အခန်း ၄၈၈
Vol. 41 Ch. 488
အခန်း(၄၈၈)
မိုက်ကယ်ဟာ မက်စ်တစ်ယောက် လိမ်လည်လှည့်ဖြားခံရတာတင်မကဘဲ အဲဒီလိုလိမ်သွားတဲ့သူက မက်ထရိုပိုလစ်က တော်ဝင်မိသားစုရဲ့ ဆွေးမျိုးတစ်ဦးဖြစ်တဲ့ ဦးရီးတော်ဖြစ်သူ ဂျက် ဖြစ်နေတယ်ဆိုတာကို သိလိုက်ရလို့ အံ့ဩသွားရတယ်။
အခုအချိန်မှာတော့ ဦးရီးတော်ဖြစ်သူ ဂျက်က လူ့အဖွဲ့အစည်းအတွက် ဘာမှအသုံးမကျတဲ့ ယုတ်မာပက်စက်တဲ့သူတစ်ယောက်ဆိုတာ သေချာနေပါပြီ။ ဒါပေမဲ့ အဲဒါက မက်စ်ကို လိမ်သွားတဲ့သူဟာ သူဖြစ်ရမယ်လို့တော့ အတိအကျ ပြောလို့မရသေးဘူးလေ။
"ဘာလို့ အဲဒီလို ထင်ရတာလဲ ဦးလေး"
"အဲဒီအစောင့်ရဲ့ ရင်ဘတ်ပေါ်က အနီရောင်အမှတ်အသားကြောင့်ပဲ" လို့ သတိလစ်နေတဲ့ လုပ်ကြံသတ်ဖြတ်သူဆီကို မသိမသာ ညွှန်ပြရင်း မက်စ်က ပြောလိုက်တယ်။
"ငါ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အဲဒီခေါင်းမြီးခြုံထားတဲ့လူနဲ့ ငါတွေ့တုန်းက သူတို့နဲ့အတူ အမြဲတမ်း မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စု ပါလာလေ့ရှိတယ်။ သူတို့ရဲ့ မျက်လုံးတွေကလွဲရင် တခြားဘာအမှတ်အသားမှ မပြသလို ယူနီဖောင်းပေါ်မှာလည်း ဒီလိုထူးခြားတဲ့ တံဆိပ်တစ်ခုကို ချုပ်လုပ်ထားကြတာ။ သူတို့က ဒါဟာ သူတို့ကုမ္ပဏီရဲ့ သင်္ကေတလို့ ပြောခဲ့လို့ ငါလည်း ဘာမှထပ်ပြီး သံသယမဝင်မိခဲ့ဘူး။
ငါ လိမ်ခံလိုက်ရမှန်း သိလိုက်ရတဲ့အချိန်မှာ တရားမျှတမှု ရလိုရငြား အစည်းအရုံးဆီကို ဆက်သွယ်ခဲ့သေးတယ်။
အစောင့်တွေ ဝတ်ဆင်ထားတဲ့ အနီရောင်သင်္ကေတအကြောင်းကို သူတို့ကို ပြောပြခဲ့ပေမဲ့ သူတို့ကတော့ ဒီလိုကုမ္ပဏီမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ပဲ ပြန်ပြောခဲ့ကြတယ်။ တကယ်လို့ ရှိခဲ့ရင်တောင် မက်ထရိုပိုလစ်ရဲ့ အပြင်ဘက်မှာပဲ ရှိနိုင်တာမို့ သူတို့အနေနဲ့ စီရင်ပိုင်ခွင့် မရှိဘူးတဲ့။
ဒါကို သိလိုက်ရတဲ့အချိန်မှာ ငါ တကယ်ပဲ စိတ်ပျက်အားငယ်သွားခဲ့ရတယ်။ စိတ်ဓာတ်တွေ အကြီးအကျယ် ကျဆင်းသွားခဲ့တာပေါ့။ အဲဒီလောက်အထိ ဖြစ်သွားခဲ့တာမို့ ငါ့ရဲ့ အလုပ်အကိုင်တွေပါ ထိခိုက်ပျက်စီးကုန်တော့တာပဲ။ အဲဒီလို အလိမ်ခံလိုက်ရလို့ ငွေကြေးအမြောက်အမြား ဆုံးရှုံးခဲ့ရတာကတော့ အမှန်ပဲ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခတွေကသာ ဗန်ဒါဘစ် စီးပွားရေးလုပ်ငန်းကြီး တဖြည်းဖြည်း ပျက်စီးခြင်းဆီကို အမှန်တကယ် ဦးတည်သွားစေခဲ့တာပါ။
