← Chapters

အခန်း ၄၈၉

Vol. 41 Ch. 489

အခန်း ၄၈၉

Vol. 41 Ch. 489

အခန်း(၄၈၉)

ဖတ်ချ်က သစ်သားကြမ်းပြင်ပေါ်မှာ ဘောလုံးတစ်လုံး ခုန်တက်လာသလိုမျိုး မိုက်ကယ့်ရဲ့ အရိပ်ထဲကနေ ဖျတ်ခနဲ ရုန်းထွက်ပေါ်လာတယ်။ အဲဒီစလိုင်းမ်ရဲ့ လှုပ်ရှားမှုတွေမှာ တက်ကြွဖြတ်လတ်မှုတွေ အပြည့်ရှိနေပြီး သူ့ရဲ့ ထူးခြားတဲ့ ပါရမီတွေကို အသုံးချရမယ့် မစ်ရှင်တစ်ခုအတွက် အခေါ်ခံရတော့မယ်ဆိုတာကို ကြိုသိနေတဲ့အတိုင်းပါပဲ။

"ဟုတ်ကဲ့ သခင်... ဘာခိုင်းမလို့လဲခင်ဗျာ" လို့ ဖတ်ချ်က မျက်နှာအပြည့် ပြုံးရင်း မေးလိုက်တယ်။

"မင်း ဘာလုပ်ရမလဲဆိုတာ ကြိုသိနေတဲ့ပုံပဲနော်" လို့ သူက ဖတ်ချ်ကို ပြောလိုက်တယ်။ ဒီစလိုင်းမ်လေးတစ်ယောက် သူတို့စကားပြောနေတာကို ဒီအချိန်အထိ တောက်လျှောက် ချောင်းနားထောင်နေခဲ့တာ သံသယဖြစ်စရာကို မလိုတော့တာ။ ဒါကြောင့် သူ့ကို အကျိုးအကြောင်း ရှင်းမပြရသေးရင်တောင် ဖတ်ချ်က အခြေအနေကို အကုန်သိနေပြီးသားပါ။

"ဖတ်ချ်... ငါတို့အတွက် အဲဒီသက်သေကို ရှာပေးစမ်းပါ" လို့ မိုက်ကယ်က သူ့ကို မဝံ့မရဲနဲ့ ပြောလိုက်တယ်။

မက်စ်နဲ့ တော်ဝင်အမြွှာ မင်းသား၊ မင်းသမီးတို့က အဲဒီခရမ်းရောင် စလိုင်းမ်လေးကို ကြည့်ပြီး သူတို့ရဲ့ သံသယတွေကို မဖုံးကွယ်နိုင်ဘဲ ဖြစ်နေကြတယ်။

"မိုက်ကယ်... ဒါက မင်းမွေးထားတဲ့ မိစ္ဆာလား" လို့ မင်းသား ဟယ်ရီက မေးလိုက်တယ်။ "ပြီးတော့ မင်းက သူ့ကို ဦးရီးတော်ဂျက်ရဲ့ အိမ်တော်ထဲ ခိုးဝင်ဖို့ ခိုင်းနေတာပေါ့ ဟုတ်လား"

အလုပ်အတွက် အကွက်တိဖြစ်မယ့်သူ ရှိတယ်လို့ မိုက်ကယ် ပြောတုန်းကတော့ သူတို့နဲ့ ပတ်သက်မှုရှိတဲ့ လျှို့ဝှက်အစောင့် ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ယောက်ကို ခေါ်လာလိမ့်မယ်လို့ပဲ ထင်ထားခဲ့ကြတာ။ ဝတ်စုံနက်တွေ ဝတ်ရတာ ဝါသနာပါတဲ့ ခရမ်းရောင် စလိုင်းမ်လေးတစ်ကောင် ဖြစ်နေလိမ့်မယ်လို့တော့ ကမ္ဘာပျက်ရင်တောင် သူတို့ ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ဘူး။

"ဟုတ်တယ်... ဒါ ဖတ်ချ်လေ" လို့ သူက စလိုင်းမ်လေးကို အားလုံးနဲ့ မိတ်ဆက်ပေးလိုက်တယ်။

"ဟိုင်း... ကမ္ဘာပေါ်မှာ အတော်ဆုံး နင်ဂျာကြီး တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာပါပြီခင်ဗျာ"

