အခန်း ၄၇၆
Vol. 40 Ch. 476
အခန်း(၄၇၆)
မက်စ်ဟာ ဒါကိုကြားပြီး တကယ်ပဲ အံ့ဩသွားမိတယ်။ မက်ထရိုပိုလစ်မှာ စီးပွားရေးလုပ်ငန်းလိုင်စင် ရဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ သူကောင်းကောင်းသိတာကိုး။ "ဝါး... အဖေဆီကနေ ကုမ္ပဏီခွဲတစ်ခု ရအောင်လုပ်နိုင်တယ်ဆိုတော့ သူက တကယ့်ကို ပါရမီရှင်ဖြစ်ရမယ်"
"ကျွန်တော်က ဗန်ဒါဘစ် စီးပွားရေးအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး" လို့ မိုက်ကယ်က ပြန်ပြင်ပေးလိုက်တယ်။ "ရီနေးတားက ဗန်ဒါဘစ်ကုမ္ပဏီနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး"
မက်စ်ရဲ့ မျက်လုံးတွေထဲမှာ ဝေခွဲမရဖြစ်ခြင်းတွေ ပေါ်လာတယ်၊ မိုက်ကယ်ဆီကနေ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ သူ လုံးဝမမျှော်လင့်ထားဘူးလေ။ ပြီးတော့လည်း သူ့အမြင်မှာတော့ ဗန်ဒါဘစ်မျိုးနွယ်တစ်ယောက်က ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက အိုင်းဇ်က လက်ဆောင်ပေးမှပဲ ဖြစ်နိုင်တာကိုး။ သူကိုယ်တိုင်လည်း မက်ထရိုပိုလစ်က ဗန်ဒါဘစ် ကုမ္ပဏီခွဲကို ဒီလိုနည်းနဲ့ပဲ ရခဲ့တာ ဖြစ်နေလို့ပဲ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လို့ သူက တကယ်သိချင်စိတ်နဲ့ မေးလိုက်တယ်။
"သူက ကုမ္ပဏီကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အစကနေ တည်ဆောက်ခဲ့တာပါ" လို့ ဘတ်က ရှင်းပြတယ်။ "အဖေ့ဆီကနေ ဘာအကူအညီမှ မရခဲ့ပါဘူး"
ဒီအကြောင်းကို ကြားပြီးတဲ့နောက်မှာတော့ မက်စ်ဟာ မိုက်ကယ်ကို အရင်ကနဲ့ လုံးဝမတူတဲ့ အမြင်အသစ်နဲ့ မကြည့်ဘဲ မနေနိုင်တော့ဘူး။
ကုမ္ပဏီတစ်ခုကို အခြေခံကနေ စတင်တည်ထောင်ဖို့ဆိုတာ တစ်ပိုင်းပေါ့။ ဒါပေမဲ့ မက်ထရိုပိုလစ်မှာ လိုင်စင်ရဖို့ စစ်ဆေးမှုတွေကို အောင်မြင်ကျော်ဖြတ်နိုင်တဲ့ ကုမ္ပဏီတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်ဆိုတာကတော့ လုံးဝကို သီးခြားအဆင့်တစ်ခုပဲ။
မိုက်ကယ်က သူ့သားနဲ့ အသက်တူတူပဲ ရှိသေးတာ၊ ဒါပေမဲ့ လူကြီးတွေတောင် မလုပ်နိုင်တဲ့အရာကို သူက အောင်မြင်အောင် လုပ်ဆောင်ပြီးနေပြီ။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။