ငါ့ကိုယ်ငါ ယုံကြည်မှုတွေ ပျောက်ဆုံးသွားခဲ့ရတယ်။ နောက်ဆုံးတော့ ဒီစီမံကိန်းအတွက် လိုအပ်တဲ့ငွေတွေကို ရဖို့အတွက် ငါ့ရဲ့ပိုင်နက်နယ်မြေကိုတောင် ပေါင်နှံခဲ့ရတာလေ။ ငါကတော့ ငါ့ရဲ့ အနာဂတ်ကို စိတ်ချရအောင် လုပ်နေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းတော့ ငါ့အနာဂတ်ကို ငါ့လက်နဲ့ပဲ ဖျက်ဆီးနေခဲ့မိတာ ဖြစ်နေတယ်။
အဲဒီလို အလိမ်ခံရပြီးတဲ့နောက်မှာတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ချမိပါတော့တယ်။ ပြီးတော့ ငါ့ရဲ့ မိုက်မဲမှုကြောင့် မက်ထရိုပိုလစ်မှာ လူအများ ရိုသေလေးစားရတဲ့ ဗန်ဒါဘစ် ဆိုတဲ့ နာမည်ကြီးဟာ လှောင်ပြောင်စရာ တစ်ခု ဖြစ်သွားခဲ့ရမှန်း ငါ့ကိုယ်ငါတောင် မသိလိုက်ဘဲ ဖြစ်သွားခဲ့ရတယ်။
ဒီလောက်နှစ်တွေ အကြာကြီး ကြာသွားခဲ့ရင်တောင် ငါ့ဘဝသက်တမ်းတစ်လျှောက် တရားမျှတမှု ရတော့မှာမဟုတ်ဘူးလို့ တွေးမိတဲ့အချိန်တွေမှာတောင် ငါ့ရဲ့ နာကျည်းမှုကို ဘယ်တော့မှ လက်မလွှတ်ခဲ့ဘူး။
ဒါကြောင့် အဲဒီအနီရောင်အမှတ်အသားကို တစ်ကျော့ပြန် မြင်လိုက်ရတဲ့အချိန်မှာတော့ ပြစ်မှုကျူးလွန်သူကို ငါ ရှာတွေ့ပြီဆိုတာ သိလိုက်တာပေါ့။ ဒီလုပ်ကြံသတ်ဖြတ်သူတွေဟာ အဲဒီခေါင်းမြီးခြုံထားတဲ့လူနဲ့ အတူပါလာခဲ့တဲ့ လူတွေနဲ့ တစ်ပုံစံတည်းပဲ။
ပြီးတော့ ဒီအစောင့်တွေကို အမိန့်ပေးစေခိုင်းခဲ့တဲ့ ခေါင်းမြီးခြုံလူကတော့ ငြင်းပယ်လို့မရအောင် ဂျက် ကိုယ်တိုင်ပဲ ဖြစ်ရမယ်။ သူက အသံပြောင်းစက် သုံးထားခဲ့ရင်တောင် သူ့ရဲ့ လှောင်ပြောင်သရော်တဲ့ လေယူလေသိမ်းကိုတော့ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ သူဟာ သူပဲဗျာ။ ဒါကိုတော့ ငါ သေချာပေါက် ပြောရဲတယ်"
မက်စ်ရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ စကားလုံးတစ်လုံးချင်းစီဟာ ဂျက်ရဲ့ နှလုံးသားတည့်တည့်ကို ပစ်ခတ်ဖို့ ရည်ရွယ်ထားတဲ့အတိုင်းပဲ ဖြစ်နေတယ်။ သူ့ရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ မုန်းတီးမှုတွေကတော့ သူ့အသံမှာ ထင်းထင်းကြီး ပေါ်လွင်နေခဲ့တာပေါ့။
"ဒါဆိုရင်တော့ ဒါဟာ သိပ်ကောင်းတဲ့အချက်ပဲ။ ဒီအကြောင်းကို ကလော်ဒီယာကို ပြောပြလိုက်ရင် သူမအနေနဲ့ ဒီပြစ်မှုအတွက် တရားမျှတမှု ရှာပေးနိုင်ဖို့ တော်တော်လေး ဖြစ်နိုင်ခြေ ရှိသွားပြီ။ မင်း ဆုံးရှုံးခဲ့ရတဲ့ ငွေတွေကိုတောင် သူမ ပြန်ပြီး သိမ်းဆည်းပေးနိုင်ရင် ပေးနိုင်ဦးမှာ" လို့ မိုက်ကယ်က အကြံပြုလိုက်တယ်။
