အခန်း ၄၇၈
Vol. 40 Ch. 478
အခန်း(၄၇၈)
မိုက်ကယ်က မော်တော်ကားအကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်မယ့် စကားလုံးတွေ သုံးပြီး ရှင်းပြလိုက်ပါတယ်။ သူက ဒီကားဟာ လမ်းဖြောင့်အတိုင်းဆိုရင် ဘယ်လောက်အထိ မြန်မြန်မောင်းလို့ရလဲဆိုတာကိုပါ ပြောပြလိုက်တဲ့အခါ အဲဒီလောက်အထိ လေးလံတဲ့ သံထည်ပစ္စည်းကြီးတစ်ခုက ဒီလောက် မြန်မြန်သွားနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့တဲ့ မက်စ်နဲ့ ဘာနာဘီတို့ နှစ်ယောက်စလုံး ပါးစပ်အဟောင်းသားနဲ့ အံ့ဩမှင်တက်သွားကြတော့တာပေါ့။
"ဒါသာ တကယ်ဆိုရင်တော့... ကျားသစ်ထက်တောင် ပိုမြန်နေဦးမယ်" လို့ မက်စ်က ရိပ်မိသွားပါတယ်။
လိုင်လီယာနဲ့ ဘတ်ကလည်း မော်တော်ကားအကြောင်းကို ထောက်ခံပေးကြတယ်။ "ကျွန်မတို့ မိုက်ကယ်က သူသာ အလိုရှိရင် ဒီထက်မက ပိုမြန်တဲ့ကားတွေကိုတောင် တည်ဆောက်ထားတာရှင့်" လို့ သူမက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြွားလိုက်သေးတယ်။
ဘာနာဘီ့မှာတော့ မက်ထရိုပိုလစ် လမ်းမတွေပေါ်မှာ အဲဒီကား ဘယ်လောက် မြန်မြန်မောင်းနှင်သွားခဲ့လဲဆိုတာ ကြားကတည်းက မော်တော်ကားကို သဘောကျ အထင်ကြီးနေခဲ့တာပါ။ အခု တစ်ဆထက်မက ပိုပြီး မြန်မြန်သွားနိုင်တယ်ဆိုတာကိုပါ ကြားလိုက်ရပြန်တော့ သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေက ပိုလို့တောင် တောက်လောင်လာခဲ့ပါတယ်။
ဒါပေမဲ့ သူက အရှိန်အဟုန်အပေါ်မှာပဲ အာရုံစိုက်မနေဘဲ မော်တော်ကားရဲ့ အခြားအသုံးဝင်ပုံတွေဆီကို စိတ်အာရုံ ရွှေ့လိုက်တယ်။
"ဒီမော်တော်ကားသာ ရှိရင် ကုန်ပစ္စည်း ပို့ဆောင်ရမယ့် အချိန်တွေကို ထက်ဝက်လောက် လျှော့ချပစ်နိုင်မှာပဲ။ တစ်ပတ်ကြာမယ့် ခရီးစဉ်က လေးရက်တည်းနဲ့တင် ပြီးသွားနိုင်တယ်"
ဒါဟာ မော်တော်ကားရဲ့ အရောင်းရဆုံး အချက်တစ်ခု ဖြစ်လာမှာပါ။ လေလံပွဲမှာ ဒီမော်တော်ကားဟာ လူအလိုချင်ဆုံး ပစ္စည်းတွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်လို့ သူ တွေးလိုက်မိတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပါပဲ။
