← Chapters

အခန်း ၄၇၃

Vol. 40 Ch. 473

အခန်း ၄၇၃

Vol. 40 Ch. 473

အခန်း(၄၇၃)

မိုက်ကေယ်ရဲ့ ရုံးချုပ်အသစ် အဆောက်အအုံကို ကြည့်ပြီး ကလော်ဒီယာတစ်ယောက် အံ့ဩမှင်တက်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေတယ်။

ဒီအဆောက်အအုံက အသစ်စက်စက်ကြီးဖြစ်ပြီး အရင်က ဒီနေရာမှာရှိခဲ့တဲ့ ဂိုဒေါင်ဟောင်းထဲက ဘာပစ္စည်းတစ်ခုမှ ပြန်သုံးမထားဘူး။ မိုက်ကယ် ဒီမြေကွက်ကို ရခဲ့တာ သုံးရက်ပဲ ရှိသေးတာမို့ ဒါက တကယ်ကို ထူးဆန်းလွန်းလှပါတယ်။ ဒါတင်မကသေးဘူး၊ ပင်မလမ်းမကြီးပေါ်မှာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်တဲ့ အဆောက်အအုံနှစ်ခုတောင် အခိုင်အမာ ရှိနေပြီလေ။

"ဒါက ကျောက်တုံးတစ်မျိုးမျိုးနဲ့ လုပ်ထားတာလား" လို့ သူမက မေးရင်း ခိုင်ခံ့မှု ရှိမရှိ စမ်းသပ်တဲ့အနေနဲ့ နံရံကို ခေါက်ကြည့်လိုက်တယ်။ ဒီလို ထိတွေ့လိုက်ရုံနဲ့တင် ဒီပစ္စည်းက ဘယ်လောက်တောင် ကြံ့ခိုင်လဲဆိုတာ သိလိုက်ရလို့ သူမ တုန်လှုပ်သွားရတယ်။

"ဒါတွေကို ဘယ်ကရတာလဲ။ ပြီးတော့ ဒီအထိ ဘယ်လိုတောင် သယ်လာခဲ့တာလဲ"

နံရံတွေက ဧရာမ ကျောက်ပြားကြီး တစ်ချပ်တည်းနဲ့ ဆောက်ထားသလိုမျိုး ဖြစ်နေပြီး ဒါကို သယ်ဖို့ဆိုတာ လွယ်မယ့်အလုပ် မဟုတ်ပါဘူး။ ဒါပေမဲ့ မိုက်ကယ်က သုံးရက်မပြည့်တဲ့ အချိန်တိုအတွင်းမှာ ဘယ်လိုနည်းနဲ့မဆို လုပ်နိုင်ခဲ့တယ်လေ။

"ဒါက အမှန်တော့ ကျောက်တုံး မဟုတ်ပါဘူး။ ကျွန်တော်တို့ ကွန်ကရစ်လို့ ခေါ်တဲ့ ပစ္စည်းအသစ်ပါ"

ကလော်ဒီယာက ခေါင်းညိတ်ရင်း အဲဒီနာမည်ကို စိတ်ထဲမှာ မှတ်သားထားလိုက်တယ်။

"ဒီပစ္စည်းက ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ နင့်အနေနဲ့ အဆောက်အအုံတစ်ခုကို ဒီလောက်မြန်မြန် ဆောက်နိုင်တာ တော်တော်ကောင်းတာပဲ"

သူတို့နှစ်ယောက် ရှေ့ကို ဆက်လျှောက်သွားကြတော့ ရုံးချုပ်ရဲ့ အတွင်းပိုင်း အကြမ်းထည်ကြီးကို မြင်လိုက်ရတယ်။ အတွင်းထဲမှာ ဘာပစ္စည်းမှ မရှိဘဲ ကွန်ကရစ် အကြမ်းထည် သက်သက်ပဲ ရှိနေတာပါ။

သူမစိတ်ထဲမှာတော့ နည်းနည်းကျဉ်းတယ်လို့ ထင်မိပေမဲ့ မိုက်ကယ်အနေနဲ့ သူ့ရဲ့ရုံးချုပ်ကို ဒီနေရာမှာပဲ တည်ထောင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူးဆိုတာ သိနေတာမို့ ဘာမှထုတ်မပြောခဲ့ပါဘူး။

"ဒါလေးက အဆင်ပြေသားပဲ" လို့ ကလော်ဒီယာက ချီးမွမ်းလိုက်ပြီး "နင့်ရဲ့ ဆိုင်ကို သွားကြည့်ရအောင်" လို့ ပြောတယ်။

