← Chapters

အခန်း ၄၈၃

Vol. 41 Ch. 483

အခန်း ၄၈၃

Vol. 41 Ch. 483

အခန်း(၄၈၃)

မိုက်ကယ်က ကလေးတွေကို ကားစစ်ဆေးတဲ့နေရာမှာ ဝင်မရှုပ်စေချင်တာမို့ သူ့ရဲ့မော်တော်ကားပေါ်ကနေ ဖယ်ရှားဖို့ ကြံရတော့တယ်။ အဲဒီလိုလုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ သူတို့ကို လာဘ်ထိုးဖို့ပဲ။

ဒါပေမဲ့ သဘာဝအတိုင်း ကလေးတွေက တော်တော်လေး ဇီဇာကြောင်ကြတာ။ ရိုးရိုးပစ္စည်းလေးတွေနဲ့တင် သူတို့က စိတ်မဝင်စားကြဘူး။ ဒါကြောင့် သူတို့တစ်ခါမှမမြင်ဖူးသေးတဲ့ ဆန်းဆန်းပြားပြား တစ်ခုခုကို သူ ရှာပေးရမယ်။

သူ့ခေါင်းထဲမှာ ကွက်တိဖြစ်မယ့် ပစ္စည်းတစ်ခု ချက်ချင်း ပေါ်လာတယ်။

ကံကောင်းတာက လုပ်ငန်းစဉ်က တော်တော်လေး လွယ်ကူနေတာပဲ။

ပထမဆုံး သူက ကိုယ့်အရိပ်ထဲကို လက်နှိုက်လိုက်တယ်။ သူ့လက်မောင်းက ရီနေးတားနိုင်ငံတော်ထဲက သူတို့ရဲ့မီးဖိုချောင်ထဲမှာ ချက်ချင်းဆိုသလို ပေါ်သွားပြီး အထဲမှာ အလုပ်လုပ်နေတဲ့ စားဖိုမှူးတချို့ကို လန့်ဖျပ်သွားစေတယ်။

သူက သစ်သားခွက်သေးသေးလေးတစ်ခုကို နှိုက်ယူပြီး စားဖိုမှူးတွေ ပြင်ဆင်နေတဲ့ လိမ္မော်ရည်စပ်နည်းထဲကို နှစ်လိုက်တယ်။ တခြားသောက်စရာမျိုးကို ရွေးချယ်ချင်ပေမဲ့ စားဖိုမှူးတွေက ဒီနေ့အတွက် ဒါပဲ ပြင်ဆင်ထားကြလို့လေ။

ပြီးတော့ နိုဗာရဲ့ ညွှန်ကြားချက်အတိုင်း သကြားနဲ့ တခြားအရည်အချို့လို ပါဝင်ပစ္စည်းတွေကို ထပ်ဖြည့်လိုက်တယ်။

အဲဒီနောက်မှာတော့ သူလုပ်ဖို့ လိုအပ်တဲ့ နောက်ဆုံးအဆင့်တစ်ခုပဲ ကျန်တော့တယ်။ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အားလုံးကို စုစည်းပြီး အဲဒီသောက်စရာထဲကို လွှဲပြောင်းပေးဖို့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုလိုက်တယ်။

ပြီးတော့ သင့်တော်တဲ့ ဖိအားပမာဏကို အသုံးချလိုက်တဲ့အခါ အဲဒီ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေက အရည်အဖြစ် ပြောင်းလဲသွားပြီး လိမ္မော်ရည်ထဲကို ဖြည်းဖြည်းချင်း ပျော်ဝင်သွားပါတော့တယ်။

ရုတ်တရက် ခွက်ရဲ့အောက်ခြေမှာ ပူပေါင်းလေးတွေ စတင်ဖြစ်ပေါ်လာပြီး အပေါ်ကို အလိပ်လိုက်တက်လာကာ လေထုနဲ့ ထိတွေ့တာနဲ့ တဖြောက်ဖြောက် မြည်ပြီး ဆက်တိုက် ပေါက်ကွဲကုန်ကြတယ်။ သူ့ရဲ့အရင်ကမ္ဘာမှာ သူနဲ့ တရင်းတနှီး ရှိခဲ့ဖူးတဲ့ နာမည်ကြီးပြီး အမှတ်သညာဖြစ်တဲ့ အဲဒီအသံလေးကို ဖန်တီးပေးလိုက်တာပေါ့။

အောင်မြင်သွားပြီ။ သူက အမြှုပ်တစီစီထနေတဲ့ အချိုရည်၊ ဒါမှမဟုတ် တခြားသူတွေက ဆိုဒါလို့ ခေါ်တာမျိုးကို လုပ်လိုက်နိုင်ပြီလေ။

ဒီလိုနဲ့ မိုက်ကယ်က လိမ္မော်ဆိုဒါရေရဲ့ အခြေခံဗားရှင်းကို ထုတ်ပြီး ကလေးတွေကို ပြလိုက်တယ်။

....ရှူး....ရှူး....