"ဒါဆို ကျွန်တော်က ခင်ဗျားတို့ရဲ့ လေလံပွဲမှာ မော်တော်ကားကို ရောင်းပေးမယ်ဆိုရင် အဲဒီပွဲကို ဝင်နွှဲခွင့် ရနိုင်မလား"
မိုက်ကယ်ရဲ့ မေးခွန်းက ဘာနာဘီ့ရဲ့ နှလုံးသားကို မြှားနဲ့ ဆူးနှစ်လိုက်သလို ဖြစ်သွားစေတယ်။
"အာ... မင်းကတော့ ငါ့ကို သတ်နေတာပဲ မိုက်ကယ်။ အဲဒီ လှပတဲ့ စက်ပစ္စည်း အင်ဂျင်နီယာလက်ရာမွန်ကြီးအတွက်တင် စည်းကမ်းတွေကို မျက်ကွယ်ပြုပေးချင်စိတ် ရှိပေမယ့်လည်း သတ်မှတ်ထားတဲ့ အဆင့်အတန်းအောက် ရောက်နေတဲ့ ဘယ်သူ့ကိုမှ လေလံပွဲမှာ နေရာတစ်နေရာ မပေးနိုင်ဘူး။ ငါ တကယ်ပဲ ချွင်းချက်လုပ်ပေးလို့ မရဘူး။ အကယ်၍ အရည်အချင်းမပြည့်မီတဲ့သူကို ဝင်ခွင့်ပေးလိုက်ရင် မင်းရော ငါပါ အစည်းအရုံးနဲ့ ပြဿနာတက်လိမ့်မယ်"
မိုက်ကယ်ကတော့ အဲဒီစကားကို ကြားရလို့ စိတ်ပျက်သွားပါတယ်။ ဒီစည်းကမ်းက ဘာနာဘီ့ရဲ့ စံသတ်မှတ်ချက်ကြောင့်ပဲ ထားထားတာလို့ သူ ထင်နေခဲ့တာပါ။ မက်ထရိုပိုလစ် အစည်းအရုံးကိုယ်တိုင်က ပြဋ္ဌာန်းထားတဲ့ စည်းကမ်းဖြစ်နေလိမ့်မယ်လို့ သူ မတွေးထားခဲ့မိဘူး။
"သူတို့ ဘာလို့ ဒီလို ကန့်သတ်ချက် ထားထားရတာလဲဆိုတာ မေးလို့ရမလား"
ဘာနာဘီက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။ သူ နှုတ်လုံရမယ်ဆိုတာ သိပေမယ့် မိုက်ကယ်က ထူးခြားတဲ့ အခြေအနေမျိုး ဖြစ်နေတာမို့ နောက်ဆုံးတော့ အရိပ်အမြွက်လေး တစ်ခု ပေးလိုက်မိပါတော့တယ်။
"ဒါက လေလံပွဲမှာ ပါဝင်မယ့်သူတွေပဲ သိရမယ့် ကန့်သတ်ချက်မျိုးပါ၊ ဒါပေမဲ့ မင်းကို ငါ ပြောပြပါ့မယ်။ အဲဒါက စိန်ခေါ်တိုက်ခိုက်ပွဲတွေနဲ့ သက်ဆိုင်နေလို့ပဲ" လို့ ဘာနာဘီက တိုးတိုးလေး ကပ်ပြောလိုက်တယ်။
အခုတော့ မိုက်ကယ်လည်း ဒီစကားကို ကြားပြီး အံ့ဩသွားရပြီပေါ့။ ပစ္စည်းတွေ လေလံတင်တဲ့ပွဲမှာ စိန်ခေါ်တိုက်ခိုက်ပွဲတွေ ရှိနေလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်မထားခဲ့ဘူး။
'အချို့ကုမ္ပဏီတွေက သူတို့ရဲ့ လေလံဈေးတွေ တူနေတဲ့အခါ အနိုင်အရှုံး ခွဲဖို့အတွက် စိန်ခေါ်တိုက်ခိုက်ကြတာ နေမှာပါ' လို့ မိုက်ကယ်က ခန့်မှန်းလိုက်တယ်။
ဒါတောင်မှ ဒီစိန်ခေါ်တိုက်ခိုက်ပွဲ ကဏ္ဍကို လျှို့ဝှက်ထားကြတယ်ဆိုရင် လေလံပွဲမှာ တစ်ခုခု ထူးခြားတာ ရှိနေရပါဦးမယ်။
