အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅)
ပေချန်တွင် သုံးနှစ်နီးပါး နေထိုင်ခဲ့သော်လည်း ရှလီမှာ ဒီနေရာ၏ ရာသီဥတုနှင့် သိပ်ပြီး အသားမကျသေးပေ။
နှစ်စဉ်နှစ်တိုင်း အမှန်တကယ် သက်သောင့်သက်သာရှိသည့် လများမှာ နည်းနည်းသာ ရှိပြီး ကျန်အချိန်များတွင် အလွန်ပူလွန်းခြင်း ဒါမှမဟုတ် အလွန်အေးလွန်းခြင်းများသာ ဖြစ်၏။ အထူးသဖြင့် ဆောင်းဦးနှင့် ဆောင်းရာသီများတွင် နိုဝင်ဘာလမှစ၍ နွေဦးရာသီ မတ်လအထိ ဆက်တိုက်အေးနေတတ်ပြီး အဆုံးအစမရှိအောင် ရှည်လျားလှသည်။
ရာသီဥတုက ခြောက်သွေ့အေးစက်နေရုံသာမက တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သော လျှပ်စစ်ဓာတ်လိုက်ခြင်း က သူမကို အလွန် စိတ်အနှောင့်အယှက်ဖြစ်စေ၏။ ယခု ဖေဖော်ဝါရီလ ကုန်လွန်သွားပြီဖြစ်သော်လည်း ရာသီဥတုက အေးစိမ့်နေဆဲပင် ဖြစ်သည်။
ညနက်ပိုင်း၏ အေးစက်သောလေများက ရှလီ၏ ဗိုက်ထဲကိုအပြည့်ဝင်သွားပြီး Convenience Store တံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် လက်ချောင်းလေး ဓာတ်လိုက်သွားပြန်သဖြင့် နည်းနည်း နာကျင်သွားရချေသည်။
ကြက်သားထမင်းဘူး တစ်ဘူးကို ယူကာ ငွေရှင်းပြီး မိုက်ခရိုဝေ့ဗ် ထဲကိုထည့်ကာ အချိန်ပြည့်ရန် စောင့်နေလိုက်သည်။
ဖုန်းထဲတွင် နယူးယောက်မှ အလုပ်ဖော် ဂျယ်ရီ က စာတိုများ အဆက်မပြတ် ပို့လာ၏။
ရှလီက တစ်ချက်ဝေ့ကြည့်လိုက်ရာ ခုနက ဖုန်းအစည်းအဝေးတွင် ဆွေးနွေးအတည်ပြုထားသော အကြောင်းအရာတစ်ခုကို ဂျယ်ရီ က ထပ်မံ၍ မေးခွန်းထုတ်လာခြင်း ဖြစ်သည်။
သူမက စာရိုက်ရန် စိတ်မရှည်တော့ဘဲ အသံဖြင့် ဖုန်းတိုက်ရိုက်ခေါ်လိုက်၏။ ဂျယ်ရီ စကားမစရသေးမီ ရှလီက အရင်ဦးအောင် အော်ပြောလိုက်သည်။
"ခုနက ဆွေးနွေးပွဲမှာ ကျွန်မတို့ သဘောတူညီမှု ရပြီးသားလေ အခုမှ ရှင့်ဘက်က တစ်ဖက်သတ် ပြောင်းလဲချင်နေတာက ဆွေးနွေးရတဲ့ အချိန်တွေကို အလဟဿ ဖြစ်စေရုံပဲ ရှိမယ် ကျွန်မဘက်က ရှင့်ရဲ့ မေးခွန်းထုတ်မှုတွေကို ထပ်ပြီး လက်မခံနိုင်တော့ဘူးလို့ပဲ ပြောပါရစေ ကျွန်မတို့တွေ အချိန်နဲ့ ခွန်အားတွေကို နောက်ဆက်တွဲ အကောင်အထည်ဖော်မယ့်အပိုင်းမှာပဲ သုံးသင့်တယ်လို့ ထင်တယ် ကျွန်မလုပ်တဲ့ပုံစံကို သဘောမတူဘူးဆိုရင် ကျွန်မအထက်လူကြီးဆီ တိုက်ရိုက် သွားတိုင်လို့ရပါတယ်"
