← Chapters

အခန်း ၄၈၇

Vol. 41 Ch. 487

အခန်း ၄၈၇

Vol. 41 Ch. 487

အခန်း(၄၈၇)

လုပ်ကြံရေးသမား အစောင့်ငါးယောက်ဟာ မိုက်ကယ့်ပတ်ပတ်လည် လေထဲမှာ လည်ပတ်နေတဲ့ ဒြပ်စင်လုံး ရှစ်လုံးကို စိုက်ကြည့်နေကြတယ်။ ပိုပြီး အင်အားကြီးတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့အခါမျိုးအတွက် လေ့ကျင့်မှုတွေ၊ ပြင်ဆင်မှုတွေ ဘယ်လောက်ပဲ လုပ်ခဲ့ဖူးပါစေဦးတော့၊ သူတို့ ပစ်မှတ်ထားတဲ့သူက သာမန်အသိတရားတွေကို ဆန့်ကျင်ပြီး တစ်သက်မှာတစ်ခါ မြင်ရခဲတဲ့ ပါရမီမျိုး ရှိနေလိမ့်မယ်လို့တော့ သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိဘူး။

ဘေးကင်းရာ ခိုလှုံဖို့ သူတို့ရဲ့ လေ့ကျင့်သားရထားတဲ့ စိတ်က သတိပေးနေပေမဲ့ ခြေထောက်တွေကတော့ မြေပြင်မှာ ကျောက်ချထားသလို တောင့်တောင့်ကြီး ဖြစ်နေခဲ့တယ်။ ကြောက်စိတ်က သူတို့ရဲ့ နှလုံးသားတွေကို ရစ်ပတ်ဆုပ်ကိုင်ထားပြီး မလှုပ်ရှားနိုင်အောင် တားဆီးထားတာပါ။ ပြီးတော့ သူတို့ စိတ်ထဲမှာလည်း ဘယ်လောက်ပဲ ပြေးဖို့ ကြိုးစားပါစေဦးတော့၊ အဲဒီ ဒြပ်စင်လုံးတွေက သူတို့ကို မှန်အောင် ထိမှန်သွားမှာပဲဆိုတာ ကောင်းကောင်းကြီး သိနေကြတယ်။

မိုက်ကယ်က လက်ကိုမြှောက်ပြီး အောက်ဘက်ကို ညွှန်ပြလိုက်တယ်။

ဒြပ်စင်လုံး ရှစ်လုံးဟာ သဟဇာတသေနတ် ထက်ပဲ အရှိန်အနည်းငယ် လျော့မယ့် မြန်နှုန်းမျိုးနဲ့ အစောင့်တွေဆီ တစ်လုံးပြီးတစ်လုံး ဒိုင်းခနဲ ပြေးဝင်သွားတော့တာပဲ။

အစောင့်ငါးယောက် ရပ်နေတဲ့နေရာဆီကနေ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံ ရှစ်ချက် ဟိန်းထွက်လာတယ်။ ဒြပ်စင်လုံးတစ်လုံး ကျရောက်သွားတိုင်း အရင်ပေါက်ကွဲမှုထက် ပိုပြီး ဧရာမကြီးမားတဲ့ ပေါက်ကွဲမှုကြီးကို ဖန်တီးသွားခဲ့တယ်။

အရှိန်ပြင်းလှတဲ့ ပေါက်ကွဲမှုကြောင့် ပြင်းထန်တဲ့ လေမုန်တိုင်းတွေ အရူးအမူး တိုက်ခတ်လာတယ်။ ဟယ်ရီနဲ့ အယ်လီဇာဘက်တို့ဆိုရင် ဒီလေပြင်းဒဏ်တစ်ခုတည်းနဲ့တင် မြေပြင်ပေါ်မှာ ခြေကုပ်မြဲအောင် မနည်းရပ်နေရတဲ့ အခြေအနေပဲ။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ပေါက်ကွဲမှုကြီး ငြိမ်သက်သွားပြီး ကောင်းကင်ယံကနေ မြေစာခဲတွေနဲ့ ကျောက်ခဲအကျိုးအပဲ့တွေ မိုးရွာသလို ဝေါခနဲ ကျဆင်းလာခဲ့တယ်။

