← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄)

၂၀၁၆ ခုနှစ် ဆောင်းဦးရာသီတွင် ရှလီ တစ်ယောက် အအေးမိဖျားနာခြင်းကို အပြင်းအထန် ခံစားခဲ့ရသည်။ သူမက တစ်ညလုံး အဖျားတက်နေခဲ့ပြီး ပြတ်တောက်နေသော အိပ်မက်များထဲတွင် အထက်တန်းကျောင်းသားဘဝက အဖြစ်အပျက်အချို့ကို အိပ်မက်မက်ခဲ့ချေသည်။

အဖျားကျသွားပြီး တစ်ကိုယ်လုံးမှာ အကြောင်းပြချက်မရှိဘဲ လောကီအာရုံများနှင့် ကင်းကွာသွားသော ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့သည်။ ရွှီနင်က သူမအား ကိုယ်အပူချိန် လာတိုင်းပေးချိန်တွင် သူမက မေးလိုက်၏။

"နင် နင့်ရဲ့ official အကောင့်မှာ ငါ စာမူပို့လို့ရမလား"

နန်ချန်တက္ကသိုလ် မှ ဘွဲ့ရပြီး ရှလီက ပေချန်ရှိ နည်းပညာကုမ္ပဏီတစ်ခု၏ ကျောင်းတွင်းအလုပ်ခေါ်ယူမှုတွင် အလုပ်ရခဲ့ပြီး ကုန်ပစ္စည်းအမှတ်တံဆိပ် နိုင်ငံတကာလုပ်ငန်းလည်ပတ်ရေး တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ရွှီနင်ကတော့ ဘွဲ့ကြိုတန်းကို ပေချန်တွင်ပင် တက်ရောက်ခဲ့ခြင်းဖြစ်ရာ ဘွဲ့ရပြီး သဘာဝကျကျပင် ထိုနေရာတွင် ဆက်နေဖြစ်ခဲ့ပြီး လူတစ်ယောက်၏ မိတ်ဆက်ပေးမှုဖြင့် ဇာတ်ညွှန်းရေးဆရာ အလုပ်ကို လုပ်ကိုင်ခဲ့၏။

အလုပ်ဝင်ခါစ ဇာတ်ညွှန်းရေးဆရာသစ် တစ်ယောက်အနေဖြင့် ရွှီနင် လက်ခံရသော အလုပ်များမှာ ပရောဂျက်ငယ်များသာ ဖြစ်သည်။ အခြားသူများက ဇာတ်လမ်းကျောရိုးကို ရေးဆွဲပေးထားပြီး သူမက ထိုကျောရိုးအတိုင်း အကြောင်းအရာတွေကို ဖြည့်စွက်ရေးသားရခြင်းဖြစ်ကာ အခကြေးငွေကို အပိုင်းအရေအတွက်အလိုက် ရရှိသည်။ ဤကဲ့သို့သော ပုတ်ပြတ်အလုပ် မျိုးက အပေါ်တစ်နပ်စားပြီး အောက်တစ်နပ်မရှိ ဖြစ်ရန် အလွန်လွယ်ကူသည်။

ကံကောင်းစွာဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ရွှီနင်က စိတ်ခံစားမှုဇာတ်လမ်းတွေကို အဓိကထားတင်ဆက်သော ပလူတိုစာတိုက် အမည်ရ WeChat official အကောင့်တစ်ခုကို စတင်လုပ်ခဲ့ချေသည်။

ဒီအကောင့်မှာ အစပိုင်းတွင် သေတစ်ဝက် ရှင်တစ်ဝက် ဖြစ်နေခဲ့ပြီး ရွှီနင်၏ ဝါသနာသက်သက်ဖြင့်သာ ရပ်တည်နေရခြင်း ဖြစ်၏။

၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်ကိုရောက်တော့မှသာ official အကောင့်များက ရုတ်တရက် အရှိန်အဟုန်ဖြင့် တိုးတက်လာသော ရွှေခေတ်ကိုဝင်ရောက်လာခဲ့သည်။

ပလူတိုစာတိုက် ၏ အပတ်စဉ်တစ်ခုရှိ ခေါင်းစီးသတင်းတွင် ရွှီနင်၏ စီနီယာအစ်မတစ်ယောက် ရေးသားထားသော ရှစ်နှစ်ကြာ အချစ်ခရီးရှည်ကြီးအပြီး မင်္ဂလာဆောင်ရန် ပြင်ဆင်နေချိန်တွင် စေ့စပ်ထားသူက ဖောက်ပြန်နေကြောင်း သိလိုက်ရသည့် အဖြစ်မှန်ဇာတ်လမ်းလေး ပါဝင်ခဲ့သည်။

