← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉)

သူက အနက်ရောင် ကုတ်အင်္ကျီအရှည်ကို ဝတ်ထားပြီး ထိုဒီဇိုင်းက သူ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြိုးကြာငှက်တစ်ကောင်ကဲ့သို့မတ်မတ်ရပ်နေစေကာ အလွန်တရာ ရှင်းလင်းပြတ်သားသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

နွေဦးအစ မွန်းလွဲပိုင်း၏ ကောင်းကင်အရောင်က ရေထဲတွင် မှင်သွေးထားသလိုမီးခိုးရောင်သန်းနေပြီး သူ၏ ပေါ်ပေါက်လာမှုက လူများ၏ မျက်လုံးကို မလင်းလက်သွားစေရန် ခက်ခဲလှ၏။

ယန့်စစ်ရှီက ရပ်တန့်သွားပြီး သူမကို မြင်သွားကာ နှုတ်ဆက်ရင်း အနားကိုလျှောက်လာခဲ့သည်။

"ကော်ဖီလာဝယ်တာလား" ရှလီက ပြုံး၍ မေးလိုက်သည်။

"အင်း"

ယန့်စစ်ရှီက ရှလီကို တစ်ချက်ကြည့်လိုက်သည်။ သူမက မနေ့က ဝတ်ခဲ့သော ကုတ်အင်္ကျီကိုပင် ဝတ်ထားဆဲဖြစ်သော်လည်း အတွင်းခံကိုတော့ အဖြူရောင် ဆွယ်တာအင်္ကျီအဖြစ် ပြောင်းလဲဝတ်ထားပြီး အသားအရည်နှင့် လိုက်ဖက်ကာ နှင်းများ အရည်ပျော်ကျနေသလိုဖြူဖွေးတောက်ပနေ၏။

လူစောင့်နေတာလားဟု သူ မမေးရသေးမီမှာပင် နောက်ဘက်ရှိ မှန်တံခါးကို တစ်စုံတစ်ယောက်က ဆွဲဖွင့်လိုက်ပြီး အမျိုးသားတစ်ဦး ထွက်လာခဲ့ချေသည်။ သူ၏ လက်ထဲတွင် စတားဘတ်စ်၏ ဈေးဝယ်အိတ်တစ်လုံးကို ကိုင်ထား၏။

ရှလီက လှည့်ကြည့်လိုက်သည်။

စုန့်ချောင်အန်းက အနားကိုလျှောက်လာကာ ရှလီလက်ထဲရှိ သူ၏ကော်ဖီခွက်ကို လှမ်းယူလိုက်ပြီး ယန့်စစ်ရှီကို ကြည့်ကာ ပြုံး၍ မေးလာသည်။

"သူက ဘယ်သူလဲ"

"ငါ့ရဲ့ အထက်တန်းကျောင်းက ကျောင်းသားဟောင်းလေ" ရှလီက ယန့်စစ်ရှီကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူက စိတ်ဝင်စားပုံမရဘူးဟု ထင်သဖြင့် စုန့်ချောင်အန်းအကြောင်းကို သူ့အား မမိတ်ဆက်ပေးတော့ချေ။

"တွေ့ရတာ ဝမ်းသာပါတယ်" စုန့်ချောင်အန်းက ယန့်စစ်ရှီကို အကဲခတ်ကြည့်ရင်း ပြုံး၍ မေးလိုက်၏။ "ပန်းခြံထဲမှာပဲ အလုပ်လုပ်တာလား"

"အင်း"

ယန့်စစ်ရှီက အစအဆုံး အေးစက်စက် မျက်နှာထားဖြင့်သာ ရှိနေချေသည်။

ရှလီမှာ အလွန်အမင်း ချမ်းလာသဖြင့် လက်ဆန့်ကာ ကုတ်အင်္ကျီကို လုံအောင်ပတ်လိုက်ပြီး ယန့်စစ်ရှီကို ပြုံး၍ ပြောလိုက်သည်။

"ငါ အပေါ်ကို အရင်တက်သွားလိုက်ဦးမယ် အလုပ်ဆက်လုပ်ရဦးမှာမို့"

ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်၏။

ယန့်စစ်ရှီက တံခါးဝကိုလျှောက်သွားကာ တံခါးကိုဆွဲဖွင့်၍ အထဲကိုဝင်သွားပြီး နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။

ထိုအမျိုးသားက စတားဘတ်စ်အိတ်ကို ရှလီ၏ လွတ်နေသော လက်ထဲကိုကမ်းပေးလိုက်သည်ကို မြင်လိုက်ရသည်။

ရှလီက မေးလိုက်သည်။

"ဒါက ဘာလဲ"

"နင် ခုနက အဲဒီခွက်ကို ကြည့်နေတာ မဟုတ်ဘူးလား နင် သဘောကျနေပုံရလို့လေ"

"...ငါက ဒီအတိုင်း ငေးကြည့်နေရုံပါ"

"ဝယ်ပြီးသွားပြီဆိုတော့ ပြန်ပေးလို့မရတော့ဘူးလေ"

"ပြန်ပေးလို့ရတာပဲကို"

"ပြန်မပေးချင်တော့ဘူး ဒါမှမဟုတ်ရင်လည်း လွှင့်ပစ်လိုက်လေ..."

နောက်ပိုင်းကို ယန့်စစ်ရှီ ဆက်နားမထောင်တော့ဘဲ လက်ကို လွှတ်လိုက်ရာ မှန်တံခါးက သူ၏အနောက်တွင် ပိတ်သွားလေတော့သည်။

ရုံးခန်းကိုပြန်ရောက်တော့ ရှလီက ခွက်အတွက် ငွေကို စုန့်ချောင်အန်းထံ လွှဲပေးလိုက်ပြီး မယူမနေရဟု အတင်းပြောလိုက်၏။ မဟုတ်လျှင် Ali မှတစ်ဆင့် တိုက်ရိုက် လွှဲပေးမည်ဟု ပြောလိုက်သည်။

စုန့်ချောင်အန်းမှာ အလွန်အမင်း ပြောစရာမဲ့သွားတော့သည်။

ရှလီက ထိုခွက်ကို ထုတ်ယူကာ ကွန်ပျူတာဘေးတွင် တင်ထားလိုက်သည်။

ကြည့်ရတာ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်လာချေ၏။

လှလည်းမလှဘဲ အလဟဿ ပိုက်ဆံကုန်သွားရသည်။

ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ ဝီချက် အိုင်ကွန်လေး လင်းလက်သွား၏။

ရှလီ နှိပ်ကြည့်လိုက်ရာ ယန့်စစ်ရှီထံမှ ပို့လာခြင်း ဖြစ်သည်။

ဒါက ဝီချက်ပေါ်တွင် သူတို့၏ ပထမဆုံး စာတိုလေးပင် ဖြစ်၏။

YAN - [နင့်ရဲ့ ရည်းစား ပေးလိုက်တဲ့ခွက်က ဘယ်ဒီဇိုင်းလဲ]

YAN - [လက်ဆောင်ပေးဖို့ rec အနေနဲ့ ယူမလို့ပါ]

SHERRY - [ရည်းစား မဟုတ်ပါဘူး (ငိုရမလို ရယ်ရမလို) ငါ့ရဲ့ အထက်လူကြီးပါ]

SHERRY - [နင်က ရည်းစားကို ပေးမလို့လား မပေးဖို့ အကြံပြုချင်တယ် တော်တော်လေး အရုပ်ဆိုးတယ်]

YAN - [လုပ်ဖော်ကိုင်ဖက်ကို ပေးမလို့]

SHERRY - [ဒါဆို နင် တစ်ပတ်ရစ် ဝယ်မလား အသစ်စက်စက် အနာအဆာကင်းတယ် ပြေစာနဲ့ အိတ်တွေလည်း အကုန်ရှိတယ်]

SHERRY - [နောက်တာ နောက်တာ ]

SHERRY - [တကယ် အရုပ်ဆိုးတယ် နင် တခြားတစ်ခုခု ပြောင်းပေးလိုက်လေ]

ပိုပြီး ယုံကြည်လာစေရန်အတွက် ရှလီက ဓာတ်ပုံတစ်ပုံ ရိုက်၍ ပို့ပေးလိုက်၏။

YAN - [...]

