← Chapters

အခန်း ၄၆၉

Vol. 40 Ch. 469

အခန်း ၄၆၉

Vol. 40 Ch. 469

အခန်း(၄၆၉)

မိုက်ကယ်ဟာ မက်ထရိုပိုလစ်မှာ ကုမ္ပဏီထောင်ဖို့အတွက် ခွင့်ပြုချက်ရထားပြီးသား ဖြစ်တယ်။ အခြေခံတန်းပြိုင်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အခုဆိုရင် သူ့ရဲ့ ပထမဆုံးအခြေစိုက်ရုံးချုပ်ကို မိန်းလမ်းမကြီးပေါ်မှာ ဆောက်လုပ်ဖို့ နေရာတစ်ခု ရရှိထားပြီလေ။

သူဟာ မနက်မိုးလင်းတာနဲ့ အစည်းအရုံးရုံးချုပ်ဆီကို အရင်ဆုံး ခြေဦးလှည့်ခဲ့ပြီး ကလော်ဒီယာရဲ့ ရုံးခန်းထဲကို ဝင်သွားလိုက်တယ်။

"မိုက်ကယ်... ငါ အခုပဲ မင်းကို လိုက်ရှာတော့မလို့။ မင်းကြောင့် အခု မက်ထရိုပိုလစ်တစ်မြို့လုံးမှာ ဘာတွေဖြစ်ပျက်နေလဲ သိရဲ့လား" ကလော်ဒီယာက ခါးကိုလက်ထောက်ပြီး သူ့ကို တည်တည်တင်းတင်း စိုက်ကြည့်ရင်း မေးလိုက်တယ်။

"ကျွန်တော် ဘာလုပ်လို့လဲ" မိုက်ကယ်က ဘာမှမသိတဲ့ ပုံစံမျိုးနဲ့ ပြန်မေးလိုက်တာပေါ့။

"အော်... ငါလည်း မသိပါဘူးလေ... မက်ထရိုပိုလစ်ရဲ့ မြို့ရိုးတွေကြားထဲမှာ တစ်သက်မှာတစ်ခါမှ မပေါ်ဖူးတဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတာမျိုး ဖြစ်နေလို့နေမှာပေါ့။ ဒြပ်စင်လေးခုစလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်တဲ့ ကောင်လေးအကြောင်းကို လူတိုင်းက တပြောပြော ဖြစ်နေကြတာ။ ငါ့စိတ်ထဲမှာတော့ အခုလောက်ဆို မှော်မျှော်စင်က ဝင်စွက်ဖက်လောက်ပြီလို့ ထင်ထားတာ... ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ သူတို့က ဒီကိစ္စတွေအားလုံးမှာ ငြိမ်သက်နေကြတယ်။ မင်း သူတို့ကို လာဘ်ထိုးထားတာ ဒါမှမဟုတ် တခြားတစ်ခုခု လုပ်ထားတာလား"

မိုက်ကယ်ကတော့ သူမ ဘာတွေပြောနေမှန်းကို နားမလည်နိုင်အောင် ဖြစ်နေရတယ်။ သို့ပေမဲ့ မက်ထရိုပိုလစ်မှာရှိတဲ့ မှော်ပညာရှင်အစည်းအရုံးက သူ့ကို လာမရှုပ်အောင် လုပ်ပေးမယ်လို့ ဆီဘက်စတီယန် ပြောခဲ့တာကိုတော့ သူ သတိရလိုက်မိတယ်။ ဆီဘက်စတီယန် ဘာပဲလုပ်လုပ် အလုပ်ဖြစ်ခဲ့တာတော့ အမှန်ပဲ။

"ဘာပဲဖြစ်ဖြစ်လေ... အခုဆို မင်းက မက်ထရိုပိုလစ်မှာ အအောင်မြင်ဆုံး လူတွေထဲက တစ်ယောက် ဖြစ်နေပြီ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မင်းရဲ့ကုမ္ပဏီကတော့ မင်းရဲ့အရိပ်အောက်ကို ရောက်သွားပြီပေါ့"