"အာ... ကောင်းလိုက်တာ" လို့ ကာဗွန်ဓာတ်ငွေ့ပါတဲ့ အချိုရည်က သူ့ပါးစပ်နားမှာ အမြှုပ်ထပြီး မြည်နေတဲ့အသံနဲ့အတူ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။

ချက်ချင်းပဲ ရေထဲမှာ သွေးညှီနံ့ရလိုက်တဲ့ ငါးမန်းတွေလို ကားကလေးလေးယောက်က မျက်လုံးတွေ နီရဲပြီး မိုက်ကယ်ဆီကို ခေါင်းလှည့်ကြည့်လာကြတယ်။

"အဲဒါ ဘာလဲ" အကြီးဆုံးကောင်လေးက မိုက်ကယ်ကို မေးတယ်။

သူတို့မေးလာလိမ့်မယ်လို့ မမျှော်လင့်ထားသလိုမျိုး မိုက်ကယ်က ပခုံးတွန့်ပြလိုက်တယ်။ "ဩော်... ဒါလား။ ဒါက ငါကိုယ်တိုင် လုပ်ထားတဲ့ အချိုရည်အသေးစားလေးတစ်ခုပါ"

ကလေးတွေက ဒီဆန်းပြားတဲ့အချိုရည်ကို ကြည့်ပြီး တံတွေးတွေ သောက်သောက်လဲ မျိုချနေကြတယ်။

"သမီးတို့ တစ်ငုံလောက် သောက်ကြည့်လို့ရမလား" မိန်းကလေးက သူ့ကို မေးတယ်။

မိုက်ကယ်က သူတို့ကိုကြည့်ပြီး ပြီးမှ ခွက်ကို ပြန်ကြည့်တယ်။ အဲဒီနောက် သူတို့ကို တစ်ငုံလောက် တိုက်မလိုလိုနဲ့ ခွက်ကို သူတို့အနားကို တိုးပေးလိုက်တယ်။

ပြီးတော့မှ နောက်ဆုံးအချိန်ကျမှ သူတို့ဆီကနေ ပြန်ရုပ်သိမ်းလိုက်တယ်။

"အာ... ဒါက သိပ်ကောင်းတဲ့အကြံတော့ မဟုတ်ဘူး ထင်တယ်" လို့ သူက သူတို့ကို ပြောလိုက်တယ်။ "ဒီအချိုရည်က မင်းတို့ တစ်ခါမှ သောက်ဖူးတဲ့အရာမျိုး မဟုတ်ဘူး။ ပါးစပ်ထဲမှာ စူးစူးရှရှ ဖြစ်သွားစေတဲ့ ဒီပူပေါင်းလေးတွေ ပါတယ်လေ။ မင်းတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်" လို့ သူက ခပ်တည်တည် ပြောလိုက်ပေမဲ့ လျှို့ဝှက်ချက်အနေနဲ့ သူတို့ကို ပိုမြင်ရအောင် ခွက်ကို အနား တိုးပေးလိုက်သေးတယ်။

သတိထားရမှာက ဒီကလေးတွေက တော်ဝင်သွေးတွေရဲ့ ကောင်လေးတွေ ဖြစ်နေတာ။ သူတို့က တော်တော်လေး အလိုလိုက်ခံထားရပြီး သူတို့ဘဝမှာ လိုချင်တာမှန်သမျှ အကုန်ရကြတာ။ အကယ်၍ သူတို့ တစ်ခုခု လိုချင်ပြီဆိုရင် အိမ်တော်ထိန်းက ကောင်းကင်နဲ့မြေကြီးကို မြေလှန်ပြီးတော့တောင် ရအောင် ရှာပေးကြမှာ။

အခုတော့ သူတို့ မရနိုင်တဲ့အရာတစ်ခုကို လိုချင်မိတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒီအချက်က... သူတို့ကို ပိုပြီးတော့တောင် လိုချင်စိတ် ပြင်းပြသွားစေတယ်။

