အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈)
အိမ်တွင်းသို့ ဝံပုလွေကို ဖိတ်ခေါ်ခြင်း။
ဖန်းဟန်၏ မျက်လုံးများမှာ အနည်းငယ် အေးစက်သွားခဲ့လေ၏။
အလွန်ပင် တိုက်ဆိုင်လွန်းလှပေသည်။
အန္တရာယ်ကြုံနေရသော မိန်းမလှလေးကို ကယ်တင်သည့် သူရဲကောင်းဇာတ်လမ်းမှာ သူ၏အတွက် သီးသန့်ဖန် တီးထားသည့်အလား ပုံပေါ်နေခဲ့လေသည်။
ဓားပြအုပ်စု၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း သူ၏ကိုယ်ရံတော်များက လေးများဖြင့် တစ်ကြိမ်ပစ်ခတ်လိုက်ရုံဖြင့် ချက်ချင်းသေဆုံးသွားနိုင်လောက်သည်အထိ အနေတော်ပင် ဖြစ်နေချေသည်။
မည်သူမည်ဝါမှန်း မသိရသော အလွန်တင့်တယ်လှပသည့် မိန်းမပျိုတစ်ဦးကလည်း သူ၏ရှေ့တွင် သတိလစ် မေ့မြောသွားခဲ့လေ၏။
ဖန်းဟန်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်လေသည်။
*ဒီလောကမှာ ဒီလောက်များပြားတဲ့ တိုက်ဆိုင်မှုမျိုး ဘယ်မှာမှ ရှိမှာမဟုတ်ဘူး…*
အကယ်၍ တိုက်ဆိုင်မှုများ လွန်းနေပါက ၎င်းသည် သေချာပေါက် စီစဉ်ထားသော လျှို့ဝှက်ပူးပေါင်းကြံစည်မှု တစ်ခုသာလျင် ဖြစ်ပေတော့သည်။
စိတ်ဝင်စားစရာပင် ကောင်းလှပေသည်။ သူသည် အခြားသူတစ်ဦး၏ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပုံပေါ်လေ၏။
နောက်ကွယ်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ သိမြင်လိုခဲ့လေသည်။
“သခင်ကြီး...”
မာပေါ်ကော့၊ နျူအာနှင့် အခြားသူများမှာ သူ့အနီးသို့ ကမန်းကတန်း ဝိုင်းအုံလာကြပြီး ဖန်းဟန်၏ ရင်ခွင်ထဲရှိ အမျိုးသမီးကို စိုးရိမ်တကြီးဖြင့် ကြည့်ရှုလိုက်ကြလေ၏။
“ကိစ္စမရှိဘူး...”
ဖန်းဟန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်သောအသံဖြင့် ပြောလိုက်လေသည်။
“သူမကို စံအိမ်တော်ဆီ အရင်ခေါ်သွားပြီး စစ်ဆေးဖို့ သမားတော်တစ်ယောက် ရှာလိုက်...၊ မာပေါ်ကော့... မင်း က လူတချို့ခေါ်ပြီး ဒီအလောင်းတွေကို ရှင်းလင်းလိုက်... သဲလွန်စတစ်ခုခုရမလား ရှာကြည့်လိုက်ဦး...”
“ဟုတ်ကဲ့ပါ သခင်ကြီး...”