ဒါပေမဲ့ သူမ ထွက်သွားတော့မယ့်အချိန်မှာပဲ မိုက်ကယ်က သူမကို တားလိုက်ပါတယ်။

"ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်း နောက်ထပ် အစိတ်အပိုင်းတွေကို မကြည့်ချင်တော့ဘူးလား" လို့ သူက စင်္ကြံတစ်ခုဆီ လက်ညှိုးထိုးရင်း မေးလိုက်တယ်။

"ဒီလောက်တင် မဟုတ်ဘူးလား"

မိုက်ကယ်က ခေါင်းခါပြပြီး "ကျန်တဲ့ အထပ်တွေကို လိုက်ပြမယ်လေ" လို့ ပြောတယ်။

ဇဝေဇဝါဖြစ်သွားတဲ့ ကလော်ဒီယာဟာ တံခါးပေါက်တစ်ခုလို့ ထင်ရတဲ့ စင်္ကြံဘက်ကို လျှောက်သွားတဲ့ မိုက်ကယ်ရဲ့ ခြေလှမ်းတွေနောက်ကနေပဲ လိုက်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ တံခါးမရှိဘဲ နံရံမှာ အပေါက်ကြီးတစ်ခုပဲ ရှိနေတာပါ။

"ဒါက ဘာကြီးလဲ" လို့ သူမက မေးလိုက်ပြီး အောက်ဘက်က ဧရာမ ချောက်နက်ကြီးထဲကို ငုံ့ကြည့်လိုက်တဲ့အခါ သူမရဲ့အသံက ဟိန်းခနဲ ထွက်သွားတယ်။

"ဒါက ကျွန်တော်တို့ ဓါတ်လှေကားအတွက် ထားတဲ့နေရာပါ။ ကျွန်တော့်ရဲ့ အင်ဂျင်နီယာတွေက စမ်းသပ်ဆဲမော်ဒယ်ရဲ့ အဆင်မပြေမှုတွေကို ပြင်ဆင်နေတုန်းမို့ လောလောဆယ်တော့ သုံးလို့မရသေးဘူး။ လှေကားကနေပဲ ဆင်းကြရအောင်"

သူက သူမကို အောက်ဘက်ဆီ ဦးတည်နေတဲ့ ခရုပတ်လှေကားအတိုင်း လမ်းပြခေါ်သွားတယ်။ ဓါတ်လှေကားဆိုတာ ဘာလဲဆိုတာ သူမ မသိပေမဲ့ လှေကားအကြောင်းကိုပဲ တအား သိချင်စိတ်ပြင်းပြနေတာမို့ နောက်ကျမကျန်ခဲ့အောင် လိုက်လာခဲ့တယ်။

"နင်က မြေအောက်လှိုဏ်ခေါင်းတစ်ခုကို လုပ်နေတာလား။ ဒါက ဘယ်လောက်တောင် နက်လဲ"

သူမ လှေကားလက်ရန်းပေါ်ကနေ ငုံ့ကြည့်လိုက်တော့ သူတို့ဆင်းသွားလို့ရမယ့် အထပ်ပေါင်းများစွာကို မြင်လိုက်ရတယ်။

"လောလောဆယ်တော့ ၁၀ ထပ် ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် အောက်ဘက်ကို ထပ်ချဲ့ရင်လည်း ချဲ့မှာပေါ့"

မိုက်ကယ်က သူမကို မြေအောက်ရုံးချုပ်ရဲ့ သီးသန့်လေ့လာရေးခရီးစဉ်အဖြစ် လိုက်ပြနေတဲ့တစ်လျှောက် ကလော်ဒီယာမှာ အံ့ဩလွန်းလို့ ပါးစပ်တောင် မပိတ်နိုင် ဖြစ်နေရတယ်။

တကယ်တော့ လေ့လာရေးခရီးစဉ်လို့ ပြောဖို့ကလည်း သိပ်မဟန်ပါဘူး။ ဘာလို့လဲဆိုတော့ အခန်းအများစုက ဘာပရိဘောဂမှမရှိဘဲ ဗလာကျင်းနေလို့ပါပဲ။

သူတို့ အောက်ကို ဆက်ဆင်းသွားတဲ့အခါ မိုက်ကယ်က လေ့ကျင့်ရေးအခန်း၊ အားကစားခန်းမ၊ ရေကူးကန်၊ ဂိမ်းကစားတဲ့အခန်းနဲ့ တခြား အပန်းဖြေစရာ နေရာတွေအကြောင်းကို တောက်လျှောက် ပြောပြနေတယ်။