ထိုဆောင်းပါးမှာ စိတ်ခံစားမှု စစ်မှန်ပြီး အရေးအသား ချောမွေ့ရှင်းလင်းသည့်အပြင် ကာယကံရှင်များမှာ တက္ကသိုလ်တစ်ခုမှ နာမည်ကြီးစုံတွဲ ဖြစ်ခဲ့ဖူးသူများဟု ယူဆရသဖြင့် စာဖတ်သူများ၏ သိချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ရာ အချိန်တိုအတွင်း ပေချန်ဒေသရှိ တက္ကသိုလ်အသိုင်းအဝိုင်းများကြားတွင် အပြေးအလွှား မျှဝေခြင်း ခံခဲ့ရသည်။

ထိုအပတ်၏ ပို့စ်မှာ ဖတ်ရှုသူအရေအတွက် ဒုံးပျံစီးထားသလိုတဟုန်ထိုး တက်လာခဲ့ချေသည်။

ရွှီနင်ကလည်း အခွင့်ကောင်းယူကာ အဖြစ်မှန်ဇာတ်လမ်းများဟု ဆိုပြီး နောက်ဆက်တွဲ နာမည်ကြီးပို့စ်အချို့ကို ထပ်မံတင်ဆက်ခဲ့သော်လည်း တကယ်တမ်းတွင်မူ အားလုံးမှာ သူမကိုယ်တိုင် ဖန်တီးရေးသားထားခြင်းသာ ဖြစ်၏။ သူမက မူလကတည်းက ဇာတ်ညွှန်းရေးဆရာ အလုပ်ကို လုပ်ကိုင်နေသူဖြစ်ရာ ဒီကိစ္စအတွက် အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။

ဒီအရှိန်အဟုန်ကြောင့် ပလူတိုစာတိုက် မှာ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ကြော်ငြာလက်ခံခြင်းမှ ရရှိသော ဝင်ငွေကြောင့် ရွှီနင်မှာ နောက်ဆုံးတွင် လေစားပြီး ဗိုက်ဝနေရမည့် အခြေအနေမှ ကင်းလွတ်သွားခဲ့ချေသည်။

ရှလီ စာမူပို့ချင်သောနေရာမှာ ဒီ official အကောင့်ပင် ဖြစ်သည်။

သူမက နေမကောင်း၍ ခွင့်ယူထားသည်များ ပြီးဆုံးသွားသော်လည်း နှစ်စဉ်ခွင့် နှစ်ရက် ထပ်ယူကာ အငှားတိုက်ခန်းထဲတွင် အောင်း၍ အမှတ်တရစာတမ်း ကို ရေးသားနေခဲ့သည်။

နှစ်ရက်အကြာတွင် စာမူ မရေးရသေးမီ တောင့်ခံထားသော အားအင်များက ရုတ်တရက် ပျောက်ကွယ်သွား၏။

သူမက တစ်ဝက်တစ်ပျက်သာ ရေးထားရသေးသော စာမူကို ရွှီနင်ထံ ပို့ပေးလိုက်ပြီး အရင်ဖတ်ကြည့်ခိုင်းကာ အဆင်ပြေသည်ဟု ထင်လျှင် အချိန်လု၍ အဆုံးသတ်ရေးပေးမည်ဟု ပြောလိုက်ချေသည်။

ထိုစာမူ၏ အကြောင်းအရာအများစုမှာ သူမ၏ ကိုယ်ပိုင် NetEase ဘလော့ဂ်မှ ကူးယူထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည်တည်းဖြတ် မွမ်းမံထားခြင်း ဖြစ်၏။

ယခင်က ဘယ်နေရာတွင် ဖတ်ဖူးခဲ့မှန်းမသိသော အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ အမည်ရ ဝတ္ထုတိုလေးကို သတိရသွားပြီး ဒီခေါင်းစဉ်က သူမ၏ ဇာတ်လမ်းနှင့် အလွန်လိုက်ဖက်သည်ဟု ထင်သဖြင့် ခေတ္တငှားသုံးလိုက်ကာ ကလောင်အမည်ကိုတော့ သူမ၏ ဘလော့ဂ်နာမည်ဖြစ်သော ရှယ်ရီဝိုင် စမ်းသပ်ခန်း ဟု အလွယ်တကူ ပေးလိုက်သည်။