"ဒါပေမဲ့ မင်းတို့ကို တစ်ငုံလောက်တော့ ပေးမြည်းကြည့်လို့ ရမယ် ထင်ပါတယ်" လို့ သူက သူတို့ကို ပြောလိုက်တယ်။

သူက လိမ္မော်ဆိုဒါကို မိုက်ကယ်ထက် လေးနှစ်လောက် ပိုငယ်တဲ့ အကြီးဆုံးကောင်လေးဆီ ကမ်းပေးလိုက်တယ်။

ကောင်လေးက ခွက်ကိုယူပြီး ဆိုဒါကို တစ်ငုံ သောက်လိုက်တယ်။

သူ့လျှာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပျော်ဝင်သွားတာကို ကြုံတွေ့လိုက်ရပြီး ဆိုဒါရဲ့ အမြှုပ်ထနေတဲ့ ခံစားချက်ကို သိလိုက်ရတာကြောင့် မျက်လုံးတွေ ဝိုင်းစက်သွားပြီး တွန့်ခနဲ ဖြစ်သွားတယ်။

ဒါပေမဲ့ ပထမဆုံး လန့်သွားပြီးတဲ့နောက် အဲဒီ အမြှုပ်ထနေတဲ့ ခံစားချက်ကို သူ မမုန်းဘူးဆိုတာ သိသွားတယ်။ တကယ်တော့ သူ သဘောကျသွားတာ။

သူက ပိုပြီး စပ်စုချင်စိတ် ဖြစ်လာတာမို့ နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်တယ်။

"အာ..." လို့ ကောင်လေးက သူ့ပါးစပ်ကို သုတ်ရင်း ပြောတယ်။ "ဒါက တော်တော်လေးလည်း ထူးဆန်းပြီး အံ့ဩဖို့ကောင်းတာပဲ။ ဒါ ဘာကြီးလဲ"

"အဲဒါကို ဆိုဒါလို့ ခေါ်တယ်" မိုက်ကယ်က ပြန်ဖြေလိုက်တယ်။

တခြားကလေးတွေကလည်း သူတို့ကိုယ်တိုင် စမ်းသောက်ကြည့်ချင်တာမို့ ခွက်ထဲက ဆိုဒါကို မျက်တောင်မခတ် တစိုက်မတ်မတ် ကြည့်နေကြတယ်။

ဒီလိုနဲ့ သူတို့က ဆိုဒါခွက်သေးသေးလေးကို ဝေမျှသောက်ကြပြီး ကိုယ်စီ တစ်ငုံစီ သောက်ကာ ပါးစပ်ထဲက စူးစူးရှရှ ခံစားချက်ကြီးကို စွဲလန်းသွားကြတော့တယ်။ ဒီခံစားချက်အသစ်ကို ကြုံတွေ့ရပြီး သူတို့တွေ တခစ်ခစ်နဲ့ ရယ်မောနေကြတယ်။

မကြာခင်မှာပဲ ခွက်က အလွတ် ဖြစ်သွားတော့တယ်။

ကောင်လေးက မိုက်ကယ်ကိုကြည့်ပြီး ခွက်ကို လှမ်းပေးတယ်။ "ကျွန်တော်တို့ နောက်ထပ် လိုချင်သေးတယ်" လို့ သူက တောင်းဆိုတယ်။

မိုက်ကယ်က ငါးမန်းတွေ အစာဟပ်မိသွားပြီဆိုတာကို သိပြီး စိတ်ထဲကနေ ပြုံးလိုက်မိတယ်။

"ဟင်း... ရနိုင်ပါတယ်။ ဒါပေမဲ့ မင်းတို့ မြင်တဲ့အတိုင်းပဲ၊ ငါက ဒီမော်တော်ကား စစ်ဆေးတဲ့ကိစ္စနဲ့ နည်းနည်း အခက်တွေ့နေလို့။ ဒါ ပြီးသွားမှပဲ နောက်ထပ်တစ်ခွက် ထပ်ရနိုင်မှာ။ မင်းတို့ ရဲတိုက်ထဲမှာ ပြန်စောင့်ပြီး ငါတို့ကို ဒီစစ်ဆေးမှု ပြီးအောင် လုပ်ခွင့်ပေးမလား"

