အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃)
နတ်ဘုရားဆေးစွမ်းကောင်း ပထမဆုံးအကြိမ် ဖော်စပ်အောင်မြင်ခြင်း
ဤတစ်ကြိမ်တွင် စုမေနျန်သည် သူမ၏ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့လေသည်။
ကြွေထည်ခွက်တိုင်းကို ပြင်းထန်သော အရက်ထဲတွင် စိမ်ထားပြီးနောက် မီးပြင်းပြင်းဖြင့် အကြိမ်ကြိမ် ပေါင်းခံ ခဲ့လေ၏။ လေထုထဲရှိ မကောင်းဆိုးဝါးများနှင့် ကင်းဝေးစေရန်အတွက် အဆင့်တိုင်းကို သေချာစေရင်း ဖန်းဟန် က ပျိုးထောင်ရေးအရည် ပြင်ဆင်မှုကို ကိုယ်တိုင် ကြီးကြပ်ပေးခဲ့ပေသည်။
ကောင်းကင်ယံသည် အလင်းရောင် စတင်သန်းလာပြီ ဖြစ်ချေသည်။
သူတို့ တစ်ညလုံး မမောမပန်း အလုပ်လုပ်ခဲ့ကြသော ဓာတ်ခွဲခန်းအတွင်းသို့ အရုဏ်ဦး၏ ပထမဆုံး နေရောင် ခြည်တန်းများ ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာချိန်တွင် အပြစ်အနာအဆာကင်းစင်ပြီး သန့်စင်သော အပြာ ရောင်သန်းသည့် အစိမ်းရောင် မှိုမျှင်လွှာလေးသည် ဖန်ခွက်ပြားအသစ်ထဲ၌ နောက်ဆုံးတွင် ပေါက်ဖွားလာခဲ့လေ ပြီဖြစ်ချေ၏။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အလွန် အမင်း ဝမ်းသာအားရဖြစ်မှုများကို မြင်တွေ့လိုက်ကြရပေသည်။
အနားမယူတော့ဘဲ သူတို့သည် အရေးအကြီးဆုံးအဆင့်ဖြစ်သော ထုတ်ယူခြင်းလုပ်ငန်းစဉ်ကို ချက်ချင်း စတင် လိုက်ကြလေသည်။
ဆေးနံ့နှင့် ကစော်ဖောက်ထားသော မှိုနံ့တို့ ရောနှောနေသည့် ထူးခြားသော ရနံ့တစ်ခုက လေထုထဲတွင် ပျံ့နှံ့သွား ခဲ့လေ၏။ စုမေနျန် ကိုယ်တိုင် ပြုလုပ်ထားသော ယာယီပေါင်းခံစက်မှ နောက်ကျိကျိနှင့် အဝါရောင်သန်းနေသော အညိုနုရောင် အရည်တစ်ပုလင်းကို တစ်စက်ချင်းစီ အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပေသည်။
၎င်းသည် သာမန်ရုပ်ဆင်းသဏ္ဌာန်ရှိပြီး အနည်းငယ် ရွံရှာဖွယ်ပင် ကောင်းနေလေသည်။
သို့သော် ဤအရာထဲတွင် ယခုအချိန်၌ သူ အလိုအပ်ဆုံးဖြစ်သော ပင်နီဆလင်များ ပါဝင်နေကြောင်း ဖန်းဟန် သိရှိ ထားပေသည်၊ အကြမ်းဖျင်းဖြစ်သော်လည်း ပြင်းအားမှာမူ လုံးဝ လုံလောက်မှုရှိပေသည်။
“ကျွန်မတို့ လုပ်နိုင်ခဲ့ပြီ...၊ သခင်ကြီး... ကျွန်မတို့ လုပ်နိုင်ခဲ့ပြီ...”
