အခန်း ၄၈၂
Vol. 41 Ch. 482
အခန်း(၄၈၂)
"ကျွန်မတို့အိမ်မှ ကြိုဆိုပါတယ်" လို့ မင်းသမီး အဲလိဇဘက်က ပြောလိုက်တယ်။
သူမပုံစံက မင်းသား ဟယ်ရီနဲ့ အတော်လေးကို ဆင်တူနေတာပါ။ တကယ်လို့သာ သူတို့နှစ်ယောက် ဆံပင်ပုံစံနဲ့ အဝတ်အစားချင်း လဲဝတ်လိုက်မယ်ဆိုရင် (ဟယ်ရီကို သူမရဲ့ အစိမ်းရောင် ပိုးထည်ဂါဝန် ဝတ်ပေးပြီး သူမကိုကျတော့ ဟယ်ရီရဲ့ စစ်ဝတ်စုံ ဝတ်ပေးလိုက်တာမျိုးပေါ့) ဘယ်သူမှ ခွဲခြားနိုင်မှာ မဟုတ်တော့ဘူး။
သူတို့ရဲ့ အသီးသီးသော အိမ်ထောင်ဖက်တွေကလည်း မိုက်ကယ်နဲ့ တခြားသူတွေကို တော်ဝင်မျိုးနွယ်တွေနဲ့ အညီအမျှ တင့်တယ်လျောက်ပတ်တဲ့ အမူအရာ၊ နှိမ့်ချတဲ့ဟန်ပန်တွေနဲ့ နှုတ်ဆက်ကြတယ်။
မိတ်ဆက်ပြီးတဲ့နောက်မှာ မိုက်ကယ်က မြို့စားကတော် ဘာလို့ရှိမနေရတာလဲဆိုတဲ့ အကြောင်းရင်းကို မေးလိုက်ပါတယ်။
"အားနာပါတယ်ဗျာ၊ မြို့စားကတော် ဘယ်ကြွသွားလို့လဲခင်ဗျာ" သူက ယဉ်ယဉ်ကျေးကျေးလေး မေးလိုက်တာပါ။
"မင်းလည်း သိချင်မှသိမှာပါ၊ တခြားတိုက်ကြီးတွေကနေ ခရီးသွားဧည့်သည်တွေ ရောက်လာမယ့်အကြောင်း မက်ထရိုပိုလစ်ထဲမှာ ကောလာဟလတွေ အများကြီး ထွက်နေတယ်လေ။ အဲဒါကြောင့် မယ်တော်က သူတို့ကို ကြိုဆိုဖို့ ကိုယ်တိုင်ကိုယ်ကျ သွားတာပါ။ အသက်အရွယ်ရနေပြီဖြစ်ပေမဲ့လည်း ကိုယ်တိုင်ပဲ လုပ်မယ်ဆိုပြီး ဇွတ်အတင်း သွားတာလေ ဟားဟား။ ဒါပေမဲ့ မယ်တော့်ရဲ့ အဲဒီလို ကိုယ်တိုင်ကိုယ်ကျ အားစိုက်ထုတ်တတ်တဲ့ စိတ်ဓာတ်ကြောင့်သာ မက်ထရိုပိုလစ်က အခုလို ဧရာမ မြို့ကြီးပြကြီးအဖြစ် တိုးတက်လာရတာပေါ့" လို့ မင်းသား ဟယ်ရီက ပြန်ဖြေတယ်။
သူ့မျက်နှာပေါ်မှာ ရှင်းလင်းလှတဲ့ လေးစားအားကျမှုနဲ့ ဂုဏ်ယူရိပ်တွေ ပေါ်နေခဲ့တာ။ သူက သူ့မယ်တော်ကို ချစ်လည်းချစ်သလို အားလည်းကျအတုယူရသူပါ။
"မင်းနာမည်က မိုက်ကယ် ဟုတ်တယ်မလား" မင်းသမီး အဲလိဇဘက်က မေးလာတယ်။
"မယ်တော်က မင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်ရတဲ့ အကြောင်းရင်းက မင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ စက်မှုလက်ရာတစ်ခုကို ဖန်တီးထားလို့လို့ ကြားတယ်၊ အဲဒါ အမှန်ပဲလား"