လုပ်ကြံရေးသမား အစောင့်ငါးယောက်ကတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာကနေ ကိုက်အနည်းငယ် အကွာမှာ သတိလစ်ပြီး အသက်ငင်နေတဲ့ ပုံစံမျိုးနဲ့ လဲလျောင်းနေကြရှာတယ်။ သူတို့ရဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ အနက်ရောင် ဝတ်စုံတွေဟာ အစအနတောင် မကျန်အောင် လောင်ကျွမ်းသွားခဲ့ပြီး ခန္ဓာကိုယ်ရဲ့ မလုံမလဲဖြစ်မယ့် နေရာလေးတွေကို ဖုံးကွယ်ဖို့လောက်ပဲ အဝတ်စုတ်ကလေးတွေ ကပ်ကျန်နေတော့တယ်။

အရာအားလုံး ငြိမ်သက်သွားပြီး စက္ကန့်အနည်းငယ်အထိ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေတုန်းပဲ။ ဦးရီးတော်ဂျက်က သူ့ရဲ့ ဒေါသတရားတွေကို လောကကြီးထဲ အော်ဟစ်ပေါက်ကွဲလိုက်တဲ့ အခါကျမှပဲ လူတိုင်းလည်း ကမ္ဘာဦးအစက ပြန်နိုးထလာသလို သတိပြန်ဝင်လာကြတော့တယ်။

"မဟုတ်ဘူး.... မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်တာ" ဦးရီးတော်ဂျက်က ဒေါသတလိပ်လိပ်နဲ့ သူ့ဆံပင်တွေကိုသူ ဆွဲနှုတ်မတတ် သောင်းကျန်းနေတော့တယ် "မင်း.... မင်းက ဒြပ်စင်ရှစ်မျိုးလုံးကို တတ်ကျွမ်းနေရတယ်လို့လား။ ဒါ ဘယ်လိုမှ မဖြစ်နိုင်တာကြီးပဲ"

တစ်ဖက်မှာလည်း ဟယ်ရီ၊ အယ်လီဇာဘက်၊ မက်စ်နဲ့ မိုက်ကယ့်ရဲ့ ပါရမီအကြောင်း မသိထားကြတဲ့ တခြားသူတွေလည်း ဆွံ့အမှင်တက်နေကြတယ်။ ရိုးရိုးသားသား ပြောရရင်တော့ သူတို့လည်း မိုက်ကယ့်ရဲ့ မှော်စွမ်းရည်အပေါ် ဦးရီးတော်ဂျက် ဇဝေဇဝါဖြစ်ပြီး မယုံနိုင် ဖြစ်နေတာကို ကောင်းကောင်းကြီး နားလည်ပေးနိုင်ကြပါတယ်။

ကမ္ဘာ့သမိုင်းတစ်လျှောက် မှတ်တမ်းတင်ထားသမျှမှာတောင် ဒြပ်စင်ရှစ်မျိုးလုံးကို တတ်ကျွမ်းတဲ့သူရယ်လို့ တစ်ယောက်မှ မရှိခဲ့ဖူးဘူးလေ။ ဒြပ်စင်သုံးမျိုး၊ ဒါမှမဟုတ် လေးမျိုးလောက်အထိ တတ်ကျွမ်းတဲ့သူတွေပဲ ရှိခဲ့ဖူးတာပါ။ ရှစ်မျိုးလုံးဆိုတာကတော့ တစ်ခါမှ မကြားဖူးပါဘူး။

ဒြပ်စင်ရှစ်မျိုးလုံး ရှိခဲ့ဖူးတယ်လို့ ကောလာဟလ ထွက်ခဲ့ဖူးတဲ့ တစ်ဦးတည်းသောသူတွေကတော့ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ဖန်တီးခဲ့ကြတဲ့ ရှေးဟောင်းလူသားတွေပဲ ရှိတာပါ။