အမှန်အတိုင်းပြောရရင် မိုက်ကယ် သုံးရက်အတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့လဲဆိုတာ မြင်ပြီး တအား တုန်လှုပ်နေတာမို့ မိုက်ကယ်ပြောသမျှကို ကလော်ဒီယာ သေချာ အာရုံမစိုက်နိုင်ခဲ့ပါဘူး။

ဒီလောက် တိုတောင်းတဲ့အချိန်လေးအတွင်းမှာ သူက မြေအောက် ခံတပ်ကြီးတစ်ခုလုံးကို ဖန်တီးလိုက်တာလေ။ ရူးချင်စရာကြီးပဲ။ အဆောက်အအုံကြီးတစ်ခုလုံးက သူ့အလေးချိန်နဲ့သူ ပြိုကျသွားလိမ့်မယ်လို့ သူမ ထင်မိမှာဖြစ်ပေမဲ့ ထူးထူးဆန်းဆန်းပဲ 'ကွန်ကရစ်' လို့ခေါ်တဲ့ ပစ္စည်းက အရာအားလုံးကို တည်ငြိမ်နေအောင် ထိန်းထားနိုင်လောက်တဲ့အထိ ခိုင်ခံ့နေတယ်။

"နင်... နင် ဒါကို ဆောက်ခဲ့တာလား။ ငါ... ငါ မယုံနိုင်ဘူး... ဘယ်လိုလုပ်ပြီးလဲ"

မိုက်ကယ်က ပုခုံးတွန့်ပြပြီး "ကျွန်တော် ပြောပြီးပြီလေ။ ကွန်ကရစ်ကြောင့်ပါ" လို့ ဆိုတယ်။

ဒါပေမဲ့ သူမက ဒီအဖြေလောက်နဲ့တင် စိတ်မကျေနပ်တာ သေချာတာမို့ သူက သူမရှေ့မှာတင် လက်တွေ့ပြသလိုက်ပါတယ်။

သူက ကွန်ကရစ်တုံးတစ်ခုကို အစကနေ စလုပ်ပြပြီး ပစ္စည်းတွေကို ရောမွှေကာ ရေထည့်လိုက်တယ်။ ပြီးတော့ အပူပေးမှော်ပညာကို သုံးလိုက်တဲ့အခါ စလုပ်ပြီး တစ်မိနစ်အတွင်းမှာတင် ကွန်ကရစ်တုံးကြီးတစ်ခုလုံး မာခဲသွားခဲ့တယ်။

သူက ဒီပစ္စည်း ဘယ်လောက်ခိုင်ခံ့လဲဆိုတာ ပြဖို့အတွက် ရိုးရှင်းတဲ့ ကြယ်တစ်ပွင့်မန္တန်တစ်ခုနဲ့တောင် အဲဒီကွန်ကရစ်တုံးကို ပစ်ပေါက်ပြလိုက်ပါသေးတယ်။

ဒီလောက်ဆိုရင်တော့ သူမ လက်ခံသွားဖို့ လုံလောက်သွားပါပြီ။

"ငါ ဒါကို လိုချင်တယ်။ ငါ့ကို ဒါ ပေးရမယ်" လို့ သူမက တောင်းဆိုလိုက်ပြီး "အစည်းအရုံးကသာ အဆောက်အအုံအသစ် ဆောက်ဖို့ လိုလာရင် နင့်ရဲ့ ဝန်ဆောင်မှုကိုပဲ အကူအညီတောင်းရလိမ့်မယ်" လို့ ပြောတယ်။

မိုက်ကယ်က မက်ထရိုပိုလစ်မှာ အခြေခံအဆင့်ပဲ ရှိသေးတယ်ဆိုတာကို သူမ ဂရုမစိုက်တော့ပါဘူး။ ဒီကွန်ကရစ်က သူတို့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ပုံစံတစ်ခုလုံးကို လုံးဝ တော်လှန်ပြောင်းလဲပစ်တော့မှာလေ။

* * * * * * * *

နောက်ဆုံးတော့ ရီနေးတားက လူတိုင်းဟာ သူတို့ရဲ့ ရုံးချုပ်အသစ်ဆီကို ပြောင်းရွှေ့လာကြတယ်။

"အောက်ဆုံးထပ်က ငါ့အပိုင်ဟေ့" လို့ ဇိုင်ယွန်က အခန်းထဲမှာ ပတ်ပြေးရင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်တယ်။

