← Chapters

အခန်း ၄၈၆

Vol. 41 Ch. 486

အခန်း ၄၈၆

Vol. 41 Ch. 486

အခန်း(၄၈၆)

သူတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဘဲ ဖြစ်နေကြတယ်။ မိုက်ကယ်က ဘာဒဏ်ရာမှမရဘဲ အကောင်းပကတိအတိုင်း ရှိနေချိန်မှာ ပိုင်သွန်ရဲ့ လက်နက်ကတော့ တစ်စစီ ကြေမွပျက်စီးသွားခဲ့ပြီ။

"ဘာဖြစ်သွားတာလဲ" ဦးရီးတော်ဂျက်က စိတ်မရှည်သလိုနဲ့ အော်ဟစ်ညည်းတွားလိုက်တယ်။ "မင်းက ဘာလို့ အစုတ်အပြတ် လက်နက်ကြီး ယူလာရတာလဲ"

ပိုင်သွန်က သူ့ရဲ့ နံချပ်ကူထိပ်ပိုင်းတွေကို ကြည့်ပြီး မျက်နှာတစ်ခုလုံး ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ သူ့လက်နက်က အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့မှန်း သူကိုယ်တိုင် အသိဆုံးပဲ။ ဒါပေမဲ့လည်း အခုတော့ အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ပြီ။

သူ သေသေချာချာ မြင်လိုက်ရတာ။ နံချပ်ကူက မိုက်ကယ်ဆီ မထိမှီလေးတင်ပဲ မမြင်ရတဲ့ စွမ်းအားတစ်ခုက သူ့ရဲ့ အရှိန်အဟုန်ကို တားဆီးလိုက်ပြီး တိုက်ခိုက်မှုကို အကြွင်းမဲ့ နောက်ပြန်ကန်ထွက်သွားစေတာ။

ဒါတင်မကသေးဘူး။ အဲဒီမမြင်ရတဲ့ အကာအကွယ်ဒြပ်စင်နဲ့ ထိမိရုံတင်ပဲ သူ့နံချပ်ကူရဲ့ အရည်အသွေးကို တစ်စစ ယိုယွင်းသွားစေပြီး နောက်ဆုံးမှာတော့ အပိုင်းအစပေါင်း သန်းချီဖြစ်ပြီး ကြေမွသွားခဲ့တာပေါ့။

ပိုင်သွန်က မိုက်ကယ်ကို အရင်ကထက် ပိုပြီး သတိကြီးကြီးထားပြီး ကြည့်လိုက်တယ်။ ဒီကောင်လေးက အနုစာကျွေးရမယ့် ပစ်မှတ်အလွယ်လေးလို့ သူ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့ကို ကာကွယ်ပေးထားတဲ့ အလွန်နက်နဲပြီး အစွမ်းထက်တဲ့ အကာအကွယ်စနစ်ကြီး ရှိနေတာပဲ။ မိုက်ကယ်တစ်ယောက် ဒီစိန်ခေါ်တိုက်ခိုက်ပွဲကို ယုံကြည်မှုအပြည့်နဲ့ လက်ခံခဲ့တာ မဆန်းတော့ဘူးပေါ့။

အနီးကပ် တိုက်ခိုက်တာက အလုပ်မဖြစ်မှန်း သိလိုက်ရတဲ့အတွက် ပိုင်သွန်က နောက်ဆုတ်လိုက်ပြီး မိုက်ကယ်နဲ့ အကွာအဝေးတစ်ခု ခြားလိုက်တယ်။

"ရတယ်၊ အဆင်ပြေတယ်။ မင်းရဲ့ လုပ်ကြံသတ်ဖြတ်သူ စွမ်းရည်ကို သုံး။ သူ့ကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်" ဦးရီးတော်ဂျက်က အခြေအနေကို အကောင်းမြင်နေတုန်းပဲမို့ လှမ်းအော်လိုက်တယ်။