အသက်ကယ်ဆေး တစ်ဝက်ခန့်ရှိသော ပုလင်းကို ကြည့်ရင်း စုမေနျန်သည် ဆက်၍ မတောင့်ခံနိုင်တော့ချေ။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ အားပျော့သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားခဲ့လေသည်။ သူမသည် ဝမ်းသာမျက်ရည်များ စီးကျလျက် ဖန်းဟန်ကို စိုက်ကြည့်နေခဲ့၏။ ဖိအားများ၊ ပင်ပန်းနွမ်းနယ်မှုများနှင့် စိုးရိမ် ပူပန်မှုများ အားလုံးသည် မျက်ရည်ပေါက်များနှင့်အတူ ပျောက်ကွယ်သွားခဲ့ပေသည်။
ဖန်းဟန်သည် ထိုအံ့ဖွယ်ဆေးစွမ်းကောင်းပုလင်းကို ဂရုတစိုက် ဖယ်ရှားလိုက်ပြီး သူ၏ စိတ်ဆန္ဒတစ်ခုဖြင့် ခေတ်သစ်ကမ္ဘာတွင် သာမန်သာဖြစ်သော်လည်း ဤအချိန်၌ နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ ဖြစ်နေသော ဖန်ဆေးထိုးအပ်တစ်ခုသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့လေ၏။
သူသည် အဝါရောင်အရည်များကို ဆေးထိုးအပ်ထဲသို့ အမြန်ပြည့်အောင် စုပ်ယူလိုက်ပြီး ဝမ်းသာလုံးဆို့နေသော စုမေနျန်ကိုပင် နှစ်သိမ့်မနေတော့ဘဲ လှည့်ကာ အပြင်သို့ အလျင်စလို ပြေးထွက်သွားခဲ့လေသည်။
အချိန်...၊ သူ့အတွက် အချိန် လိုအပ်နေပေသည်။
*မေအာ... တောင့်ခံထားပါ...၊ ကိုယ် မင်းကို လာကယ်နေပြီ...*
သို့သော် အဆုံးအစမရှိသော စိတ်အားထက်သန်မှု၊ မျှော်လင့်ချက်များဖြင့် ဓာတ်ခွဲခန်းတံခါးကို တွန်းဖွင့်လိုက် သောအခါ သူ့ကို ကြိုဆိုနေသည်မှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေခြင်းမျိုး မဟုတ်ဘဲ သူသာန်တစပြင် ကဲ့သို့ တိတ်ဆိတ်မှုနှင့် လွှမ်းမိုးနေသော ဝမ်းနည်းပူဆွေးမှုများသာ ဖြစ်နေချေသည်။
“ဒိုင်း...”
ဖန်းဟန်၏ နှလုံးသားမှာ ရုတ်တရက် ကျဆင်းသွားခဲ့လေ၏။
လျူရူမေ၏ အခန်းအပြင်ဘက်တွင် ပိုင်ကျီရို၊ ပိုင်ရွှီကျန်း၊ နန်ကုန်းယွင်ရှုတို့ အားလုံးသည် အသက်မဲ့နေသကဲ့သို့ မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး သူတို့၏ ငိုကြွေးသံများကို မျှော်လင့်ချက်မဲ့ကာ တိတ်ဆိတ်သော ရှိုက်သံ များအဖြစ်သာ မျိုသိပ်ထားကြလေသည်။
လေထုထဲတွင် မီးရှို့ထားသော ငွေစက္ကူများ၏ အနံ့များဖြင့် ပြည့်နှက်နေခဲ့ပေသည်။
“အရှင်... သခင်ကြီး...”
လူအုပ်၏ ရှေ့ဆုံးတွင်ရှိနေသော ဆံပင်ဖြူများနှင့် သက်ကြီးသမားတော်သည် တုန်ယင်နေသော လက်များဖြင့် လူအုပ်ထဲမှ ထွက်လာခဲ့လေသည်။ ဖန်းဟန်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီး ဝမ်းနည်းပူဆွေးမှုများနှင့် သေမင်းအရိပ်အယောင်များ ပြည့်နှက်နေသော မျက်နှာဖြင့် သူ့ အား လေးလေးနက်နက် ဦးညွှတ်လိုက်လေ၏။
“သခင်ကြီး... ကျွန်တော်မျိုးရဲ့ အရည်အချင်းညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးတော်မူပါ...”