အဲလိဇဘက်ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ ဒီစလိုင်းမ်လေးက သူ မြင်ဖူးသမျှထဲမှာ အချစ်စရာကောင်းဆုံးအရာပဲ။ အခြေအနေကသာ အရေးကြီးပြီး တင်းမာမနေဘူးဆိုရင် အဲဒီကောင်လေးဆီ ချက်ချင်းပြေးသွားပြီး ပွေ့ဖက်မိမှာ သေချာတယ်။

"အဟမ်း... မိုက်ကယ်... မင်း တကယ်ပဲ ဒီလို ချစ်စရာကောင်းတဲ့... အဟမ်း... စလိုင်းမ်လေးကို လွှတ်မလို့ သေချာရဲ့လား"

မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်တယ်။ "ငါ့ကိုယုံ... ဒီအလုပ်ကို လုပ်နိုင်တဲ့သူ ရှိတယ်ဆိုရင် အဲဒါ ဖတ်ချ်ပဲ ဖြစ်လိမ့်မယ်"

အဲဒီချီးမွမ်းစကားကို ကြားပြီးနောက်မှာတော့ ခရမ်းရောင် စလိုင်းမ်လေးက အပေါ်အောက် ခုန်ပေါက်ပြီး ပျော်နေတော့တာပဲ။

"အဲဒီအစောင့်တွေက သူတို့အလုပ်မှာ အတော်ဆုံးတွေဆိုတာကို ငါ ထပ်ပြောပါရစေဦး" လို့ မင်းသား ဟယ်ရီက သတိပေးလိုက်တယ်။ "မင်း သိ၊ မသိတော့ ငါမသေချာဘူး... ဒါပေမဲ့ ရဲတိုက်ကို အချိန်ပြည့် စောင့်ကြည့်နေတဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစောင့်တွေ ရှိတယ်။ ဦးရီးတော်ဂျက်ရဲ့ အစောင့်တွေကလည်း သူတို့အိမ်တော်ကို ကာကွယ်တဲ့နေရာမှာ ဆိုရင် ဒီကအစောင့်တွေထက် မညံ့တဲ့အပြင် ပိုတောင် တော်ဦးမယ်"

ဖတ်ချ်က ပတ်ပတ်လည်ကို ဝေ့ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ "ဖူး... အော်... သူတို့လား... ဒါဆိုရင်တော့ အေးဆေးပဲပေါ့။ သူတို့က နင်ဂျာတွေမှ မဟုတ်တာ"

ဘဝင်မြင့်သလို ကြားရပေမဲ့လည်း ဖတ်ချ်ပြောတာက အချက်ကျနေတယ်။ စလိုင်းမ်အနေနဲ့ အစောင့်တွေကို ကျော်ဖြတ်ပြီး ခိုးဝင်ဖို့အတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးဆိုတာ မိုက်ကယ် သိနေတယ်။ ဗီပီရီယွန်နဲ့ ရင်ဆိုင်ရမှာကသာ တကယ့်ပြဿနာပါ။

"ဟီးဟီး... သခင်... ဒါက သိပ်အရေးကြီးတာလား" လို့ ဖတ်ချ်က မေးလိုက်တယ်။

"ဟုတ်တယ် ဖတ်ချ်... သိပ်ကို အရေးကြီးတယ်"

ခရမ်းရောင် စလိုင်းမ်လေးရဲ့ အပြုံးက ပိုပြီး ကျယ်ပြန့်သွားတယ်။ "ဒါဆိုရင် အလုပ်ဖြစ်မြောက်ဖို့အတွက် ကျွန်တော် သင့်တော်သလို ဘယ်နည်းလမ်းမဆို သုံးလို့ရတယ်လို့ ဆိုလိုတာပေါ့ ဟုတ်လား"