"ဦးလေး စီးပွားရေးနဲ့ပတ်သက်ရင် အဲဒီလောက်ကြီး ပါရမီမပါတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ မင်း တစ်ခုခု အကူအညီလိုတာဖြစ်ဖြစ်၊ သိချင်တာတွေ မေးချင်တာဖြစ်ဖြစ် ရှိရင် ဦးလေး အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။ ဦးလေးမှာ မက်ထရိုပိုလစ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရှိတာမို့ မင်းအတွက် သေချာပေါက် အသုံးဝင်မှာပါ"
မက်စ်ရဲ့ ကမ်းလှမ်းချက်က တကယ့်ကို စိတ်ရင်းအမှန်ပါပဲ။ မိုက်ကယ် ဒါကို ခံစားမိတယ်။ မိုက်ကယ်လို ငယ်ငယ်ရွယ်ရွယ် ဗန်ဒါဘစ်မျိုးနွယ်တစ်ယောက်က ဒီလောက်အထိ အောင်မြင်အောင် လုပ်နိုင်ခဲ့တာကို ဒီလူက တကယ်ပဲ ဂုဏ်ယူနေတဲ့ပုံပေါ်တယ်။
ဗန်ဒါဘစ် မျိုးရိုးအနွယ်ထဲမှာ အိုင်းဇ်ရဲ့ အမွေအနှစ်ကို အရှက်မခွဲမယ့်သူတစ်ယောက် ရှိနေတာကို တွေးပြီး မက်စ် စိတ်ထဲ တော်တော်လေး ကျေနပ်မိသွားတယ်။
"မင်းက ကင်းစ်နယ်မြေက လာတာ ဟုတ်တယ်မလား။ အဲဒီနေရာက စိန်ခေါ်တိုက်ခိုက်ပွဲတွေနဲ့ အုပ်ချုပ်တာ မဟုတ်ဘူး၊ ဒါကြောင့် တစ်ယောက်ယောက်က မင်းကို စိန်ခေါ်လာရင် လက်မခံခင် သေချာလေး သတိထားရမယ်။ တချို့လူတွေမှာ ရုပ်ပိုင်းဆိုင်ရာ သီအိုရီတွေ ဒါမှမဟုတ် မှော်ပညာတွေနဲ့ ရှင်းပြလို့မရတဲ့... စွမ်းရည်... တွေ ရှိတတ်ကြတယ်"
"ပြီးတော့ မင်း တစ်ခုခု အကူအညီလိုရင် ဒီကနေ တောင်ဘက်မှာရှိတဲ့ အစည်းအရုံး အဆောက်အအုံဆီ သွားပြီး အကူအညီ တောင်းလို့ရတယ်။ ကလော်ဒီယာ မောင့်ဂိုမာရီကို ရှာပြီး မေးလိုက်ပါ။ ဦးလေးနာမည်က မက်ထရိုပိုလစ်မှာ အလေးအနက် မရှိတော့ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဗန်ဒါဘစ် ဆိုတဲ့ နာမည်ကတော့ သူမ မင်းကို အာရုံစိုက်လာအောင် လုပ်ဖို့ လုံလောက်လိမ့်မယ်လို့ မျှော်လင့်တာပဲ"
"ပြီးတော့ မင်း လုပ်ရမှာက..."
မက်စ်က မက်ထရိုပိုလစ်မှာ လုပ်သင့်တာတွေနဲ့ မလုပ်သင့်တာတွေကို တရစပ် ပြောပါတော့တယ်။ မိုက်ကယ် လိုင်စင်ရတာ မကြာသေးဘူးဆိုတာ သိနေတော့ သတိပေးချက်တွေနဲ့ အကြံဉာဏ်တွေကို သူက ပလုံစီအောင် ပြောပြနေတာပါ။
"မင်းရဲ့ နယ်မြေအတွက်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး နေရာကောင်းတစ်ခု ရှာသင့်တယ်။ ငါတို့ မြေအများကြီး ဆုံးရှုံးခဲ့ရပေမဲ့ တံတိုင်းရဲ့ အပြင်ဘက်စွန်းမှာ မြေကွက်သေးသေးလေးတစ်ခုတော့ ကျန်သေးတယ်။ မင်း လိုချင်တယ်ဆိုရင် မင်းရဲ့ စတင်ရာနယ်မြေအဖြစ် ဦးလေး ပေးနိုင်ပါတယ်"