"ဟုတ်ပါတယ်ဗျာ။ ကျွန်တော့်ရဲ့ မော်တော်ကားကို မက်ထရိုပိုလစ်ရဲ့ လမ်းမတွေပေါ်မှာ တရားဝင် မောင်းနှင်ခွင့်ရဖို့ မြို့စားကတော်နဲ့ တွေ့ဆုံဖို့ ရှိနေတာပါ"
"အစ်ကိုတော်၊ အဲဒီမော်တော်ကားတွေ ဘယ်လောက်တောင် မြန်မြန်မောင်းနိုင်လဲဆိုတာ အစ်ကိုတော် ကြားဖူးရမှာ" အဲလိဇဘက်က မျက်လုံးလေးတွေ ရွှမ်းရွှမ်းဝေမတတ် ဖြစ်ရင်း ပြောလိုက်တယ်။
"မက်ထရိုပိုလစ်မှာ အမြန်ဆုံးဆိုတဲ့ မြင်းတွေကိုတောင် သာသေးတယ်နော်။ ကျွန်မတို့ရဲ့ တော်ဝင်စီးမြင်းတွေကိုတောင် သာသာယာယာ ကျော်တက်သွားနိုင်မယ်လို့ လောင်းရဲတယ်"
မင်းသမီးက မော်တော်ကားရဲ့ ပရိသတ်တစ်ဦး ဖြစ်နေပြီဆိုတာကို မြင်လိုက်ရတော့ မိုက်ကယ် ဝမ်းသာသွားတယ်။ ဒါဆိုရင် သူ့ရဲ့ ကုန်တင်ကားတွေကို မက်ထရိုပိုလစ်ကို ဖြတ်ပြီး နေ့တိုင်း သွားလာခွင့်ပေးဖို့ သူတို့ကို နားချရတာ ပိုလွယ်ကူသွားတော့မှာပဲ။
"အဲဒါကို ကျွန်တော်လည်း တော်တော်လေး စိတ်ဝင်စားသွားပြီ" မင်းသား ဟယ်ရီက သူ့အစ်မရဲ့ စိတ်လှုပ်ရှားမှုတွေ ကူးစက်လာရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။ "မိုက်ကယ်၊ ဒီမော်တော်ကားကို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ခွင့်ပြုနိုင်မလား"
ဒါပေါ့၊ မိုက်ကယ်က သဘောတူတာပေါ့။ အလားအလာရှိတဲ့ ဖောက်သည်တွေ ပိုများလာတာက ဘယ်အချိန်ဖြစ်ဖြစ် ကောင်းတဲ့အချက်ပဲလေ။
"မော်တော်ကားကို ရဲတိုက်ဆီ ချက်ချင်း ယူလာဖို့ ကျွန်တော့်ရဲ့ စစ်သည်တွေကို လွှတ်လိုက်မယ်" မင်းသား ဟယ်ရီက အိမ်တော်ထိန်းကို စစ်သည်တွေ သွားခေါ်ဖို့ အချက်ပြရင်း ပြောလိုက်တယ်။
"အဲဒီလို လုပ်ဖို့ မလိုပါဘူးဗျာ" မိုက်ကယ်က ကြားဖြတ်တားလိုက်တယ်။ "မင်းသားတို့ လိုချင်ရင် ကျွန်တော် ဒီနေရာကို ချက်ချင်း ယူလာပေးလို့ရတယ်။ ရပ်ထားဖို့ ကျယ်ကျယ်ဝန်းဝန်း ကွင်းပြင်တစ်ခုပဲ လိုတာပါ"
မင်းသားနဲ့ မင်းသမီးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဝေခွဲမရ ဖြစ်သွားကြတယ်။ သူတို့က မော်တော်ကားကို သံသတ္တု သန့်သန့်နဲ့ လုပ်ထားတယ်လို့ပဲ ထင်နေကြတာကိုး။
