အခန်း ၄၇၀
Vol. 40 Ch. 470
အခန်း(၄၇၀)
"မင်းတို့ရဲ့ နယ်မြေ ဟုတ်လား" ရီနာက စူးစမ်းချင်စိတ်နဲ့ မေးလိုက်တယ်။ "ငါတို့ အဲဒီကို လာရင် မင်းဆိုင်မှာ ရောင်းတဲ့ ပစ္စည်းတွေကို ဝယ်လို့ရမှာလား။ အဲဒီမှာ မင်းရဲ့ ဆပ်ပြာကို ဝယ်လို့ရနိုင်မလား"
သူက ခေါင်းငြိမ့်ပြလိုက်တယ်။ "ရတာပေါ့။ မက်ထရိုပိုလစ်မှာ ရောင်းခဲ့တဲ့ ပစ္စည်းတွေဆိုတာ ရီနေးတားကနေ ထုတ်လုပ်ပေးနိုင်တဲ့ အရာတွေရဲ့ အစိတ်အပိုင်းအသေးလေးတစ်ခုပဲ ရှိသေးတယ်"
သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ စကားပင် ပြောဖို့မလိုဘဲ သူတို့ ဘာပြန်ပြောကြမလဲဆိုတာ အချင်းချင်း သိနေကြပြီလေ။
"အေးဗျာ။ ငါတို့ လက်ခံတာပေါ့။ မင်းရဲ့ ပစ္စည်းတွေထဲက သတ္တုထည်ပန်းပဲလက်ရာတွေကို ငါ သိပ်သဘောကျတာ။ ကြည့်ရတာ လူပုတွေ လုပ်ပေးထားတဲ့အတိုင်းပဲ။ အဲဒါတွေကို တာဝန်ယူလုပ်ပစ်လိုက်တဲ့ ပန်းပဲဆရာတွေဆီကနေ ငါ ပညာသင်ချင်တယ်" ပီဒရိုက ဝမ်းသာအားရ အော်ဟစ်လိုက်တယ်။
"ရတာပေါ့။ ခင်ဗျား အံ့ဩသွားစေရမယ်လို့ ငါ ထင်တယ်" မိုက်ကယ်က ပြုံးပြီး ပြောလိုက်တယ်။
"ငါလည်း မင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံတယ်။ မင်းရဲ့ နယ်မြေက ဘယ်မှာလဲ" ကာတာက မေးလိုက်တယ်။
"ခင်ဗျားတို့မှာ ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိတယ်" သူက သူတို့ကို ပြောပြလိုက်တယ်။ "ပထမတစ်ခုကတော့ ကွင်းစ်နယ်မြေထဲက အန်ဂိုရာမြို့မှာ ခင်ဗျားတို့ရဲ့ ကုမ္ပဏီတွေကို တည်ထောင်ပြီး နေထိုင်နိုင်တယ်။ ခင်ဗျားတို့အတွက် ကိုယ်ပိုင်နေရာတွေ ရအောင် ကျွန်တော့်လူတွေကို စီစဉ်ခိုင်းလိုက်မယ်"
ပထမ ရွေးချယ်စရာကတင် သူတို့အားလုံးကို အံ့ဩသွားစေခဲ့ပြီ။ အန်ဂိုရာမြို့က နှစ်တွေကြာလာတာနဲ့အမျှ ဆုတ်ယုတ်လာခဲ့တယ်ဆိုပေမဲ့ ဘာပဲပြောပြော မြို့တော်တစ်ခု ဖြစ်နေတုန်းပဲလေ။ အရင်တုန်းကဆိုရင် မက်ထရိုပိုလစ်လိုမျိုး ဂုဏ်သတင်းကျော်ဇောပြီး လူကြိုက်များခဲ့တဲ့ နေရာပေါ့။
မိုက်ကယ် ပြောတဲ့ နယ်မြေက အန်ဂိုရာမြို့ ဖြစ်နေလိမ့်မယ်လို့ သူတို့ မယုံနိုင်အောင် ဖြစ်သွားကြတယ်။ သူ့နယ်မြေက မြို့ငယ်လေးတစ်ခု ဒါမှမဟုတ် ရွာလေးတစ်ရွာလောက်ပဲ ဖြစ်လိမ့်မယ်လို့ သူတို့ ထင်ထားခဲ့တာကိုး။
"နေပါဦး၊ အန်ဂိုရာမြို့က မင်းရဲ့ နယ်မြေ ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" အော့တိုက အံ့ဩတကြီး ရေရွတ်လိုက်တယ်။
"အတိုချုပ် ပြောရရင်တော့ ကျွန်တော်က သူတို့ရဲ့ ကျောထောက်နောက်ခံပြုသူပေါ့။ ကျွန်တော်က မြို့စားမင်း စတယ်မိန်းနဲ့ အလုပ်သဘောအရ ဆက်ဆံရေး ကောင်းကောင်း ရှိတယ်"
