အခန်း ၄၈၁
Vol. 41 Ch. 481
အခန်း(၄၈၁)
အစောင့်တွေရဲ့ အမိန့်ပေးအော်ဟစ်သံ အဆုံးမှာတော့ လူအုပ်ကြီးဟာ လမ်းပေါ်ကနေ ချက်ချင်းပဲ ဖယ်ပေးလိုက်ကြပြီး တော်ဝင်ယာဉ်တန်းကြီး မြို့စားကတော်ရဲ့ ရဲတိုက်ဆီ ပြန်သွားနိုင်ဖို့ လမ်းဖွင့်ပေးလိုက်ကြတယ်။
ယာဉ်တန်းကြီး အဝေးကို ရောက်သွားတာနဲ့ စောင့်ကြည့်နေတဲ့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မနေနိုင်မထိုင်နိုင် တိုးတိုးတိုးတိုး အတင်းတုတ်ကြတော့တာပေါ့။
"မင်း ကြားလိုက်လား။ သူတို့က မြို့စားကတော်ရဲ့ သီးသန့် ဧည့်သည်တော်တွေတဲ့"
"ဗန်ဒါဘစ်တွေက ပျက်စီးတော့မယ်လို့ ငါ ထင်နေတာ"
"ဒါဆို သူတို့က နယ်မြေလာသိမ်းတာ မဟုတ်ဘူးပေါ့"
အားလုံးက ခြံဝင်းထဲမှာ ကျန်နေသေးတဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေကို မနေနိုင်ဘဲ လှည့်ကြည့်မိကြတယ်။ သူတို့ကို ကြည့်တဲ့ မျက်လုံးတွေထဲမှာ အံ့ဩတုန်လှုပ်မှုတွေ၊ အားကျမှုတွေ၊ ပြီးတော့ မနာလိုဖြစ်နေတဲ့ အရိပ်အယောင်တွေပါ ရောပြွမ်းနေတာပေါ့။
ဒါပေမဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေ ကိုယ်တိုင်လည်း သူတို့ရဲ့ တူအရင်းခေါက်ခေါက်က မြို့စားကတော်ရဲ့ အာရုံစိုက်မှုကို ရသွားတဲ့အတွက် အံ့ဩမှင်တက်နေကြတာ။ ဒါဟာ သူတို့ကို ဗန်ဒါဘစ် သွေးအပြည့်နဲ့ နောက်တစ်ကြိမ် ပြန်ပြီး ဂုဏ်ယူဝင့်ကြွားစေခဲ့တယ်။
ပုံမှန်ဆိုရင် သူတို့ရဲ့ အိမ်တော်ကြီးနားက ဖြတ်သွားတဲ့ ဘယ်သူမဆို သနားကရုဏာသက်တဲ့ မျက်လုံးတွေနဲ့ပဲ ကြည့်လေ့ရှိတာ။ အခုတော့ မြို့စားကတော်ရဲ့ ကိုယ်ရံတော်တွေကိုယ်တိုင် သူတို့ကို ရဲတိုက်ဆီ လိုက်လံပို့ဆောင်ပေးတဲ့ ဂုဏ်ဒြပ်ကို ရရှိသွားတာမို့ လူတွေရဲ့ အကြည့်တွေဟာ အံ့ဩခြင်းနဲ့ မနာလိုခြင်းတွေဆီ ပြောင်းလဲသွားခဲ့ပြီ။
ဒီလို အခွင့်ထူးမျိုးက ဘယ်သူ့ကိုမဆို ပေးလေ့ရှိတာမျိုး မဟုတ်ပါဘူး။ လက်ဂါစီ့စ်တွေဆီက လူတွေပဲ ရပိုင်ခွင့်ရှိတဲ့ အရာမျိုးလေ။
ဒီအချက်ကြောင့်ပဲ လူတိုင်းရဲ့ ခေါင်းထဲမှာ မေးခွန်းတစ်ခုက ဝဲလည်နေခဲ့တယ်။
ဗန်ဒါဘစ်တွေဟာ မက်ထရိုပိုလစ်ရဲ့ အမြင့်ဆုံးနေရာကို သူတို့ရဲ့ မူလဂုဏ်ဒြပ်အတိုင်း ပြန်လည်တက်လှမ်းတော့မှာလား။
* * * * * * * *
ဒီအတောအတွင်းမှာတော့ မိုက်ကယ်နဲ့ တခြားလူတွေဟာ ရွှေရောင်အကွပ်တွေနဲ့ မွမ်းမံထားတဲ့ တော်ဝင်ရထားလုံးကြီးထဲမှာ ရောက်နေကြတယ်။
