယွီလုံက ပခုံးတွန့်ကာ ဒီစကားကို တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ကြိုးစားရင်း ဖြေ၏။
"ငါကလား... ဒုတိယအဆင့်တက္ကသိုလ်ပဲ သွားရတော့မယ်ထင်တယ်"
လင်ချင်းရှောင်က မေးလိုက်သည်။
"ပြန်မဖြေတော့ဘူးလား"
သူတို့ ဝိဇ္ဇာအထူးအတန်းမှ ပထမအဆင့်တက္ကသိုလ် မရသူအများစုက ပြန်လည်ဖြေဆိုရန် ရွေးချယ်လေ့ရှိကြသည်။
ရှောက်ယွီလုံက ငြင်းလိုက်သည်။
"မလုပ်တော့ပါဘူး စိတ်တွေက အရမ်းရှုပ်ထွေးနေပြီ နောက်ထပ် တစ်နှစ်ဆက်မနေနိုင်တော့ဘူး နောက်နှစ်ဆိုရင် ဖိအားတွေက ပိုများလာမှာ ဒီနှစ်လောက်တောင် ဖြေနိုင်ချင်မှ ဖြေနိုင်မှာလေ"
အားလုံး တိတ်ဆိတ်သွားကြပြီး သူ့ကို မည်သို့နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ချေ။
နောက်ဆုံးတွင် ရှလီက စကားစလိုက်သည်။
"ကျောင်းသွားတက်ပြီးမှ မာစတာဘွဲ့ ဆက်ဖြေလို့ရပါတယ် ဒါမှမဟုတ် နိုင်ငံ့ဝန်ထမ်း စာမေးပွဲ ဖြေလို့လည်း ရတာပဲကို"
ရှောက်ယွီလုံက ပြုံးကာ ဖြေ၏။
"ငါလည်း အဲဒီလိုပဲ စဉ်းစားထားတာ"
နောက်ထပ် စကားတစ်ခွန်း ပြောလိုက်စဉ် အရှေ့တန်းမှ ကောင်မလေးတစ်ယောက်က လှမ်းအော်လိုက်သည်။
"လင်ချင်းရှောင် လူလာရှာနေတယ်"
လင်ချင်းရှောင်က အပြင်ကိုတစ်ချက်လှမ်းကြည့်လိုက်ရာ နျဲ့ချူဟန် ဖြစ်နေသည်။ သူမက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မမြင်ဟန်ဆောင်နေလိုက်၏။
နျဲ့ချူဟန်က တံခါးဝတွင် အတန်ကြာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးသွားပြီဖြစ်၍ စိုးရိမ်စရာများ မလိုတော့ကြောင်း သတိပြုမိသွားပုံရကာ အခန်း ၇ ထဲကိုတိုက်ရိုက် ဝင်လာလေတော့သည်။
ထိုအချိန်တွင် ဆရာစင်မြင့်အနီး၌ ရပ်နေသော လောင်ကျွမ်းက သူ့ကို မေးလိုက်သည်။
"စာမေးပွဲ အခြေအနေ ဘယ်လိုလဲ နျဲ့ချူဟန် ချင်းဟွာတက္ကသိုလ်ကို သွားလို့ရနိုင်မလား"
နျဲ့ချူဟန်က အံ့အားသင့်စွာ ပြန်မေး၏။
"ဆရာကျွမ်း ဆရာက ကျွန်တော့်ကို သိတယ်လား"
လောင်ကျွမ်းက ရယ်မောကာ ပြန်ပြောသည်။
"ဘယ်လိုလုပ် မသိဘဲနေမလဲ ငါတို့အတန်းကို အမြဲလာနေတာကိုး"
နျဲ့ချူဟန်က လင်ချင်းရှောင်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး အလွန်ရှက်ရွံ့စွာဖြင့် ဖြေ၏။
"သွားလို့ မရနိုင်တော့ဘူးထင်တယ်"
လောင်ကျွမ်းက ထပ်မေးလိုက်သည်။
"ဒါဆို ဘယ်သွားနိုင်မလဲ ဖူတန်လား ကျောင်းထုံလား"
နျဲ့ချူဟန်က ခေါင်းညိတ်ပြသည်။
"အဲဒီလောက်ပါပဲ"
လောင်ကျွမ်း ထပ်မေးမည်ပြုစဉ် နျဲ့ချူဟန်က ကြားဖြတ်ပြောလိုက်၏။
"ဆရာကျွမ်း ကျွန်တော် ဆရာ့အတန်းက လင်ချင်းရှောင်ကို ခဏလောက် ငှားလို့ရမလား"
လောင်ကျွမ်းက လှမ်းအော်လိုက်သည်။
"လင်ချင်းရှောင်"
ယခုတော့ လင်ချင်းရှောင်မှာ ဒီလူ မရှိသလို ဆက်၍ ဟန်ဆောင်နေ၍ မရတော့ပေ။ သူမက မကျေမချမ်းဖြင့် ထရပ်လိုက်ပြီး မကျေမချမ်းဖြင့်ပင် နျဲ့ချူဟန်၏ အရှေ့ကိုလျှောက်သွားလိုက်သည်။