မိုက်ကယ်ကတော့ ဒါကို သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ သူရောက်ခဲ့ဖူးတဲ့ ကင်းစ်ဘရစ်ချ်နဲ့ အန်ဂိုရာမြို့လို နယ်မြေအားလုံးမှာလည်း ဒီလိုမျိုး လူပြောသူပြောများတဲ့ဒဏ်ကို ကြုံဖူးထားတာကြောင့်ပဲ။ အဲဒီတုန်းကတော့ သူတို့ရဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့် သူ့ရဲ့ကုမ္ပဏီက လူပြောများရတဲ့ အကြောင်းရင်း ဖြစ်ခဲ့တာပေါ့။

"ပြီးတော့ မနေ့က ပွဲတော်ရဲ့ နောက်ဆုံးနေ့မှာ မကျေမနပ်ဖြစ်နေတဲ့ အသံတွေ အများကြီး ကြားခဲ့ရသေးတယ်။ လူတိုင်းက ရီနေးတားကုမ္ပဏီရဲ့ အရောင်းဆိုင်ကနေ ဘာပစ္စည်းမှ ဝယ်လို့မရဘူးဆိုပြီး ညည်းညူနေကြတာ။ ဒါကြောင့် မင်းရဲ့ကုမ္ပဏီက မကြာခင်မှာ ဖောက်သည်အားလုံးအတွက် အမြဲတမ်း ဖွင့်လှစ်ပေးတော့မယ်ဆိုပြီး ငါပဲ ကြေညာချက် ထုတ်ပေးလိုက်ရတယ်"

"ကျေးဇူးပါပဲ... ကျွန်တော်တို့ရဲ့ အဆောက်အအုံအတွက် အလုပ်စလုပ်ရတော့မယ် ထင်တယ်"

ကလော်ဒီယာက ကျောင်းသားတစ်ယောက်ကို ဆုံးမနေတဲ့ ဆရာမတစ်ယောက်လို ခေါင်းညိတ်ပြတယ်။ "မှန်တာပေါ့... လှည့်လည်ပွဲကြီး မစတင်ခင်မှာ မင်းရဲ့လုပ်ငန်းတွေကို အမြန်ဆုံး လည်ပတ်နိုင်အောင် မြန်မြန်ဆန်ဆန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်။ အဲဒါ ဘယ်တော့ ဖြစ်မလဲဆိုတာ အတိအကျမသိပေမဲ့ တစ်လအတွင်းမှာတော့ ဆိုင်တစ်ဆိုင် အခြေချနိုင်အောင် အလျင်စလို လုပ်ရမယ်။ အဲဒါက တော်တော်လေး ကျပ်တည်းတဲ့ အချိန်သတ်မှတ်ချက်လို့ ထင်ရပေမဲ့ လှည့်လည်ပွဲကြီးနဲ့ ရင်ပေါင်တန်းနိုင်ဖို့ မင်း ဒါကို လုပ်ကိုလုပ်ရမယ်"

ဒါပေမဲ့ ကလော်ဒီယာနဲ့မတူဘဲ မိုက်ကယ်ကတော့ အဆောက်အအုံအတွက် စိတ်မပူပါဘူး။ အမှန်တော့ သူ့မှာ ကွန်ကရစ် ရှိနေတာပဲလေ။ သူသာ အလိုရှိရင် ဆောက်လုပ်ရေးကို တစ်ရက်တည်းနဲ့တောင် အပြီးသတ်နိုင်တယ်။ သူက ဘယ်လောက် မြန်မြန်ဆောက်နိုင်မလဲဆိုတာထက် ပုံစံဒီဇိုင်းပိုင်းကိုပဲ ပိုပြီး စိတ်ပူနေတာပါ။

"ကျွန်တော် အဲဒီနေရာကို သွားကြည့်လို့ရမလား"

ကလော်ဒီယာက သူမရဲ့ စားပွဲအံဆွဲထဲကနေ ပရပိုဒ်တစ်ခုကို ထုတ်ပြီး မိုက်ကယ်ဆီ လွှဲပစ်ပေးလိုက်တယ်။

သူက ကျူစက္ကူချပ်ကို ဖြန့်ကြည့်လိုက်တဲ့အခါ မက်ထရိုပိုလစ်မှာရှိတဲ့ သူ့ရဲ့ နယ်မြေအသစ်နဲ့ ပတ်သက်တဲ့ တရားဝင်စာရွက်စာတမ်းတစ်ခုကို တွေ့လိုက်ရတယ်။