လိုင်လီယာကတော့ မိုက်ကယ်ဟာ ဒီလို ခမ်းနားကြီးကျယ်တဲ့ ကြိုဆိုမှုကို ရထိုက်တယ်ဆိုတာ သိနေတဲ့အတွက် ကျေနပ်အားရပြီး သက်တောင့်သက်သာ ရှိနေတဲ့ပုံပဲ။
ဘတ်ကတော့ တစ်ဖက်မှာ ဆံပင်တွေကို ပြန်သပ်၊ ဝတ်စုံကို ပြန်ပြင်ရင်းနဲ့ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို အလုပ်ရှုပ်ခံပြီး ဖြေဖျောက်နေတယ်။
သူနဲ့မတူတာကတော့ မက်စ်ပဲ။ မက်စ်ရဲ့ မျက်နှာက သရဲတစ္ဆေတစ်ကောင်လို ဖြူလျော်နေတာ။ လမ်းမတွေအတိုင်း ရထားလုံး မောင်းနှင်လာစဉ်တစ်လျှောက်လုံး စိုးရိမ်ပူပန်ခဲ့ရသမျှကြောင့် သူ့ရဲ့ ဆံပင်မီးခိုးရောင်တွေဟာ ဖြူဆွတ်ဆွတ်တောင် ဖြစ်သွားသလိုပဲ။
မိုက်ကယ်လည်း သူ့ကို အပြစ်မတင်ရက်ပါဘူး။ မြို့စားကတော်ရဲ့ ရဲတိုက်က တကယ်ပဲ ခြောက်ခြားစရာ ကောင်းလွန်းတာကိုး။
သူ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ မိုးကုပ်စက်ဝိုင်းတည့်တည့်မှာ ဧရာမ ကုန်းပြင်မြင့်တောင်ကြီးတစ်ခုနဲ့ အဲဒီအပေါ်မှာ ဆောက်ထားတဲ့ မြို့စားကတော်ရဲ့ ကျယ်ဝန်းလှတဲ့ ရဲတိုက်ကြီးကို မြင်လိုက်ရတယ်။ အဲဒီရဲတိုက်ကြီးက ကမ္ဘာမြေနဲ့ နေမင်းကြီးကိုတောင် သေးသိမ်သွားစေလောက်အောင်ကိုပဲ ထီးထီးကြီး အံ့မခန်း ထည်ဝါလွန်းနေတယ်။
ဒီလောက် မြင့်မားတဲ့ နေရာမှာ ဆောက်ထားတာမို့ မက်ထရိုပိုလစ်ရဲ့ ဘယ်နေရာကနေပဲ ကြည့်ကြည့် မြို့စားကတော်ရဲ့ သီးသန့်ရဲတိုက်ကြီးရဲ့ ခန့်ညားထည်ဝါမှုကို မြင်တွေ့နိုင်တာပေါ့။
"အားနာနာနဲ့ပဲ မေးပါရစေ။ မြို့စားကတော်က ကျွန်တော်တို့ကို ဘာဖြစ်လို့ ခေါ်ခိုင်းတာလဲခင်ဗျာ" သူက မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ တော်ဝင်အရာရှိကြီးကို မေးလိုက်တယ်။
"မြို့စားကတော်ကြီးဆီကို မင်းရဲ့ ထူးခြားဆန်းပြားတဲ့ တီထွင်မှုတစ်ခုအကြောင်း သတင်းရောက်ရှိသွားလို့ပါ။ ပုံမှန်ဆိုရင်တော့ ဒီလို တီထွင်မှုကို မက်ထရိုပိုလစ်မှာ တရားဝင်ဖြစ်စေဖို့ တော်ဝင်တရားရုံးက ခန့်အပ်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေကပဲ ဆောင်ရွက်ပေးတာ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မြို့စားကတော်ကိုယ်တိုင်က အဲဒါကို အရင်ဆုံး ကိုယ်တိုင်ကြည့်ချင်လို့တဲ့။ ပြီးတော့ အဲဒါကို တီထွင်တဲ့သူကိုလည်း တွေ့ချင်နေတာ။ အဲဒီလူက မင်းပဲ မဟုတ်လား"