မာပေါ်ကော့က ရိုသေလေးစားစွာဖြင့် အမိန့်ကို လက်ခံလိုက်လေ၏။
ဖန်းဟန်သည် အရိုးမပါသကဲ့သို့ နူးညံ့ပျော့ပျောင်းလှသော ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲတွင် ပွေ့ချီထားရင်း မလှမ်းမကမ်းရှိ ရထားလုံးဆီသို့ လျှောက်သွားလိုက်လေသည်။
ထိုအမျိုးသမီးမှာ အားနည်းပုံပေါ်သော်လည်း သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းမှာမူ အလွန်ပင် ပြည့်စုံလှပေ သည်။ အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားသော်လည်း သူမကို ရင်ခွင်ထဲတွင် ပွေ့ချီထားချိန်၌ သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေ၏။
သူသည် တည်ငြိမ်စွာပင် ရှိနေခဲ့ပြီး အမျိုးသမီးကို ရထားလုံးအတွင်းသို့ ညင်သာစွာ ချထားပေးပြီးနောက် ရထားလုံးမောင်းသူအား နန်ယန်ခရိုင်အုပ်ချုပ်ရေးမှူးစံအိမ်တော်သို့ ပြန်ရန် အမိန့်ပေးလိုက်လေသည်။
တစ်နာရီကြာပြီးနောက်တွင်မူ နန်ယန်ခရိုင်အုပ်ချုပ်ရေးမှူးစံအိမ်တော်၏ အနောက်ဘက်ရှိ သပ်ရပ်လှပသော ဧည့်ခန်းတစ်ခုအတွင်း၌ ဖြစ်ပေသည်။
ကုတင်ပေါ်ရှိ အမျိုးသမီးသည် သူမ၏ မျက်တောင်များကို တုန်ယင်လိုက်ပြီး တိုးညှင်းသောအသံဖြင့် ညည်း တွားကာ ဖြည်းညင်းစွာ နိုးထလာခဲ့လေ၏။
သူမသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ရှေးဟောင်းပန်းပုများ ထွင်းထုထားသော ကုတင်မျက်နှာကြက်ကို ကြည့်လိုက်လေသည်။ သူမ၏ မျက်ဝန်းများထဲတွင် ပထမဆုံးအနေဖြင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့ပြီး နောက်တွင်မူ အနေတော်ဖြစ်သော ကြောက်ရွံ့တုန်လှုပ်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
ဖန်းဟန်သည် ဘေးဘက်မှနေ၍ အေးစက်စွာ စောင့်ကြည့်နေခဲ့ပြီး စိတ်ထဲတွင်မူ လျှို့ဝှက်စွာ ရယ်မောနေမိ လေသည်။
*ဆက်ပြီးဟန်ဆောင်နေလိုက်ပါ….ဒီလို သရုပ်ဆောင်စွမ်းရည်မျိုးနဲ့ဆိုလို့ကတော့ ခေတ်သစ်ကမ္ဘာမှာသာဆိုရင် မင်းက အော်စကာဆုတောင် ရလောက်သေးတယ်… *
“မိန်းကလေး... နိုးလာပြီလား...၊ ဘယ်လိုနေသေးလဲ...”
ကုတင်ဘေးမှ နူးညံ့သိမ်မွေ့သော အသံတစ်ခုက ထွက်ပေါ်လာခဲ့လေ၏။
အမျိုးသမီးသည် ခေါင်းကိုလှည့်ကြည့်လိုက်ရာ ကုတင်စွန်းတွင် ထိုင်နေသော တင့်တယ်လှပပြီး နူးညံ့သိမ်မွေ့ သည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေသည်။ သူမ၏ လက်ထဲတွင် ရေနွေးတစ်ခွက်ကို ကိုင်ဆောင်ထားပြီး မျက်ဝန်းများထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေ၏။
ထိုသူမှာ ပိုင်ကျီရိုပင် ဖြစ်လေသည်။
အမျိုးသမီးသည် ထိုင်နိုင်ရန်အတွက် မနည်းအားယူရုန်းကန်လိုက်ရပြီး မရင်းနှီးသော ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုက ထင်ဟပ်နေ လျက်ရှိနေခဲ့လေ၏။
“ဒီနေရာက...”
“မကြောက်ပါနဲ့ မိန်းကလေး... ဒီနေရာက နန်ယန်ခရိုင်အုပ်ချုပ်ရေးမှူးစံအိမ်တော်ပါ...၊ မင်း အခု ဘေးကင်းသွား ပါပြီ...”
ပိုင်ကျီရိုက ရေခွက်ကို သူမ၏ နှုတ်ခမ်းနားသို့ တေ့ပေးရင်း ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။
“လည်ချောင်းရှင်းသွားအောင် ရေနည်းနည်းလောက် သောက်လိုက်ပါဦး...”