မိုက်ကယ်ဟာ မက်ထရိုပိုလစ်မှာ နာမည်ကြီးနေတဲ့ ပါရမီရှင်ကောင်လေးဆိုတာ သိလိုက်ရရုံနဲ့တင် တော်တော်လေး အံ့ဩဖို့ကောင်းနေပြီဖြစ်ပေမဲ့ ဒါဟာ သူ့ပါရမီရဲ့ အဆုံးအစ မဟုတ်သေးဘူးဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဦးနှောက်ပါ ပေါက်ကွဲမတတ် ခံစားလိုက်ရတယ်။ မင်းသားဟယ်ရီဟာ ဒီအချက်အလက်တွေကို ခေါင်းထဲ ထည့်မရနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိတယ်။

မက်စ်ကတော့ သူ့ရဲ့ အံ့ဩတုန်လှုပ်မှုကို ကောင်းကောင်း အပြင်မထုတ်ပြနိုင်တဲ့ လူတွေထဲက တစ်ယောက်ပေါ့။ သူ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ရုတ်တရက် သူ့မျက်လုံးထောင့်ကနေ တစ်စုံတစ်ခုကို လှမ်းမြင်လိုက်ရတယ်။

သူ့ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ သူ့ခြေရင်းကနေ ကိုက်အနည်းငယ်အကွာမှာ သတိလစ်နေတဲ့ လုပ်ကြံရေးသမား အစောင့်တစ်ယောက်ကို တွေ့လိုက်ရတာပါ။

အစောင့်ရဲ့ ရင်ဘတ်ပေါ်မှာ ခပ်ဖျတ်ဖျတ် ထင်ကျန်နေတဲ့ တံဆိပ်တစ်ခုကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်။

ဒီတံဆိပ်ဟာ ပုံမှန်ဆိုရင် အစောင့်ရဲ့ အနက်ရောင်ဝတ်စုံရယ်၊ အပေါ်က ထပ်ဝတ်ထားတဲ့ ရင်ဘတ်အကာ ချပ်ဝတ်ရယ်ဆိုပြီး အလွှာနှစ်ထပ်နဲ့ ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မိုက်ကယ့်ရဲ့ ဒြပ်စင်ရှစ်မျိုး ပေါက်ကွဲမှုကြီးက အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်တာမို့ ဖုံးကွယ်ထားတဲ့အရာက အပြင်ကို ပေါ်ထွက်လာပြီး နေ့အလင်းရောင်ကို မြင်ခွင့်ရသွားခဲ့တာပေါ့။

ဒါဟာ နဂါးတစ်ကောင်လိုမျိုး ကောင်းကင်ယံမှာ ကူးခတ်နေတဲ့ ပုံစံရှိတဲ့ ခွေလိပ်နေတဲ့ မြွေအနီရောင်တံဆိပ်တစ်ခုပဲ။

ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေရတာ ဖြစ်ပေမဲ့ မက်စ်ကတော့ ဒီအမှတ်အသားကို ကောင်းကောင်းကြီး မှတ်မိနေတယ်။ ဒါဟာ မက်ထရိုပိုလစ်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သူ ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံးသော ဆုံးရှုံးပျက်စီးမှုကြီးနဲ့ ဆက်စပ်နေတာပါ။ သူတို့တစ်မိသားစုလုံး ဘဝပျက်သွားရတဲ့ အဓိက အကြောင်းရင်းကြီးလို့တောင် ပြောလို့ရတယ်။

သူ့မျက်နှာပေါ်မှာ အံ့ဩတုန်လှုပ်မှုတွေနဲ့အတူ သစ္စာဖောက်ခံလိုက်ရတဲ့ ခံစားချက်ကြီးက အထင်းသား ဖြတ်ပြေးသွားခဲ့တယ်။ ဒီအမှတ်အသားက ဒီနေရာမှာ မပေါ်လာသင့်ဘူးလေ။

