အခန်း ၄၇၁
Vol. 40 Ch. 471
အခန်း(၄၇၁)
မိုက်ကယ်ဟာ ဂျင်မီဆီမှာ ထားခဲ့တဲ့ အရိပ်ကို အသုံးချပြီး မက်ထရိုပိုလစ်ဆီ ချက်ချင်းပဲ ပြန်လည်ကူးပြောင်းရောက်ရှိလာခဲ့တယ်။
သူ မျက်လုံးဖွင့်လိုက်တဲ့အခါ ကျောက်တုံးအုတ်ချပ်တွေနဲ့ ဆောက်ထားတဲ့ ဧရာမအဆောက်အအုံကြီးတစ်ခုကို မော့ကြည့်ရင်း လမ်းမကြီးရဲ့အလယ်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီအဆောက်အအုံကြီးရဲ့ ထိပ်ဆုံးမှာတော့ ဒေးလီးမက်ထရို ဆိုတဲ့ နာမည်ကြီးကို အထင်းသား ရေးထွင်းထားတာပေါ့။
သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိတော့ လက်ထဲမှာ သတင်းစာတွေ ကိုင်ပြီး အဆောက်အအုံထဲ ဝင်လိုက်ထွက်လိုက် လုပ်နေကြတဲ့ လူတွေကို မြင်ရတယ်။ သူတို့ထဲက အများစုဟာ သူ့အရွယ်လောက်ပဲရှိသေးတဲ့ ကလေးငယ်လေးတွေဖြစ်ပြီး ပုံမှန်သွားနေကျ လမ်းတွေအတိုင်း သတင်းစာထူးထူးခြားခြား သတင်းတွေ လာပြီ လာပြီ လို့ အော်ဟစ်ရောင်းချနေတဲ့ သတင်းစာဝေတဲ့ကလေးတွေ ဖြစ်ပုံရတယ်။
သူ သတင်းစာမျက်နှာဖုံးရဲ့ ခေါင်းစီးစာတန်းကိုတောင် လှမ်းမြင်လိုက်ရသေးတယ်၊ အဲဒီထဲမှာ ဒြပ်စင်လေးခုစလုံးကို အကြွင်းမဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကောင်လေး ဟုတ်လား ဆိုပြီး ရေးထားတာလေ။
"ဆရာ မိုက်ကယ်….ရောက်လာပြီပဲ"
ဂျင်မီက မိုက်ကယ်ဆီ လျှောက်လာပြီး လူသွားစင်္ကြံပေါ်ကနေ ခေါ်ထုတ်ကာ ဒေးလီးမက်ထရို အဆောက်အအုံရဲ့ နံရံနားဆီ ဦးဆောင်ခေါ်သွားတယ်။
"ဘာကိစ္စလဲ"
"ဆရာ သိချင်နေတဲ့ အဲဒီအကြောင်းအရာကို ကျွန်တော်နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီလေ"
"အဲဒီအကြောင်းအရာ ဟုတ်လား"
"ဟုတ်တယ် လေလံပွဲအကြောင်းပေါ့"
မက်ထရိုပိုလစ်မှာ လေလံပွဲနဲ့ပတ်သက်ပြီး ဘာသတင်းပဲကြားကြား နားစွင့်ထားပေးဖို့ ဂျင်မီကို သူ မှာခဲ့ဖူးတာကို မိုက်ကယ် သတိရသွားတယ်။
ဘတ်ချ်ရောခ့်မြို့မှာတုန်းက လက်ဂါစီ့စ်တွေနဲ့ ပထမဆုံး ဆုံခဲ့စဉ်က မက်ထရိုပိုလစ်မှာ ကျင်းပတော့မယ့် လေလံပွဲတစ်ခုအကြောင်း သူတို့ ပြောနေကြတာကို သူ တိတိကျကျ မှတ်မိနေတာပေါ့။
သူ့အတွက် အသည်းအသန် လိုအပ်နေတဲ့ အရေးကြီးပစ္စည်းတစ်ခု ပါလာနိုင်ခြေရှိတာကြောင့် သူ ဒီလေလံပွဲကို တက်ရောက်ချင်နေတာပါ။
အဲဒါကတော့ ဝိညာဉ်ဆီ ပဲ ဖြစ်တယ်။
အဲလ်ရစ်နဲ့ တခြားသူတွေရဲ့ ပြောပြချက်အရ ဆိုရင်တော့ ဒီတစ်ကြိမ် လေလံပွဲမှာ သူတို့ရဲ့ အဓိက အရောင်းရဆုံး ပစ္စည်းတွေထဲကတစ်ခုအနေနဲ့ ဝိညာဉ်ဆီ ပါဝင်လာလိမ့်မယ်လို့ ကောလာဟလတွေ ထွက်နေခဲ့တယ်။
