အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀)
ထူးချွန်သောအမျိုးသမီး၏ ဟန်ဆောင်မှုနှင့် ရက်စက်သောအာဏာရှင်၏ နောက်ပြောင်ပျော်ရွှင်မှု
နောက်တစ်နေ့ နံနက်ခင်းတွင် နေရောင်ခြည်တစ်တန်းသည် ပြတင်းပေါက်မှတစ်ဆင့် ကျင်းယာရွှယ်၏ ကြမ်းပြင် ပေါ်သို့ ဖြာကျနေခဲ့လေသည်။
စုယွဲ့မှာ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ယမန်နေ့ညက ဖန်းဟန်၏ ထိရှလှသော စကားလုံးများက သူမ၏ စိတ်ထဲ တွင် ထပ်တလဲလဲ ပေါ်လာခဲ့ပြီး တွေးမိလေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်ခဲ့ရလေသည်။
သူမသည် ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားနေစဉ်မှာပင် နန်ကုန်းယွင်ရှု၏ နူးညံ့သော အသံက တံခါး အပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေ၏။
“ညီမလေး စုယွဲ့... နေရထိုင်ရတာ နည်းနည်း သက်သာရဲ့လား...”
စုယွဲ့သည် သူမကိုယ်သူမ အမြန်ထိန်းချုပ်လိုက်ပြီး အားနည်းနေသည့် ပုံစံမျိုး ဟန်ဆောင်ကာ တံခါးသွားဖွင့် လိုက်လေသည်။ တံခါးအပြင်ဘက်တွင် နန်ကုန်းယွင်ရှုက အစေခံတစ်ဦးနှင့်အတူ ရပ်နေပြီး သေသပ်လှပသော စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်များကို ကိုင်ဆောင်ထားသည်ကို သူမ မြင်တွေ့လိုက်ရပေသည်။
“အစ်မ ယွင်ရှု...”
စုယွဲ့သည် ရိုသေစွာဖြင့် အရိုအသေပေးလိုက်လေ၏။
“ဒီလိုတွေ့ လုပ်နေစရာ မလိုပါဘူး ညီမလေးရယ်...”
တင့်တယ်လှပပြီး ကျက်သရေရှိသော ဟန်ပန်ရှိသည့် နန်ကုန်းယွင်ရှုက ပြုံးကာ ပြောလိုက်လေသည်။
“ခင်ပွန်းက ညီမလေး စစ်တုရင်ကစားတာ တော်တယ်လို့ ပြောလို့ အစ်မက ညီမလေးဆီကနေ နည်းနည်း လောက် သင်ယူချင်နေတာ... ညီမလေး အနားယူတာကို အနှောင့်အယှက် ဖြစ်သွားမလား မသိဘူး...”
ဤသည်မှာ ဖန်းဟန်၏ စီစဉ်မှုပင် ဖြစ်လေသည်။
စုယွဲ့ ချက်ချင်းပင် နားလည်သွားခဲ့၏။ ဒုတိယအကြိမ် စမ်းသပ်မှုက သူမ ထင်ထားသည်ထက် ပို၍ စောစီးစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
“အစ်မက မြှောက်ပြောနေပါပြီ... အစ်မနဲ့အတူ ကစားရတာက ညီမအတွက် ဂုဏ်ယူစရာပါ...”