"နင်က အပိုင်လို့ ပြောလို့မရဘူးလေ။ အဲလို လုပ်လို့မရပါဘူး" လို့ ဗီဗီက ဇိုင်ယွန်ရဲ့ မျက်နှာနားမှာ တဝီဝီပျံရင်း ငြင်းခုံလိုက်တယ်။

"ဒီလိုပဲ လုပ်ရတာဟ" လို့ ဇိုင်ယွန်က ပြုံးစိစိနဲ့ ပြန်ပြောလိုက်တယ်။

ဖတ်ချ်၊ ဇိုင်ယွန်နဲ့ ဗီဗီတို့ဟာ သူတို့ထဲက ဘယ်သူက အောက်ဆုံးထပ်နဲ့ ထိုက်တန်လဲဆိုတာ ငြင်းခုံနေကြတယ်။ ဂရီးဗ်လည်း သူတို့နဲ့အတူ ပါဝင်ငြင်းခုံချင်ပေမဲ့ သူက ငါးထပ်မြောက်မှာတင် သူ ဘယ်ရောက်နေလဲဆိုတာ မေ့သွားပြီး ပိတ်မိနေခဲ့တယ်။

ကလေးတွေ ဆော့ကစားနေကြတုန်းမှာ ရှီနာကတော့ ချက်ချင်းပဲ အလုပ်စလုပ်ပါတော့တယ်။

"တော်တော်လေး ကျယ်ဝန်းတာပဲ သခင်မိုက်ကယ်။ အောက်ဆုံးထပ်မှာ သခင်ကြီးရဲ့ ရုံးခန်းကို ပြင်ဆင်ပေးရမလား" လို့ ရှီနာက မေးတယ်။

"အေး။ အဲဒါနဲ့ တစ်ပါတည်း အထပ်တိုင်းရဲ့ အတွင်းပိုင်း ဒီဇိုင်းအားလုံးကိုပါ တစ်ခါတည်း စီစဉ်ပေးလိုက်ပါ"

အကြေးခွံအဖြူရောင်နဲ့ ဒရာဂွန်ဘွန်းက ဦးညွှတ်လိုက်ပြီး "ဒီပရောဂျက်အတွက် ကျွန်မတို့ရဲ့ အတော်ဆုံး ဒီဇိုင်းပညာရှင်တွေကို ခန့်အပ်လိုက်ပါ့မယ်" လို့ ပြောတယ်။

ဒီအတောအတွင်းမှာ ယူနာက သူမရဲ့ အဒေါ်ဆီ လျှောက်သွားပြီး နှစ်သိမ့်ပေးလိုက်တယ်။

"ယူနာ... နင် ငါ့ကို ရီနေးတားအကြောင်း တစ်ခါမှ မပြောခဲ့ဘူးနော်"

"ပြောခဲ့ပါတယ်"

"နင် တစ်ခုလုံးကို အပြည့်အစုံ မပြောခဲ့ဘူးလေ။ သူတို့က ကန္တာရလွင်ပြင်မှာ နိုင်ငံတစ်ခု တည်ထောင်ထားတယ်ဆိုတာကို ငါ လုံးဝ မသိခဲ့ဘူး"

မိုက်ကယ်ရဲ့ ဆောက်လုပ်ရေးပရောဂျက်ရဲ့ အရှိန်အဟုန်နဲ့ အရည်အသွေးကို မြင်ပြီးနောက်မှာတော့ သူမဟာ ကင်းစ်နယ်မြေက မိုက်ကယ်ရဲ့ ကုမ္ပဏီအကြောင်းနဲ့ သူ့ရဲ့ ပိုင်နက်နယ်မြေအားလုံးအကြောင်းကို မိုက်ကယ်ကို မေးခွန်းတွေ စမေးပါတော့တယ်။

ခုထက်ထိတောင် သူမ ကြားလိုက်ရတဲ့အရာတွေကို ခေါင်းထဲမှာ သေချာ မလုပ်ဆောင်နိုင်သေးပါဘူး။

"သမီးသာ စာရေးပြီး ပြောပြရင်လည်း အဒေါ် ယုံမှာမဟုတ်ဘူးလေ။ အခုတော့ အဒေါ် သိသွားပြီပဲဥစ္စာ" လို့ ယူနာက ပြန်ပြောလိုက်တယ်။