ဒါပေမဲ့ အခုတော့ ပေါ်လာခဲ့ပြီ။

သူက ဦးရီးတော်ဂျက်ကို လှည့်ကြည့်လိုက်ပြီး အရာအားလုံးကို သဘောပေါက် နားလည်သွားခဲ့တယ်။ ပထမတော့ သူ့မျက်နှာပေါ်မှာ စိတ်ပျက်အားငယ်ရိပ်တွေ ဖြတ်ပြေးသွားခဲ့ပေမဲ့ သူ့ကို ဘဝပျက်အောင် တွန်းပို့ခဲ့တဲ့ လူယုတ်မာရဲ့ မျက်နှာကို အတတ်အကျ သိလိုက်ရတဲ့ အခါမှာတော့ အဲဒီခံစားချက်က ဒေါသတရားအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့တယ်။ အဲဒီလူက တခြားသူမဟုတ်ဘဲ ဦးရီးတော်ဂျက် ကိုယ်တိုင် ဖြစ်နေလို့ပါပဲ။

"တောက်" ဦးရီးတော်ဂျက်က အော်ဟစ်ပေါက်ကွဲလိုက်တယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ လူရူးတစ်ယောက်လိုမျိုး တဟားဟားနဲ့ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပြန်တယ်။

"ဟား.. ဟား…ဟား။ ငါ ဝန်ခံရမယ် ကောင်လေး။ မင်း ငါ့ကို အံ့ဩအောင် လုပ်နိုင်ခဲ့တယ်။ မင်းလို ကောင်လေးတစ်ယောက်က မက်ထရိုပိုလစ်ရဲ့ ကောလာဟလထွက်နေတဲ့ မှော်ပါရမီရှင် ကောင်လေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

မိုက်ကယ်က လေထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ဦးရီးတော်ဂျက်နဲ့ တည့်တည့် ရင်ဆိုင်လိုက်တယ်။ "ကျွန်တော်က ခင်ဗျားကို တိုက်ဖို့ အင်အား မလုံလောက်သေးဘူးလို့ ထင်နေတုန်းပဲလား" သူက အပြစ်ကင်းစင်တဲ့ ပုံစံမျိုးနဲ့ မေးလိုက်တာပါ။

ဦးရီးတော်ဂျက်က မြေပြင်ပေါ် တံတွေးတစ်ချက် ထွေးလိုက်တယ်။ "မင်းမှာ လုံလောက်တဲ့ အင်အားရှိတယ်ဆိုတာ ပြသခဲ့ပြီးပြီပဲ။ ငါ့ရဲ့ အတော်ဆုံး စစ်သည်တော် ငါးယောက်ကို တောင် မင်း အနိုင်တိုက်နိုင်ခဲ့တာပဲလေ။

ဒါကြောင့်လည်း ငါ မင်းကို လက်ခုပ်တီးပြီး ချီးကျူးပါတယ်"

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ဒီအဖိုးကြီးက မိုက်ကယ့်ရဲ့ စွမ်းဆောင်ရည်တွေကို သူ့အတွက် ဖျော်ဖြေမှုတစ်ခုလို သဘောထားပြီး လက်ခုပ်တီးပေးနေတာပါ။

"ကဲ လုပ်ကြပါဦး။ သူတို့အတွက် လက်ခုပ်တီးပေးလိုက်ကြပါဦး" သူက တော်ဝင်အနွယ်တော်တွေကို လှည့်ပြောလိုက်တယ် "မင်းတို့ ဗန်ဒါဘစ်တွေလည်း တကယ်တော့ မဆိုးလှပါဘူးဆိုတာ ငါ့ကို ယုံကြည်သွားအောင် လုပ်နိုင်ခဲ့ပြီပဲ။ ဒီလိုဆိုတော့လည်း ကြီးမြတ်တဲ့ ခြင်္သေ့ကြီး အိုင်းဇ် ရဲ့ သွေးမျိုးဆက်က ကြားထဲက တစ်ဆက်ကျော်ပြီး မင်းဆီ ရောက်လာတာ ထင်တယ်၊ ကောင်လေး"

"စကားတွေ အများကြီး ပြောမနေနဲ့တော့။ စိန်ခေါ်တိုက်ခိုက်ပွဲ လုပ်မှာလား၊ မလုပ်ဘူးလား" မိုက်ကယ်က စိတ်ရှည်မှုတွေ ကုန်ဆုံးလုနီးပါး ဖြစ်နေတဲ့ အသံနဲ့ မေးလိုက်တယ်။