မက်စ်ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခု ဖြတ်ခနဲ ပေါ်လာပေမဲ့ နောက်ထပ် ထပ်ပြီး စဉ်းစားမိတဲ့အခါမှာတော့ သံသယတွေ၊ မရေရာမှုတွေနဲ့အတူ ပြန်လည် မှုန်မှိုင်းသွားခဲ့ရပြန်တယ်။
"ဒါကတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ ငါတို့မှာ ဘာသက်သေမှ မရှိဘူးလေ။ အဲဒီအနီရောင်သင်္ကေတက ဂျက်ပိုင်တာလို့ ငါတို့ ပြောနိုင်ရင်တောင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ လိမ်လည်မှုနဲ့ သူတို့ကို ဆက်စပ်ဖို့က မလွယ်ဘူး"
မင်းသားနဲ့ မင်းသမီးတို့တောင်မှ ဦးရီးတော်ဖြစ်သူ ဂျက်ဟာ ဘုရင်မရဲ့ ရာဇပလ္လင်ကို လုယူဖို့ ကြိုးစားခဲ့တယ်ဆိုတာကို သက်သေမပြနိုင်ခဲ့ရင် သူတို့အနေနဲ့ ဗန်ဒါဘစ် မိသားစုကို လိမ်လည်ခဲ့တယ်ဆိုတဲ့ သက်သေကို ရှာတွေ့ဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူးပေါ့။
ဒါပေမဲ့ ရုတ်တရက်ဆိုသလို မိုက်ကယ်ရဲ့ ခေါင်းထဲမှာ အတွေးတစ်ခု ဖြတ်ခနဲ ပေါ်လာပါတယ်။
သူက မင်းသားနဲ့ မင်းသမီးရှိရာဆီကို လျှောက်သွားပြီး သူ သေချာပေါက် အဖြေသိထားပြီးသား ဖြစ်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။
"မင်းတို့ရဲ့ ဦးရီးတော် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးခံရတာကို မင်းတို့ မြင်ချင်လား"
ဟယ်ရီနဲ့ အဲလိဇဘက်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ နီးကပ်လွန်းတဲ့ အမြွှာချင်း စိတ်ချင်းဆက်သွယ်မှုကတစ်ဆင့် တစ်ယောက် ဘာတွေးနေလဲဆိုတာကို အပြန်အလှန် သိရှိနိုင်ကြတာပေါ့။
ပြီးတော့ အဖြေကတော့ ပြတ်သားလွန်းလှပါတယ်။
"မြင်ချင်တာပေါ့"
"အဲဒီလူယုတ်မာ ငရဲပြည်မှာ ပုပ်ပွသွားမယ့် အဖြစ်အပျက်မျိုးကိုပဲ ငါတို့ အလိုချင်ဆုံးပဲ"
မိုက်ကယ်က ပြုံးလိုက်ရင်း "ဒါဆိုရင် ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးကြပါ။ မင်းတို့လိုပဲ ငါတို့လည်း ဦးရီးတော်ဂျက်ဟာ သူ ကျူးလွန်ခဲ့ပြီး အပြစ်ပေးမခံရသေးတဲ့ ပြစ်မှုတစ်ခုအတွက် တာဝန်ရှိတယ်လို့ ထင်တယ်။ တကယ်လို့ ငါတို့က သူ့ရဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တွေအတွက် သက်သေကို လိုချင်တယ်ဆိုရင် ဘယ်နေရာမှာ ရှာဖွေနိုင်မလဲ" လို့ မေးလိုက်တယ်။
မင်းသား ဟယ်ရီက ဦးရီးတော်ဂျက်အနေနဲ့ သူ့ရဲ့ စကားလုံးတွေကို နှုတ်ခမ်းဖတ်ပြီး မသိနိုင်အောင် သူ့ပါးစပ်ကို လက်နဲ့ အုပ်ထားလိုက်တယ်။ ဒါပေမဲ့ အဲဒီလူက ဒိုင်လူကြီးကို မြှူဆွယ်ဖို့အတွက်ပဲ အလုပ်ရှုပ်နေတာမို့ သူတို့အနေနဲ့ စိတ်ပူစရာ မလိုတဲ့ပုံပဲ။