ကလော်ဒီယာလည်း သူမရဲ့ တူမကို ပြန်မငြင်းနိုင်တော့ပါဘူး။

သူမသာ ဒီလိုအခြေအနေမျိုးမှာ ရှိနေရင်လည်း ရီနေးတားကုမ္ပဏီနဲ့ပဲ မဟာမိတ်ဖွဲ့မိမှာပါ။ ပြီးတော့ သူမဟာ အစည်းအရုံးက မိမိရဲ့ တာဝန်တွေကို လုံးဝ စွန့်လွှတ်လိုက်ပြီး ရီနေးတားကုမ္ပဏီရဲ့ အဖွဲ့ဝင်အပြည့်အဝ ဖြစ်လာဖို့တောင် စိတ်ကူးမိနေပါသေးတယ်။

"ပြီးတော့ ဟိုလေ..." ကလော်ဒီယာက ဗီဗီကို ကျောပေးထားရင်း တိုးတိုးလေး ကပ်မေးလိုက်တယ် "အဲဒါ... အဲဒါ နတ်သူငယ်လား"

ရီနေးတားရဲ့ အဖွဲ့ဝင်တွေနဲ့ ပုံမှန်လိုလို ရောနှောဆက်ဆံနေတဲ့ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို လူကိုယ်တိုင် မြင်ရလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိဘူးလေ။

"ဪ ဟုတ်တယ်။ သူက ဗီဗီလေ။ မိတ်ဆက်ပေးရမလား။ ဗီဗီ"

"နေ၊ နေဦး၊ ခဏ…"

ဗီဗီက သူတို့ရှိရာဘက်ကို ပျော်ပျော်ရွှင်ရွှင် ပျံသန်းလာပြီး ကလော်ဒီယာကို မိမိကိုယ်မိမိ မိတ်ဆက်လိုက်တဲ့အခါ ကလော်ဒီယာဟာ အနားကပ်ပြီး မြင်လိုက်ရတော့ ပိုပြီးတော့တောင် ငေးမောအံ့ဩသွားပုံရတယ်။ ပုံမှန်ဆို စကားပြော တည်ငြိမ်စမတ်ကျတဲ့ အမျိုးသမီးကြီးဟာ အခုတော့ အယောင်ယောင်အမှားမှားနဲ့ ဖြစ်သွားရှာတယ်။

မိုက်ကယ်က ဒါကို မြင်တော့ အသံတိတ် ရယ်မိသွားတယ်။ ဗီဗီက ပစ်ဇီဘုရင်မဆိုတာကိုသာ သူမ သိသွားရင် ဘာတွေပြောမလဲ မသိဘူး။

သူတို့ အချင်းချင်း မိတ်ဆက်နေကြတုန်းမှာ မိုက်ကယ်က သူ့ရဲ့ အမေနဲ့ အဖေဆီ လျှောက်သွားလိုက်တယ်။ သူတို့လည်း မက်ထရိုပိုလစ်ကို ပြောင်းရွှေ့တဲ့အထဲမှာ ပါလာတာမို့ သူ နည်းနည်းတော့ စိတ်ညစ်သွားရတယ်။

"သားလေး... တို့တွေ အကုန်လုံး အတူတူ အိပ်လို့ရအောင် ဒီနေရာမှာ ကင်းဆိုက် ကုတင်အကြီးကြီးတစ်လုံး ဘယ်တော့လောက် ထည့်မှာလဲ"

မိုက်ကယ်က ချက်ချင်းပဲ တားလိုက်ပြီး "မေမေရယ်... ဒီမှာ ၁၀ ထပ်တောင် ရှိတာ။ အထပ်တိုင်းမှာလည်း အခန်း ၅ ခန်း ဒါမှမဟုတ် အဲဒီထက်မက ရှိတယ်။ တို့တွေ သီးသန့်စီ အိပ်ဖို့ အခန်းတွေ အများကြီး ရှိပါတယ်။ ပြီးတော့... သားက ဒီလိုမျိုး အိပ်ဖို့ အသက်ကြီးနေပြီလေ"

ဘတ်က လိုင်လီယာကို ဘေးကနေ ဖက်ထားရင်း မိုက်ကယ်ကို မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး "မိန်းမရေ... တို့ သားလေးကို ကြည့်စမ်းပါဦး။ အသက် ၁၃ နှစ်ပဲ ရှိသေးတာကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေနိုင်ပြီ။ ကလေးတွေ ကြီးတာ တော်တော် မြန်တာပဲနော်" လို့ ပြောလိုက်ပါတော့တယ်။

* * * * * * * *

စာစဉ်(၄၀)

All Chapters