"အေးပါ၊ အေးပါ" ဦးရီးတော်ဂျက်က လက်နှစ်ဖက်ကို မြှောက်ရင်း ပြောလိုက်တယ် "ငါတို့အတွက် ဒိုင်လူကြီးတစ်ယောက်လောက် ခေါ်လိုက်ရအောင်။ ချစ်လှစွာသော တူတော်မောင်နဲ့ တူမတော်တို့ရေ၊ မောင့်ဂိုမာရီ တစ်ယောက်လောက်ကို ခေါ်ပေးလို့ ရမလား"

တော်ဝင်အမွှာနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ အရင်ကဆိုရင်တော့ မိုက်ကယ့်ရဲ့ အရှုံးမှာ သူတို့လည်း ပါဝင်ပတ်သက်သူတွေ မဖြစ်ချင်တာမို့ ငြင်းဆန်ကြမှာ အမှန်ပါပဲ။

ဒါပေမဲ့ အခုတော့ သူတို့ အခြေအနေကို ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။ သူတို့ရဲ့ ရဲတိုက်ထဲကနေ ဒိုင်လူကြီးတစ်ယောက် ခေါ်လာပေးဖို့ အိမ်တော်ထိန်းကို ချက်ချင်းပဲ အမိန့်ပေးလိုက်ကြတော့တယ်။

တစ်မိနစ်လောက် ကြာပြီးတဲ့နောက်မှာတော့ လေးထောင့်မှန် ပါးပါးလေးကို တပ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ရဲတိုက်ထဲကနေ လမ်းလျှောက်ထွက်လာပြီး မင်းသားနဲ့ မင်းသမီးကို ဦးညွှတ် အလေးပြုလိုက်တယ်။

"သူမက အန်ဂျလာပါ။ တော်ဝင်မိသားစုဆီမှာ တာဝန်ပေးထားတဲ့ မောင့်ဂိုမာရီ ပေါ့" မင်းသားဟယ်ရီက ရှင်းပြလိုက်တာပါ။

အန်ဂျလာက မိုက်ကယ်နဲ့ ဦးရီးတော်ဂျက်တို့ဆီကို ချဉ်းကပ်လာခဲ့တယ်။

"အန်ဂျလာ.... နေကောင်းရဲ့လား၊ ငါ့အသည်းလေးရဲ့" ဦးရီးတော်ဂျက်က သူမရဲ့ ပခုံးတွေကို လက်နဲ့သိုင်းဖက်ရင်း နှာဘူးထလိုက်တယ်။

အမျိုးသမီးရဲ့ မျက်နှာက ဘာခံစားချက်မှ ပြသခြင်းမရှိပေမဲ့ သူမရဲ့ အေးစက်ပြီး တုန်လှုပ်ခြင်းမရှိတဲ့ မျက်လုံးတွေကတော့ ဦးရီးတော်ဂျက်ရဲ့ ရိုင်းပျတဲ့ အမူအရာတွေကို ရပ်တန့်ဖို့အတွက် လုံလောက်တဲ့ သတိပေးချက်တစ်ခု ဖြစ်နေခဲ့တယ်။

ဦးရီးတော်ဂျက်တစ်ယောက် အန်ဂျလာကို ပိုးပန်းဖို့ အလုပ်ရှုပ်နေတုန်းမှာပဲ မိုက်ကယ်ဟာ သူ့ရဲ့ ပခုံးပေါ်ကို လက်တစ်ဖက် ရောက်လာတာကို ရုတ်တရက် ခံစားလိုက်ရတယ်။

သူ လှည့်ကြည့်လိုက်တော့ သူ့ဦးရီးတော် မက်စ် ဖြစ်နေပြီး နဖူးမှာ ချွေးစေးတွေပြန်ရင်း ဦးရီးတော်ဂျက်ကို မျက်မှောင်ကြီးကျုံ့ကာ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

"မိုက်ကယ်.... သူ့ကို ငါ အရင်ဆုံး တိုက်ခွင့်ရမလား"

ဒါက တော်တော်လေး ထူးဆန်းတဲ့ တောင်းဆိုမှုတစ်ခုပဲလို့ မိုက်ကယ် တွေးမိလိုက်တယ်။

"ဘာဖြစ်လို့လဲ"