မိုက်ကယ် သက်ပြင်းချလိုက်မိတယ်။ ဖတ်ချ်က သူ့အလုပ်သူ သိပ်တော်တာပဲ။ တော်လွန်းတယ်လို့တောင် ပြောရမယ်။ ဒါပေမဲ့ အဲဒီစလိုင်းမ်လေးမှာ စည်းကမ်းတွေအပြင်ဘက်ကို ထွက်ပြီး တခြားသူတွေက လူယုတ်မာအလုပ်လို့ သတ်မှတ်မယ့် အရာတွေကို လုပ်တတ်တဲ့ အလေ့အထအစုံလည်း ရှိနေပြန်တယ်။

ဖတ်ချ်အတွက်တော့ အဲဒီလို ကျင့်ဝတ်ဆိုင်ရာ အတားအဆီးတွေ ဆိုတာ မရှိဘူး။ ကုန်ကုန်ပြောရရင် သူ့ရဲ့ ရန်သူတွေကို သူ့စိတ်ကြိုက် ခိုင်းစေနိုင်ဖို့အတွက် ဘာသာရေးတစ်ခုကိုတောင် သက်သက်ဖန်တီးခဲ့သေးတာပဲ။

ဦးရီးတော်ဂျက်ကို တစ်သက်လုံး ထောင်ထဲမှာ ပိတ်လှောင်ထားနိုင်ဖို့ လိုအပ်တဲ့ သက်သေတွေကို ဖတ်ချ် ယူဆောင်လာပေးနိုင်လိမ့်မယ်ဆိုတာ မိုက်ကယ် လုံးဝ သံသယမရှိပါဘူး။ ဒါပေမဲ့ ဒီအကြောင်းပြချက်အတွက် ဖတ်ချ်ကို အသုံးချလိုက်ခြင်းအားဖြင့် ဦးရီးတော်ဂျက်ထက်တောင် ပိုပြီး ဆိုးဝါးတဲ့ ဘေးအန္တရာယ်ကြီးတစ်ခုကို လူသားတွေဆီ လွှတ်ပေးလိုက်သလို ဖြစ်သွားမှာကိုပဲ သူ စိုးရိမ်နေမိတယ်။

"သခင်... ကျွန်တော် စိတ်ကြိုက် လုပ်ခွင့်ရှိတာပဲမလား" လို့ ဖတ်ချ်က စိတ်လှုပ်ရှားမှုကို မနည်းအောင့်အီးရင်း တခစ်ခစ်ရယ်ပြီး ထပ်မေးပြန်တယ်။

"...ဟုတ်ပြီ ဖတ်ချ်... ဘဏ္ဍာတိုက်ဆီ ရောက်ဖို့အတွက် လိုအပ်တာမှန်သမျှ မင်း လုပ်နိုင်တယ်"

ဖတ်ချ်က သူ့အပြုံးကို သိမ်းဆည်းလိုက်ပြီး နင်ဂျာကောင်းတစ်ယောက် ပီပီ တည်ကြည်တဲ့ မျက်နှာပေးကို ပြောင်းလဲလိုက်တယ်။ သူက မိုက်ကယ့်ကို မော့ကြည့်ပြီး အလေးပြုလိုက်တယ်။

"ကျွန်တော် စိတ်ပျက်စေရပါဘူး။ လျှို့ဝှက်ချက်တွေ ရှိတဲ့နေရာတိုင်းမှာ အရိပ်တွေက အမြဲတမ်း ရှိနေမှာပါ..."

စလိုင်းမ်လေးက မိုက်ကယ့်ရဲ့ အရိပ်ထဲကို နစ်မြုပ်မသွားခင်လေးမှာတင် တကယ့်ကို လူမိုက်ဆန်ဆန်နဲ့ ဆန်းကြယ်တဲ့ ပုံစံမျိုး လုပ်ပြသွားခဲ့သေးတယ်။

သူ လုံးဝ ပျောက်ကွယ်မသွားခင်လေးမှာတင် အရိပ်ထဲကနေ ထွက်ပေါ်လာတဲ့ ခြောက်ခြားစရာ ရယ်မောသံကို အားလုံး ကြားလိုက်ရတယ်။

"ဟီးဟီးဟီးဟီးဟီး..."