ချက်ချင်းပဲ တော်ဝင်ကလေး လေးယောက်လုံးက မတ်မတ်ရပ်ပြီး မိုက်ကယ်ကို အလေးပြုလိုက်ကြတယ်။

"ဟုတ်ကဲ့ပါ ဆရာကြီး" လို့ သူတို့က အော်ဟစ်ကြတယ်။

ပြီးတော့ စစ်သားတွေလိုပဲ အိမ်တော်ဆီကို ပြန်ချီတက်သွားကြပြီး "ကျွန်တော်တို့ ဆိုဒါ လိုချင်တယ်။ ကျွန်တော်တို့ ဆိုဒါ လိုချင်တယ်" လို့ အော်ဟစ်သွားကြတယ်။

တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ မိဘတွေက ဒါတွေအားလုံးကို ဘေးကနေ စောင့်ကြည့်နေခဲ့ကြတာ။

သူတို့ကလေးတွေက စကားတစ်ခွန်းမှ ထပ်မပြောဘဲ ရဲတိုက်ဆီ ပြန်ချီတက်သွားတာကို မြင်လိုက်ရတဲ့အခါ သူတို့ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ သူတို့ရဲ့ ဆိုးသွမ်းတဲ့ ကလေးတွေက တစ်ခါမှ မမြင်ဖူးတဲ့ စည်းကမ်းနဲ့ ထိန်းချုပ်မှုကို ပြသသွားခဲ့တာကိုး။

"ငါ့ကလေးတွေက တစ်ခါမှ သူတစ်ပါးရဲ့ အမိန့်ကို မနာခံဖူးဘူး။ မြို့စားကတော် ကိုယ်တိုင်ပြောတာကိုတောင် မရဘူး" လို့ မင်းသားဟားဘတ်က မယုံနိုင်လောက်အောင် ပြောတယ်။

"မင်းက မိစ္ဆာတွေကို ယဉ်ပါးအောင် လုပ်လိုက်တာပဲ။ မှော်သားရဲတွေကို ယဉ်ပါးအောင် လုပ်လိုက်တာပဲ" လို့ မင်းသမီးအဲလိဇဘက်က အံ့ဩတကြီး ပြောတယ်။ "မိုက်ကယ်... မင်း သူတို့ကို ဒီလောက်အထိ နာခံအောင် ဘာလုပ်လိုက်လဲဆိုတာ ငါ့ကို ပြောပြပါဦး"

"ဒါက ကျွန်တော်လုပ်ထားတဲ့ အချိုရည်တစ်ခုပါ။ နောက်မှ မင်းသားတို့ကို နမူနာ ပေးပါ့မယ်။ ဒါပေမဲ့ သူတို့ကို ခဏခဏ မတိုက်မိအောင်တော့ သတိထားပါ" လို့ သူက သူတို့ကို ပြောလိုက်တယ်။

"မင်း အဲဒီဆိုဒါကိုလည်း ရောင်းမှာလား။ အကယ်၍ ရောင်းမယ်ဆိုရင် ငါက မင်းရဲ့ ပထမဆုံး ဖောက်သည် ဖြစ်မယ်" လို့ မင်းသားက သူ့အသံထဲမှာ နည်းနည်း မျှော်လင့်ချက်ကြီးစွာနဲ့ ပြောတယ်။

"ငါလည်း တူတူပဲ"

မိုက်ကယ်က ခေါင်းညိတ်ပြပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသွားစေတယ်။

"ကျွန်တော်တို့ နေရာတစ်ခုမှာ အခြေကျသွားတာနဲ့ ဒါကို ရောင်းဖို့ ရှိပါတယ်"

ချက်ချင်းပဲ မင်းသားနဲ့ မင်းသမီးက အိမ်တော်ထိန်းတွေကို လှမ်းခေါ်ပြီး မိုက်ကယ်ရဲ့ ဆိုဒါတွေ ရနိုင်ပြီဆိုတာနဲ့ စတင်ဝယ်ယူဖို့ အကြောင်းကြားလိုက်ကြတယ်။

အိမ်တော်ထိန်းတွေက မိုက်ကယ်ဆီ လျှောက်လာပြီး ဆိုဒါ စည်ပေါင်း နှစ်ဆယ်စာ ရောင်းပေးဖို့ ပြောကြတယ်။ သူတို့က အဲဒါ ဘယ်လောက်တန်လဲဆိုတာကိုတောင် မမေးကြဘူး။ မိုက်ကယ်အနေနဲ့ အဲဒါတွေကို ရွှေလိုမျိုး ဈေးတင်ထားရင်တောင် သူတို့ ဂရုစိုက်မှာမဟုတ်ဘဲ ဝယ်ကြလိမ့်မယ်လို့ ခံစားမိနေတယ်။