"မင်း သေချာလို့လား" မင်းသမီးက သူ့ကို မေးတယ်။
"စိတ်မပူပါနဲ့။ မိုက်ကယ်က သူ ဘာလုပ်နေလဲဆိုတာ သူသိပါတယ်" လိုင်လီယာက ပြုံးပြုံးလေး ဝင်ပြောပေးတယ်။
အဲဒါကြောင့်ပဲ မင်းသားနဲ့ မင်းသမီးက မိုက်ကယ်နဲ့ တခြားသူတွေကို ရဲတိုက်ရဲ့ နောက်ဖေးဥယျာဉ်ဆီ ခေါ်သွားကြပါတယ်။
လမ်းတစ်လျှောက်မှာ မိုက်ကယ်က ရဲတိုက်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုခွင့် ရခဲ့တယ်။ သူ သတိထားမိတာက သူတို့မှာ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ နေထိုင်မှုဘဝ အရည်အသွေးပိုင်းမှာတော့ အလယ်ခေတ်အတိုင်းပဲ ရှိနေသေးတာပါ။
သူတို့မှာ ရေချိုးခန်း အိမ်သာဆိုတာ မရှိကြဘူး။ အပေါ်ဆုံးထပ်မှာ ရှိတဲ့ အခန်းငယ်လေး ဒါမှမဟုတ် အကွယ်အကာလေးတစ်ခုကိုပဲ အိမ်သာအဖြစ် သုံးကြတာ။ အဲဒီ အိမ်သာ ဆိုတာကလည်း သူတို့ရဲ့ အညစ်အကြေးတွေကို အပြင်ဘက် မြေပြင်ပေါ်ကို တိုက်ရိုက်ကျသွားစေတဲ့ အပေါက်ငယ်လေးတစ်ခုပဲ ဖြစ်ပြီး အဲဒါကိုကျမှ အချိန်မှန် လာလာသိမ်းရတာမျိုးပေါ့။
'သူတို့ဆီမှာ ရေပိုက်စနစ်လေး သုံးဖို့ လိုနေပြီပဲ' လို့ မိုက်ကယ် စိတ်ထဲက တွေးလိုက်မိတယ်။
မင်းသားက သူတို့ကို မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်လှမ်းထွက်နေတဲ့ မြက်ခင်းပြင်ကြီးနဲ့ တူတဲ့ ပွင့်လင်းဥယျာဉ်ကြီးဆီ ခေါ်ထုတ်လာခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ဝရန်တာ အပြင်ဘက်တည့်တည့်မှာ သစ်သားမြင်းတွေနဲ့ သစ်သားဓားတွေ ပြန့်ကြဲနေတာကို ကြည့်ရခြင်းအားဖြင့် ကလေးတွေ ဆော့ကစားတဲ့ ကွင်းပြင်ကြီးလို့ ထင်ရတဲ့ မြက်ခင်းပြင်အကျယ်ကြီးတစ်ခု ရှိနေပါတယ်။
"ဒါ မင်းတောင်းဆိုတဲ့ ကွင်းပြင်ကျယ်ပဲ" မင်းသားက မိုက်ကယ်အနေနဲ့ စစ်သည်တွေကို ဘာလို့ မော်တော်ကား သွားယူခိုင်းဖို့ မပြောရတာလဲဆိုတာကို ဝေခွဲမရ ဖြစ်နေတုန်းပဲ။
မိုက်ကယ်က မင်းသားကို ကျေးဇူးတင်စကားဆိုပြီး ကွင်းပြင်ကျယ်ဆီ လျှောက်သွားလိုက်တယ်။ သူ မျက်လုံးတွေကို မှိတ်လိုက်တဲ့အခါမှာပဲ ရုတ်တရက် သူ့ခြေဖဝါးအောက်ကနေ ဧရာမ အရိပ်မည်းကြီးတစ်ခု ဖျတ်ခနဲ ထွက်လာပြီး မြက်ခင်းပြင် အလယ်တည့်တည့်မှာ အမိုးခုံးကြီးတစ်ခုကို ဖန်တီးလိုက်ပါတော့တယ်။