"ဒါက မြေပိုင်ဆိုင်မှု စာချုပ်ရဲ့ မိတ္တူပဲ။ ပျောက်သွားရင်လည်း မစိုးရိမ်နဲ့... ငါတို့ဆီမှာ စာရွက်စာတမ်းအားလုံးကို လုံခြုံတဲ့ မြေအောက်ခန်းထဲမှာ သိမ်းဆည်းထားဖို့ သေချာအောင် လုပ်ထားပြီးသား" လို့ သူမက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။

မိုက်ကယ်က သူမကို ဂရုမစိုက်ဘဲ ပိုင်ဆိုင်မှုစာချုပ်ကို သူ့ရဲ့ အရိပ်အိတ်ကပ်ထဲမှာပဲ သိမ်းဆည်းထားလိုက်တယ်။

"ဟမ်း... မင်းက အပ်ပါးဝုဒ်နယ်မြေရဲ့ မိန်းလမ်းမကြီးပေါ်မှာရှိတဲ့ နယ်မြေရဲ့ ဆယ်ရာခိုင်နှုန်းကို ရပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ လမ်းရဲ့ ဘယ်အပိုင်းကို ပိုင်ဆိုင်မလဲဆိုတာကို မင်း စိတ်ကြိုက်ရွေးချယ်ခွင့်မရှိဘူး။ ပထမဆုံး အဆင့်မြင့်တန်းပြိုင်ပွဲရဲ့ အနိုင်ရရှိသူက အရင်ရွေးချယ်မယ်... ပြီးမှ အလယ်အလတ်တန်း... အဲဒီကနေ ကျန်ခဲ့သမျှက မင်းအတွက်ပဲ ဖြစ်လိမ့်မယ်။ ငါ့နောက်ကို လိုက်ခဲ့ရင် မင်းရဲ့ မြေနေရာကို ပြပေးမယ်"

သူမက အစည်းအရုံးရုံးချုပ်ကနေ ထွက်ခွာသွားပြီး မိုက်ကယ်ကလည်း နောက်ကနေ ကပ်လျက် လိုက်သွားခဲ့တယ်။

သူတို့ဟာ အပ်ပါးဝုဒ်နယ်မြေရဲ့ တခြားတစ်ဖက်ကို ရောက်ရှိသွားကြပြီး အဲဒီနေရာက လူအများစု စုဝေးရာ ဈေးရင်ပြင်နဲ့ တော်တော်လေးကို ဝေးကွာလှပါတယ်။ လူတွေ လမ်းလျှောက်ဖို့ လူသွားလမ်းမရှိတာကြောင့် မြင်းရထားတွေနဲ့ မြင်းတွေပဲ ဒီဧရိယာကို ဖြတ်သန်း သွားလာနေကြတာပေါ့။

ဒါပေမဲ့လည်း မိန်းလမ်းမကြီးကို ဒီလောက်အထိ လိုချင်တက်မက်နေကြတဲ့ အကြောင်းရင်းက ဒေသခံတွေကြောင့် မဟုတ်ဘဲ လှည့်လည်ပွဲအတွင်း ဒီဧရိယာကို ဖြတ်သန်းသွားမယ့် ခရီးသွားဧည့်သည်တွေကြောင့်ပဲ ဖြစ်တယ်။

"ဒီလမ်းထောင့်ကိုတော့ အခု ကွန့်ချ်ကုမ္ပဏီက ပိုင်ဆိုင်သွားပြီ။ ဒစ်ကီက အဲဒီနေရာကို မြေတိုင်းတာမှုတွေ လုပ်ပြီးသွားပြီမို့ မကြာခင်မှာ ဒီအဆောက်အအုံကို ဖြိုချပြီး သူတို့ လိုအပ်သလို အသုံးပြုဖို့ ပြန်လည်ပြင်ဆင်တော့မှာ"

လမ်းတစ်ခုလုံးက အရင် ဖလဲယားကော့ပ် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဗလာကျင်းပြီး စွန့်ပစ်ထားတဲ့ အဆောက်အအုံတွေနဲ့ ပြည့်နှက်နေတာပေါ့။

အတွင်းထဲက ပစ္စည်းအများစုကို သိမ်းဆည်းသွားကြပြီ ဖြစ်ပေမဲ့ သစ်သားဆိုင်းဘုတ်အချို့၊ ဆုတ်ပြဲနေတဲ့ အလံအချို့နဲ့ စွန့်ပစ်ထားတဲ့ ဝတ်စုံအချို့လိုမျိုး ကျန်ရစ်နေတဲ့ အသုံးအဆောင် အကြွင်းအကျန်အချို့တော့ ရှိနေသေးတယ်။