မက်စ်က သူ့ကို မြေကွက်ပေးဖို့ ကမ်းလှမ်းနေတာကို မိုက်ကယ် တကယ်ပဲ စိတ်လှုပ်ရှားသွားမိတယ်။ အကြွေးတွေ ပိနေပြီး သူ့နယ်မြေတွေကို တဖြည်းဖြည်း ဆုံးရှုံးနေရတဲ့ကြားက မက်စ်က မိုက်ကယ်ကို မက်ထရိုပိုလစ်မှာ မြေကွက်တစ်ကွက်ပေးဖို့ စိတ်စေတနာကောင်း ရှိနေဆဲပဲလေ။ အခု မြေကွက်က သိပ်ပြီး သေးငယ်လွန်းလို့ ဘာမှ တန်ဖိုးမရှိလှပေမဲ့ အဓိကကတော့ သူ့ရဲ့ စေတနာပဲ ဖြစ်နေလို့ပဲ။
"ရပါတယ် ဦးလေးမက်စ်။ ကျွန်တော် အားလုံး အဆင်ပြေအောင် စီစဉ်ထားပြီးသားပါ"
ဘတ်က မက်စ်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။ "စိတ်မပူပါနဲ့။ ငါ့သားက သူ ဘာလုပ်နေလဲဆိုတာ သူကောင်းကောင်း သိပါတယ်"
နောက်ဆုံးတော့ မက်စ်လည်း လက်လျှော့လိုက်ရတယ်။ မိုက်ကယ်ကို သူလုပ်ခဲ့မိတဲ့ အမှားမျိုးတွေ ထပ်မလုပ်စေချင်ဘဲ ဆုံးရှုံးပျက်စီးမှုတွေ မကြုံရအောင် သူ့ရဲ့ ဗဟုသုတတွေကို ဝေမျှချင်စိတ်ဇောနဲ့ ခပ်သွက်သွက်လေး ဖြစ်သွားမိတယ်ဆိုတာ သူ သဘောပေါက်သွားလို့ပဲ။
"ဦးလေးမက်စ်၊ ဒါနဲ့ ဦးလေးက ဒီကို ဘာလို့ ရောက်နေတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။
မက်စ်က သူ ဘာအတွက် ဒီကို ရောက်နေလဲဆိုတာကို သတိရသွားပြီး သူ့ရဲ့ ဝတ်စုံကို ချက်ချင်း ပြန်ပြင်ကာ ဆံပင်တွေကို သပ်ရပ်အောင် လုပ်လိုက်တယ်။
"ဦးလေးက ဘာနာဘီနဲ့ တွေ့ဆုံဖို့ ချိန်းထားလို့ပါ။ သူက ဒီလေလံအိမ်တော်ရဲ့ ပိုင်ရှင်လေ" လို့ မက်စ်က ကုလားထိုင်ပေါ်မှာ ဝင်ထိုင်ရင်း သူ့ရဲ့ စိုးရိမ်စိတ်တွေကို ပြေပျောက်စေဖို့ ခြေထောက်ကို မသိမသာ တဒေါက်ဒေါက် ခေါက်ရင်း ပြောလိုက်တယ်။
"ဦးလေးက လေလံပွဲမှာ ပါဝင်ချင်လို့လား" လို့ မိုက်ကယ်က မေးတယ်။
မက်စ်က ခေါင်းငြိမ့်ပြလိုက်တယ်။ "ဝယ်သူအဖြစ် မဟုတ်ဘဲ ရောင်းသူအဖြစ်ပါ။ ဦးလေး အိမ်ကို ထိန်းထားနိုင်ဖို့ ပိုက်ဆံကို အသည်းအသန် လိုအပ်နေလို့။ ဒါကြောင့် ဘာနာဘီနဲ့ တွေ့ဆုံပွဲက သေချာပေါက် အဆင်ပြေမှ ဖြစ်မယ်"
"ဘာလို့ ဒီလောက်တောင် စိုးရိမ်နေတာလဲ။ ဒါက လေလံပွဲတစ်ခုပဲ မဟုတ်ဘူးလား" လို့ ဘတ်က မေးလိုက်တယ်။
"ပြဿနာက ဘာနာဘီရဲ့ လေလံပွဲက ဂုဏ်သရေရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေလို့ပဲ။ သူတို့က မည်သူမဆို လေလံပွဲထဲ ဝင်ခွင့်မပြုဘူး။ ရောင်းသူပဲဖြစ်ဖြစ်၊ ဝယ်သူပဲဖြစ်ဖြစ် ပါဝင်ခွင့်ရဖို့အတွက် သတ်မှတ်ထားတဲ့ အဆင့်အတန်း တစ်ခုမှာ ရှိနေရမယ်"
"ဒါပေမဲ့ ငါတို့က ဗန်ဒါဘစ်တွေပဲလေ" လို့ ဘတ်က အကျိုးအကြောင်းပြတယ်။ "ဒါက လုံလောက်သင့်တာ မဟုတ်ဘူးလား"