လေလံပွဲအတွက် ဘာဖြစ်လို့ အဆင့်အတန်း သတ်မှတ်ချက် လိုအပ်နေရလဲဆိုတာကို သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပါပြီ။ ဘယ်စိန်ခေါ်တိုက်ခိုက်ပွဲမှာမဆို နှစ်ဖက်စလုံးက အဆင့်အတန်း အနီးစပ်ဆုံး တူညီနေမှသာ တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်တိုက်ခိုက်လို့ ရမှာ ဖြစ်တယ်။ ဒါကြောင့်မို့လည်း သူတို့က အဆင့်အတန်း မြင့်မားတဲ့သူတွေကိုပဲ လေလံပွဲ ဝင်ခွင့် ကန့်သတ်ထားကြတာပေါ့။
'ချွင်းချက်အနေနဲ့ ဝင်ခွင့်မရလည်း ကိစ္စမရှိပါဘူး။ ငါ့ဘာသာ လိုအပ်တဲ့ အဆင့်အတန်းကို ရအောင် ယူလိုက်ရုံပဲ'
"အင်း.. ရင်နာစရာကောင်းလိုက်တာ။ ငါ့လေလံပွဲမှာ အဲဒီမော်တော်ကားကို မတင်ရဘူးဆိုတာက ငါ့ကိုယ်ငါ နာကျင်စေတာပဲ။ ငါ့အမြင်တော့ ဒီမော်တော်ကားသာ ရှိရင် မက်ထရိုပိုလစ်မှာ ငါတို့ စီးပွားရေးလုပ်နေတဲ့ ပုံစံတစ်ခုလုံးကို တော်လှန်ပြောင်းလဲပစ်နိုင်မှာ"
မိုက်ကယ်က ဘာနာဘီ့ကို စိတ်သက်သာရာ ရစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ကျွန်တော် အဲဒီမော်တော်ကားကို ရောင်းပါ့မယ်"
သူ ဒါကို လွန်ခဲ့တဲ့ အချိန်ကတည်းက စဉ်းစားထားပြီးသားပါ။ လေလံပွဲမှာ မော်တော်ကားကို ရောင်းချခြင်းက ဒီယာဉ်အပေါ်ကို လူအများ အာရုံစိုက်လာစေမှာဖြစ်ပြီး လူတွေနဲ့ အဓိကအကျဆုံး ကုမ္ပဏီတွေအနေနဲ့ မော်တော်ကားရဲ့ တကယ့်တန်ဖိုးကို သိရှိသွားစေမှာ ဖြစ်တယ်။
ဘာနာဘီက သူ့ကို ချွင်းချက်အနေနဲ့ ဝင်ခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူကတော့ မော်တော်ကားကို ရောင်းချမှာပဲ ဖြစ်ပါတယ်။
"တကယ်ကြီးလား... အဲဒါ အကောင်းဆုံးပဲ" ဘာနာဘီက ပျော်လွန်းလို့ အထက်အောက် ခုန်ပေါက်ပြီး အောင်ပွဲခံလေတော့တယ်။
"ကျွန်တော့်မှာ တင်ပို့ဖို့ အသင့်ဖြစ်နေတဲ့ ဆီဒန်ကား အစီးနှစ်ဆယ်နဲ့ ထရပ်ကား ဆယ်စီး ရှိတယ်။ အဲဒါတွေကို လေလံပွဲမှာ တင်ပေးမယ်" လို့ မိုက်ကယ်က ပြောလိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဘာနာဘီက မိုက်ကယ်ရဲ့ စွမ်းရည်နဲ့ အိုက်ခံလိုက်ရသလိုမျိုး လေထဲမှာတင် တောင့်ခဲသွားခဲ့တယ်။