"လမ်းရဲ့ အဆုံးဘက်ကတော့ မင်းရဲ့ နယ်မြေပဲ"

သူတို့ဟာ မိန်းလမ်းမကြီးရဲ့ အဆုံးကို လျှောက်သွားလိုက်တဲ့အခါ တံခါးတွေ အကျယ်ကြီး ပွင့်နေတဲ့ ဗလာကျင်းနေတဲ့ ကုန်လှောင်ရုံတစ်ခုနဲ့ တူတာကို တွေ့လိုက်ရတယ်။ အဲဒီနေရာမှာ သေတ္တာတွေနဲ့ ဖာတွေက နေရာအနှံ့ ပြန့်ကျဲနေတာပေါ့။

လမ်းရဲ့ တစ်ဖက်ခြမ်းမှာလည်း နောက်ထပ် ကုန်လှောင်ရုံတစ်ခု ရှိနေပြီး အဲဒါကိုလည်း မိုက်ကယ်က ပိုင်ဆိုင်တာ ဖြစ်တယ်။

ခြုံငုံကြည့်ရရင် မိုက်ကယ်က သူရလိုက်တဲ့အရာကို တော်တော်လေး သဘောကျမိတယ်။ နေရာအကျယ်အဝန်းအရ သေးငယ်တယ်လို့ ထင်ရပေမဲ့ နေရာပိုလိုရင် အပေါ်ကို ထပ်ဆင့်ဆောက်လို့ ရတယ်ဆိုတာ သူ သိတာပေါ့။

ဒါပေမဲ့ အကောင်းဆုံးနေရာကတော့ အခု ကွန့်ချ်ကုမ္ပဏီ ပိုင်ဆိုင်ထားတဲ့ လမ်းရဲ့ ပထမဆုံး ထောင့်ချိုးနေရာပဲ ဖြစ်မှာ သေချာတယ်။ သူတို့က လှည့်လည်ပွဲအတွင်း နိုင်ငံခြားသားတွေ အရင်ဆုံး မြင်ရမယ့်သူတွေ ဖြစ်လာမှာလေ။ ဒါကို ဖယ်လိုက်ရင်တော့ မိန်းလမ်းမကြီးပေါ်က နယ်မြေတွေအချင်းချင်း သိပ်ပြီး ကွာခြားမှု မရှိပါဘူး။

"ဘယ်လိုလဲ... သဘောကျရဲ့လား" ကလော်ဒီယာက စိုးရိမ်တကြီး မေးလိုက်တယ်။ "ဒီနေရာတစ်ခုလုံးက စုတ်ပြတ်သတ်နေပုံရပေမဲ့ နည်းနည်းလောက် သန့်ရှင်းရေးလုပ်လိုက်ရင်တော့ အခြေစိုက်ရုံးချုပ်ကောင်းတစ်ခု ဖြစ်လာမှာပါ။ မင်း အလိုရှိရင် ဒီကုန်လှောင်ရုံကို ပိုကောင်းတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အကောင်းစား လက်သမားကုမ္ပဏီတစ်ခုနဲ့ မိတ်ဆက်ပေးနိုင်တယ်"

သူက ငြင်းပယ်လိုက်တယ်။ "မလိုပါဘူး... ဒီဟာ တစ်ခုလုံးကို ဖြိုချပစ်မှာ"

သူမက သူ နောက်ပြောင်နေတာလားဆိုတာကို သိချင်တဲ့ပုံစံနဲ့ စိုက်ကြည့်လိုက်တယ်။

"သေချာလို့လား... အောက်ခြေကနေ စဆောက်မယ်ဆိုရင် နှစ်လလောက် ကြာလိမ့်မယ်။ မင်း အလျင်စလို လုပ်ချင်တယ်ဆိုရင်တော့ ပိုပြီး မြန်မြန်ဆောက်နိုင်ဖို့ မှော်ပညာကို သုံးနိုင်တဲ့ ဈေးကြီးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို ငှားရလိမ့်မယ်"

"မစိုးရိမ်ပါနဲ့... ကျွန်တော့မှာ တခြားအစီအစဉ်တွေ ရှိပြီးသားပါ"