ပိုင်သွန်က နောက်ဆုတ်နေရာကနေ ရပ်လိုက်ပြီး မိုက်ကယ်ကို ဗဟိုပြုလို့ အဝိုင်းလိုက် ပတ်ပြေးပါတော့တယ်။

မကြာခင်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်က ဝေဝါးလာပြီး ပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်သွားတယ်။ သိပ်မကြာလိုက်ပါဘူး၊ သူက လုံးဝ ပျောက်ကွယ်သွားပြီး အနီးအနားက မြင်ကွင်းတွေနဲ့ ရောနှောသွားခဲ့ပြီ။

"ဟားဟားဟား၊ အခု သူ့ကို ဖမ်းမိမလား ကြည့်ကြသေးတာပေါ့" ဦးရီးတော်ဂျက်က လှောင်ပြောင်လိုက်တယ်။ "သူ့ရဲ့ စွမ်းရည်က အဝေးကနေ အလွန်အစွမ်းထက်တဲ့ မှော်အတတ်တွေကို ပစ်ခတ်နိုင်တာ ကွ။ ဘယ်ကနေ ပစ်လိုက်မှန်းတောင် မင်း သိမှာမဟုတ်ဘူး"

မိုက်ကယ်ကတော့ နေရာကနေ မရွေ့ဘဲ ငြိမ်ငြိမ်လေး ဆက်ရပ်နေတုန်းပဲ။ နောက်ဆုံးမှာတော့ သူက သူ့ရှေ့က လေထုကို လှမ်းပြီး ဆုပ်ကိုင်လိုက်ပါတယ်။

"အ….."

မြက်ခင်းပြင်ဆီကနေ ညည်းတွားသံတစ်ချက် ဟိန်းထွက်လာတယ်။ တစ်စက္ကန့်အကြာမှာတော့ ပိုင်သွန်ရဲ့ ကိုယ်ဖျောက်မန္တန်က ပျယ်ပြယ်သွားပြီး မိုက်ကယ်ရဲ့ နောက်ကျောတည့်တည့်မှာ ရှိနေတာကို ပေါ်လာစေတော့တယ်။

ဒါတင်မကသေးဘူး၊ သူ့လက်ထဲမှာ ဓားမြှောင်တစ်လက် ရှိနေပြီး မိုက်ကယ်ရဲ့ နောက်ကျောကို ထိုးစိုက်ဖို့ တစ်စက္ကန့်ပဲ လိုတော့တဲ့ အနေအထားပေါ့။

ကြည့်ရတာ ဦးရီးတော်ဂျက်က ပိုင်သွန် ဘယ်လိုတိုက်ခိုက်မလဲဆိုတာကို မိုက်ကယ် မျက်စိလည်သွားအောင် လိမ်ညာပြောဆိုခဲ့တာပဲ။ ဒါပေမဲ့လည်း မိုက်ကယ်က အမှန်တရားကို တစ်နည်းနည်းနဲ့ သိရှိသွားခဲ့ပြန်တယ်။

"ဘာလဲ၊ သူက ဒါကို ဘယ်လို မြင်သွားတာလဲ"

ပိုင်သွန်ရဲ့ ကိုယ်ဖျောက်အတတ်က ထိပ်တန်းအဆင့် ဖြစ်ရမှာလေ။ အဲဒါက ကြယ်အဆင့်ခြောက်ဆင့်ရှိတဲ့ မန္တန်တစ်ခု ဖြစ်တာကြောင့် ဝါရင့်မှော်ဆရာတွေတောင် ပိုင်သွန် သူတို့နောက်ကျောကို ဓားနဲ့မထိုးခင်အထိ ရှာဖွေဖို့ ခက်ခဲလိမ့်မယ်။

ဒီအတတ်က အရင်က အကြိမ်ကြိမ် အောင်မြင်ခဲ့ဖူးသလို မိုက်ကယ်ထက် အစွမ်းထက်တဲ့ လူတွေအပေါ်မှာတောင် အလုပ်ဖြစ်ခဲ့တာ။