အမျိုးသမီးသည် လိမ္မာစွာဖြင့် ရေတစ်ငုံကို သောက်လိုက်လေသည်။ ထို့နောက်တွင်မူ အလွန်ကြောက်မက် ဖွယ်ကောင်းသော အရာတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည့်အလား သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး ပြတ်ကျသွားသော ပုလဲကုံးတစ်ကုံးကဲ့သို့ မျက်ရည်များက သူမ၏ လှပသော မျက်ဝန်းများ ထဲမှ စီးကျလာခဲ့လေ၏။
“ကျွန်မ...၊ ကျွန်မရဲ့ မိသားစု...၊ သူတို့...၊ သူတို့...”
သူမသည် ရှိုက်ငိုနေပြီး စကားကို ပီသစွာ မပြောနိုင်တော့ပေ။ သူမ၏ နှလုံးကွဲမတတ် ဝမ်းနည်းနေသော အသွင် အပြင်မှာ မြင်တွေ့ရသူ မည်သူ့ကိုမဆို သနားကရုဏာ သက်မိစေမည်မှာ အမှန်ပင် ဖြစ်ချေသည်။
ထို့နောက်တွင် ဆက်လက်ဖြစ်ပေါ်လာသည့် အရာများမှာမူ စံချိန်မီ သနားစဖွယ် ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်လေ တော့သည်။
အမျိုးသမီးသည် ရှိုက်ငိုနေရင်း စတင်ပြောဆိုလာခဲ့ပြီး သူမ၏ စကားလုံးများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့လေ၏။
သူမသည် မြောက်ပိုင်းမှ မည်မျှ ကြီးမြတ်သော မြင့်မြတ်သည့် မိသားစုမှဖြစ်ကြောင်း၊ စစ်ပွဲကို ရှောင်ရှားရန် အတွက် မိသားစုတစ်ခုလုံး တောင်ပိုင်းသို့ ပြောင်းရွှေ့လာခဲ့ရာ လမ်းတွင် ရက်စက်ကြမ်းကြုတ်သော ဓားပြများ နှင့် ကြုံတွေ့ခဲ့ရကြောင်း၊ သူမ၏ မိဘများနှင့် အစ်ကိုများမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး ကိုယ်ရံတော် များ၏ အသက်စွန့် ကာကွယ်ပေးမှုကြောင့်သာ သူမသည် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့လေသည်။
ထိုဇာတ်လမ်းမှာ အလွန်ပင် ကောင်းမွန်စွာ ဖန်တီးထားခြင်းဖြစ်ပြီး သူမ၏ နှလုံးကွဲမတတ် ဝမ်းနည်းပူဆွေးမှု များကို မြင်တွေ့ရသူ မည်သူမဆို သနားစိတ်ဝင်လာစေမည် ဖြစ်ပေသည်။
“...အကယ်၍ ကျေးဇူးရှင်သာ အချိန်မီ ပေါ်မလာခဲ့ဘူးဆိုရင်...၊ ကျွန်မ...၊ ကျွန်မ ဘာဖြစ်သွားမလဲဆိုတာ တောင်...”