"ကြည့်စမ်း၊ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်း ဘာကြောင့် ပျက်စီးသွားခဲ့ရလဲဆိုတဲ့ အမှန်တရားအားလုံးကို ငါ မင်းကို မပြောခဲ့ရသေးဘူး။ မင်းနဲ့ ဘတ်တို့က ငါ့ကို လူအတစ်ယောက်လို့ ထင်သွားမှာ စိုးရိမ်ပြီး အမှန်တရားကို ပြောဖို့ ငါ သိပ်ရှက်နေခဲ့တာ။

ဟိုးအရင် ငါ့အဖေဆီကနေ ဒီလုပ်ငန်းခွဲကို အမွေဆက်ခံခဲ့တုန်းက ငါ့ရဲ့ တန်ဖိုးကို သက်သေပြချင်စိတ်တွေ အရမ်းပြင်းပြနေခဲ့တယ်။ အိုင်းဇ် ဆီကနေ ဒီအမွေကို ဆက်ခံဖို့ ငါနဲ့ ထိုက်တန်ပါတယ်ဆိုတာကို ပြသချင်ခဲ့တာပေါ့။

အဲဒီအချိန်တုန်းက တိုက်တိုက်ဆိုင်ဆိုင်ပဲ ခေါင်းမြီးခြုံထားတဲ့ သူစိမ်းတစ်ယောက်က ငါ့ဆီ ချဉ်းကပ်လာပြီး ဗန်ဒါဘစ် စီးပွားရေးကို မက်ထရိုပိုလစ်ရဲ့ ထိပ်တန်းစာရင်းထဲ ရောက်အောင် တွန်းပို့ပေးနိုင်မယ့် သိပ်ကို အကျိုးအမြတ်များတဲ့ စီးပွားရေး အဆိုပြုချက်တစ်ခုကို လာပြောခဲ့တယ်။

ဒီလူက သူတို့ဟာ သတ္တုရိုင်းတွေ၊ ဒြပ်စင်တွေနဲ့ အဓိကအကျဆုံးဖြစ်တဲ့ နတ်ဘုရားပန်းပဲဖို ရဲ့ အစအနတစ်ခု ရှိနေတဲ့ မသိသေးတဲ့ မိုင်းတွင်းဟောင်းတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ ပြောခဲ့တာပါ။

ဒီဂူကို ပိုပြီး စူးစမ်းရှာဖွေဖို့အတွက် စက်ပစ္စည်းတွေနဲ့ လူအင်အား ဝယ်ယူဖို့ စီးပွားရေးမိတ်ဖက်တွေ လိုအပ်နေတယ်လို့ ဆိုတယ်။ ပြီးတော့ ငါကသာ ဒီလုပ်ငန်းမှာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကျိုးအမြတ်အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ရမယ်လို့ ပြောခဲ့တာပေါ့။

အဲဒီအချိန်တုန်းက ငါကလည်း လူငယ် သဘာဝ ဘာမှနားမလည်သေးတော့ ဒီသူစိမ်းရဲ့ လှည့်ကွက်တွေထဲ သက်ဆင်းသွားခဲ့မိတယ်။ ငွေတွေ အကုန်အပ်ပြီးတဲ့နောက်မှာတော့ သူတို့ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။ နောက်မှပဲ အဲဒီမိုင်းတွင်းဆိုတာ မှော်ပညာနဲ့ ဖန်တီးထားတဲ့ သဘာဝကျကျ လှည့်စားမှုတစ်ခုပဲဆိုတာ ငါ သိလိုက်ရတာ။

မိုက်ကယ်.... ငါ့ကို လှည့်စားသွားတဲ့ အဲဒီခေါင်းမြီးခြုံထားတဲ့သူက တခြားသူမဟုတ်ဘဲ အခု ရွံစရာကောင်းလှတဲ့ ဦးရီးတော်ဂျက် ကိုယ်တိုင်ပဲလို့ ငါ ထင်တယ်"

* * * * * * * *

စာစဉ်(၄၁)

All Chapters