"ဦးလေးက မက်ထရိုပိုလစ်မှာ ထိပ်တန်းကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ခဲ့ဖူးတာပါ။ ဒါပေမဲ့ ဒါက အတိတ်က အကြောင်းအရာ ဖြစ်သွားပြီ။ ဦးလေး ဒီကုမ္ပဏီခွဲကို လွှဲပြောင်းယူကတည်းက ငါတို့ရဲ့ အဆင့်အတန်းက ကျဆင်းသွားခဲ့တာ။ ပြီးတော့ အခုဆိုရင် ဘာနာဘီက ဦးလေးကို လေလံပွဲမှာ ပစ္စည်းတစ်ခု ရောင်းချခွင့် ပေး၊ မပေးတောင် သေချာမသိတော့ဘူး"
ဘာနာဘီက လေလံဆွဲရာမှာ ပါဝင်ဖို့အတွက် ဘာကြောင့် အဆင့်အတန်းတစ်ခု သတ်မှတ်ထားရလဲဆိုတာကို မိုက်ကယ် နားလည်ပါတယ်။ သူ နားမလည်တာက ပစ္စည်းရောင်းချမယ့်သူတွေကိုပါ ဘာလို့ အဲဒီလို ကန့်သတ်ချက် ထားရတာလဲ ဆိုတာပဲ။ ပစ္စည်းရဲ့ တန်ဖိုးကသာ စံသတ်မှတ်ချက် ဖြစ်သင့်တာ၊ ရောင်းချတဲ့ ကုမ္ပဏီ မဟုတ်ဘူးလေ။
"တန်ဖိုး လုံလုံလောက်လောက် ရှိနေသရွေ့တော့ သူတို့က ဘာလို့ လက်မခံရမှာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။
"ဘာနာဘီက သူ့ရဲ့ ပစ္စည်းတွေအပေါ်မှာ သိပ်ပြီး ဇီဇာကြောင်တာ" လို့ မက်စ်က ရှင်းပြတယ်။
"သူက အကောင်းဆုံးထဲက အကောင်းဆုံးကိုပဲ လိုချင်တာ။ ပစ္စည်းတွေက တန်ဖိုးရှိရုံနဲ့တင် သူက လေလံမတင်ပေးဘူး။ အဲဒီပစ္စည်းက ထူးခြားဆန်းပြားပြီး တခြားဘယ်နေရာမှာမှ ဝယ်လို့မရတဲ့အရာမျိုး ဖြစ်နေရမယ်။ ပြီးတော့ သူက ရောင်းချသူတွေအတွက် မြင့်မားတဲ့ အဆင့်အတန်းကို တောင်းဆိုရတာက ပစ္စည်းရဲ့ ကုန်အမှတ်တံဆိပ်ကိုပါ တွဲပြီး ရောင်းချလို့ပဲ။ လူတွေက ဒီပစ္စည်းဟာ ဂုဏ်သရေရှိတဲ့ ကုမ္ပဏီတစ်ခုက လာတာဆိုတာ သိရင် ပိုပြီး မြင့်မားတဲ့ ဈေးနှုန်းကို ပေးကြမှာလေ"
မက်စ်က ဒါတွေအားလုံးကို ရှင်းပြနေတုန်းမှာပဲ၊ လှေကားပေါ်ကနေ လေးလံတဲ့ ခြေသံတွေ တက်လာတာကို သူတို့ ရုတ်တရက် ကြားလိုက်ရတယ်။
"အို... သူ လာနေပြီ" လို့ မက်စ်က တိုးတိုးလေး ကတ်သီးကတ်သတ် ပြောလိုက်တယ်။
ခြေသံတွေက ပိုပြီး လေးလံလာပြီး နောက်ဆုံးတော့ အဲဒီလူကိုယ်တိုင် ဒုတိယထပ်ကို ရောက်ရှိလာပါတော့တယ်။
"မစ္စတာ ဘာနာဘီ... တွေ့ရတာ ဝမ်းသာပါတယ်" လို့ မက်စ်က ၉၀ ဒီဂရီနီးပါး ကုန်းပြီး နှုတ်ဆက်လိုက်တယ်။
ဘာနာဘီက လူကောင်ကြီးကြီး တစ်ယောက်ပဲ။ တကယ့်ကို ဝဝတုတ်တုတ် လူကြီးပေါ့။
သူက သိသိသာသာကို ဝဖြိုးနေတာပဲ။ သူ့ခေါင်းက ထိပ်ပြောင်နေပြီး လမ်းလျှောက်တဲ့အခါမှာလည်း တစ်ဖက်ကို နည်းနည်း စောင်းစောင်းပြီး လျှောက်တာမို့ ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေတယ်။ လမ်းကို ပုံမှန်လျှောက်နိုင်ဖို့ သစ်သားတုတ်ကောက်တစ်ခုတောင် အကူအညီ ယူနေရသေးတယ်။