ထိုနေရာသို့ ရောက်သောအခါ သူမသည် ဆက်၍ မပြောနိုင်တော့ပေ။ သူမသည် စောင်ထဲတွင် မျက်နှာကို အပ် ကာ ခါးသီးစွာ ငိုကြွေးနေခဲ့ပြီး သူမ၏ ပိန်ပါးကာ နူးညံ့သော ပခုံးလေးများမှာ ပြင်းထန်စွာ တုန်ယင်နေခဲ့လေ၏။ သူမ၏ သနားစဖွယ် အသွင်အပြင်မှာ အကြင်နာတရား ကင်းမဲ့သော အမျိုးသားတစ်ဦးကိုပင် စိတ်လှုပ်ရှားသွား စေရန် လုံလောက်လှပေသည်။
ပိုင်ကျီရိုမှာ အားလုံးထဲတွင် အကြင်နာတရား အကြီးမားဆုံးသူ ဖြစ်လေသည်။ သူမသည် နားထောင်ရင်း မျက်ရည်များ ဝဲတက်လာခဲ့ပြီး လက်ကိုင်ပဝါဖြင့် မျက်ရည်များကို အဆက်မပြတ် သုတ်ကာ နှစ်သိမ့်စကားများ ပြောကြားနေခဲ့လေ၏။
သတင်းကြားပြီးနောက် အပြေးရောက်လာခဲ့သော ပိုင်ရွှီကျန်းမှာလည်း ဤကဲ့သို့ ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရသည့် သနားစရာအစ်မအတွက် ပို၍ပင် ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာခဲ့လေသည်။ သူမသည် အမျိုး သမီး၏ လက်ကို ကိုင်ထားလိုက်ပြီး သူမ၏ မျက်နှာလေးပေါ်တွင် ဒေါသတကြီး မကျေနပ်မှုများ ပြည့်နှက်နေခဲ့ လေ၏။
“ဒီဓားပြတွေက အရမ်းကို ယုတ်မာလွန်းတယ်...၊ ကျွန်မရဲ့ ခင်ပွန်းက သူတို့အားလုံးကို သတ်ပစ်သင့်တယ်...”
ထိုစဉ်မှာပင် တံခါးမှာ ပွင့်ဟသွားခဲ့ပြီး ဖန်းဟန်က ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့လေသည်။
သူသည် ကုတင်ပေါ်တွင် မျက်ရည်များကျကာ သနားစဖွယ် ငိုကြွေးနေသော အမျိုးသမီးကို ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“မကြောက်ပါနဲ့ မိန်းကလေး...၊ ဒီနေရာက နန်ယန်ခရိုင်အုပ်ချုပ်ရေးမှူးစံအိမ်တော်ပါ...၊ မင်း အခု ဘေးကင်း သွားပါပြီ...၊ ဒီနေရာမှာပဲ နေပြီး အနားယူလိုက်ပါဦး...”
အမျိုးသမီးသည် မျက်ရည်များ စွန်းထင်းနေသော သူမ၏ မျက်နှာကို မော့ကြည့်လိုက်ပြီး ဖန်းဟန်ကို မြင်လိုက် ရသောအခါ သူမ၏ မျက်ဝန်းများမှာ ဘေးအန္တရာယ်ကြီးတစ်ခုမှ လွတ်မြောက်လာသည့်အလား ကြီးမားသော အလင်းရောင်များဖြင့် တောက်ပသွားခဲ့လေသည်။ သူမသည် ကုတင်ပေါ်မှဆင်းကာ အရိုအသေပေးရန် မနည်း အားယူ ရုန်းကန်လိုက်လေ၏။
“အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးရှင်...၊ ကျွန်မ စုယွဲ့မှာ ကျေးဇူး ဆပ်ဖို့ နည်းလမ်းမရှိတော့ပါဘူး...”
*စုယွဲ့...*
ဖန်းဟန်သည် ထိုအမည်ကို စိတ်ထဲတွင် ထပ်ခါတလဲလဲ ရေရွတ်လိုက်သော်လည်း သူမ၏ လှုပ်ရှားမှုကို တားဆီး ရန်အတွက် သူမ၏ ပခုံးကို ညင်သာစွာ ဖိထားလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။
ဂသခင်မလေးစုက ဒဏ်ရာရထားတယ်လေ...၊ တခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး...*
သူသည် စိတ်ထဲမှ လှောင်ပြောင်လိုက်သော်လည်း အပြင်ပန်းတွင်မူ အမျိုးသမီး၏ သနားစဖွယ် နောက်ခံအ ကြောင်းအရင်းကြောင့် တကယ်ပင် စိတ်လှုပ်ရှားသွားသည့်အလား တည်ငြိမ်စွာပင် ရှိနေခဲ့လေ၏။ သူသည် လှည့်ထွက်လိုက်ချိန်တွင် တံခါးဝနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ခရမ်းရောင်ပုံရိပ်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်လေသည်။
ဖန်းဟန်၏ အယုံကြည်ရဆုံး ကိုယ်ရံတော်ဖြစ်သော ဇီယင်းမှာ အခြေအနေကို နားလည်ပြီးဖြစ်လေ၏။ သူမ သည် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် တိတ်ဆိတ်စွာ ဆုတ်ခွာ သွားခဲ့လေသည်။
ငါးက ငါးစာကို ဟပ်မိသွားပြီဖြစ်ရာ တံငါသည်ဖြစ်သော သူကလည်း သဘာဝကျကျပင် အလိုက်သင့် ဟန်ဆောင်ကာ သူမနှင့်အတူ ပျော်ရွှင်စွာ ကစားသင့်ပေသည်။
ဤရေသူမ၏ နောက်ကွယ်တွင် မည်မျှအထိ ကြီးမားသော လှိုင်းလုံးကြီးများ ပုန်းကွယ်နေသည်ကို သူ သိမြင် လိုခဲ့လေ၏။
“တစ်ယောက်ယောက် ဒီနေရာကို လာခဲ့စမ်း...”