"ငါတို့လည်း ဒါကို အရင်က စဉ်းစားခဲ့ဖူးတယ်။ ဦးရီးတော်ဂျက်က ငါတို့အမေရဲ့ လက်ဖက်ရည်ထဲကို အဆိပ်ရှိတဲ့ သစ်ရွက် ထည့်ခဲ့တဲ့သူ ဖြစ်တယ်ဆိုတဲ့ သက်သေကို ရှာဖို့ စုံထောက်တွေကို စေခိုင်းခဲ့ဖူးတာ။ သူ အဆိပ်ကို ဖော်စပ်ဖို့အတွက် ဆေးဆရာတစ်ယောက်ကို ငှားရမ်းခဲ့ရမှာ သေချာတာမို့ အဲဒီဆေးဖက်ဝင်အပင်တွေကို သူ ဘယ်မှာ သိုလှောင်ထားနိုင်မလဲဆိုတာကို ငါတို့ ခြေရာခံဖို့ ကြိုးစားခဲ့ကြတယ်။
သူတို့က တံတိုင်းတွေရဲ့ ဆင်ခြေဖုံးနားမှာရှိတဲ့ ဦးရီးတော်ဂျက်ရဲ့ လျှို့ဝှက်အိမ်ဂေဟာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်"
အဲလိဇဘက်က ဒီအမှတ်တရကို ပြန်တွေးမိတဲ့အခါမှာတော့ သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။ "ဒါပေမဲ့ အဲဒီနေရာက အချိန်ပြည့် သူ့ရဲ့ အစောင့်တွေနဲ့ ဝန်းရံထားတာ။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး၊ ငါတို့တောင် ဝင်လို့မရဘူး။ ငါတို့လည်း ကြိုးစားပြီး သူ့ရဲ့ အိမ်ဂေဟာထဲကို အလွယ်တကူပဲ အောင်အောင်မြင်မြင် ကျူးကျော်ဝင်ရောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သက်သေရှာတဲ့ နေရာကို ရောက်တော့ ငါတို့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ တကယ်တမ်းတော့ သူ့ရဲ့ အိမ်ဂေဟာထဲမှာ သူတစ်ယောက်တည်းသာ ဘယ်မှာရှိလဲဆိုတာ သိတဲ့ လျှို့ဝှက်ဘဏ္ဍာတိုက်တစ်ခု ရှိနေခဲ့တာပဲ။
ငါတို့ အဲဒါကို ရှာဖို့ ကြိုးစားခဲ့ပေမဲ့ ဦးရီးတော်ဂျက် ရောက်လာပြီး အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ကာ ငါတို့ကပဲ သူ့ကို အဆိပ်ခတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေ ဖြစ်အောင် လုပ်ပစ်လိုက်တာ"
သူက တော်တော်လေး ကောက်ကျစ်တာပဲလို့ မိုက်ကယ်က တွေးလိုက်တယ်။ တကယ်လို့ သူက သက်သေကို ရှာချင်တယ်ဆိုရင်တော့ ၂၄ နာရီပတ်လုံး အစောင့်တွေ စောင့်ကြပ်နေပုံရတဲ့ အိမ်ဂေဟာထဲက ဘဏ္ဍာတိုက်ကို ရှာဖွေဖို့ လိုအပ်နေပြီပေါ့။
"ဒါပေမဲ့ မျှော်လင့်ချက်တော့ ရှိပါသေးတယ်" လို့ မင်းသား ဟယ်ရီက အားပေးစကား ပြောလိုက်တယ်။ "ဦးရီးတော်ဂျက်က ဘယ်လောက်ပဲ အတ္တကြီးတဲ့သူ ဖြစ်ပါစေ၊ ဒါတွေအားလုံးကို သူတစ်ယောက်တည်းတော့ မလုပ်နိုင်ဘူး။ သူ့မှာ ဗိုင်ပါရီယွန် လို့ခေါ်တဲ့ ဘဏ္ဍာစိုးတစ်ယောက် ရှိတယ်။ သူကတော့ သူ့ရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက် ရှိတဲ့နေရာကို သိတဲ့ တစ်ဦးတည်းသော တခြားလူပဲ"