သူ ဘယ်လိုသိသွားလဲဆိုတာ စဉ်းစားလို့မရအောင်ပါပဲ။

ဒါပေမဲ့ ပိုပြီး အံ့ဩဖို့ကောင်းတာက မိုက်ကယ်က ပိုင်သွန်ကို လက်နဲ့တောင် မထိထားတာပဲ။ သူက လေထုကိုပဲ လှမ်းဆုပ်ကိုင်လိုက်တာ၊ ဒါပေမဲ့ အဲဒီဆုပ်ကိုင်လိုက်တဲ့ စွမ်းအားက သူ့နောက်မှာရှိတဲ့ ပိုင်သွန်ဆီကို ဘယ်လိုနည်းနဲ့မဆို ရောက်ရှိသွားခဲ့တယ်။

"ကိုယ်ပျောက်မှော်အတတ်ကလည်း မှော်အတတ်တစ်ခုပါပဲ" မိုက်ကယ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။ "အမှောင်ထဲမှာ ပုန်းဖို့ လက်နှိပ်ဓာတ်မီး သုံးနေသလိုမျိုးပေါ့"

သူ့ရဲ့ အဆင့်မြင့်စွမ်းရည်နဲ့ဆိုရင် ဘယ်လိုမှော်အတတ်မျိုးကမှ သူ့မျက်လုံးကို မဖုံးကွယ်နိုင်ပါဘူး။ ပိုင်သွန်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အလင်းမှော်စွမ်းအင်ကို အလွယ်တကူ မြင်နေရတာမို့ အစကတည်းက သူ့ရဲ့ ကိုယ်ပျောက်အတတ်ကို ဖောက်ထွင်းမြင်နေခဲ့တာ။

ပြီးတော့ ပိုင်သွန်ရဲ့ ခန္ဓာကိုယ်က ကိုယ်ပျောက်မှော်အတတ်တွေနဲ့ ဖုံးလွှမ်းနေတာမို့ မိုက်ကယ်အတွက် အဲဒီမှော်တွေကို ထိန်းချုပ်ဖို့ ခရီးမရောက်လိုက်ဘဲ ပိုင်သွန်ရဲ့ ကိုယ်ပိုင်မှော်စွမ်းအင်နဲ့တင် ပိုင်သွန်ရဲ့လည်ပင်းကို ပြန်ညှစ်ထားလိုက်တာပေါ့။

ပိုင်သွန်က ရုန်းထွက်ဖို့ အသည်းအသန် ကြိုးစားနေတယ်။ သူက လွတ်မြောက်ဖို့ မှော်စွမ်းအင်ကို သုံးဖို့ ကြိုးစားပေမဲ့ ဒါက မိုက်ကယ်ရဲ့ ဆုပ်ကိုင်မှုကို ပိုပြီးတော့သာ တင်းကျပ်သွားစေတယ်။

နောက်ဆုံးတော့ ဦးရီးတော်ဂျက်လည်း သည်းမခံနိုင်တော့ဘဲ ကိစ္စကို သူ့လက်ထဲ သူလွှဲပြောင်းလိုက်ပါတော့တယ်။

သူက တစ်ခါ ထပ်ပြီး လေချွန်လိုက်ပြန်ရာ သိပ်မကြာခင်မှာပဲ သူ့ဘေးမှာ နောက်ထပ် အစောင့်လေးယောက် ပေါ်လာတယ်။ သူက မိုက်ကယ်ကို လက်ညှိုးထိုးပြလိုက်တာနဲ့ အဲဒီအစောင့်တွေက ကိုက်မယ့်ခွေးတွေလို မိုက်ကယ်ဆီကို ချက်ချင်း ပြေးဝင်သွားကြတော့တယ်။