ဖန်းဟန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်လေသည်။
တံခါးအပြင်ဘက်ရှိ အစေခံမိန်းကလေးက ချက်ချင်းပင် အရိုအသေပေးကာ ဝင်ရောက်လာခဲ့လေ၏။
“အနောက်ဘက်က ကျင်းယာရွှယ် ကို သွားရှင်းလင်းလိုက်...၊ သခင်မလေးစုယွဲ့ကို အဲ့နေရာမှာ ခေတ္တနေခိုင်း လိုက်...”
ဖန်းဟန်၏ အသံမှာ နူးညံ့ပြီး ဆွဲဆောင်မှုရှိကာ လူတို့ကို နွေဦးလေညင်းကို ခံစားနေရသည့်အလား ထင်မှတ်သွား စေလေသည်။
“ဒီနေရာက တိတ်ဆိတ်ပြီး ပင်မခြံဝင်းနဲ့လည်း နီးတဲ့အတွက် ကျီရိုနဲ့ တခြားသူတွေ သူမကို ပြုစုစောင့်ရှောက်ဖို့ အဆင်ပြေလိမ့်မယ်...”
ထိုစကားကို ကြားသောအခါ ပိုင်ကျီရိုနှင့် ပိုင်ရွှီကျန်းတို့ နှစ်ဦးစလုံးမှာ သူတို့၏ ခင်ပွန်းမှာ တကယ်ပင် ကြင်နာ တတ်ပြီး သဘောထားကြီးသည်ဟု ခံစားရကာ ကျေးဇူးတင်သော အမူအရာများ ပြသခဲ့ကြလေ၏။
စုယွဲ့ဟု အမည်ရသော အမျိုးသမီးသည် သူမ၏ ခေါင်းကို လိမ္မာစွာ ငုံ့ထားလိုက်ပြီး သူမ၏ မျက်ဝန်းနက်နက်ထဲ လျင်မြန်စွာ ဖြတ်ပြေးသွားသော ကျေနပ်ဂုဏ်ယူမှုများကို ဖုံးကွယ်ထားလိုက်လေသည်။
ပထမအဆင့်ကတော့ အောင်မြင်သွားခဲ့ပြီ ဖြစ်ပေသည်။
သူမသည် အစောင့်အကြပ် ထူထပ်လှသော ခရိုင်အုပ်ချုပ်ရေးမှူးစံအိမ်တော်အတွင်းသို့ အောင်မြင်စွာ ဝင်ရောက် နိုင်ခဲ့ပြီး ထိုနေရာမှာ ဖန်းဟန်နှင့် အနီးဆုံးနေရာလည်း ဖြစ်ပေသည်။
သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ဖန်းဟန်၏ နူးညံ့ပုံပေါ်သော်လည်း ထိုးဖောက်ဝင်ရောက်နိုင်သော မျက်ဝန်းများကို ပြန်လည်အမှတ်ရလိုက်ချိန်တွင် သူမ၏ နှလုံးသားထဲ၌ ရှင်းပြ၍မရသော အေးစက်မှုတစ်ခုက မြင့်တက်လာခဲ့လေ၏။