နျဲ့ချူဟန်က ဗလုံးဗထွေးဖြင့် မေးလိုက်သည်။
"အပြင်မှာ စကားနည်းနည်းလောက် ပြောလို့ရမလား"
သူတို့ အပြင်ထွက်သွားပြီး သုံးမိနစ်ပင် မပြည့်သေးမီ စင်္ကြံလမ်းထဲတွင် ရုတ်တရက် ဝိုင်းအုံလှောင်ပြောင်သော အော်ဟစ်သံများ ထွက်လာ၏။ အားလုံးက အပြင်ကိုအပြေးအလွှား ထွက်သွားကြသည်။
အရှေ့တွင် မေးခွန်းလွှာများ ပြန့်ကျဲနေသော စင်္ကြံလမ်းထဲ၌ နျဲ့ချူဟန်က လင်ချင်းရှောင်ကို ရင်ခွင်ထဲကိုဆွဲသွင်းကာ ဖက်ထားလိုက်သည်ကို တွေ့လိုက်ရသည်။
လေချွန်သံများနှင့် လက်ခုပ်တီးသံများ မပြတ်တမ်း ထွက်နေပြီး လင်ချင်းရှောင်၏ မျက်နှာတစ်ခုလုံးက နျဲ့ချူဟန်၏ ရင်ဘတ်ထဲကိုတင်းကျပ်စွာ နစ်ဝင်နေ၏။
ရွှီနင်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
"လူငယ်ဘဝဆိုတာ ဒါမျိုးပါပဲလား"
ခဏအကြာတွင် နျဲ့ချူဟန်က လှမ်းပြော၏။
"အားလုံး ခဏလောက် ရှောင်ပေးကြပါလား မဟုတ်ရင် ငါ့ကောင်မလေး ရှက်လို့ ခေါင်းမဖော်ရဲဘဲ နေလိမ့်မယ်"
အားလုံးက တပြိုင်နက် လှောင်ပြောင်လိုက်ကြသည်။
"ဟေး"
ရှလီနှင့် ရွှီနင်တို့က အခန်းထဲ ပြန်ဝင်လာပြီး ပစ္စည်းများသိမ်းကာ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။ ထွက်ခွာမည်ပြုစဉ် လင်ချင်းရှောင် ပြန်ရောက်လာပြီး မျက်နှာတစ်ခုလုံးက နီရဲနေဆဲပင် ဖြစ်၏။
ရှလီက ပြုံးကာ မေးလိုက်သည်။
"ငါတို့နဲ့ မုန့်သွားစားဦးမှာလား"
လင်ချင်းရှောင်က ရှက်ရွံ့စွာ ဖြေ၏။
"နောက်တစ်ခါမှပေါ့ဟာ"
ရွှီနင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ရည်းစားရသွားတော့ သူငယ်ချင်းကို မေ့သွားတဲ့ မိန်းမ"
ရှလီနှင့် ရွှီနင်တို့ အတူတကွ ကျောင်းမှ ထွက်ခွာလာခဲ့ကြပြီး ထျန်းရှင်းလမ်း ညဈေးတွင် ခဏလမ်းလျှောက်ကာ ရှန်ကျိစာအုပ်ဆိုင်ကိုဝင်၍ ကလဲ့စားချေသလို ကာတွန်းစာအုပ်များ အများအပြား ဝယ်ယူခဲ့ကြသည်။ ထို့နောက် ရှလီက ကျောင်းသားအဆောင်ကိုပြန်လာခဲ့၏။
သူမက ဒီနေရာတွင် နောက်ဆုံးတစ်နေ့ နေထိုင်ရမည်ဖြစ်ပြီး မနက်ဖြန်တွင် ကျန်းဟုန် လာရောက်ကာ ပစ္စည်းတွေကို အိမ်ကိုကူရွှေ့ပေးမည်ဖြစ်သည်။
စာကြည့်စားပွဲရှေ့တွင် ထိုင်လိုက်ပြီး ရှလီက စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်ကာ အံဆွဲကိုဖွင့်၍ သူမ၏ ဒိုင်ယာရီစာအုပ်ကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင် ညှပ်ထားသော စာအိတ်ကို ဆွဲထုတ်လိုက်၏။
"ယန့်စစ်ရှီ ကိုယ်တိုင်ဖွင့်ရန်"
ထိုစဉ်က ဒီစာကို ရေးသားချိန်တွင် သူမက ဒီစာကို လုံးဝ ပေး၍မရတော့မည်ဟု မစဉ်းစားခဲ့ဖူးပေ။ သူမ၏ တိတ်တခိုးအချစ်လေးကတော့ သဲလွန်စမရှိ ပျောက်ဆုံးသွားပြီး အကြောင်းရင်းမရှိဘဲ ပြီးဆုံးသွားခဲ့ချေပြီ။
______