"ဒါက မတရားဘူးလေ" မင်းသားဟယ်ရီက မကျေမနပ် ရေရွတ်လိုက်တယ်။

"ဒါက တရားဝင် စိန်ခေါ်ပွဲမှ မဟုတ်တာ၊ ငါ့တူလေးရဲ့။ မိုက်ကယ်က ငါလိုလူမျိုးနဲ့ ယှဉ်ပြိုင်နိုင်လောက်အောင် သန်မာရဲ့လားဆိုတာ သေချာအောင် စမ်းသပ်ရုံသက်သက်ပဲ။ ဒါကြောင့် သူ့ကို တိုက်ခိုက်ဖို့ လူတွေအများကြီး ထပ်လွှတ်တာက လုံးဝ ဥပဒေနဲ့ ညီညွတ်ပါတယ်၊ ဟားဟားဟားဟား"

အဲလိဇဘက်က သွားကို ကြိတ်လိုက်ပြီး စိတ်လိုက်မာန်ပါနဲ့ ကားဆီကို ဦးတည်သွားတယ်။ သူမက အဲဒီအစောင့်တွေကို ကားနဲ့တိုက်သတ်ပစ်ချင်နေတာ။ ပိုင်သွန်မှာ ကူညီမယ့်သူ ရှိနိုင်ရင် မိုက်ကယ်မှာလည်း ရှိရမှာပေါ့။

ဒါပေမဲ့ သူမ မလှုပ်ရှားခင်မှာပဲ မိုက်ကယ်က လက်မြှောက်ပြပြီး သူမကို ရပ်ဖို့ အချက်ပြလိုက်တယ်။ သူက အကူအညီ မလိုပါဘူး။

နောက်ထပ် အစောင့်လေးယောက်က အရပ်မျက်နှာအနှံ့ကနေ သူတို့ရဲ့ နံချပ်ကူတွေနဲ့ သူ့ဆီ ပြေးဝင်လာတာကို မြင်တော့ သူက လေထဲကို ခုန်တက်လိုက်ပြီး တိုက်ခိုက်မှုတွေကို ရှောင်တိမ်းလိုက်တယ်။

ပိုင်သွန်လည်း နောက်ဆုံးတော့ သူ့ရဲ့ ဆုပ်ကိုင်မှုကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရသွားခဲ့ပြီ။ သူက ပြန်ပြီး အသက်ရှူလို့ရသွားတာမို့ တဟွတ်ဟွတ်နဲ့ ချောင်းဆိုးနေတော့တယ်။

"လာလေ။ မင်းတို့ ငါးယောက်လုံး တစ်ပြိုင်တည်းလာခဲ့" မိုက်ကယ်က အပေါ်စီးကနေ သူတို့ကို စိန်ခေါ်လိုက်တယ်။

ဒီလို ဗြောင်ကျကျ အထင်သေးတာကို မြင်တော့ ပိုင်သွန်နဲ့ တခြားအစောင့်တွေက ပူးပေါင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြတယ်။ သူတို့က တစ်တန်းတည်း ရွေ့လျားပြီး မြက်ခင်းပြင်ထဲမှာ မြွေတစ်ကောင်ရဲ့ ခန္ဓာကိုယ်လို တွားသွားရွေ့လျားလာကြတယ်။ သူတို့ရဲ့ နံချပ်ကူတွေကလည်း မြွေဟောက်မြွေမြီးခြောက်ရဲ့ အသံလိုမျိုး တဖျတ်ဖျတ်နဲ့ မြည်ဟည်းနေခဲ့တယ်။

သူတို့ရဲ့ ခြေဖဝါးအောက်မှာ ဧရာမ မှော်စက်ဝိုင်းကြီးတစ်ခု ပေါ်လာတယ်။ ပြီးတော့ သိပ်မကြာခင်မှာပဲ ပါးစပ်ကြီး အကျယ်ကြီး ဖြဲထားတဲ့ မြွေကြီးတစ်ကောင်ရဲ့ ပုံရိပ်က သူတို့ရဲ့ အတန်းလိုက် လူစုဖွဲ့မှုအပေါ် ထပ်တူကျလို့ ပေါ်လာပါတော့တယ်။