ဂျယ်ရီ ဘက်မှ သဘောထားက ပျော့ပျောင်းသွားတော့သည်။
မိုက်ခရိုဝေ့ဗ် မှ ဒင် ကနဲ အသံထွက်လာ၏။
ရှလီက မိုက်ခရိုဝေ့ဗ် ကို ဖွင့်ကာ ထမင်းဘူးကို ထုတ်ယူလိုက်သည်။
နည်းနည်း ပူနေသဖြင့် သူမက ကောင်တာပေါ်တွင် ခေတ္တချထားလိုက်သည်။
သူမက ဂျယ်ရီ ၏ စကားကို ပြန်ဖြေရင်း အခြားပစ္စည်းများ ဝယ်ထားသော ပလတ်စတစ်အိတ်ကို ဆွဲယူကာ ဟိုဘက်ဒီဘက် ယိမ်းယိုင်နေသော အအေးပုလင်းတွေကို တည့်မတ်လိုက်ပြီး ထမင်းဘူးထည့်ရန် နေရာဖယ်ပေးလိုက်၏။
ထမင်းဘူးကို ယူရန် လှည့်လိုက်ချိန်တွင် အရှေ့ဘက်ကိုအမှတ်တမဲ့ အကြည့်ရောက်သွားသည်။
ပစ္စည်းတင်စင် နှစ်တန်းကြားရှိ လူသွားလမ်းအဆုံးတွင် ကန့်လန့်ဖြတ်ထားသော ရေခဲသေတ္တာအရှေ့၌ လူတစ်ယောက်က သူမအား ကြည့်နေသကဲ့သို့ပင်။
သူမ ရုတ်တရက် မော့ကြည့်လိုက်ပြီး ထိုနေရာတွင်ပင် ကြောင်အမ်းသွားတော့သည်။
ညနက်ပိုင်း Convenience Store ထဲတွင် ဆိုင်ဝန်ထမ်းမှလွဲ၍ သူမနှင့် မျက်နှာချင်းဆိုင်ရှိလူသာ ရှိ၏။
တိတ်ဆိတ်နေသော နေရာလေးထဲတွင် အေးစက်စက်အဖြူရောင် မီးရောင်က လူ၏အပေါ်ကိုကျရောက်နေပြီး နှင်းလွှာပါးပါးလေးတစ်လွှာ ဖုံးလွှမ်းသွားသကဲ့သို့ပင်။
မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံး နေရာမှ အေးစက်သော မြူနှင်းများ ထွက်လာသည်။
ရှည်လျားလှသော အချိန်ကာလများက သူမ၏ အသေးစိတ်ကွဲပြားမှုများအပေါ် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ပျောက်ကွယ်သွားစေခဲ့ပြီး သူဟာ မှတ်ဉာဏ်ထဲကထက် နည်းနည်း ပို၍ အရပ်ရှည်လာသည်ဟုသာ ခံစားရကာ ယခင်အတိုင်းပင် အရပ်ရှည်ပြီး သွယ်လျသော ကိုယ်လုံးလေးရှိနေဆဲဖြစ်ကာ အနက်ရောင် ဆွယ်တာပါးပါးလေးနှင့် ဆင်တူအရောင်ရှိသော ဘောင်းဘီရှည်ကို ဝတ်ထား၏။
အရင့်ရောင်များက သူ၏အသားအရည်ကို ပို၍ ဖြူဖွေးအေးစက်နေစေပြီး မျက်နှာသွင်ပြင်က ကလေးဆန်သော ဖြူစင်မှုမှ ကင်းကွာသွားကာ ပို၍ ပီပြင်ထင်ရှားပြီး နက်ရှိုင်းလာသဖြင့် နောက်ဆုံးတွင်တော့ အေးစက်ခန့်ညားသော ဟူသည့် ထက်မြက်သော စကားလုံးမျိုးဖြင့်ပင် ဖော်ပြနိုင်ပြီ ဖြစ်သည်။
သူမကို စိမ်းကားသွားသလို ခံစားရစေသည်မှာ သူ၏ အငွေ့အသက်များပင်။
သူက ပထမဆုံးကျသော နှင်းပွင့်လေး မဟုတ်တော့ဘဲ တစ်နှစ်ပတ်လုံး အရည်မပျော်သော ဆောင်းရာသီ၏ နှင်းထုကြီး ဖြစ်နေချေပြီ။