သူတို့အားလုံး အံ့ဩလွန်းလို့ အသက်ရှူမှားမတတ် ဖြစ်သွားကြတယ်။ မိုက်ကယ်ရဲ့ နောက်ခံက သူတို့ စိတ်ကူးယဉ်ခဲ့တာထက် အများကြီး ပိုပြီး နက်ရှိုင်းနေတာပဲ။ အန်ဂိုရာမြို့က သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှတော့ ကွင်းစ်နယ်မြေရဲ့ ဆောက်သ်တစ်ပ် တစ်ခုလုံးက သူ့လက်ထဲမှာ ရှိနေသလို ဖြစ်နေပြီပေါ့။
"ခင်ဗျားတို့က အန်ဂိုရာမြို့ထက် ပိုကောင်းတာကို လိုချင်တယ်ဆိုရင်တော့ ကင်းစ်နယ်မြေထဲက ပတ်ချ်လန်းဒ်မှာ ရှိတဲ့ ကျွန်တော့်ရဲ့ နိုင်ငံကို သွားနိုင်တယ်"
"မင်းမှာ ကိုယ်ပိုင်နိုင်ငံ ရှိတယ် ဟုတ်လား"
သူတို့ အော်ဟစ်လိုက်တဲ့ အသံတွေကြောင့် မက်ထရိုပိုလစ်ရဲ့ ဂိတ်တံခါးဝမှာ တန်းစီနေတဲ့ မြင်းလှည်းတွေဆီက လူတွေက စူးစမ်းတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်လာကြတယ်။
"အင်း၊ ကျွန်တော့်မှာ ကိုယ်ပိုင်နိုင်ငံ ရှိတယ်။ အဲဒါက ကင်းစ်နယ်မြေထဲမှာ ရှိတာ"
ရီနာက ပတ်ချ်လန်းဒ်နဲ့ ပတ်သက်ပြီး တစ်ခုခုကို မှတ်မိသွားတယ်။ "အဲဒါက ဘာမှမရှိတဲ့ သဲကန္တာရကြီး မဟုတ်ဘူးလား"
"အရင်ကတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါကို လူနေလို့ရတဲ့ နယ်မြေအဖြစ် ပြောင်းလဲပစ်လိုက်ပြီ။ ပြီးခဲ့တဲ့လကဆို နှင်းတောင် ကျသေးတယ်"
သူတို့အားလုံးရဲ့ မျက်နှာမှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်လာရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ သဲကန္တာရထဲမှာ နှင်းကျတယ်ဆိုတာက သဘာဝနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလို့ ယုံရခက်လွန်းတဲ့ စကားပဲလေ။
"ခင်ဗျားတို့ သွားကြည့်ချင်တယ်ဆိုရင် ကျွန်တော် လိုက်ပြလို့ရတယ်နော်"
သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်ကြတယ်။ "အဲဒီကို ရောက်ဖို့ လနဲ့ချီ ကြာဦးမှာဆိုပေမဲ့ အဲဒီလို ထူးဆန်းအံ့ဩစရာကြီးကို မြင်ရဖို့အတွက်တော့ တန်ပါလိမ့်မယ်"
"မဟုတ်တာ၊ တစ်စက္ကန့်ပဲ ကြာမှာပါ" သူက ပြောပြောဆိုဆိုနဲ့ သူ့ရဲ့ အရိပ်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး သူ့အပါအဝင် လူတိုင်းကို ရီနေးတားနိုင်ငံဆီသို့ တယ်လီပို့လုပ်ပြီး ခေါ်ဆောင်သွားလိုက်တယ်။
အော့တိုနဲ့ အခြားလူတွေက သူတို့ရဲ့ မြင်ကွင်းတစ်ခုလုံးကို ဒီမှောင်မည်းနေတဲ့ အရိပ်ကြီးက ဖုံးလွှမ်းသွားတာကို မြင်လိုက်ရတဲ့အခါ လန့်ဖျပ်သွားကြတယ်။ ဒါပေမဲ့ တစ်စက္ကန့်အကြာမှာတော့ အရိပ်က မိုက်ကယ်ရဲ့ ခြေဖဝါးအောက်ကို ပြန်လည် စုပ်ယူသွားပြီး ဖတ်ဖူးတဲ့ စိတ်ကူးယဉ် ဝတ္ထုစာအုပ်ထဲကအတိုင်း လုံးဝအသစ်စက်စက် ဖြစ်နေတဲ့ မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့လိုက်ရတော့တာပဲ။
"ဟား... ဝါး..."