SHERRY - [ဒီတစ်ခေါက် နင့်အတွက် ပိုက်ဆံချွေတာပေးလိုက်ပြီ မြန်မြန် ငါ့ကို ကျေးဇူးတင်လိုက်တော့]

YAN - [ကျေးဇူးပဲ]

ရှလီက စက္ကန့်နည်းနည်းခန့် စဉ်းစားကြည့်သော်လည်း ဘာဆက်ပို့ရမှန်း မသိတော့သဖြင့် ဆက်မပို့တော့ချေ။

နောက်ရက်နည်းနည်းတွင် ရှလီမှာ အလုပ်များလွန်းသဖြင့် ခေါင်းမဖော်နိုင်အောင် ဖြစ်နေ၏။ စုန့်ချောင်အန်း၏ ဆန္ဒအရ အစီအစဉ်သစ်တစ်ခုကို ရေးဆွဲပြီး အစည်းအဝေးတွင် အတည်ပြုပြီး ဂျယ်ရီနှင့် ညှိနှိုင်းကာ ဌာနတစ်ခုပြီးတစ်ခု ဆက်သွယ်အကောင်အထည်ဖော်ရသည်။

ဒီတစ်ခေါက် အမှတ်တံဆိပ် ကြော်ငြာလှုပ်ရှားမှုကို အမေရိကန်ဘက်ရှိ Market Dep. နှင့် ပူးပေါင်းလုပ်ခြင်းဖြစ်ပြီး ကုမ္ပဏီက မနှစ်က ဆောင်းဦးရာသီတွင် ထုတ်လုပ်ခဲ့သော အားကစားကင်မရာ အဆင့်မြင့်မော်ဒယ်၏ 'အချိန်မရွေး နေရာမရွေး၊ အကန့်အသတ်မရှိ' ဟူသော ရပ်တည်ချက်ကို ပိုမိုထင်ရှားအောင် ကြော်ငြာရန် ရည်ရွယ်ထား၏။

Marketing မှာ အားကစားအချိုရည် အမှတ်တံဆိပ်တစ်ခုနှင့် ပူးပေါင်းကာ အားကစားသမားများ၏ အဓိက လက်ကိုင်ကင်မရာအဖြစ် ယခုနှစ် အစွန်းရောက်အားကစား စိန်ခေါ်မှုပြိုင်ပွဲများတွင် တစ်ချိန်လုံး ပါဝင်၍ မှတ်တမ်းတင်ပေးရန် ဖြစ်သည်။

ဒါက ယခုနှစ် ပထမနှစ်ဝက်အတွက် အဓိက စီမံကိန်းဖြစ်ပြီး သူမ၏ KPI နှင့် နှစ်ဆုံးဆုကြေးတို့နှင့် တိုက်ရိုက် သက်ဆိုင်နေ၏။

သောကြာနေ့ညအထိ အလုပ်များနေခဲ့သည်။

ပါဆယ်မှာထားသော အစားအသောက်တွေကို စားပြီး ရှလီက ရေနွေးခန်းသို့သွားကာ လက်ဖက်ရည်ပူပူတစ်ခွက် ဖျော်ပြီး အလုပ်ခွင်ကိုပြန်လာကာ အလုပ်ဆက်လုပ်နေလိုက်ချေသည်။

ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ဝီချက် မက်ဆေ့ချ်အသစ် ဝင်နေသည်ကို တွေ့လိုက်ရ၏။

ယန့်စစ်ရှီထံမှ ပို့လာခြင်း ဖြစ်သည်။

YAN - [တနင်္ဂနွေနေ့ အချိန်ပိုဆင်းရလား]

YAN - [ပွဲလေးတစ်ခုရှိလို့ အချိန်ရှိရင် လာခဲ့လေ]

တနင်္ဂနွေနေ့။

ရှလီက ပြက္ခဒိန်ကို ဖွင့်ကြည့်လိုက်ပြီး နည်းနည်း ကြောင်အမ်းသွား၏။

တနင်္ဂနွေနေ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဖြစ်သည်။

SHERRY - [တနင်္ဂနွေနေ့ညလား]