သမားတော်အိုကြီး၏ အသံမှာ အက်ကွဲကာ မျှော်လင့်ချက် ကင်းမဲ့နေပြီး စကားလုံးတိုင်းသည် ဖန်းဟန်၏ နှလုံးသားကို ရိုက်ခတ်နေသော သံတူရွင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။
“တတိယသခင်မရဲ့ သွေးခုန်နှုန်းက... သခင်ကြီး တံခါးကို မဖွင့်ခင်လေးတင်ပဲ... လုံးဝ... ပျောက်ကွယ်သွား ခဲ့ပါပြီ...”
“သခင်ကြီး... သခင်ကြီးအနေနဲ့... ဈာပနအတွက် ပြင်ဆင်သင့်ပါတယ်...”
ထိုစကားများကို ကြားလိုက်ရသောအခါ ဖန်းဟန်သည် လောကကြီး၏ အသံများအားလုံး ပျောက်ကွယ်သွားကာ နားထဲတွင် သူ၏ နှလုံးခုန်သံများသာ မိုးကြိုးပမာ ဆူညံနေတော့သကဲ့သို့ ရုတ်တရက် အမှောင်ထုကြီး လွှမ်းမိုး သွားသည်ကို ခံစားလိုက်ရလေ၏။
အချိန်နှောင်းသွားခဲ့ပြီဖြစ်ပေသည်။
သူသည် သေမင်းနှင့် အပြိုင် တစ်ညလုံး သူ၏ အရာအားလုံးကို ပေးဆပ်ကာ ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး တွင်... နောက်ဆုံးအတားအဆီး၌ သူ ကျရှုံးသွားခဲ့ရသည်ပင် ဖြစ်လေသည်။
နောက်ဆုံးစက္ကန့်လေးတွင်မှ ငရဲမင်းကြီးက တံခါးလာခေါက်သွားခဲ့ခြင်း ဖြစ်ပေသည်။
ဖန်းဟန်၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်သွားကာ သေလူတစ်ယောက်ကဲ့သို့ ဖြူရော်သွားခဲ့လေ၏။ လောကကြီးတစ်ခုလုံး သူ၏ပတ်လည်တွင် လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရပြီး ကြီးမားလှသော ပင်ပန်းနွမ်း နယ်မှုများနှင့် အဆုံးအစမရှိသော အမှောင်ထုကြီးက သူ့ကို မျိုချတော့မည့်အလား ဖြစ်နေပေသည်။
မျှော်လင့်ချက်များ အားလုံး စုစည်းထားခဲ့သော သူ၏ လက်ထဲရှိ အဝါရောင်အရည်ပုလင်းငယ်ကို ငုံ့ကြည့်လိုက် ပြီးနောက် တံခါးအတွင်းမှ ဂူသင်္ချိုင်းတစ်ခုကဲ့သို့သော တိတ်ဆိတ်မှုကို သူ ကြည့်လိုက်လေသည်။
ကောင်းကင်ဘုံကိုပင် အံတုဝံ့သော ရူးသွပ်မှုနှင့် နာကြည်းမှုလှိုင်းလုံးကြီးတစ်ခုက သူ၏ မျက်လုံးများ၏ အနက် ရှိုင်းဆုံးနေရာမှ ပေါက်ကွဲ ထွက်လာခဲ့လေသည်။
“ငါ့ရှေ့က ဖယ်ကြစမ်း...”
ဖန်းဟန်သည် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ လမ်းကို ပိတ်ဆို့နေသော သမားတော်အို ကြီးကို ဘေးသို့ တွန်းဖယ်လိုက်ရာ သူ၏ သွေးရောင်လွှမ်းနေသော မျက်လုံးများထဲတွင် ကံကြမ္မာကို အံတုမည့် ရူးသွပ်မှုများက တောက်ပနေခဲ့လေသည်။
“သူမ ဘာမှမဖြစ်ဘူးလို့ ငါ ပြောထားတယ်လေ...၊ ဘယ်သူမှ မငိုကြနဲ့...”
သူသည် ဆေးထိုးအပ်ကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ ကြမ်းတမ်းသော မျက်နှာအမူ အရာမှာ ကောင်းကင်ကြီးကိုပင် အပေါက်ဖောက်ချင်နေသည့်အလား ထင်မှတ်ရပေသည်။
“ငရဲမင်းကြီးက လူတစ်ယောက်ကို ခေါ်သွားချင်ရင်တောင် သူ့လက်ထဲကနေ ငါ ပြန်လုယူပြမယ်...”