သူမသည် ဘေးသို့ ဖယ်ပေးလိုက်ပြီး နန်ကုန်းယွင်ရှုကို အထဲသို့ ဖိတ်ခေါ်လိုက်လေသည်။
သူတို့နှစ်ဦးသည် ခြံဝင်းအတွင်းရှိ ကျောက်စားပွဲတွင် ထိုင်လိုက်ကြပြီးနောက် အနက်ရောင်နှင့် အဖြူရောင် အရုပ်များ ရှင်းလင်းစွာ ခွဲခြားထားသော စစ်တုရင်ခုံကို ခင်းကျင်းလိုက်ကြလေသည်။
စုယွဲ့သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်လေ၏။ ဤကစားပွဲမှာ အလွန်ပင် အရေးကြီးကြောင်းကို သူမ သိရှိထားပေသည်။
သူမသည် စုယွဲ့ဟူသော ဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်ရမည် ဖြစ်ပေသည်။
ကစားပွဲကို စတင်လိုက်လေသည်။
အနက်ရောင်ကို ကိုင်ရသော စုယွဲ့က စတင် ရွှေ့လိုက်လေ၏။ သူမသည် သူမ၏ ထက်မြက်ပြီး ရန်လိုသော ဟန်ပန်ကို တမင်သက်သက် ဖုံးကွယ်ထားကာ နူးညံ့ပြီး ထိန်းသိမ်းတတ်သော ကစားဟန်ကို အသုံးပြုခဲ့လေ သည်။ သူမ၏ ရွှေ့ကွက်တိုင်းမှာ သတိထားမှုများ ပါဝင်နေပြီး အလွန်အရေးကြီးသော အကြိတ်အနယ် ယှဉ်ပြိုင် ရမည့် နေရာများတွင်ပင် ဦးဆောင်၍ နောက်ဆုတ်ပေးတတ်ကာ တိုက်ခိုက်ရာတွင် မကျွမ်းကျင်သူ၊ လောကီရေး ရာများကို ဂရုမစိုက်သူ တစ်ဦးကဲ့သို့ ဟန်ဆောင်ထားခဲ့ပေသည်။
နန်ကုန်းယွင်ရှုမှာ ဂုဏ်သတင်းကြီးမားသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး စစ်တုရင်ကစားရာတွင် အတော်ပင် ကျွမ်းကျင်သူ ဖြစ်ပေသည်။ ကစားပွဲများ အဆက်မပြတ် ကစားပြီးနောက်တွင် သူမသည် သူမ၏ သတိထားမှုကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ပြီး စုယွဲ့သည် သူမ ပြသထားသည့်အတိုင်း ပဋိပက္ခများကို မနှစ် သက်သော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးငယ်တစ်ဦးသာ ဖြစ်သည်ဟု မှတ်ယူသွားခဲ့လေသည်။ သူမသည် စုယွဲ့ အပေါ် လေးစားချီးကျူးစိတ်ပင် ဖြစ်ပေါ်လာခဲ့ပေ၏။
ကစားပွဲ အလယ်လောက်တွင် နန်ကုန်းယွင်ရှု တစ်ယောက် ပြိုင်ဘက်၏ နူးညံ့သော ကစားဟန်ဖြင့် ဖမ်းစားခြင်း ကို ခံလာရချိန်၌ သူတို့၏ အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“သခင်မလေး စုယွဲ့... မင်းရဲ့ ဒီစစ်တုရင်ကစားဟန်က အရမ်းကို နူးညံ့လွန်းနေတယ်...”
မည်သူမျှ သတိမထားမိလိုက်ချိန်မှာပင် ဖန်းဟန်သည် သူ၏ လက်များကို နောက်ပစ်ကာ ရပ်နေခဲ့ပြီး သူ၏ နှုတ်ခမ်းထက်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ရှိနေခဲ့လေ၏။
သူ၏ အသံမှာ မကျယ်လောင်သော်လည်း စစ်တုရင်ရုပ်များကို ကိုင်ဆောင်ထားသော စုယွဲ့၏ လက်ချောင်းများ ကို ရုတ်တရက် တောင့်တင်းသွားစေခဲ့ပေသည်။
ဖန်းဟန်သည် သတိမထားမိသည့်ဟန်ဖြင့် ဆက်ပြောလိုက်လေသည်။
“စစ်တုရင်ခုံဆိုတာ အမြဲပြောင်းလဲနေတဲ့ စစ်မြေပြင်တစ်ခုလိုပဲ... ပြတ်သားရမယ့်အချိန်ရောက်ရင် နည်းနည်း လေးတောင်မှ စိတ်ပျော့လို့ မရဘူး... မျက်လုံးစုံမှိတ်ပြီး နောက်ဆုတ်နေတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေ တယ်လို့ ထင်ရပေမယ့် တကယ်တော့ သေစေနိုင်တဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားတာဖြစ်ပြီး ကိုယ့်ရဲ့ ကျဆုံးမှုဆီကိုပဲ ဦးတည်သွားစေလိမ့်မယ်...”