YAN - [အင်း]

SHERRY - [ဒါဆိုရင် ငါ အိုကေတယ်]

YAN - [ရွှီနင်ကိုပါ ခေါ်ခဲ့လို့ရတယ်]

SHERRY - [အကုန်လုံး နင့်ဘက်က သူငယ်ချင်းတွေပဲမလား သူ လာဖြစ်မှာမဟုတ်ဘူး သူက လူစိမ်းတွေ အရမ်းများတဲ့နေရာတွေကို သိပ်မကြိုက်လို့]

YAN - [တနင်္ဂနွေနေ့ ည ၇ နာရီ ငါ လာကြိုမယ်]

/

စုဆုံပွဲကို ဝမ်ရှူပိုင်က ယန့်စစ်ရှီအတွက် သူ့သဘောနှင့်သူ စီစဉ်ပေးခြင်း ဖြစ်၏။

အစပိုင်းတွင် ဝမ်ရှူပိုင် အကြံပြုလာတော့ ယန့်စစ်ရှီက လက်မခံခဲ့ချေ။ ဝမ်ရှူပိုင်ကလည်း မအံ့သြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူက ငယ်စဉ်ကတည်းက လူစည်ကားသည်ကို နှစ်သက်သော စရိုက်မျိုး မရှိခဲ့သောကြောင့် ဖြစ်သည်။ ဒီနှစ်များအတွင်း ဖြတ်သန်းပြီးတွင် အထူးသဖြင့် ပို၍ပင် အထီးကျန်ဆန်လာခဲ့ချေသည်။

သို့သော် နေ့ဝက်ခန့်အကြာတွင် ယန့်စစ်ရှီက သူ့ထံ မက်ဆေ့ချ်ပို့လာပြီး စိတ်ကူးပြောင်းသွားကြောင်း ပြောလာခဲ့သည်။

ဘာကြောင့်လဲဟု မေးတော့ ပေချန်တွင် သူငယ်ချင်းဟောင်းများစွာ ရှိနေသဖြင့် တွေ့လိုက်ရလျှင်လည်း ကောင်းမည်ဟု ဖြေ၏။

ဝမ်ရှူပိုင်က အမြဲလိုလို သူတို့အသိုင်းအဝိုင်းထဲတွင် အဓိကကျသောသူ ဖြစ်ရာ သူခေါ်လိုက်သည်နှင့် လူတိုင်းက ချက်ချင်း တုံ့ပြန်လာကြသည်။

တချို့သူများက ယန့်စစ်ရှီ နိုင်ငံတွင်း ပြန်ရောက်နေမှန်း မသိကြသေးဘဲ သတင်းကြားသည်နှင့် အားလုံးက လာကြည့်ချင်ကြ၏။

သို့သော် ဝမ်ရှူပိုင်က ပါဝင်မည့်သူ အရေအတွက်ကို တမင်တကာ ရွေးချယ်စိစစ်ခဲ့သည်။ ယန့်စစ်ရှီ၏ စရိုက်အရ လူတစ်ရာကျော်ပါသော ပါတီပွဲကြီး လုပ်ပေးလိုက်လျှင် ချက်ချင်း လှည့်ထွက်သွားမှာလေ။

နောက်ဆုံးတွင် အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ကာ ငယ်ငယ်ကတည်းက ပေါင်းသင်းလာခဲ့သော သူငယ်ချင်းဟောင်း ခုနစ်ယောက် ရှစ်ယောက်ခန့်သာ ကျန်တော့၏။

တနင်္ဂနွေနေ့တွင် ယန့်စစ်ရှီက တိုက်ခန်းမှ ထွက်လာပြီး ရှလီ၏ နေအိမ်ကိုကားမောင်း၍ သွားကြိုသည်။

ချိန်းထားသောအချိန်ကိုရောက်တော့ ဝီချက်မှ မက်ဆေ့ချ်ဝင်လာပြီး သူမက လုပ်ဖော်ကိုင်ဖက်နှင့် အလုပ်တစ်ခု ညှိနှိုင်းရမည်ဖြစ်၍ နောက်ထပ် ဆယ်မိနစ်ခန့် စောင့်ပေးရန် အားနာစွာဖြင့် ပြောလာခဲ့ချေသည်။