ကလော်ဒီယာက လက်မခံချင်ဘဲ လက်ခံလိုက်ရခင် ခဏလောက် ငြိမ်သက်သွားတယ်။ "...ငါ ဆက်မမေးတော့ပါဘူး... ငါ့မှာ ထပ်ပြီး အံ့ဩ တုန်လှုပ်ရမယ့် အင်အားမရှိတော့ဘူး ထင်တယ်"

မိုက်ကယ်မှာ အားကိုးစရာတစ်ခုခု ရှိနေတယ်ဆိုတာကို သူမက မှန်ကန်စွာ ခန့်မှန်းလိုက်တာ ဖြစ်တယ်။

"ဘာပဲဖြစ်ဖြစ်... ဒါပါပဲ။ မင်း သိချင်တာ တစ်ခုခုရှိရင် ငါ့ကို မေးဖို့ ဝန်မလေးနဲ့"

သူမ လှည့်ထွက်သွားခါနီးမှာပဲ မိုက်ကယ်က သူမဆီ လက်ကမ်းလိုက်တယ်။ "ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့။ ခွင့်ပြုချက်စစ်ဆေးပွဲကို ဝင်ပြိုင်ခဲ့တဲ့ ကုမ္ပဏီလေးခု ရှိတယ်... သူတို့ အခု ဘယ်မှာလဲဆိုတာ ငါ သိချင်လို့"

* * * * * * * *

အော့တို၊ ရီနာ၊ ကာတာနဲ့ ပီဒရိုတို့က သူတို့ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီး သူတို့ရဲ့ နယ်မြေတွေဆီ ပြန်ဖို့ ပြင်ဆင်လိုက်ကြတယ်။ သူတို့ဟာ ဒီနှစ်မတိုင်ခင်က နှစ်လိုပဲ သူတို့ရဲ့ မိသားစုတွေကို နောက်ထပ် သတင်းဆိုးတစ်ခု ပေးရဦးမှာ ဖြစ်တယ်။

ဒါပေမဲ့လည်း ဒီအတွေ့အကြုံကတော့ သိပ်ပြီး ဆိုးဝါးမနေခဲ့ပါဘူး။ သူတို့ စစ်ဆေးပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ မိုက်ကယ်နဲ့ ရီနေးတားကုမ္ပဏီတို့ရဲ့ အံ့ဩစရာကောင်းတဲ့ အရာတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့်ပဲ။

မိုက်ကယ်ရဲ့ အောင်မြင်မှုအကြောင်း ကြားရတဲ့အခါ သူတို့ စိတ်ထဲမှာ ဂုဏ်ယူမိတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်ခဲ့ရတယ်။ သူ့အတွက်ရော၊ မက်ထရိုပိုလစ်မှာရှိမယ့် သူ့ရဲ့ အနာဂတ်အတွက်ပါ သူတို့ ဝမ်းသာပေးခဲ့ကြတာပေါ့။

သူတို့ရဲ့ မြင်းရထားက မက်ထရိုပိုလစ်ရဲ့ မြို့တံခါးတွေကနေ ထွက်ခွာလာတဲ့အချိန်မှာ သူတို့ဟာ ဒီမဟာမြို့ကြီးကို သံယောဇဉ်မပြတ်နိုင်စွာနဲ့ ပြန်လည်ငေးကြည့်နေမိကြတယ်။

အဲဒီအချိန်မှာပဲ သူတို့ရဲ့ နောက်မှာ ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။

"မိုက်ကယ်... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" အော့တိုက မြင်းရထားပေါ်ကနေ ဆင်းပြီး သူ့ကို နှုတ်ဆက်ရင်း မေးလိုက်တယ်။

"ကျွန်တော် ခင်ဗျားတို့ကို တစ်ခုခု မေးမလို့ လာခဲ့တာ"

"ဘာကိစ္စလဲ"

"ကျွန်တော့်ရဲ့ နယ်မြေမှာ ခင်ဗျားတို့ရဲ့ ကုမ္ပဏီတွေကို တည်ထောင်ဖို့ အခွင့်အရေးတစ်ခု ပေးမလို့။ အဲဒါက မက်ထရိုပိုလစ်တော့ မဟုတ်ဘူး... ဒါပေမဲ့ အဲဒီမှာ ပိုကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုတာ အာမခံတယ်"

* * * * * * * *

စာစဉ်(၄၀)

All Chapters