"မက်စ်..." လို့ ဘာနာဘီက နှုတ်ဆက်လိုက်တယ်။ "နားထောင်ပါဦး၊ မင်း ဒီနေ့ ငါနဲ့ တွေ့ဖို့ ချိန်းထားတာ သိပါတယ်၊ ဒါပေမဲ့ ငါ ဖျက်ရလိမ့်မယ် ထင်တယ်။ မင်း ရောင်းချင်တဲ့ ပစ္စည်းအကြောင်းကို မင်းနဲ့ စကားပြောချင်တာပေါ့၊ ဒါပေမဲ့ ကံမကောင်းစွာပဲ ငါ့ရဲ့ အာရုံစိုက်မှု အားလုံးကို ပေးရမယ့် ကိစ္စတစ်ခု ပေါ်လာလို့ဗျာ"
မက်စ်ရဲ့ မျက်ခုံးတွေ ပင့်တက်သွားတယ်။ ဘာနာဘီက ချိန်းဆိုမှုတွေကို ဘယ်တော့မှ မဖျက်ဖူးဘူး။ သူက သူ့အချိန်ဇယားအတိုင်း အမြဲတမ်း တိကျတဲ့သူ။ သူ ဒီလိုမျိုး လုပ်ဆောင်ဖို့ဆိုရင် တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လို့ပဲ ဖြစ်ရမယ်။
"တစ်ခုခု အဆင်မပြေတာ ရှိလို့လား" လို့ မက်စ်က ဘာနာဘီကို မေးလိုက်တယ်။
"အမှန်အတိုင်း ပြောရရင်တော့ ဟုတ်တယ်။ ငါ အခုလေးတင် ရတနာတစ်ပါးကို တွေ့လိုက်တာ။ မက်ထရိုပိုလစ်မှာ တစ်ခါမှ မမြင်ဖူးသေးတဲ့ စစ်မှန်တဲ့ ရတနာကြီးပဲ။ မင်း နားမလည်ပါဘူး မက်စ်ရာ။ ငါ ဒီအရာကို ငါ့ရဲ့ လေလံပွဲအတွက် လိုချင်တာ။ ဒါက တစ်မြို့လုံးရဲ့ ပြောစမတ်တွင်စရာ ဖြစ်လာလိမ့်မယ်။ မျက်စိနဲ့ နားပါတဲ့သူတိုင်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာ သေချာတယ်"
မက်စ် စိတ်ဝင်စားသွားတယ်။ "အော်... တကယ်လား။ ဒါဆိုရင်တော့ မင်းရဲ့ လေလံပွဲအတွက် ကောင်းတာပေါ့"
ဘာနာဘီက သူ့နှုတ်ခမ်းကို ကိုက်လိုက်တယ်။
"ကောင်းမှာပါလေ။ ဒါပေမဲ့ အဲဒါက ငါ ပိုင်ရှင်ကို ရှာတွေ့မှ ဖြစ်မှာ။ မက်စ်... မင်း မြင်းထက် မြန်မြန်မောင်းနိုင်တဲ့ ထူးဆန်းတဲ့ သံရထားလုံးအကြောင်း တစ်ခုခု ကြားမိရင် ငါ့ကို ချက်ချင်း ပြောပြပါဦး၊ ငါ မင်းကို အကောင်းဆုံး ဆုလာဘ် ပေးပါ့မယ်။ အဲဒီအရာက သိပ်မြန်တာ၊ ပြီးတော့ ငါ သိသလောက်တော့ ရှေ့က ဆွဲဖို့ မြင်းလည်း မလိုဘူး။ ဒါရဲ့ ဖြစ်နိုင်ခြေတွေက အဆုံးမရှိဘူး၊ အထူးသဖြင့် ကုန်စုံပို့ဆောင်ရေး လုပ်ငန်းမှာပေါ့"
မက်စ်က ခေါင်းခါပြလိုက်တယ်။ "စိတ်မကောင်းပါဘူး။ ငါ အဲဒီအကြောင်း ဘာမှ မသိဘူး"
ဘာနာဘီက စိတ်ပျက်လက်ပျက်နဲ့ သူ့လက်ချောင်းတွေကို တောက်ခေါက်လိုက်တယ်။ သူ ဖြစ်နိုင်ခြေ နည်းမှန်း သိပေမဲ့ အဖြေကို သိချင်လွန်းလို့ အသည်းအသန် ဖြစ်နေတာပဲ ဖြစ်နေလို့ပဲ။
* * * * * * * *
စာစဉ်(၄၀)