ဟယ်ရီနဲ့ အဲလိဇဘက်တို့ လန့်ဖျပ်သွားကြပေမဲ့ ချက်ချင်းပဲ သူတို့ကိုယ်သူတို့ ပြန်ထိန်းလိုက်နိုင်တယ်။ ရဲတိုက်အပေါ်က ပုန်းကွယ်နေတဲ့ အရိပ်တွေကလည်း မိုက်ကယ်ရဲ့ အရိပ်ဆီကနေ ရန်လိုတဲ့ အရိပ်အယောင် မတွေ့ရတော့မှပဲ ပြန်ပြီး ငြိမ်သက်သွားကြတယ်။
တစ်စက္ကန့်အကြာမှာတော့ အရိပ်က သူ့ခြေဖဝါးဆီ ပြန်လည်ဝင်ရောက်သွားပြီး မြက်ခင်းပြင်ပေါ်မှာ တည်ငြိမ်စွာ ရပ်တန့်ထားတဲ့ သံမဏိ မော်တော်ကားကြီးကို ဖော်ထုတ်ပြသလိုက်ပါတယ်။
"အံ့ဩစရာပဲ"
"မှော်စွမ်းအား ပညာရပ်မှာ မင်းရဲ့ ပါရမီကတော့ တကယ့်ကို ကြီးမားလှတာပဲ"
သူတို့က တဟုန်ထိုး ရွေ့လျားခြင်းဆိုတာ ဘယ်သူမဆို ဇွတ်အတင်း ထုတ်သုံးနိုင်တဲ့ မန္တန်မျိုး မဟုတ်မှန်း သိကြတာပေါ့။ အဲဒါကို စတင်သင်ယူနိုင်ဖို့အတွက်တောင် အဆင့် ၄ နယ်ပယ်မှာ ရှိနေဖို့ လိုအပ်တာပါ။ ဒါတင်မကသေးဘဲ အဲဒီမန္တန်ရဲ့ အကန့်အသတ်တွေက အသုံးပြုသူရဲ့ မှော်စွမ်းအင် ပမာဏအပေါ်မှာပဲ မူတည်နေတာ။
ဒါကြောင့် မိုက်ကယ်အနေနဲ့ သူ့ရဲ့ မူလနေရာနဲ့ အလှမ်းဝေးကွာနေတဲ့ ဒီလောက်အထိ လေးလံလှတဲ့ အရာဝတ္ထုကြီးကို တဟုန်ထိုး ရွေ့လျားပစ်နိုင်တယ်ဆိုတာက ဒီကောင်လေးဟာ မှော်စွမ်းအား ပညာရပ်ရဲ့ ပါရမီရှင်တစ်ဦး ဖြစ်နေလို့ပဲပေါ့။
"ကျွန်တော့်သားကို ဆီဘက်စတီယန် အော့ဂင်ဒေါ ကိုယ်တိုင်ကတောင် ချီးကျူးထားတာဗျ" ဘတ်က ရှက်ကိုးရှက်ကန်းနဲ့ ချောင်းဟန့်ရင်း ပြောလိုက်ပေမဲ့ သူ့သားအကြောင်းကိုတော့ ဂုဏ်ယူဝင့်ကြွားစွာ မပြောဘဲ မနေနိုင်ခဲ့ဘူး။
ဟယ်ရီနဲ့ အဲလိဇဘက်တို့က မိုက်ကယ်ကို အဆုံးမရှိ ချီးမွမ်းခန်းဖွင့်ပြီးတဲ့နောက်မှာတော့ ယာဉ်ကြီးဆီကို သူတို့ရဲ့ အာရုံတွေကို လွှဲပြောင်းလိုက်ကြတယ်။
သူတို့က ကစားကွင်းထဲ လွှတ်လိုက်တဲ့ ကလေးတွေလိုမျိုး မော်တော်ကားဆီကို အပြေးအလွှား သွားကြတာပါ။ စက်ပစ္စည်းတစ်ခုလုံးရဲ့ အစိတ်အပိုင်းအားလုံးကို မချီးကျူးဘဲ မနေနိုင်ကြတော့ဘူး။ အထဲက သတ္တုလက်ရာတွေက လူပုတွေရဲ့ လက်ရာကိုတောင် ယှဉ်နိုင်စွမ်း ရှိနေတာကိုး။