ဧရာမမြွေကြီးက တွန်မြည်လိုက်ပြီးနောက် အစောင့်ငါးယောက်လုံးရဲ့ ပူးပေါင်းအားထုတ်မှုကြောင့် မြွေရဲ့အစွယ်ထိပ်တွေမှာ အဆိပ်လုံးကြီးတစ်ခု စုစည်းပေါ်ပေါက်လာခဲ့ပြီ။

သူတို့က လေထဲမှာ ပျံဝဲနေတဲ့ မိုက်ကယ်ကို ပစ်မှတ်ထားပြီး အဲဒီအဆိပ်လုံးကြီးကို သူ့ဆီ ပစ်လွှတ်လိုက်ကြတယ်။

ဒါက ထိမိသမျှ အရာအားလုံးနီးပါးကို ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းထက်လှတဲ့ ကြယ်ခုနစ်ဆင့်ရှိတဲ့ မန္တန်တစ်ခုပဲ။

ဒီအဆိပ်တွေ သူ့ဆီ ရောက်လာတာကို မြင်တော့ မိုက်ကယ်က လက်ကို မြှောက်ပြီး လေထုကို ဆုပ်ကိုင်လိုက်ပြန်တယ်။

ရုတ်တရက်ဆိုသလို အဆိပ်လုံးကြီးက လမ်းခုလတ်မှာတင် ရပ်တန့်သွားခဲ့ပြီ။

ပိုင်သွန်နဲ့ တခြားအစောင့်တွေက အဲဒီဧရာမအဆိပ်လုံးကြီးနဲ့ သူတို့ကြားက ဆက်သွယ်မှု ဖြတ်တောက်သွားသလို ခံစားလိုက်ရတယ်၊ ကတ်ကြေးနဲ့ ကြိုးကို ဖြတ်လိုက်သလိုမျိုးပေါ့။

သူတို့ မော့ကြည့်လိုက်တော့ သူတို့ဖန်တီးထားတဲ့ ခုနစ်ဆင့်ရှိတဲ့ မန္တန်ကြီးက အခုတော့ လမ်းကြောင်းပြောင်း ပြောင်းပြန်လှည့်ပြီး သူတို့ရှိရာဆီကိုပဲ ဝုန်းခနဲ ပြန်ကျလာနေတာကို မြင်လိုက်ရတော့တယ်။

"သူက မန္တန်ကို ပြန်ပြီး ထိန်းချုပ်လိုက်တာလား" မင်းသားဟယ်ရီက မယုံနိုင်ဘဲ အော်ဟစ်လိုက်တယ်။

သူ ဘယ်လောက်ပဲ သံသယဝင်ဝင်၊ အဆိပ်လုံးကြီးကတော့ အစောင့်ငါးယောက်ဆီကို အရင်ကထက် ပိုမြန်တဲ့ အရှိန်အဟုန်နဲ့ ပြေးဝင်သွားခဲ့ပြီ။

လူစုခွဲဖို့ ဖိအားပေးခံလိုက်ရတာမို့ သူတို့ရဲ့ မှော်စက်ဝိုင်းကြီး ပျက်စီးသွားပြီး ဧရာမမြွေကြီးရဲ့ ပုံရိပ်လည်း ပျောက်ကွယ်သွားခဲ့တယ်။

အဆိပ်လုံးကြီးက သူတို့ရှိရာဆီကို ဖုံးလွှမ်း သွားတော့တယ်။ သူတို့က အဆိပ်အများစုကို ရှောင်တိမ်းနိုင်လောက်အောင် မြန်ဆန်ခဲ့ပေမဲ့ လုံးဝဥဿုံ ရှောင်ကွင်းဖို့တော့ မတတ်နိုင်ခဲ့ကြဘူး။