တုန်းကတော့ သူ ဒီလေလံပွဲကို တက်ဖို့ သိပ်စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဒါက မဖြစ်မနေ လိုအပ်ချက်တစ်ခုလို သူ သတ်မှတ်လိုက်ပြီ။
သူ အဲဒီ ဝိညာဉ်ဆီ ကို လိုချင်တယ်။ တစ်စက်ကလေးပဲ ဖြစ်ပါစေဦးတော့၊ အဲဒါကို ရဖို့အတွက် ငွေကြေးအမြောက်အအုံ အကုန်အကျခံပြီး ဝယ်ယူမှာပါ။
"တကယ်ကြီးလား။ လေလံပွဲက ဘယ်တော့၊ ဘယ်နေရာမှာ ကျင်းပမှာလဲ"
သူက စိတ်အားထက်သန်မှုအပြည့်နဲ့ မေးလိုက်ရာ ဂျင်မီတောင် အံ့ဩတုန်လှုပ်သွားပြီး ဒီလေလံပွဲက မိုက်ကယ်အတွက် ဒီလောက်အထိ အဓိပ္ပာယ်ရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။
"မက်ထရိုပိုလစ်ရဲ့ အလယ်ဗဟိုမှာ ဧရာမ လေလံရုံကြီးတစ်ခု ရှိတယ်။ သူတို့ကို ဘာနာဘီဘဏ္ဍာတိုက် လို့ ခေါ်ကြတာ။ သူတို့ရောင်းတဲ့ ပစ္စည်းတွေက သိပ်ကို တန်ဖိုးကြီးလွန်းလို့ တစ်နှစ်မှာ တစ်ကြိမ်ပဲ လေလံပွဲ လုပ်တယ်။ အဲလိုဆိုရင်တောင် သူတို့က မက်ထရိုပိုလစ်မှာ အကြီးဆုံး လေလံရုံကြီး ဖြစ်နေတုန်းပဲ။
မက်ထရိုပိုလစ်မှာရှိတဲ့ လူတိုင်းနီးပါးက အဲဒီလေလံပွဲကို တက်ချင်ကြတာ။ လက်ဂါစီ့စ်တွေကတော့ သေချာပေါက် နေရာရမှာပေါ့။ မြို့စားကတော်နဲ့ သူ့မိသားစုလည်း ဒီလေလံပွဲကို တက်ရောက်ဖို့ ရှိတယ်"
ဂျင်မီ ပြောပြတဲ့လူတွေဟာ မက်ထရိုပိုလစ် လူမှုစီးပွားလောကရဲ့ အထက်တန်းလွှာတွေလို့ ယူဆရမယ့်သူတွေပါ။ သူတို့တွေ၊ အထူးသဖြင့် လက်ဂါစီ့စ်တွေဟာ သူ့ထက်တောင် သာလွန်နိုင်တဲ့ သို့မဟုတ် သူနဲ့အပြိုင် ငွေအင်အား အဆမတန် တောင့်တင်းတဲ့သူတွေ ဖြစ်မှာ သေချာတယ်။ ဒါပေမဲ့ ဟုတ်တာပေါ့၊ ငွေကြေးဓန ပြိုင်ဆိုင်ကစားရမယ့်ပွဲမှာ သူ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ အဲဒီအရာကတော့ သူ့မှာ အလျှံပယ် ရှိနေတဲ့အရာတစ်ခုပဲလေ။
"သူတို့ ဘယ်လိုပစ္စည်းမျိုးတွေကို လေလံတင်မှာလဲ မင်း သိလား"
"ကျွန်တော်လည်း သေချာမသိဘူး။ လေလံတင်မယ့် ပစ္စည်းစာရင်းကို အဲဒီည မရောက်မချင်း လေလံရုံဘက်က လျှို့ဝှက်ထားတာ။ ဒါပေမဲ့ အဲဒီထဲမှာ လက်ဂါစီ့စ်တွေ မျက်စိကျနေတဲ့ သိပ်ကို တန်ဖိုးဖြတ်မရတဲ့ အရည်တစ်မျိုး ပါဝင်မယ်လို့တော့ ကောလာဟလအချို့ ထွက်နေတယ်"
'ဒါ သေချာပေါက် ဝိညာဉ်ဆီ ပဲ ဖြစ်ရမယ်' လို့ မိုက်ကယ် တွေးလိုက်တယ်။ လေလံပွဲအပေါ် သူ့ရဲ့ စိတ်လှုပ်ရှားမှုက စက္ကန့်နဲ့အမျှ တိုးပွားလာနေခဲ့ပြီ။
"ငါ အဲဒီလေလံပွဲကို ဘယ်လို ပါဝင်ရမလဲ"