တစ်ချက်ကြည့်ရုံဖြင့် နှစ်ပေါင်းများစွာ အချိန်ကာလ၏ ရေခဲတိုက်စားမှုနှင့် နှင်းခဲပွတ်တိုက်မှုတွေကို တွေ့နိုင်သကဲ့သို့ပင်။
သူက ကမ္ဘာမြေ၏ အဆုံးသတ်ရှိ လူသူကင်းမဲ့သော နေရာတစ်ခုနှင့် တူ၏။
အလွန်အေးစက်လွန်းလှပြီး လှမ်းမမီနိုင်အောင် ဝေးကွာလွန်းနေသည်။
တကယ်တော့ မမှတ်မိရဲသည်ထက် လူမှားသွားမည်ကို ပို၍ ကြောက်ရွံ့မိခြင်းပင်။
ပေချန်ကိုခြေချကတည်းက နှစ်စဉ် ဆောင်းရာသီနှင့် နွေရာသီ ကျောင်းပိတ်ရက်များတိုင်းတွင် သူတို့ မမျှော်လင့်ဘဲ ဆုံတွေ့နိုင်မလားဟု သူမ တစ်ကြိမ်မက စိတ်ကူးယဉ်ဖူး၏။
လူများ သွားလာလှုပ်ရှားနေသော ကွင်းပြင်ရှေ့တွင် ပခုံးချင်းပွတ်တိုက်ရလောက်အောင် ကျပ်ညပ်နေသော မြေအောက်ရထားဘူတာရုံတွင် ဒါမှမဟုတ် လူသူကင်းမဲ့ တိတ်ဆိတ်နေသော စာကြည့်တိုက်တွင် သူတက်ခဲ့ဖူးသော အထက်တန်းကျောင်းဝင်းထဲတွင်...
တစ်ကြိမ်လေးမှ မရှိခဲ့ပေ။
ယခုအချိန်တွင် သူက လေထဲတွင် ပျောက်ကွယ်သွားသလိုလေထဲမှ ရုတ်တရက် ထွက်လာချိန်၌ သူမ၏ တစ်ခုတည်းသော အတွေးမှာ အဲဒါ သူပဲလား ဒါမှမဟုတ် လောကကြီးထဲက ရုပ်ရည်ဆင်တူတဲ့ အခြားသူစိမ်းတစ်ယောက်များလား ဟူ၍သာ။
ရှလီ ကြောင်အမ်းနေချိန်တွင် မျက်နှာချင်းဆိုင်မှ လူက ရေခဲသေတ္တာတံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး သူမဆီကိုတည့်တည့်မတ်မတ် လျှောက်လာခဲ့ချေသည်။
ဖုန်းတစ်ဖက်မှ ဂျယ်ရီ က တုံ့ပြန်သံ မကြားရသဖြင့် သံသယဖြင့် မေးခွန်းထုတ်လာ၏။
ရှလီက တောင်းပန်စကား ဆိုလိုက်သည်။
"ဆောရီး ခဏနေမှ ပြန်ခေါ်လိုက်မယ်"
သူမက ဖုန်းချသွားသော ဖုန်းလေးကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
အေးစက်သော အငွေ့အသက်က အနီးကပ်ကိုရောက်နေပြီဖြစ်ပြီး ရှလီက သူ၏ အရိပ်အောက်တွင် အသက်ရှူရပ်သွားကာ စကားမစရသေးမီ တစ်ဖက်လူက အရင်အသံထွက်လာ၏။
"မတွေ့ရတာ ကြာပြီနော်"
အသံ၏ မှတ်ဉာဏ်က ပို၍ ယုံကြည်စိတ်ချရပုံပေါ်သည်။
ဒီအေးစက်စက် အသံလေးက သူဟာ ယန့်စစ်ရှီ ဖြစ်ကြောင်း သူမကို အတည်ပြုပေးလိုက်၏။
ထိုစဉ်က ရွှီနင်သည် ရှလီ၏ မပြီးဆုံးသေးသော အမှတ်တရစာတမ်း ကို ဖတ်ပြီးသွားတော့ သူတို့နှစ်ယောက်က မေးခွန်းတစ်ခုကို ဆွေးနွေးခဲ့ကြဖူးသည်။ ရှလီက ရွှီနင်ကို မေးခဲ့၏။