"ဒါ ဘယ်နေရာကြီးလဲ"
"ဟိုးမှာ မြင်နေရတာ မင်းသုံးခဲ့တဲ့ ရွှေ့လျားအရောင်းဆိုင်တွေ မဟုတ်လား။ အဲဒါတွေက လမ်းပေါ်မှာ မောင်းနေကြတာလား။ မြင်းလှည်းတွေကော မြင်းတွေကော မရှိပါလား"
ကွန်ကရစ် အဆောက်အအုံတွေ၊ ညီညာပြန့်ပြူးနေတဲ့ လမ်းတွေ၊ မော်တော်ကားတွေ၊ မီးရောင်တွေ... အရာအားလုံးက သူတို့အတွက် လုံးဝကို အယူအဆအသစ်တွေ ဖြစ်နေတယ်။ ရီနေးတားနိုင်ငံရဲ့ တီထွင်ဆန်းသစ်မှုတွေအားလုံးကို သူတို့ နားလည်သဘောပေါက်သွားဖို့အတွက် နာရီအနည်းငယ်လောက် အချိန်ပေးရလိမ့်မယ်လို့ မိုက်ကယ်က ခန့်မှန်းလိုက်တယ်။
ကံကောင်းထောက်မစွာနဲ့ပဲ အမြဲတမ်း တာဝန်သိတတ်တဲ့ နိုင်ငံရဲ့ မြို့တော်ဝန်က အချိန်ကိုက် ရောက်ရှိလာခဲ့တယ်။
လော့လိုက မိုက်ကယ်ရဲ့ ဧည့်သည်တွေကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သူ့ကိုယ်သူ ချက်ချင်း မိတ်ဆက်ပေးလိုက်တယ်။
"ရီနေးတားနိုင်ငံကနေ ကြိုဆိုပါတယ်။ ကျွန်တော်က လော့လို ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ထူးဆန်းအံ့ဩစရာတွေကို မင်းတို့ မြင်တွေ့နိုင်ဖို့ ကူညီပေးပါရစေ"
ပညာရှင်တစ်ယောက်ပီပီ လော့လိုက ထိုလူလေးယောက်ကို သိုးအုပ်ကလေးတွေကို ထိန်းကျောင်းသလိုမျိုး နိုင်ငံရဲ့ လမ်းမတွေထက် ခေါ်ဆောင်သွားပေးခဲ့တယ်။ သူတို့ကတော့ တအံ့တဩနဲ့ အသက်ရှူမှားမတတ် ဖြစ်နေကြပြီး လုံးဝကို ဆွံ့အလို့ နေခဲ့ကြရတာပေါ့။
မိုက်ကယ်က လော့လိုကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး အခုလို အချိန်ကိုက် လှုပ်ရှားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြသလိုက်တယ်။
နေ့တစ်နေ့ရဲ့ အဆုံးမှာတော့ လော့လိုက ထိုလူလေးယောက်နဲ့အတူ ပြန်ရောက်လာခဲ့တယ်။
"ကဲ... ဘယ်လိုလဲ။ ခင်ဗျားတို့ အားလုံး ဘယ်လိုထင်ကြလဲ"
သူတို့က မျက်လုံးတွေ ရဲရဲနီနေတဲ့အထိ မိုက်ကယ်ကို စိုက်ကြည့်ရင်း ပြောလိုက်ကြတယ်။ "ငါတို့ ဒီမှာပဲ နေတော့မယ်"
သူတို့ လေးယောက်စလုံးက ဒီနေရာကြီး ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲဆိုတာ မြင်ပြီးတဲ့နောက် သူတို့ရဲ့ စီးပွားရေးတစ်ခုလုံးနဲ့ မိသားစုတွေကို ရီနေးတားနိုင်ငံဆီ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
ဒီသုခဘုံဗိမာန်ကြီးက မက်ထရိုပိုလစ်မှာ သူတို့ မျှော်လင့်ထားခဲ့တာထက် အဆပေါင်းများစွာ ပိုကောင်းနေတယ်လို့ သူတို့က သူ့ကို ပြောခဲ့ကြတယ်။ သူတို့က အိုင်းရွန်းမေဒင်ကိုတောင် ကျေးဇူးတင်နေကြသေးတာ၊ ဘာလို့လဲဆိုတော့ သူတို့သာ ခွင့်ပြုချက်စာမေးပွဲ အောင်ခဲ့ရင် ရီနေးတားနိုင်ငံကို ရှာတွေ့ဖို့ ကံကောင်းမှာ မဟုတ်တော့ဘူးလေ။