သူက သိသိသာသာ စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။
သူ့ရဲ့အမူအရာကို မြင်တော့ ဂျင်မီက နှုတ်ခမ်းကို မစေ့ဘဲမနေနိုင် ဖြစ်သွားပြီး မိုက်ကယ်ရဲ့ စိတ်ခံစားချက်ကို ဖျက်ဆီးရမှာ တွန့်ဆုတ်နေတဲ့ပုံ ပေါ်နေတယ်။
"စိတ်မကောင်းစရာပဲ ဆရာမိုက်ကယ်...အဲဒီလေလံပွဲက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်း ထဲမှာ အဆင့်သတ်မှတ်ချက် လုံလောက်အောင် မြင့်မားတဲ့သူတွေအတွက်ပဲ သီးသန့် ကန့်သတ်ထားတာ။ သူတို့ပစ္စည်းတွေကို လေလံဆွဲမယ့်သူတွေမှာ ငွေကြေးအလုံအလောက် ရှိ၊ မရှိ သေချာချင်လို့ အဲဒီစာရင်းနဲ့ စိစစ်တာပေါ့"
ဒီစကားက မိုက်ကယ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို တကယ်ပဲ ရေလောင်းအေးစက်သွားစေခဲ့တယ်။ ရီနေးတားကုမ္ပဏီက အဆင့် ၄၅၀ မှာ ရှိနေတာမို့ ဘယ်လိုနည်းနဲ့မှ မဆိုးဘူးလို့ ပြောလို့ရပေမဲ့ ဒီလို အဆင့်အတန်းမြင့်တဲ့ ပွဲမျိုးအတွက် အခြေအနေမီရဲ့လားဆိုတာ သူ မသေချာဘူး။
"အနိမ့်ဆုံး လိုအပ်တဲ့ အဆင့်က ဘယ်လောက်လဲ"
ဂျင်မီက သက်ပြင်းချလိုက်ရင်း "အဆင့် ၄၀၀ နဲ့ အောက်က လူတွေအတွက်ပဲ သီးသန့် သတ်မှတ်ထားတာ"
"အော်...အဲဒါက သိပ်တော့ မဆိုးပါဘူး" လို့ မိုက်ကယ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူတို့ရဲ့ အဆင့် ၄၅၀ ဆိုတာက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သတ်မှတ်ပေးထားတာပါ။ ထိုအချိန်ကစလို့ သူတို့ရဲ့ လုပ်ငန်းတွေကို အကြိမ်ကြိမ် တိုးချဲ့မြှင့်တင်ခဲ့ပြီးပြီ။ ဘာပဲပြောပြော ရီနေးတားက အခုအချိန်မှာ ဒီထက်အများကြီး ပိုမြင့်တဲ့ အဆင့်မှာ ရှိနေသင့်ပြီလေ။
"ကျွန်တော် ဆရာ့ကို အရင်က ပြောဖူးတယ်မလား၊ အန်ဂိုရာမြို့မှာ မင်းရဲ့အဆင့်ကို တိုးမြှင့်ပေးဖို့ လုပ်ပိုင်ခွင့် အပြည့်အဝ မရှိဘူးဆိုတာ။ အဲဒါကြောင့်ပဲ ကျွန်တော် မက်ထရိုပိုလစ်ကို အရင်ဆုံး လာခဲ့ရတာပေါ့။ ဒေးလီးမက်ထရို က ကုမ္ပဏီတစ်ခုရဲ့ အဆင့်ကို ၂၀၀ အထိ တိုးမြှင့်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ရှိတယ်။
ဒါကြောင့် ငါ ရီနေးတားအကြောင်း ရေးခဲ့တဲ့ သတင်းဆောင်းပါးတွေအားလုံးကို သူတို့ဆီ တင်ပြရင် ဆရာ့ကုမ္ပဏီရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပြီး အနည်းဆုံး အဆင့်ငါးဆယ်လောက်တော့ တိုးပေးလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ"
ဂျင်မီရဲ့ မျက်နှာအမူအရာကို မိုက်ကယ် သဘောမကျဘူး။
"အေးလေ..."