ကားက အချက်ပြမီးများ ဖွင့်ထားကာ လမ်းဘေးတွင် ရပ်ထားပြီး သစ်ကိုင်းများ၏ အရိပ်များက ကားရှေ့မှန်ပေါ်ကိုကျရောက်နေ၏။

ယန့်စစ်ရှီက မှောင်ရီပျိုးနေသော ကားခန်းထဲတွင် ထိုင်နေပြီး လက်မောင်းတစ်ဖက်ကို စတီယာရင်ပေါ် တင်ထားကာ လက်ကောက်ဝတ်ရှိ နာရီကို တစ်ခါတစ်ရံ ကြည့်နေမိသည်။

သူက အလောတကြီး မဖြစ်နေဘဲ သည်းခံနိုင်စွမ်း အပြည့်ရှိနေချေသည်။

ဆယ့်ငါးမိနစ် ကုန်လွန်သွားချိန်တွင် အိမ်ရာတံခါးဝမှ ကမန်းကတန်း ပြေးလာသော လူရိပ်တစ်ခု ပေါ်လာခဲ့၏။

ယန့်စစ်ရှီက ကားပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေပြီး သူ၏အကြည့်များက သူမ၏ ပုံရိပ်နောက်ကိုကားဘေးရောက်သည်အထိ လိုက်ပါသွားခဲ့သည်။

ယာဉ်မောင်းဘေးခုံ တံခါး ပွင့်သွားပြီး သူမက ခါးကိုကိုင်း၍ ကားပေါ်တက်လာကာ တောင်းပန်စကား ဆိုလာ၏။

"ဆောရီး ဆောရီး အကြာကြီး စောင့်လိုက်ရပြီ"

သူမ၏ အသံတွင် ပြေးလာခဲ့ရသဖြင့် နည်းနည်း မောဟိုက်နေသော လေပြွန်သံ ပါနေချေသည်။

ယန့်စစ်ရှီက ပြန်ဖြေလိုက်သည်။

"ရပါတယ် သိပ်မစောင့်လိုက်ရဘူး"

သူမ ဝင်လာသည့် အခိုက်အတန့်တွင် ကားခန်းတစ်ခုလုံး၌ စိုစွတ်ပြီး လတ်ဆတ်သော ရနံ့လေး ပြန့်နှံ့သွားသည်ကို ယန့်စစ်ရှီ ရှူရှိုက်မိလိုက်၏။ လက်ဖက်ခြောက်ရနံ့ ခပ်ခါးခါးလေးနှင့် ရှောက်သီးရနံ့တစ်မျိုး ရောနှောနေသကဲ့သို့ပင်။

မော့ကြည့်လိုက်တော့ သူမ၏ ဆံပင်များက နည်းနည်း စိုစွတ်နေပြီး ခေါင်းလျှော်ထားပုံရသော်လည်း လုံးဝခြောက်အောင် မှုတ်မလာခဲ့ကြောင်း တွေ့လိုက်ရသည်။

သူမက ကုလားအုတ်ရောင်ဖျော့ဖျော့ ကုတ်အင်္ကျီကို ဝတ်ထားပြီး ယခင်နှစ်ကြိမ် တွေ့ခဲ့သလိုပင် မိတ်ကပ်ပါးပါးလေးသာ လိမ်းထားကာ တမင်တကာ အလှပြင်မထားခဲ့ချေ။

တောင်အရိပ်အောက်မှ နွေရာသီနေ့ရက်များတွင် ကြွေပန်းကန်လုံးအဖြူလေးထဲမှ ရေကြည်များတွင် စိမ်ထားသော မက်မွန်သီးစိမ်းလေးတစ်လုံးလိုပင် သန့်စင်ကြည်လင်စွာ လှပနေ၏။

ထိုင်ခုံတွင် ဝင်ထိုင်ပြီး ရှလီက လက်ထဲတွင် ကိုင်ထားသော အနက်ရောင် လက်ဆောင်အိတ်အသေးလေးကို သူ့ထံ ကမ်းပေးလိုက်သည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ"

______

All Chapters