ထိုသို့ပြောရင်း သူသည် နန်ကုန်းယွင်ရှု၏ စစ်တုရင်ဗူးထဲမှ အဖြူရောင်အရုပ်တစ်ရုပ်ကို ရိုင်းပျစွာပင် ကောက်ယူ လိုက်လေ၏။
စစ်တုရင်ရုပ် ချလိုက်သည့် ပြတ်သားသော ဒေါက် ဟူသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
သူသည် ထိုအဖြူရောင်အရုပ်ကို အဓိက တိုက်ပွဲနယ်မြေနှင့် လုံးဝ သက်ဆိုင်မှုမရှိသည့် စစ်တုရင်ခုံပေါ်ရှိ အရေး မပါဟု ထင်ရသော နေရာတစ်ခုတွင် ချလိုက်လေသည်။
သူက အနည်းငယ် တွေဝေနေပုံရသော နန်ကုန်းယွင်ရှုကို ပြုံးပြကာ ပြောလိုက်လေ၏။
“ယွင်ရှု... ဒီနေရာကို ကြည့်လိုက်...”
နန်ကုန်းယွင်ရှုသည် အရုပ်ချလိုက်သည့် နေရာသို့ လှမ်းကြည့်လိုက်ရာ သူမ၏ နူးညံ့သော မျက်နှာမှာ ချက်ချင်း ပင် ဖြူဖျော့သွားခဲ့လေတော့သည်။
သူမ၏ ဘေးကင်းသည်ဟု ထင်ရသော နဂါး၏ အသက်ရှင်သန်နိုင်မည့် အရေးအကြီးဆုံး လမ်းကြောင်းမှာ ဤရွှေ့ကွက်တစ်ခုတည်းဖြင့် လုံးဝ ပိတ်ဆို့ခံလိုက်ရပြီဖြစ်ကြောင်း ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရပေသည်။
ထိုကဲ့သို့ အန္တရာယ်ကြီးမားလှသော ထောင်ချောက်ကို ဆင်ထားခဲ့သူမှာ စုယွဲ့၏ နူးညံ့ပြီး နောက်ဆုတ်ပေးတတ် သော ရွှေ့ကွက်များမှလွဲ၍ အခြားမရှိပေ။
ဤသည်မှာ အလျှော့ပေးခြင်း လုံးဝ မဟုတ်ဘဲ မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည့် ရက်စက်လှသော အကြံအစည်တစ်ခုပင် ဖြစ်ပေသည်။
အကယ်၍ သူမ၏ ခင်ပွန်းကသာ ထောက်ပြခဲ့ခြင်း မရှိပါက နောက်ထပ် သုံးကွက်အကြာတွင် သူမ၏ နဂါးကြီး မှာ အသတ်ခံရမည်ဖြစ်ပြီး သူမ အရာအားလုံး ဆုံးရှုံးသွားရမည် ဖြစ်ပေသည်။
နန်ကုန်းယွင်ရှုမှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့ပြီး စုယွဲ့ကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံး များထဲတွင် သတိထားမှုများနှင့် ကျန်ရစ်နေသော အကြောက်တရားများ ပြည့်နှက်နေခဲ့လေ၏။
ဖန်းဟန်၏ ပေါ့ပေါ့ပါးပါး ရွှေ့လိုက်သည်ဟု ထင်ရသော ရွှေ့ကွက်မှာ နန်ကုန်းယွင်ရှုကို သူမ၏ အကျပ်အတည်း မှ အလွယ်တကူ ကယ်တင်ပေးနိုင်ခဲ့ရုံသာမကဘဲ အလွန်ထက်မြက်သော ဓားတစ်လက်ကဲ့သို့ စုယွဲ့၏ နူးညံ့သော ကစားဟန် ဟူသည့် ဟန်ဆောင်မှုကို လူတိုင်းရှေ့တွင် ဆွဲဖြဲပစ်လိုက်ပြီး စစ်တုရင်ခုံအောက်တွင် ဖုံးကွယ်ထား သော သူမ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို နေရောင်အောက်သို့ ဆွဲထုတ်ပြလိုက် ခြင်းပင် ဖြစ်ပေသည်။