"အဲဒါ…. ကျွန်တော် ရှုံးနိမ့်ခဲ့တယ်။ သူတို့က ကျွန်တော်တင်ပြတဲ့ အထောက်အထားတွေကို အမှန်တရားလို့ လက်မခံကြဘူး။ အဲဒီ သံသယသမားကြီးတွေက ကျွန်တော့်ကို လိမ်ညာနေတယ်လို့ ထင်နေကြတာ။ ဘာပဲဖြစ်ဖြစ် အဲဒီအချက်တွေကို မက်ထရိုပိုလစ် ဈေးကွက်ထဲမှာ သက်သေမပြနိုင်သရွေ့ သူတို့က ဆရာ့ရဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်း အဆင့်ကို တိုးမြှင့်ပေးမှာ မဟုတ်ဘူး။
သူတို့က ခိုင်လုံတဲ့ သက်သေကို လိုချင်ကြတာ။ မက်ထရိုပိုလစ် ဈေးကွက်ထဲမှာ အောင်မြင်မှုတွေ ရယူပြီး ပိုကောင်းတဲ့အဆင့်နဲ့ ထိုက်တန်ကြောင်း ဆရာ့ဘက်က သက်သေပြဖို့ လိုလားနေကြတယ်"
မိုက်ကယ်ကတော့ အဆင့်သတ်မှတ်ချက်တွေက သူ့လုပ်ငန်းအပေါ် ဘယ်တုန်းကမှ သက်ရောက်မှုမရှိခဲ့တာကြောင့် အရင်ကဆို ဂရုမစိုက်ခဲ့ပါဘူး။ သူ့အမြင်မှာတော့ ဒါက လူတွေသိကြတဲ့ နာမည်ကောင်း ဘွဲ့ထူးတစ်ခုမျှသာပဲလေ။
ဒါပေမဲ့ အခုတော့ အဲဒီအရာက သူ သိပ်ကို လိုချင်တောင့်တနေတဲ့ ဝိညာဉ်ဆီ နဲ့ သူ့ကြားမှာ ခြားနားပိတ်ဆို့နေတဲ့ အရာ ဖြစ်လာခဲ့ပြီ။
သူက ပိုမြင့်တဲ့အဆင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြရမယ်ဆိုတာ စိတ်ပျက်စရာပါပဲ။ စိတ်မကောင်းစရာက သူ မက်ထရိုပိုလစ် ဈေးကွက်ထဲမှာ တရားဝင် အရောင်းရဆုံးစာရင်းအဖြစ် အရေအတွက် ၇၀၀၀ သာ ရောင်းချရသေးတာ။ ပွဲတော်တုန်းက စုဝေးခဲ့ကြတဲ့ လူတွေကတော့ အရောင်းစာရင်းထဲ မဝင်တာကြောင့် ထည့်တွက်လို့ မရဘူး။
အဲလိုဆိုရင်တောင် သူ အားမလျှော့ပါဘူး။ ပိုကောင်းတဲ့ အဆင့်တစ်ခု လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ မက်ထရိုပိုလစ်မှာ ရီနေးတားရဲ့ အစွမ်းကို သေချာပေါက် သက်သေပြမှာပါ။
လမ်းမကြီးပေါ်မှာ သူ့လုပ်ငန်းကို အခြေချပြီးတာနဲ့ သူ့ရဲ့အဆင့်က အလိုအလျောက် မြင့်တက်လာမှာပဲ။
"တောင်းပန်ပါတယ်။ ကျွန်တော် သတင်းထောက်တစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့ဘူး" ဂျင်မီက အော်ဟစ်ငိုယိုရှာတယ်။
မိုက်ကယ်က သူ့ကို ပြန်နှစ်သိမ့်ပေးရတာပေါ့။ "ရပါတယ်။ လမ်းမကြီးပေါ်က တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးသွားတဲ့အခါ အဲဒီအဆင့်ကို ခဏလေးနဲ့ ရအောင် ယူပြမယ်"
ဂျင်မီက သူ့ရင်ဘတ်သူ ပြန်ထုပြီး မျက်နှာမှာ ပြတ်သားတဲ့ အမူအရာနဲ့ ပြသလာတယ်။ "ရီနေးတား လုပ်ဆောင်နိုင်မယ့် အောင်မြင်မှု တိုင်းကို ကျွန်တော် အသေးစိတ် မှတ်တမ်းတင်ပေးမယ်လို့ ကတိပေးပါတယ်"