"ဒီစက်ပစ္စည်းက တကယ့်ကို အနုစိတ်လွန်းတယ်" မင်းသမီး အဲလိဇဘက်က ချီးကျူးလိုက်တယ်။
ပြီးတော့ ဟယ်ရီက မိုက်ကယ်ဘက် လှည့်လာတယ်။ "အမှန်အတိုင်း ပြောရရင် မိုက်ကယ်၊ ကျွန်တော်တို့က မက်ထရိုပိုလစ် ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတစ်ခုကို မရောင်းချခင် ခွင့်ပြုဖို့ ဒါမှမဟုတ် ငြင်းပယ်ဖို့ ဆုံးဖြတ်ရတဲ့ ကော်မတီရဲ့ အစိတ်အပိုင်းတွေပဲ။ ကျွန်တော်တို့ စစ်ဆေးပြီးတဲ့နောက်မှာ ဒီမော်တော်ကားက ဘေးကင်းတယ်၊ ပြီးတော့ မင်းပြောသလိုမျိုး တကယ်ဖြစ်တယ်လို့ ယူဆရရင် ကျွန်တော်တို့က မင်းဘက်ကနေ မဲပေးမှာပါ"
"ကျွန်မလည်း မယ်တော် ချက်ချင်း ခွင့်ပြုပေးဖို့ နားချပေးမယ်" လို့ မင်းသမီး အဲလိဇဘက်က ထပ်လောင်းပြောတယ်။
မိုက်ကယ်က ခေါင်းညိတ်ပြပြီး ယာဉ်ကို စစ်ဆေးဖို့အတွက် အမူအရာ ပြလိုက်တယ်။ "စိတ်ကြိုက် စစ်ဆေးနိုင်ပါတယ်ဗျာ" လို့ သူက သူတို့ကို ပြောလိုက်တယ်။
မင်းသား ဟယ်ရီက ရှေ့ကို လျှောက်လှမ်းသွားပြီး သူ့လက်ကို မြှောက်လိုက်တယ်။ သူ့လက်ဖဝါးရှေ့မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာပြီး ရုတ်တရက် အလင်းတန်းတစ်ခု ဖြာထွက်လာကာ မော်တော်ကားတစ်ခုလုံးကို အစအဆုံး စကန်ဖတ် စစ်ဆေးလိုက်ပါတော့တယ်။
[မှော်ကျင့်စဉ် ရရှိပါပြီ။] နိုဗာက ပြောလိုက်တယ်။
[ဘေးကင်းမှု စစ်ဆေးခြင်း]
- - ကြယ်လေးပွင့်အဆင့်
- - ဒီမန္တန်က အရာဝတ္ထုတစ်ခုခုဟာ အသုံးပြုသူကို ဖြစ်စေ၊ တခြားလူတွေကို ဖြစ်စေ အန္တရာယ်ပြုဖို့ ရည်ရွယ်ထားခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်
မင်းသား ဟယ်ရီက မော်တော်ကားကို ဆက်ပြီး စကန်ဖတ်နေတုန်းမှာပဲ ချုံပုတ်တွေထဲကနေ အပြေးအလွှား ထွက်လာပြီး မော်တော်ကားဆီ ဦးတည်လာကြတဲ့ ကလေးအချို့ကြောင့် ရုတ်တရက် ကြားဖြတ်နှောင့်ယှက်ခြင်း ခံလိုက်ရတယ်။
"ကြည့်ရတာ မိစ္ဆာကြီးကျနေတာပဲ။ မိုက်တယ်"
"အထဲက ဘာကြီးလဲ။ မီးလုံးတွေလည်း ပါတယ်"
"တံခါးနဲ့ တူတယ်။ ဒါကြီးကို ဖွင့်လို့ရမလား"