'ဟင်း... ငါ ဆိုဒါအရောင်းအဝယ် လုပ်ငန်းတစ်ခု စတင်သင့်တယ် ထင်တယ်' လို့ သူက စဉ်းစားနေမိတယ်။

သူ့ခေါင်းထဲမှာ အတွေးအိုင်ဒီယာမျိုးစုံ ပေါ်လာပေမဲ့ အခုလောလောဆယ်တော့ အဲဒါတွေကို ဘေးဖယ်ထားရမယ်။ သူ့ရဲ့အာရုံက မော်တော်ကားဆီကို ပြန်ရောက်သွားတယ်။ အဆုံးမှာတော့ အကယ်၍ သူ့ရဲ့ကုန်ကားတွေနဲ့ မက်ထရိုပိုလစ်ထဲကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ ခွင့်ပြုချက်မရရင် သူ့ရဲ့ဆိုဒါလုပ်ငန်းကို စတင်နိုင်မှာ မဟုတ်ဘူးလေ။

"အဟမ်း... မော်တော်ကားကိစ္စက ဘယ်လိုလဲ" လို့ သူက သူတို့ကို မေးလိုက်တယ်။

မင်းသားက သူ့ခေါင်းကို သူ ပြန်ရိုက်လိုက်တယ်။ "စိတ်မရှိပါနဲ့ကွာ။ ငါက ငါ့ကလေးတွေနဲ့ ဆိုဒါကိုပဲ အာရုံရောက်သွားလို့ အကုန်လုံးကို လုံးဝ မေ့လုနီးပါး ဖြစ်သွားတယ်။ ငါ စစ်ဆေးမှုကို ချက်ချင်း ပြန်စတင်ပါ့မယ်"

အရင်အတိုင်းပဲ သူ့လက်တွေက မော်တော်ကားတစ်စီးလုံးကို စကင်ဖတ်စစ်ဆေးတဲ့ အလင်းရောင်တစ်ခု ထွက်ပေါ်လာတယ်။ ဒီတစ်ကြိမ်မှာတော့ ပြီးပြည့်စုံသွားခဲ့ပြီ။

အလင်းရောင်က မင်းသားဟားဘတ်ရဲ့ လက်ထဲမှာ ပျောက်ကွယ်သွားတယ်။ မော်တော်ကားက ဘေးကင်းပြီး အထဲမှာ ဘယ်လို ထိခိုက်စေမယ့် ယန္တရားမျိုးမှ ပုန်းကွယ်မနေဘူးလို့ မှော်စွမ်းအင်ကိုယ်တိုင်က ဆုံးဖြတ်ပေးလိုက်တာကြောင့် သူက ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြတယ်။

"ဒါက ဘေးကင်းပါတယ်" လို့ မင်းသားဟားဘတ်က ကြေညာလိုက်တယ်။

"အခု ငါ့အလှည့်လား" မင်းသမီးအဲလိဇဘက်က မေးတယ်။ "ငါကိုယ်တိုင် မော်တော်ကားရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ချင်တယ်"

မိုက်ကယ်က သဘောတူပြီး သူမကို မောင်းနှင်ပုံ ညွှန်ကြားချက်တွေကို ပြောပြလိုက်တယ်။

"ဒါက ဘရိတ်ပေါ့၊ အဲဒါက လီဗာ၊ ပြီးတော့ ဒီစတီယာရင်ဘီးနဲ့ ငါက ထိန်းချုပ်ရမှာပေါ့။ ရပြီ" လို့ သူမက မောင်းနှင်တဲ့ ခုံပေါ်တက်ရင်း ပြောတယ်။

မိုက်ကယ်က သူမကို သတိထားဖို့ ပြောတော့မယ့်အချိန်မှာပဲ မော်တော်ကားက အဝေးဆီကို ရုတ်တရက် မောင်းထွက်သွားပြီး မင်းသားဟားဘတ်ကိုလည်း အရှိန်အဟုန်ပြင်းလွန်းတာကြောင့် မှင်တက်သွားစေတော့တယ်။

* * * * * * * *

စာစဉ်(၄၁)

All Chapters