"ကောင်းပြီ။ ငါ မျှော်လင့်နေမယ်" လို့ မိုက်ကယ်က ပြောလိုက်တယ်။
သူ ထွက်ခွာတော့မယ့် အချိန်မှာပဲ ဂျင်မီက တစ်ခုခုကို ရုတ်တရက် သတိရသွားပုံရတယ်။
"နေဦး ဆရာမိုက်ကယ်။ ကျွန်တော်ဒေးလီးမက်ထရို ဌာနချုပ်မှာ ရှိနေတုန်းက သူတို့ လုပ်ဆောင်နေတဲ့ သတင်းတစ်ခုကို တစ်ချက် လှမ်းမြင်ခဲ့ရတယ်။
သူတို့က မက်ထရိုပိုလစ်မှာရှိတဲ့ သီးသန့် မိသားစုတစ်ခုအကြောင်းကို ရေးသားနေကြတာ။ အဲဒီဆောင်းပါးက သူတို့ရဲ့ ဆုတ်ယုတ်ကျဆုံးမှုတွေနဲ့ မက်ထရိုပိုလစ်က အခြား လက်ဂါစီ့စ်တွေကို ရင်ပေါင်မတန်းနိုင်တော့တဲ့အကြောင်း ရေးထားတာ။ သူတို့ နာမည်ကျော်ကြားသလောက် မျှော်လင့်ချက်တွေကို မပြည့်မှီနိုင်ခဲ့ကြဘူး တဲ့"
မိုက်ကယ် စိတ်ဝင်စားသွားတယ်။ "လက်ဂါစီ့စ်တွေထဲမှာ တခြား ကုမ္ပဏီတစ်ခု ရှိသေးတာလား။ ဘယ်သူတွေလဲ"
ဂျင်မီက မိုက်ကယ်ကို ဇဝေဇဝါနဲ့ ကြည့်လာတယ်။ "ဆရာ သူတို့ကို မသိဘူးလား"
သူကလည်း ဂျင်မီကို မျက်မှောင်ကုတ်ပြီး ပြန်ကြည့်လိုက်ကာ "ငါက ဘာလို့ သိရမှာလဲ"
ဂျင်မီက ဘေးပတ်ဝန်းကျင်ကို သူတို့စကားတွေကို သူတပါး ကြားသွားမှာ စိုးရိမ်တဲ့ပုံစံနဲ့ သတိကြီးစွာ ဝေ့ဝဲကြည့်ပြီးမှ မိုက်ကယ်ကို အနားတိုးလာဖို့ လက်ဟန်ပြလိုက်တယ်။
"ဘာလို့လဲဆိုတော့ သူတို့က ဗန်ဒါဘစ် တွေ မို့လို့လေ" ဂျင်မီက ဖွင့်ဟပြောလိုက်တယ်။
မိုက်ကယ်ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားခဲ့ရပြီ။ "ဗန်ဒါဘစ် ဟုတ်လား"
ဒါဟာ သူ့မိဘတွေဆီကလွဲလို့ ဒီနာမည်ကို သူ ပထမဆုံးအကြိမ် ပြန်ကြားဖူးခြင်းပါပဲ။
သူ သိထားသင့်တာပေါ့။ မက်ထရိုပိုလစ်ဆိုတာ ကမ္ဘာပေါ်က အဓိက အစုအဖွဲ့ကြီးအားလုံးရဲ့ ဆက်ခံသူတွေ စုဝေးရာနေရာပဲ။ ဒါကြောင့် ကမ္ဘာ့အအောင်မြင်ဆုံး အစုအဖွဲ့ကြီးထဲက တစ်ယောက်ယောက် ရှိနေမှာကတော့ သေချာတာပေါ့။
သူ ဒီနာမည်နဲ့ ဝေးကွာနေခဲ့တာ ကြာပြီဖြစ်လို့ အဲဒါကို မေ့လုနီးပါး ဖြစ်နေခဲ့တာ။
ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်လိုက်တော့ ဒါက သဘာဝကျတဲ့အချက်ပဲဆိုတာ သူ သဘောပေါက်သွားတယ်။ လက်ဂါစီ့စ်တွေဆိုတာ အရင်က အဲလ်ရစ်၊ အဲရစ်၊ ဘော်ဘီ၊ ဖလဲရက်စ် နဲ့ လူမသိသူမသိ ဗန်ဒါဘစ် တို့ ဖြစ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အစုအဖွဲ့ကြီး ငါးခုကို ထင်ဟပ်နေခဲ့တာပဲလေ။
* * * * * * * *
စာစဉ်(၄၀)