"ဆယ်စီး... နှစ်ဆယ်... မင်း... မင်းမှာ တစ်စီးထက်မက ရှိနေတာလား"
မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်တယ်။ "ဟုတ်တယ်။ ကျွန်တော်တို့ ထုတ်လုပ်မှုက ကန့်သတ်ချက် ရှိနေသေးပေမယ့် လေလံပွဲအတွက် မော်တော်ကား အစီးသုံးဆယ်တော့ ဖယ်ပေးနိုင်ပါတယ်"
"မင်း ပြောတဲ့ ထရပ်ကားဆိုတာ... အဲဒါက ဘာလဲ" လို့ ဘာနာဘီက မေးတယ်။
"အဲဒါက မော်တော်ကားလိုမျိုးပဲ၊ ဒါပေမဲ့ နှစ်ဆလောက် ပိုကြီးပြီးတော့ ကုန်တန်ချိန် အများကြီး သယ်ဆောင်နိုင်တဲ့ ကွန်တိန်နာအကြီးကြီးတစ်ခု အနောက်မှာ ပါတယ်လေ။ ကင်းစ်နယ်မြေကနေ ဒီအထိ ကျွန်တော့်ရဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့အတွက် အဲဒါကို သုံးမှာပါ"
ဘာနာဘီက အဲဒီအကြောင်းကို ကြားလိုက်ရတဲ့အခါ ကြမ်းပြင်ပေါ်ကိုပဲ ပစ်လဲကျသွားပါတော့တယ်။ ထရပ်ကားက သူ ထင်ထားတာထက်တောင် ပိုပြီး ကောင်းမွန်နေတာပဲ။ အဲဒါကို သုံးရင် မက်ထရိုပိုလစ်ရဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုလုံးကို လုံးဝဥဿုံ ပြောင်းလဲပစ်နိုင်လိမ့်မယ်။ ကုမ္ပဏီတွေသာ အဲဒီကား ဘာလုပ်နိုင်လဲဆိုတာ သိသွားကြရင် ဒါဟာ ညပိုင်းလေလံပွဲရဲ့ အကြီးမားဆုံး လေလံပြိုင်ဆိုင်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ သူ လုံးဝ မသံသယဖြစ်မိတော့ဘူး။
"ဒီအကြောင်းကို ပိုပြီး အသေးစိတ် ဆွေးနွေးပြီးတော့ တရားဝင် စာချုပ်ချုပ်ကြရအောင်" လို့ ဘာနာဘီက မျက်လုံးထဲမှာ မီးတောက်တွေနဲ့ ပြောလိုက်ပါတယ်။ သူကတော့ ဒီအခွင့်အရေးကို လုံးဝ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။
"ကောင်းပြီလေ" လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။
ဘာနာဘီက သူ့အခန်းထဲကို ချက်ချင်း ပြေးဝင်သွားပြီး သူ့စာရေးခုံထဲကနေ စာချုပ်တစ်ခုကို ထုတ်ယူကာ လေလံပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို စတင် ရေးသားပါတော့တယ်။
မိုက်ကယ်က ဘာတစ်ခုမှ ကျန်ရစ်မသွားအောင် နိုဗာနဲ့အတူ စာချုပ်ကို သေချာ စစ်ဆေးကြည့်ရှုလိုက်တယ်။ သူက အရိပ်ထဲကနေတစ်ဆင့် အသေးစိတ်အချက်အလက်တွေကို ပေးပို့ပြီး ယူနာ့ကိုပါ ထပ်မံ စစ်ဆေးခိုင်းလိုက်သေးတယ်။