သူတို့က ရီနေးတားနိုင်ငံရဲ့ တရားဝင်မဟုတ်တဲ့ လျှို့ဝှက်ကိုးကွယ်ယုံကြည်မှုကို ယုံကြည်နေကြပြီ ဖြစ်တဲ့အတွက် အခြေကျဖို့ သိပ်ပြီး အချိန်မရွေးလိုက်ရဘူး။
မိုက်ကယ်က သူတို့ ရွှေ့ပြောင်းမယ့်ကိစ္စကို ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပြီး သူတို့ကလည်း သိပ်ကို ကျေးဇူးတင်သွားကြလို့ ရီနေးတားကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတွေအဖြစ် ခံယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါက သူတို့ရဲ့ ကူညီမှုအတွက် အပြန်အလှန်အနေနဲ့ သူတို့ ရရှိတဲ့ ငွေကြေးဝင်ငွေရဲ့ အစိတ်အပိုင်းတစ်ခုကို မိုက်ကယ်ကို ပေးဆောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
ဒါက သူ့အတွက် အကျိုးအမြတ်ရှိတာမို့ သူက လက်ခံလိုက်တယ်။
* * * * * * * *
မိုက်ကယ်က သူတို့ရဲ့ ဌာနချုပ်ဆီ ပြန်သွားပြီး ရှီနာ၊ ကက်စတယ်လာနဲ့ ကျန်တဲ့အဖွဲ့သားတွေနဲ့ တွေ့ဆုံလိုက်တယ်။
"သခင်မိုက်ကယ်၊ ကျွန်မတို့နိုင်ငံမှာ အခြေစိုက်ဖို့အတွက် ကျွန်မတို့ရဲ့ ကုမ္ပဏီခွဲအသစ်တွေကို စီစဉ်ပေးပြီးပါပြီ" ရှီနာက အစီရင်ခံလိုက်တယ်။
"အန်ဂိုရာမြို့အတွက်ကတော့ ရေဆိုးထုတ်စနစ်နဲ့ ပိုက်လိုင်းစနစ် တည်ဆောက်မှုတွေကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပြီး သိပ်ကို ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိနေပါတယ်။ ကျွန်မတို့ရဲ့ နောက်ထပ် အစီအစဉ်ကတော့ နီယိုအော်ကပ်စ်မှာ ရှိတဲ့ ရထားလမ်းနဲ့ ချိတ်ဆက်မှုတစ်ခု ပြုလုပ်ဖို့ပါပဲ" ရှီနာက ထပ်လောင်း အစီရင်ခံလိုက်တယ်။
"ရွှေလမ်းမကြီးကော ဘယ်လိုလဲ" သူက သူမကို မေးလိုက်တယ်။
"ကျွန်မတို့ ဘတ်ချ်ရောခ့်မြို့ကို ရောက်နေပြီ သခင်မိုက်ကယ်။ အခု မက်ထရိုပိုလစ်ဆီကို ဦးတည်နေပါတယ်"
အဲဒါက သိပ်ကို ဝမ်းသာစရာကောင်းတဲ့ သတင်းပဲ။ လမ်းတွေသာ ချိတ်ဆက်မိသွားရင် သူ မက်ထရိုပိုလစ်မှာ မော်တော်ကားတွေကို စတင် ရောင်းချနိုင်တော့မယ်။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် ဒါက အဲဒီမှာ သူ့ရဲ့ အကြီးမားဆုံး စီးပွားရေး ဖြစ်လာလိမ့်မယ်လို့ သူ ခန့်မှန်းထားတယ်။
ရှီနာက မိုက်ကယ် မက်ထရိုပိုလစ်မှာ ရှိနေစဉ်အတွင်း လွဲချော်ခဲ့တဲ့ အရာအားလုံးကို ဆက်ပြီး အစီရင်ခံနေခဲ့တယ်။
"ဒါအကုန်ပဲလား"
ရှီနာက ခေါင်းခါပြလိုက်တယ်။ "သခင် အဲဒီမှာ ရှိနေတုန်း အရေးကြီးတဲ့ အရာတစ်ခုကို မေ့နေခဲ့တယ် သခင်မိုက်ကယ်"
သူက သူမကို နားမလည်နိုင်တဲ့ ပုံစံနဲ့ ကြည့်လိုက်တယ်။ "တကယ်လား။ ဘာလဲ"