"လူတစ်ယောက်က နောက်လူတစ်ယောက်ရဲ့ ဘဝထဲကနေ တကယ်ပဲ အပြီးအပိုင် ပျောက်ကွယ်သွားနိုင်သလား"
ရွှီနင်က ပြန်ဖြေခဲ့ချေသည်။
"နင် ကြည့်ကြည့်လေ ငါတို့ ကျောင်းပြီးတာ ခြောက်နှစ်ရှိပြီ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေထဲက နင် ဆက်သွယ်နေသေးတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ WeChat အဖွဲ့ထဲမှာတော့ ရှိကြပေမဲ့ နင်က အရင်စပြီး သွားဆက်သွယ်ဖြစ်ရဲ့လား"
ရှလီ တိတ်ဆိတ်သွားခဲ့၏။
ရွှီနင်က ထပ်ပြောသည်။
"ငါတို့နဲ့ လူတော်တော်များများရဲ့ အရင်တစ်ေခါက်ကဆုံခဲ့တာဆိုတာက နောက်ဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်သွားတတ်တယ် ဒါကမှ ဘဝရဲ့ အချိန်အများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်အခြေအနေပဲလေ"
ရှလီက ဖြေခဲ့ချေသည်။
"ငါ သိပါတယ် ငါ ရင်ထဲမှာ စွဲနေတာက နှုတ်တောင်မနှုတ်ဆက်လိုက်ရလို့လေ… ကဗျာတစ်ပုဒ်မှာ အစပိုင်းပဲ ရှိနေလို့ မရသလိုမျိုးပေါ့"
ဤကဲ့သို့သော စွဲလန်းမှုက သူမကို ရပ်တန့်နေသော အချိန်ကာလထဲတွင် ပိတ်လှောင်ထားပြီး အဆက်မပြတ် လည်ပတ်နေစေကာ ထိုဇာတ်လမ်း၏ နောက်ဆက်တွဲကို ရယူချင်နေမိစေသည်။
အကြောင်းအရာနှင့် မကိုက်ညီလျှင်တောင်မှ ပိုလျှံနေလျှင်တောင်မှ မကောင်းမွန်လှလျှင်တောင်မှ ရယူချင်နေမိသည်။
ရှည်လျားလှသော မေးခွန်းထုတ်မှုကြီးက နောက်ဆုံးတွင် အဖြေရသွားသလို ယခုအခိုက်အတန့်တွင် ရှလီက သူမရှေ့ရှိ လူ၏ ရင်းနှီးမှုနှင့် စိမ်းကားမှုများ ရောယှက်နေသော မျက်နှာသွင်ပြင်ကို ကြည့်ရင်း လုံးလုံးလျားလျား လွတ်မြောက်သွားသော ခံစားချက်တစ်မျိုးကို အံ့အားသင့်ဖွယ် ခံစားလိုက်ရ၏။
သူမ၏ တစ်ကိုယ်လုံးတွင် ကျရောက်နေသော ကမ္ဘာပျက်မည့်နေ့က မီးတောင်ပြာများ တစ်ခဏချင်းအတွင်း လွင့်စဉ်ပျောက်ကွယ်သွားသကဲ့သို့ပင်။
သူမ၏ နာရီလေးမှာ အချိန်မှန်သွားချေပြီ။
ယခုအချိန်သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ဖြစ်ပြီး မီးပုံးပွဲတော် ပြီးခါစဖြစ်ရာ လေက အေးစက်နေဆဲပင်။
ပေချန်၏ နွေဦးရာသီ ရောက်ရန် အချိန်နည်းနည်း လိုသေး၏။
ရှလီက ပြုံးကာ ပွင့်လင်းရဲရင့်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"ယန့်စစ်ရှီလား မတွေ့ရတာ ကြာပြီနော်"
______