မိုက်ကယ် ခေါင်းညိတ်ပြလိုက်တယ်။ ဘာနာဘီက သူ့ကို မော်တော်ကား စစ်ဆေးဖို့အတွက် မြို့စားကတော်နဲ့ ဆက်သွယ်ပေးမယ်လို့ ပြောခဲ့တာပဲ။ ဒါပေမဲ့ ဒီလောက်အထိ မြန်လိမ့်မယ်လို့တော့ သူ မထင်ထားမိဘူး။ ဘာနာဘီဘဏ္ဍာတိုက်ကနေ သူတို့ ထွက်လာခဲ့တာ နာရီပိုင်းပဲ ရှိသေးတာကိုး။
'ဒီလို ဩဇာအာဏာကြီးတဲ့ လူတစ်ယောက်က ဒီလောက်တောင် လက်သွက်ခြေသွက် ရှိတာပဲ' လို့ သူ တွေးလိုက်မိတယ်။
မျှော်လင့်မထားတဲ့ ကိစ္စဖြစ်ပေမဲ့လည်း သူကတော့ ဖိတ်ခေါ်မှုကို ချက်ချင်းပဲ လက်ခံလိုက်တာပေါ့။ ဒါဟာ ရဲတိုက်နဲ့ တွေ့ဆုံခွင့်ရဖို့ လျှောက်လွှာတင်ရမယ့် ဒုက္ခကနေ သက်သာသွားစေတာကိုး။ ဒါ့အပြင် သီးသန့် ကိုယ်ရံတော်တွေနဲ့ လိုက်ပို့ပေးတာကလည်း မဆိုးလှပါဘူး။
ရထားလုံးကြီးက လမ်းမတွေအတိုင်း ဆက်မောင်းလာပြီး နောက်ဆုံးမှာတော့ ကုန်းပြင်မြင့်တောင်ကြီးနဲ့ မက်ထရိုပိုလစ်ရဲ့ တခြားနေရာတွေကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးတွေဆီ ရောက်လာခဲ့တယ်။
တံခါးဝက အစောင့်တွေက ရထားလုံးကို မြင်တာနဲ့၊ ပြီးတော့ တော်ဝင်အရာရှိကြီးက ပြတင်းပေါက်ကနေ ပြလိုက်တဲ့ တံဆိပ်ကို မြင်တာနဲ့ တံတိုင်းပတ်လည်မှာ စီးဆင်းနေတဲ့ ကျုံးမြစ်ကို ဖြတ်ကူးနိုင်မယ့် မဏ္ဍပ်တံတားကို ချက်ချင်းပဲ ချပေးလိုက်ကြတယ်။
ထို့နောက်မှာတော့ သူတို့ဟာ ရဲတိုက်ဆီကို ဦးတည်ခေါ်ဆောင်သွားမယ့် အကွေ့အကောက် လမ်းမကြီးအတိုင်း အပေါ်ကို တက်လာခဲ့ကြတယ်။
သစ်ပင်တွေကြားထဲမှာ ပုန်းအောင်းပြီး ပတ်ဝန်းကျင်ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ လူအတော်များများကို မိုက်ကယ် သတိပြုမိလိုက်တယ်။
'သူတို့က မြို့စားကတော်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ဖြစ်မယ် ထင်တယ်'
သူတို့ ဘယ်လောက်ပဲ ပုန်းလျှိုးကွယ်လျှိုး ကောင်းပါစေ၊ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အလင်းမှော်စွမ်းအင် အမှတ်အသားတွေကိုတော့ ဖုံးကွယ်မထားနိုင်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ယောင်ဖျောက်မန္တန်တွေ ရှိနေပေမဲ့လည်း မိုက်ကယ်ကတော့ အကုန်အရှိအတိုင်း မြင်နေရတာပဲ။