"သခင့်ရဲ့ မွေးနေ့လေ သခင်မိုက်ကယ်။ အသက် ၁၃ နှစ် ပြည့်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
သူက ပြိုင်ပွဲမှာပဲ အာရုံရောက်နေခဲ့လို့ သူ့ရဲ့ မွေးနေ့ကို လုံးဝ မေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မွေးနေ့အတွက် အကြီးအကျယ် ကျင်းပတာမျိုးတွေကို သူ မလိုချင်မှန်း သိနေတာကြောင့် စိတ်ထဲကနေ အလိုလို မေ့ပစ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
"အို... စိတ်မပူပါနဲ့ ကလေးရဲ့။ မင်းရဲ့ မွေးနေ့ကို ငါတို့ရဲ့ နယ်မြေအားလုံးမှာ ကျင်းပခဲ့ကြပါတယ်" လိုင်လီယာက မိုက်ကယ်ကို နောက်ကနေ ဖက်လိုက်ပြီး သူ့ရဲ့ ခေါင်းလေးကို မိုက်ကယ်ရဲ့ ဆံပင်တွေကြားထဲ အသာလေး အပ်လိုက်ရင်း ပြောလိုက်တယ်။
"အစ်ကိုကြီး မိုက်။ မင်း ပါတီပွဲတွေကို လွဲသွားပြီ" ဇိုင်ယွန်က အော်ပြောလိုက်တယ်။
"ဟိုဟိုဟိုး မင်းက ကိုယ့်မွေးနေ့ကိုတောင် ဘယ်လိုလုပ် မေ့ရတာလဲ။ ရှက်စရာကြီးပါလား မိုက်ကယ်ရယ်"
"ဂရီးဗ်... မင်း ကိုယ့်မွေးနေ့တောင် ကိုယ်မသိဘူးလား" သူက ပြန်ပြောလိုက်တယ်။
"အော်... ဟုတ်သားပဲ။ ငါ မေ့သွားတယ် ဟိုဟိုဟိုးဟိုး"
အမှန်တော့ သူက သူ့မွေးနေ့ကို မှတ်မိနေခဲ့ရင်တောင် အလုပ်များပြာယာခတ်နေတဲ့ အချိန်ဇယားထဲကနေ အချိန်ဖဲ့ပြီး ကျင်းပနေမှာ မဟုတ်ပါဘူး။
သူ့ရဲ့ အာရုံစိုက်မှုအားလုံးက အခုအချိန်မှာ မက်ထရိုပိုလစ်မှာ ရီနေးတားကို အခြေစိုက်နိုင်ဖို့ပဲ ရှိနေတာပါ။ ဝိညာဉ်ဆီကို ရရှိဖို့ အခွင့်အရေး ရချင်တယ်ဆိုရင် ခရီးသွားဧည့်သည်တွေ ရောက်လာမယ့်အချိန်အတွက် သူ ပြင်ဆင်ထားဖို့ လိုအပ်တယ်။
ဒရုန်းဗားရှင်းတူးကို တိုက်ပွဲမှာ အသုံးပြုပြီးတဲ့နောက် သူက ပိုပြီးတော့တောင် လိုချင်တက်မက်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရတယ်။ သူက စွဲလမ်းနေတဲ့ လူတစ်ယောက်လိုမျိုး ပစ္စည်းတွေ ပိုပြီး ထွက်ကျလာဖို့ကို မျှော်လင့်တောင့်တနေမိတာပေါ့။
"ကက်စတယ်လာ၊ မက်ထရိုပိုလစ်မှာ ငါတို့ရဲ့ ဌာနချုပ် တည်ဆောက်ဖို့အတွက် ပြင်ဆင်မှုတွေ စလုပ်တော့။ အသေးစိတ် အချက်အလက်တွေကို နောက်မှ ငါ မင်းကို ပေးမယ်"
"ရတာပေါ့ သခင်လေး"
ပြီးတော့ အဲဒီအချိန်မှာပဲ မက်ထရိုပိုလစ်မှာ သူ ထားခဲ့တဲ့ သူ့ရဲ့ အရိပ်ကိုယ်ပွားတစ်ခုဆီကနေ ဆွဲနှုတ်လိုက်သလို ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရတယ်။
တစ်ယောက်ယောက်က သူ့ရဲ့ အာရုံစိုက်မှုကို တောင်းဆိုနေတာပဲ။
အဲဒါကို သေချာ ကြည့်ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ သတင်းထောက် ဖြစ်တဲ့ ဂျင်မီဆီကနေ လာတာမှန်း သူ သိလိုက်ရတော့တယ်။
* * * * * * * *
စာစဉ်(၄၀)