ဘာပဲဖြစ်ဖြစ် ဒါက ဘာနာဘီ့ကို လေလံပွဲမှာ မော်တော်ကား ရောင်းချခွင့် ပေးအပ်တဲ့ သူတို့အကြားက ရိုးရှင်းတဲ့ သဘောတူညီချက်တစ်ခုမျှသာ ဖြစ်ပါတယ်။ သူက အရောင်းရငွေပေါ်မှာ ၅ ရာခိုင်နှုန်း ဝန်ဆောင်ခ ရရှိမှာ ဖြစ်ပြီး မိုက်ကယ်ကတော့ ဒါကို တရားမျှတတယ်လို့ ယူဆထားတယ်။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ သူတို့ နှစ်ယောက်စလုံး သဘောတူညီချက်ပေါ်မှာ လက်မှတ်ရေးထိုးလိုက်ကြတယ်။
"အောင်မြင်ပြီ။ ဒီနှစ်ရဲ့ လေလံပွဲကတော့ သမိုင်းတွင်တော့မှာပဲ" လို့ ဘာနာဘီက ကြေညာလိုက်ပါတယ်။
အဲဒီနောက်မှာတင် ဘာနာဘီက တစ်ခုခုကို သတိရသွားတယ်။ "မိုက်ကယ်... မင်း ကင်းစ်နယ်မြေကနေ မက်ထရိုပိုလစ်ကို ကုန်ပစ္စည်းတွေ သယ်ဖို့ ထရပ်ကားတွေကို သုံးမယ်လို့ ပြောခဲ့တယ် မဟုတ်လား"
"ဟုတ်တယ်"
"မင်း အချိန်တိုင်း စစ်ဆေးခံနေရမယ့် ဒုက္ခကနေ ကျော်လွှားနိုင်ဖို့အတွက် မြို့စားမင်းကတော်ရဲ့ ရဲတိုက်ကို သွားပြီးတော့ အဲဒီထရပ်ကားကို မက်ထရိုပိုလစ်ထဲ ဝင်ရောက်ခွင့် အတည်ပြုချက် ယူထားလိုက်တာ ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက ပုံမှန် မြင်တွေ့နေကျ ယာဉ်မျိုး မဟုတ်တဲ့အတွက် ထရပ်ကားဟာ အရပ်သားတွေအတွက် အန္တရာယ် မရှိဘူးဆိုတာကို သူတို့ သေချာအောင် လုပ်ဖို့ လိုအပ်လို့ပဲ။ မင်း အတည်ပြုချက် ရသွားတာနဲ့တင် လမ်းမတွေပေါ်မှာ မင်းရဲ့ ထရပ်ကားတွေကို အလွယ်တကူ မောင်းနှင်သွားလာခွင့် ရလိမ့်မယ်"
မိုက်ကယ်က ဘာနာဘီ့ရဲ့ အကြံဉာဏ်ကို မှတ်သားထားလိုက်ပါတယ်။
ဧရာမ ထရပ်ကားအုပ်စုကြီးတစ်စုက မက်ထရိုပိုလစ် တစ်ခွင်လုံးမှာ ဘာကြောင့် သတိပေးခေါင်းလောင်းသံတွေ မြည်ဟည်းသွားစေနိုင်မလဲဆိုတာ သူ သဘောပေါက်ပါတယ်။ သူ့ရဲ့ ထရပ်ကားတွေက လက်တွေ့မှာ ရွေ့လျားနေတဲ့ အိမ်ကြီးတွေလို ဖြစ်နေလို့ပဲ။
အမှန်တော့ သူက ဒါတွေအကုန်လုံးကို ကျော်ဖြတ်ပြီး သူ့ရဲ့ အရိပ်ရွှေ့ပြောင်းခြင်း စွမ်းရည်ကို သုံးကာ ကုန်ပစ္စည်းအားလုံးကို မက်ထရိုပိုလစ်ထဲ တိုက်ရိုက် ရွှေ့ပြောင်းပစ်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်ကျတော့ ဒါက လက်တွေ့မကျဘူးလေ။ သူ့ရဲ့ ထရပ်ကားတွေနဲ့ပဲ ပုံမှန် ကုန်ပစ္စည်းတွေ ပို့ဆောင်ခိုင်းတာက ပိုပြီး ကောင်းမွန်ပါသေးတယ်။