မက်စ်က တစ်စုံတစ်ခုကို မှတ်မိသွားတဲ့ပုံစံနဲ့ ခေါင်းကို ထောင်လိုက်တယ်။ "အဲဒီတုန်းက သူနဲ့အတူ ရှိနေခဲ့တဲ့ တခြားလူတစ်ယောက်ကို ငါ မှတ်မိတယ်။ သူက လူဝကြီး မဟုတ်လား"
တော်ဝင်အမြွှာနှစ်ယောက်က ခေါင်းညိတ်ပြလိုက်ကြရင်း "သူပဲပေါ့။ တကယ်လို့ မင်းက ဗိုင်ပါရီယွန်ကို စကားပြောလာအောင် လုပ်နိုင်ရင် သူက မင်းကို အဲဒီလျှို့ဝှက်ဘဏ္ဍာတိုက်ဆီ ခေါ်သွားလိမ့်မယ်"
မက်စ်အနေနဲ့ သူ့ရဲ့ စိတ်ပျက်မှုကို မဖုံးကွယ်နိုင်တော့ဘဲ ဖော်ပြမိပါတော့တယ်။ တရားမျှတမှုက လက်တစ်ကမ်းအကွာမှာ ရှိနေသလိုပဲ၊ ဒါပေမဲ့ ဝေးကွာလွန်းနေပြန်တယ်။
"ငါတို့ အဲဒါကို ဘယ်လိုလုပ်မှာလဲ" လို့ သူက ညည်းညူလိုက်တယ်။ "ပထမဆုံးအနေနဲ့ ငါတို့က ဘယ်သူမှ ရိပ်မိခြင်းမရှိဘဲ သူ့ရဲ့ အိမ်ဂေဟာထဲကို ခိုးဝင်ရမယ်။ ပြီးတော့ ဗိုင်ပါရီယွန်ကို သူ့ဌေးကိုယ်တိုင်ကို သစ္စာဖောက်လာအောင် တစ်နည်းနည်းနဲ့ လုပ်ရဦးမယ် ဟုတ်လား။ အဲဒါကတော့ မဖြစ်နိုင်တာကြီးပဲ"
တော်ဝင်အမြွှာနှစ်ယောက်လည်း အလားတူ ခံစားချက်မျိုး ရှိနေကြတယ်။ ဒါဟာ ဒီလောက်အချိန်အကြာကြီး ကြာသွားခဲ့ရင်တောင် သူတို့ရဲ့ ဦးရီးတော်ကို အပြစ်မပေးနိုင်ခဲ့ကြတဲ့ အကြောင်းရင်းပဲပေါ့။
အဆိုးဆုံးကတော့ ဒါဟာ သူတို့ ရနိုင်မယ့် အကောင်းဆုံး အခွင့်အရေး ဖြစ်နေနိုင်တာပါပဲ။ နောက်ဆုံးတော့ ဦးရီးတော်ဂျက်ရဲ့ အစောင့်ငါးယောက်ဟာ မြေပြင်ပေါ်မှာ သတိလစ်ပြီး လဲလျောင်းနေခဲ့တာမို့ သူ့ရဲ့ အိမ်ဂေဟာကို စောင့်ကြပ်နေတဲ့လူ အရေအတွက် နည်းသွားပြီလေ။
ဒါတင်မကသေးဘဲ မိုက်ကယ်နဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဦးရီးတော်ဂျက်အနေနဲ့ အာရုံစိုက်မှု လွဲပြောင်းနေမှာ သေချာပြီး သူတို့က သူ့ရဲ့ ဘဏ္ဍာတိုက်ထဲ ဝင်ဖို့ ကြိုးစားနေတာကို သိရှိနိုင်မယ့် နည်းလမ်း လုံးဝမရှိနိုင်ပါဘူး။
"ဒီအလုပ်ကို ငါကိုယ်တိုင် လုပ်မယ်ဆိုရင်တော့ အလွယ်လေးပါ" လို့ မိုက်ကယ်က ပြောလိုက်တာကြောင့် သူတို့အားလုံး အံ့ဩသွားကြရတယ်။ "ဒါပေမဲ့ ငါက နေရာနှစ်နေရာမှာ တစ်ပြိုင်တည်း မရှိနေနိုင်ဘူးလေ"
မိုက်ကယ်က သက်ပြင်းချလိုက်တယ်။ သူ ဒါကို မလုပ်ချင်ပေမဲ့ ကျော်ကြားတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်မဟုတ်လား။ 'မိစ္ဆာကို သတ်ဖို့ဆိုရင် မိစ္ဆာတစ်ကောင် ဖြစ်ဖို့ လိုအပ်တယ်' တဲ့။
သူက သူ့ရဲ့ ခြေဖဝါးအောက်ကို ငုံ့ကြည့်လိုက်ပြီး သူ့ရဲ့ ယုံကြည်ရတဲ့ နင်ဂျာစလိုင်းမ် ဖြစ်တဲ့ ဖတ်ချ် ကို ဆင့်ခေါ်လိုက်ပါတော့တယ်။
* * * * * * * *
စာစဉ်(၄၁)