"ဟေး။ အကုန်လုံး အထဲဝင်ကြရအောင်"
ကလေးတွေ ရောက်လာတာကြောင့် မင်းသား ဟယ်ရီရဲ့ မှော်မန္တန်က အဟန့်အတား ဖြစ်သွားပြီး သူလုပ်နေတဲ့အလုပ်ကို ရပ်လိုက်ရပါတော့တယ်။
"ကလေးတို့၊ မော်တော်ကားနားကနေ ခဏလောက် ဖယ်ပေးကြပါဦး။ သားတို့သမီးတို့ရဲ့ ခမည်းတော်က အရေးကြီးတဲ့ အလုပ်လုပ်နေတာမို့လို့ပါ" လို့ ဟယ်ရီရဲ့ ဇနီးက ကလေးတွေနောက်ကို အမီလိုက်ရင်း ပြောလိုက်တယ်။ ကံဆိုးတာက ကလေးတွေက သိပ်ကို မြန်ပြီး သိပ်ကို တက်ကြွလွန်းနေတာကြောင့် ဖမ်းလို့ မမိနိုင်ခဲ့ဘူး။
စုစုပေါင်း ကလေးလေးယောက် ရှိတာဖြစ်ပြီး သူတို့ရဲ့ ဆံပင်အနီရောင်တွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ သားသမီးတွေ ဖြစ်ရမယ်လို့ မိုက်ကယ် ခန့်မှန်းလိုက်မိတယ်။
"အိုး၊ ချစ်စရာလေးတွေပဲ" လိုင်လီယာက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်တယ်။
"အဲဒီ သားယောက်ျားလေး နှစ်ယောက်က ကျွန်မရဲ့ ကလေးတွေပါ" လို့ မင်းသမီး အဲလိဇဘက်က ပြောတယ်။
"ပြီးတော့ အဲဒီ သမီးမိန်းကလေး နှစ်ယောက်က ကျွန်တော့်ရဲ့ ကလေးတွေပါ" လို့ မင်းသားက ပြောတယ်။
တော်ဝင်ကလေးငယ်တွေက သူတို့မိဘတွေရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာနဲ့ အလေ့အထတွေကို အမွေမရရှိထားကြဘူး။ တကယ်လို့သာ သူတို့ရဲ့ တော်ဝင်ဝတ်စုံတွေ ဝတ်မထားဘူးဆိုရင် လမ်းမတွေပေါ်မှာ ရုန့်ရုန့်ရင်းရင်း ဆော့ကစားနေတဲ့ တခြားကလေးတွေလိုပဲ ဖြစ်နေမှာပါ။
"အားနာပါတယ်ဗျာ။ စစ်ဆေးမှုကို ခဏ ရွှေ့ဆိုင်းရမယ့်ပုံပဲ" မင်းသား ဟယ်ရီက စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။ "အဲဒီကလေးတွေက သူတို့ ဆော့လို့မဝမချင်း မော်တော်ကားပေါ်ကနေ ဆင်းကြမှာ မဟုတ်ဘူး။ အဲဒါက ညစာစားပြီးမှ ဖြစ်ဖို့ များတယ်"
မိုက်ကယ်က သူတို့ကို မစောင့်ချင်ဘူး၊ ဆိုလိုတာက သူ ကလေးတွေရဲ့ အာရုံကို လွှဲရတော့မှာပဲ။
ပြီးတော့ သူ့ရဲ့ အရင်ကမ္ဘာက ပစ္စည်းတွေကို ခဏလောက် ချေးသုံးလိုက်တာထက် ပိုကောင်းတဲ့ နည်းလမ်း ဘာရှိဦးမှာလဲ။
* * * * * * * *
စာစဉ်(၄၁)