မိုက်ကယ်နဲ့ ဘာနာဘီတို့ သူတို့ရဲ့ သဘောတူညီချက်ကို အချောသပ်နေကြစဉ်မှာ မက်စ်ကတော့ ဘေးကနေပြီး ဖြစ်ပျက်သမျှကို ကြည့်နေခဲ့တာပေါ့။ သူက သူ့တူဖြစ်သူရဲ့ စီးပွားရေး ပါရမီအပေါ် အံ့ဩချီးကျူးမိနေတယ်။
"မင်းရဲ့ သားက တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ" လို့ သူက ဘတ်ကို ပြောလိုက်တယ်။ "သူ့ကို ငါတို့ အဖေက ဘာလို့ ပြုစုပျိုးထောင် မပေးခဲ့တာလဲ"
သူ့အမြင်အရဆိုရင် မိုက်ကယ်ရဲ့ ပါရမီတွေက အိုင်းဇ်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့ လုံလောက်နေပါပြီ။ ဒါပေမဲ့ တစ်ချက်ချက်ကြောင့် မိုက်ကယ်က ကွင်းစ်နယ်မြေရဲ့ အစိတ်အပိုင်း အတော်များများမှာ လူသိမများဘဲ ရှိနေခဲ့တယ်။ သူက ဗန်ဒါဘစ်တွေကြားမှာတောင် လူသိမများခဲ့ပါဘူး။
"သူ့အတွက် အဲဒါ မလိုပါဘူး" လို့ လိုင်လီယာက ဂုဏ်ယူစွာနဲ့ ပြောပါတယ်။ "ကျွန်မတို့ သားက သူ့ခြေထောက်ပေါ် သူ ရပ်တည်တဲ့သူပဲ။ ပြီးတော့ သူက အိုင်းဇ်ရဲ့ အကူအညီ မပါဘဲနဲ့လည်း အရာအားလုံးကို သူ့ဘာသာ လုပ်နိုင်တယ်"
မက်စ်က သူတို့အတွက် ဝမ်းသာပေးပါတယ်။ သူ့သားနဲ့ မိုက်ကယ်နဲ့ တွေ့ဆုံမယ့် အချိန်ကိုတောင် သူ မစောင့်နိုင်တော့ဘူး။ သူ့ရဲ့ သားငယ်လေးမှာ အစ်ကိုကြီးတစ်ယောက်လို အားကျအတုယူရမယ့်သူ ရှိလာတော့မှာလေ။ မိုက်ကယ်က သူ့သားအပေါ် လွှမ်းမိုးမှု ရှိစေချင်တယ်။ ဒါမှသာ သူ့သားက သူ့လို ဘဝမျိုး ဖြစ်မလာမှာပေါ့။
သူတို့ သဘောတူညီချက် ရသွားပြီးတဲ့နောက်မှာပဲ ဘာနာဘီက မက်စ်ဆီကို လျှောက်လာခဲ့ပါတယ်။
"မက်စ်... ငါ အဲဒီအကြောင်းကို ထပ်ပြီး စဉ်းစားကြည့်တယ်၊ ပြီးတော့ မင်းရဲ့ တောင်းဆိုချက်ကို ငါ ထပ်ပြီး ငြင်းပယ်ရလိမ့်မယ် ထင်တယ်။ မင်း အဲဒါကို ရောင်းလို့ မရဘူး"
မက်စ်ရဲ့ မျက်နှာ ညှိုးငယ်သွားတော့တယ်။ "ငါ... ငါ ငွေလိုနေရုံသက်သက်ပါ"
"ဒါတောင်မှ မင်းရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို ဖယ်ရှားမယ့် ခွဲစိတ်မှုက လုပ်ဖို့အတွက် သိပ်ကို အန္တရာယ်များလွန်းတယ်"
* * * * * * * *
စာစဉ်(၄၀)