အရေးအသား ဒါမှမဟုတ် ဇာတ်လမ်းက လူတွေကို အံ့ဩလောက်အောင် ဆွဲဆောင်နိုင်လွန်း၍တော့ မဟုတ်ဘဲ ဇာတ်လမ်း၏ အဓိကဇာတ်ဆောင် Y ကောင်လေး ကို သူမ အမှန်တကယ် သိနေသောကြောင့် ဖြစ်သည်။

ရွှီနင်က ရှလီကို ဝေဖန်၏။

"ငါနဲ့ ရှောင်ရှောင်တို့ မျက်စိအောက်မှာ နှစ်နှစ်တိတိ တိတ်တခိုးလေး ကြိုက်နေခဲ့တာပဲ ဆရာမရှလီ ရှင်ကတော့ တကယ့်ကို အလုပ်ကြီးအကိုင်ကြီး လုပ်တဲ့သူပဲ"

နောက်ပိုင်းတွင် advertisement အကြီးတစ်ခုကို စတင်လုပ်ရပြီး ပြီးဆုံးသွားချိန်တွင်လည်း နှစ်သစ်ကူးကာလကိုရောက်လာပြန်ရာ ရှလီမှာ သေမလောက် အလုပ်များနေသဖြင့် စာမူကိစ္စကို လုံးဝ မေ့သွားခဲ့တော့သည်။

ရွှီနင်၏ official အကောင့်တွင်လည်း စာမူများ မပြတ်တမ်း ဝင်နေသဖြင့် တင်မည့်အချိန်ဇယားမှာ သုံးလနောက်ပိုင်းအထိပင် ပြည့်နေ၏။

ညရှစ်နာရီ ကျော်သွားပြီဖြစ်သော်လည်း ရုံးခန်းအဆောက်အအုံတစ်ခုလုံး မီးရောင်များ ထိန်လင်းနေဆဲပင် ဖြစ်သည်။

ရုံးခန်းထဲတွင် လူမရှိသော နေရာများ၌ မီးများပိတ်ထားသော်လည်း ကျွန်းငယ်လေးများကဲ့သို့အဖြူရောင်မီးရောင် အချို့ကျန်ရှိနေသေးရာ ၎င်းတို့မှာ သူမနှင့် ဘဝတူ အချိန်ပိုဆင်းနေရသူများပင် ဖြစ်၏။

အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေသော်လည်း ဧရာမ မှန်ပြတင်းပေါက်ကြီးများက ၎င်းတို့ကို တားဆီးထားကာ တိတ်ဆိတ်နေသော နေရာလေးထဲတွင် ကီးဘုတ် ရိုက်ခတ်သံတွေကိုသာ ရံဖန်ရံခါ ကြားနေရချေသည်။

ရွှီနင်ထံမှ ရုတ်တရက် မက်ဆေ့ခ်ျ ဝင်လာသည်။

"ရှရှ ပြီးခဲ့တဲ့တစ်ခေါက်က နင် ငါ့ကို ပေးဖတ်တဲ့ တစ်ဝက်တစ်ပျက် စာမူလေ နောက်ပိုင်း ဆက်ရေးဖို့ အစီအစဉ်ရှိသေးလား"

ရှလီက ပြန်စာပို့လိုက်၏။

"အခုတလော မအားဘူး"

ရွှီနင်က ထပ်ပို့လာသည်။

"ကျန်တာလည်း သိပ်မများတော့ဘူးမလား အချိန်လေးလုပြီး တစ်ထိုင်တည်း အပြီးရေးပေးပါလား အခုတလော အရည်အသွေးကောင်းတဲ့ စာမူတွေ လိုနေလို့ပါ"

ရှလီက ပြန်ပို့လိုက်သည်။

"စနေ တနင်္ဂနွေ အချိန်ရမလား ကြည့်လိုက်ဦးမယ်"

ရွှီနင်က မေးလာပြန်၏။

"ဒီနေ့လည်း အချိန်ပိုဆင်းရတာလား"

ရှလီက ဖြေလိုက်သည်။

"နယူးယောက်ဘက်က အလုပ်ဖော် အလုပ်ဆင်းလာတာကို စောင့်နေရလို့ အရမ်းနောက်ကျသွားရင် နင် အရင်အိပ်နှင့် ငါ့ကို မစောင့်နဲ့"

ရွှီနင်က ပို့လာချေသည်။

"ငါ ဒီည တစ်ညလုံး စာမူရေးရမှာ"

ရွှီနင်နှင့် စကားပြောပြီး ရှလီက ထရပ်ကာ ရေတစ်ခွက် သွားခပ်လိုက်သည်။

ကွန်ပျူတာရှေ့ကိုပြန်ထိုင်လိုက်ပြီး သူမက မနှစ်က ဆောင်းဦးရာသီတွင် ရွှီနင်ထံ ပို့ပေးခဲ့သော အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ ကို cloud storage ထဲမှ ရှာဖွေကာ ဖွင့်လိုက်၏။