စုယွဲ့မှာ သူမ၏ စိတ်များ ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးများပင် ချက်ချင်း အေးခဲသွားခဲ့လေ တော့သည်။
သူ အရာအားလုံးကို သိမြင်နေခဲ့သည်ပင်။
သူသည် သူမ၏ အကြံအစည်များနှင့် ဟန်ဆောင်မှုများကို အလွန်လွယ်ကူစွာနှင့် တိုက်ရိုက်ပင် သိမြင်နေခဲ့ပြီး လူပုံအလယ်တွင် သူမကို ဖွင့်ချလိုက်ခြင်းပင် ဖြစ်ပေသည်။
ထိုအချိန်တွင် သူမသည် အဝတ်အစားများ ချွတ်ချခံထားရပြီး အရာအားလုံး ဖွင့်ချခံလိုက်ရသဖြင့် သူမ၏ အကြံ အစည်များအားလုံး ရယ်စရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသော လူရွှင်တော်တစ်ဦးကဲ့သို့ ခံစားလိုက်ရလေ၏။
သို့သော် ဖန်းဟန်က သူမ၏ အမူအရာပျက်ယွင်းသွားမှုကို လုံးဝ သတိမထားမိသည့်ဟန် ရှိနေခဲ့ပေသည်။ ထို အစား သူသည် လှည့်ကာ အစေခံတစ်ဦးထံမှ ကြိုးချည်ထားသော စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး သူမထံသို့ ကမ်းပေးလိုက်လေသည်။
“သခင်မလေး စုယွဲ့ ခရီးဝေးကနေ လာရတာဆိုတော့ အရမ်း ပင်ပန်းနေလောက်ပြီ...ဒီစာအုပ်က ငါ့မွေးရပ်မြေမှာ နာမည်ကြီးတဲ့ သုံးပြည်ထောင်ခေတ်မှတ်တမ်း ဆိုတဲ့ ရှားပါးစာအုပ်တစ်အုပ်ပဲ... ဒီထဲမှာ သူရဲကောင်းတွေ၊ မဟာ ဗျူဟာတွေနဲ့ စစ်မြေပြင်က နည်းစနစ်တွေအကြောင်း ပါတယ်... မင်းမှာ အားလပ်ချိန်ရှိရင် အချိန်ဖြုန်းဖို့အတွက် ဒါကို ဖတ်ကြည့်လို့ ရပါတယ်...”
သူ၏ လေသံမှာ နူးညံ့နေဆဲဖြစ်ပြီး မျက်နှာပေါ်တွင် စာနာနားလည်ပေးတတ်သော အပြုံးတစ်ခုပင် ရှိနေခဲ့လေ ၏။
သို့သော် စုယွဲ့၏ မျက်လုံးထဲတွင်မူ ထို စာနာနားလည်မှု မှာ လောကရှိ အဆိုးရွားဆုံး သရော်လှောင်ပြောင်မှု များထက်ပင် ပို၍ ရင်နာဖို့ကောင်းနေခဲ့ပေသည်။
*သူရဲကောင်းတို့၏ လျှို့ဝှက်အကြံအစည်များ... စစ်မြေပြင်က မဟာဗျူဟာများ...*
*သူ ငါ့ကို သတိပေးနေတာပဲ...*
*သူက ငါနားမလည်နိုင်တဲ့ နည်းလမ်းတစ်ခုနဲ့ ငါ့ကို ပြောနေတာပဲ... မင်းရဲ့ အကြံအစည်တွေ၊ မင်းရဲ့ ဟန်ဆောင် မှုတွေ အားလုံးက ငါ့မျက်လုံးထဲမှာတော့ ဖတ်ရတာ ရိုးအီနေပြီဖြစ်တဲ့ စုတ်ပြတ်နေတဲ့ စာအုပ်တစ်အုပ်ကလွဲပြီး ဘာမှ မဟုတ်ဘူးတဲ့လေ...*
စုယွဲ့သည် သုံးပြည်ထောင်ခေတ်မှတ်တမ်း စာအုပ်ကို ယူလိုက်စဉ် သူမ၏ လက်များမှာ တုန်ယင်နေခဲ့ပြီး လက်ချောင်းထိပ်များမှာလည်း ရေခဲတမျှ အေးစက်နေခဲ့လေတော့သည်။