ဘာပဲဖြစ်ဖြစ် သူတို့က အန္တရာယ်တော့ မရှိပါဘူး။ သစ်ပင်တွေပေါ်မှာ နေပြီး တိတ်တဆိတ် စောင့်ကြည့်နေရုံသက်သက်မို့ သူလည်း သိပ်ပြီး ဂရုမစိုက်တော့ဘူး။
နောက်ဆုံးမှာတော့ ရထားလုံးကြီးဟာ ကုန်းပြင်မြင့်ရဲ့ ထိပ်ဆုံးကို ရောက်ရှိသွားပြီး မြို့စားကတော်ရဲ့ ရဲတိုက်ကြီးကို အတိုင်းသား မြင်လိုက်ရတော့တယ်။ တောင်ထိပ်ပေါ်မှာ ဆောက်ထားတာမို့ ပတ်ပတ်လည်မှာ ပြာလွင်တဲ့ ကောင်းကင်ပြာကြီးကလွဲလို့ ဘာမှမရှိဘဲ တိမ်တိုက်တွေပေါ်မှာ ဆောက်ထားတဲ့ နန်းတော်ကြီးတစ်ခုလိုပဲ။
ရဲတိုက်ကြီးက ကုန်းပြင်မြင့်ရဲ့ ဧရိယာ အားလုံးနီးပါးကို ယူထားတာ။ ဘေးပတ်ပတ်လည်မှာတော့ သေသပ်လှပစွာ ပြုပြင်ထားတဲ့ ဥယျာဉ်ကြီးတွေပဲ ဝန်းရံထားတယ်။
ရထားလုံးကြီးက အရှေ့ဘက် တံခါးမကြီးနားမှာ ရပ်လိုက်တဲ့အခါ တော်ဝင်အရာရှိကြီးက အပြင်ကို အရင်ထွက်ပြီး ဂုဏ်ယူဝင့်ကြွားတဲ့ ဟန်ပန်နဲ့ လက်နှစ်ဖက်ကို ကျယ်ကျယ်ပွေ့ဟလိုက်တယ်။
"မြို့စားကတော်ကြီးရဲ့ တော်ဝင်ရဲတိုက်ကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ။ ကိုယ့်အိမ်ကိုယ်ယာလိုပဲ သဘောထားကြပါ"
သူ့ရဲ့ ကြိုဆိုသံက ကျယ်လောင်လှပြီး တံခါးအတွင်းဘက်ကနေ ထွက်ပေါ်လာတဲ့ ဗုံသံ၊ ခရာမှုတ်သံတွေနဲ့အတူ ပဲ့တင်ထပ်သွားတယ်။ မြို့စားကတော်လို တော်ဝင်မျိုးနွယ်တစ်ယောက်ဆီကနေ မျှော်လင့်ထားနိုင်တဲ့ သိပ်ကို ခမ်းနားကြီးကျယ်တဲ့ အရာမျိုးပေါ့။
"မက်ထရိုပိုလစ်ရဲ့ မြို့စားကတော်ကြီးက လက်ရှိမှာ ကိစ္စတစ်ခုနဲ့ ခရီးလွန်နေတဲ့အတွက် အရင်ဆုံး တောင်းပန်စကား ဆိုထားပါတယ်ဗျာ"
"သူမအနေနဲ့ အချိန်မီ ပြန်လာခဲ့မယ်လို့ မင်းတို့ကို စိတ်ချစေချင်ပါတယ်။ အဲဒီအတောအတွင်းမှာတော့ တော်ဝင်ရဲတိုက်ထဲကို ကြွပါ၊ ပြီးတော့ ကိုယ့်အိမ်လိုပဲ သဘောထားပြီး နေထိုင်ပါလို့ မှာကြားထားပါတယ်ဗျာ"
တံခါးမကြီး ပွင့်သွားတဲ့အခါ အိမ်တော်ထိန်းတွေနဲ့ အစေခံမိန်းကလေးတွေက တံခါးရှေ့မှာ ဘေးတစ်ဖက်တစ်ချက် စီတန်းရပ်နေတာကို မိုက်ကယ် မြင်လိုက်ရတယ်။ သူတို့က မိုက်ကယ်နဲ့ တခြားလူတွေ ဖြတ်မသွားမချင်း ပုံမှန်အတိုင်း ပြန်မတ်မတ်မရပ်ဘဲ အရိုအသေပေးတဲ့အနေနဲ့ ဦးညွှတ်ထားကြတာပေါ့။
"ဒါလေးက တော်တော် သဘောကျဖို့ကောင်းသားပဲ" လိုင်လီယာက ဂုဏ်ယူပြီး ကျေနပ်နေတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။ သူမရဲ့ သားအတွက် ဒီထက်မနည်းတဲ့ ကြိုဆိုမှုကိုပဲ သူမ မျှော်လင့်ထားတာလေ။