သူတို့ရဲ့ အနက်ရောင် ယူနီဖောင်းတွေနဲ့ ရင်ဘတ်အကာအကွယ်တချို့က အရည်ပျော်သွားပြီး နောက်ဆုံးမှာတော့ အဆိပ်က သူတို့ရဲ့ အရေပြားနဲ့ ကြွက်သားတွေအထိ တိုက်စားပျက်စီးသွားစေခဲ့တယ်။

ပြီးတော့ သူတို့ ပြန်လည်နာလန်ထူဖို့ ကြိုးစားရုံရှိသေး၊ မိုက်ကယ်ကို မော့ကြည့်လိုက်ကြပြန်တယ်။

သူတို့ လုံးဝ မယုံနိုင်စရာ ကောင်းတဲ့ ပုံမှန်ထက် လုံးဝ ထူးခြားဆန်းပြားနေတဲ့ အရာတစ်ခုကို မြင်လိုက်ရတာ။

မိုက်ကယ်ရဲ့ ရှေ့မှာ ရေလုံးကြီးတစ်ခု ပေါ်လာတယ်။ ပြီးတော့ အဲဒီဘေးမှာပဲ မီးလုံးကြီးတစ်ခု ကပ်ပြီး ပေါ်လာပြန်တယ်။ အဲဒီနောက်မှာတော့ မြေတံတိုင်း၊ ပြီးတော့ လေဆင်နှာမောင်း။

လူတိုင်းက သူတို့ မြင်နေရတဲ့အရာကို သဘောပေါက်သွားတဲ့အခါ မျက်လုံးတွေ ပြူးကျယ်ကုန်ကြတော့တယ်။ ဦးရီးတော်ဂျက်တောင် သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး အသက်ရှူရပ်မတတ် မှင်တက်သွားခဲ့ရတယ်။

မိုက်ကယ်က ဒြပ်စင်လေးခုလုံးကို တစ်ပြိုင်တည်း ထိန်းချုပ်နေတာ။

အမှန်တရားက ရုတ်တရက် သူတို့ခေါင်းထဲကို ဒိန်းခနဲ ဝင်လာခဲ့ပြီ။

မိုက်ကယ်က မက်ထရိုပိုလစ်တစ်ခုလုံးမှာ ကောလာဟလတွေ ပျံ့နှံ့နေတဲ့ လျှို့ဝှက်မှော်အတတ်ရဲ့ ပါရမီရှင်ကြီး ဖြစ်နေတာပဲ။

ဒါပေမဲ့ ဒါက မိုက်ကယ်ရဲ့ စွမ်းအားပြသမှုရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး။

သူက ပထမဆုံး ဒြပ်စင်လေးခုအပြင် နောက်ထပ် ဒီလုံးတစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်တယ်။ ဒီတစ်ခါတော့ အဲဒါက အစောင့်တွေ ဖန်တီးခဲ့တဲ့ အဆိပ်တွေနဲ့ပဲ ပြုလုပ်ထားတာ။

အဲဒီနောက်မှာတော့ သူက လျှပ်စီးလုံးတစ်ခုကို ထပ်မံ ဖန်တီးလိုက်တယ်၊ အဲဒါက ပလာစမာတွေနဲ့ ဖွဲ့စည်းထားပြီး နေမင်းကြီးရဲ့ ပုံသဏ္ဌာန်အတိုင်းပဲ။

နောက်ထပ် နှစ်ခု ထပ်မံ ထွက်ပေါ်လာပြန်တယ်။ တစ်ခုက စင်ကြယ်တဲ့ အလင်းစွမ်းအင်နဲ့ ပြုလုပ်ထားပြီး တခြားတစ်ခုကတော့ စင်ကြယ်တဲ့ အမှောင်ထုစွမ်းအင်နဲ့။

ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ ထိတ်လန့်တုန်လှုပ်မှုကို ဘယ်လိုမှ ဖော်ပြလို့ မရနိုင်တော့ပါဘူး။

မိုက်ကယ်က ဒြပ်စင် ရှစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ။

* * * * * * * *

စာစဉ်(၄၁)

All Chapters