ရေသောက်ရင်း မောက်စ်ကို ဆွဲကာ အမြန် တစ်ခေါက် ဖတ်ကြည့်လိုက်သည်။

မရေးရသေးသော အမှတ်တရစာတမ်း တွင် အလုပ်မများမီ နောက်ဆုံးရေးထားခဲ့သော စာပိုဒ်မှာ ဤသို့ဖြစ်၏။

'ချူချန်ကနေ နန်ချန် နန်ချန်ကနေ ပေချန် အဲဒီကနေတစ်ဆင့် လော့စ်အိန်ဂျလိစ်အထိပေါ့ နင့်အနားကို တိုးကပ်နိုင်ဖို့အတွက် ငါဟာ နေ့ရက်ပေါင်း သုံးထောင်နဲ့ ကီလိုမီတာ တစ်သောင်းကျော်ကို ဖြတ်သန်းခဲ့တယ် ဒါပေမဲ့ နင်သိဖို့မလိုပါဘူး ဘာလို့လဲဆိုတော့ ငါ နင့်ကို မေ့ပစ်တော့မှာမို့လို့ပဲ'

ရှလီက ထိုစဉ်က ဒီစာကို ရေးသားချိန်တွင် ဖြစ်ပေါ်ခဲ့သော မှော်ဝင်နေသည့် စိတ်ခံစားချက်ကို ပြန်တွေးမိပြီး ပြုံးလိုက်သည်။

အချိန်တွေ ပြောင်းလဲသွားပြီဖြစ်သော လက်ရှိစိတ်ခံစားချက်ဖြင့်ဆိုလျှင် ဒီဇာတ်လမ်းကို ဆက်၍ရေးနိုင်မည်မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိနေသည်။ သူမက စာကို ပိတ်လိုက်ပြီး အလုပ်ထဲကိုပြန်လည် အာရုံစိုက်လိုက်တော့သည်။

ညဆယ်နာရီခန့်တွင် ဆက်သွယ်ရေးဆော့ဖ်ဝဲမှ နယူးယောက်ဘက်ရှိ လည်ပတ်ရေးဌာနမှ အလုပ်ဖော် ဂျယ်ရီ အွန်လိုင်းတက်လာကြောင်း အသိပေးလာ၏။

နှစ်ဖက်စလုံးက နောက်လ marketing အချိန်ဇယားနှင့် ပတ်သက်၍ အကြိမ်ကြိမ် အချေအတင် ငြင်းခုံခဲ့ကြသော်လည်း အလုပ်တွင်ကျယ်မှု အလွန်နည်းပါးသဖြင့် အသံဖြင့် အစည်းအဝေးလုပ်ရန် ပြောင်းလဲလိုက်ကြသည်။

နာရီဝက်ကျော်ခန့် အော်ဟစ်ငြင်းခုံပြီးမှသာ သဘောတူညီမှု နည်းနည်း ရရှိသွားချေသည်။

ရှလီက မနက်ဖြန် မနက်စောစော လာပြီး ဒီနေ့ ဆွေးနွေးထားသော ရလဒ်တွေကို စာရွက်စာတမ်းအဖြစ် စုစည်းရန် ပြင်ဆင်လိုက်သည်။

ပစ္စည်းများ သိမ်းဆည်းကာ ပြန်ရန် ပြင်လိုက်၏။

ထိုအချိန်တွင် WeChat ၌ ရွှီနင်ထံမှ မက်ဆေ့ခ်ျအသစ် ဝင်လာသည်။

"ဆရာမရှလီ အလုပ်ကအပြန် Convenience Store ကနေ ထမင်းဘူးလေး တစ်ဘူးလောက် လမ်းကြုံ ဝယ်လာခဲ့ပေးလို့ ရမလား"

ရှလီက မေးလိုက်သည်။

"ဘာစားမလဲ"

ရွှီနင်က ပြန်ဖြေလာ၏။

"ရှိတာစားမယ် ဆရာမရှလီ သင့်တော်သလိုသာ လုပ်ခဲ့ပါတော့ စနေ တနင်္ဂနွေကျရင် အကင်ဝယ်ကျွေးမယ်"

ရှလီက အိတ်ကိုယူကာ ကတ်ဖတ်ပြီး ရုံးခန်းမှ ထွက်လာခဲ့၏။

_____

All Chapters