တစ်ဖက်မှာတော့ ဘတ်က အိမ်တော်ထိန်းတွေရဲ့ ကြိုဆိုမှုကို ပုံမှန်အတိုင်းပဲ တုံ့ပြန်တယ်။ သူက ဗန်ဒါဘစ် အိမ်တော်ကြီးမှာ ကြီးပြင်းလာခဲ့တာကိုး။
မက်စ်ကတော့ ပါးစပ်အဟောင်းသားနဲ့ ငေးမောလို့။ ဒီလို ခမ်းနားကြီးကျယ်မှုကို မကြုံရတာ ကြာပြီဖြစ်လို့ အဲဒီခံစားချက်ကို သူ သွေးခဲလုနီးပါး ဖြစ်နေခဲ့တာလေ။
တံခါးကို ဖြတ်ပြီး အထဲကို ဝင်လိုက်တာနဲ့ အရာအားလုံးက ရွှေရောင်တွေနဲ့ တောက်ပနေတာကို တွေ့လိုက်ရတယ်။ ထောင့်တွေက ကျောက်တိုင်တွေ၊ မျက်နှာကြက်နားက လက်ရန်းတွေ၊ ပြီးတော့ ကြမ်းပြင်က အကွက်တွေပါမကျန် ရွှေဒင်္ဂါးပြားတွေကို နင်းလျှောက်နေရသလိုပဲ။
ဒီနန်းတော်က ခေတ်သစ် ကမ္ဘာမြေရဲ့ စံနှုန်းတွေနဲ့ တိုင်းတာရင်တောင် သိပ်ကို သားနားဇိမ်ကျလွန်းလှတယ်။
"လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ ဗန်ဒါဘစ်တို့"
မိုက်ကယ်က ဒုတိယထပ်ကို တက်သွားတဲ့ ဧရာမ လှေကားကြီးဆီ မော့ကြည့်လိုက်တယ်။ အပေါ်ထိပ်မှာ ဇနီးမောင်နှံ နှစ်တွဲက စောင့်ကြိုနေပြီး သူတို့ကို နွေးထွေးစွာ လက်ပြနှုတ်ဆက်နေကြတာ။ ချစ်သူတွေလိုပဲ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် တွဲထားကြတာမို့ ဇနီးမောင်နှံတွေလို့ သူ ခန့်မှန်းလိုက်တယ်။
"ညာဘက်က မင်းသား ဟယ်ရီနဲ့ သူ့ဇနီး၊ ဘယ်ဘက်ကတော့ မင်းသမီး အဲလိဇဘက်နဲ့ သူ့ခင်ပွန်းပဲ" မက်စ်က သူတို့ကို တိုးတိုးလေး ကပ်ပြောရင်းနဲ့ မြို့စားကတော်ရဲ့ အမြွှာသားသမီးတွေဆီ ချက်ချင်းပဲ ဒူးတစ်ဖက်ထောက်ပြီး အရိုအသေ ပြုလိုက်တယ်။
မင်းသား ဟယ်ရီက သူတို့ဆီ လမ်းလျှောက်ဆင်းလာပြီး မက်စ်ကို ပြန်ထူပေးလိုက်တယ်။ "ကျေးဇူးပြုပြီး ဒီလို လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူးဗျာ။ ခင်ဗျားတို့က မိခင်ကြီးရဲ့ ဧည့်သည်တွေပဲဥစ္စာ"
မင်းသားတစ်ပါးပီပီ သူက... မင်းသားဆန်လှတယ်။ သူ့ရဲ့ ဆံပင်နီနီတွေကို ဘေးဘက်ကို သေသေသပ်သပ် ဖီးသင်ထားပြီး တော်ဝင်ဝတ်စုံမှာလည်း ဝတ်ဆင်ရ ခက်ခဲပုံရတဲ့ ရွှေရောင်တန်ဆာပလာ အဆင်တန်ဆာမျိုးစုံ ဆင်ယင်ထားတာ။ ဒါတင်မကဘဲ သူ့ရဲ့ ကိုယ်နေဟန်ထားက ငယ်ငယ်ကတည်းက သင်ကြားလာခဲ့ရသလိုမျိုး သစ်ပင်တစ်ပင်လို မတ်မတ်ကြီး ဖြစ်နေခဲ့တယ်။
* * * * * * * *
စာစဉ်(၄၁)