သူ ဘယ်လို အရာမျိုးကို ဘေးမဲ့လွှတ်လိုက်မိပြီလဲဆိုတဲ့ အတွေးနဲ့တင် မိုက်ကယ် တစ်ကိုယ်လုံး တုန်တက်သွားရတယ်။

"ဒါ အလုပ်ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ" လို့ မင်းသား ဟယ်ရီက ရေရွတ်လိုက်တယ်။

"ဖတ်ချ် ဘာတွေပဲ လုပ်လုပ် အခုကတည်းက ကြိုပြီး တောင်းပန်ထားရမှာပဲ" လို့ မိုက်ကယ်က ညည်းတွားလိုက်တယ်။

အဲဒီအချိန်မှာပဲ ဦးရီးတော်ဂျက်ကလည်း အန်ဂျလာရဲ့ တောက်လျှောက် ငြင်းပယ်ခြင်းကို ခံရလို့ နောက်ဆုံးမှာ စိတ်မရှည်နိုင်တော့ဘဲ ဖြစ်သွားတယ်။ သူက မိုက်ကယ့်ဘက်လှည့်ပြီး လာခဲ့ဖို့ ဒေါသတကြီးနဲ့ လက်ဟန်ခြေဟန် ပြလိုက်တယ်။

"ငါတို့ ဒီစိန်ခေါ်တိုက်ခိုက်ပွဲကို စတော့မှာလား၊ ဘာလဲ"

မိုက်ကယ်က အားလုံးဘက်ကို လှည့်ပြီး စိတ်ချပါဆိုတဲ့ သဘောနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

ပြီးတော့ သူက ဦးရီးတော်ဂျက်ရှိရာဆီ လျှောက်သွားပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် အနေအထားမှာ ရပ်လိုက်တယ်။

အန်ဂျလာကတော့ တည်ကြည်တဲ့ မျက်နှာပေးကို ဆက်ပြီး ပြသရင်း သူတို့ဘေးမှာ ရပ်နေတယ်။ သူက တရားမျှတမှုရဲ့ ပြသကွက်တစ်ခုလို ဖြစ်နေတာပဲ။ သူ့ရဲ့ အမူအရာက မျက်စိကို အဝတ်စီးထားပြီး ချိန်ခွင်ကို ကိုင်ထားတဲ့ နာမည်ကြီး အမျိုးသမီး ကျောက်ဆစ်ရုပ်တုကြီးကို မိုက်ကယ့်အား ပြန်လည်အမှတ်ရစေတယ်။ ဦးရီးတော်ဂျက်က သူ့ကို စိတ်တိုအောင် ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ ဒီလို တည်ငြိမ်နေနိုင်တာက တကယ်ကို အမှတ်ပေးချင်စရာပါပဲ။

"ကျေးဇူးပြုပြီး မင်းတို့ရဲ့ စိန်ခေါ်တိုက်ခိုက်ပွဲ စည်းကမ်းချက်တွေကို ပြောပေးပါ" လို့ သူက ကြေညာလိုက်တယ်။

ဦးရီးတော်ဂျက်က မိုက်ကယ့်ကို ကြည့်ပြီး နွေးထွေးပျူငှာတဲ့ မျက်နှာပေးကို လုပ်ပြလာတယ်။

"မိုက်ကယ်... ငါတို့တွေ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲခဲ့ကြတာတွေ ရှိတယ်လို့ ထင်တယ်။ ဒီစိန်ခေါ်တိုက်ခိုက်ပွဲက ငါတို့ကြားထဲက အာဃာတတွေကို ဖြေဖျောက်ပြီး ပြန်အဆင်ပြေဖို့အတွက် အခွင့်အရေးတစ်ခုလို့ ငါ မြင်ပါတယ်"

မိုက်ကယ်က ခေါင်းငြိမ့်လိုက်တယ်။ "ဒီပွဲပြီးရင်တော့ ငါတို့ကြားထဲက ရန်ငြိုးတွေက အပြတ်အသတ် ပြေလည်သွားမှာ သေချာပါတယ်" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။

"ဒါဆိုရင်တော့ ငါတို့ သဘောထားချင်း တိုက်ဆိုင်တာပေါ့။ မင်းသိလား... မင်းရဲ့ ကားနဲ့ပတ်သက်ပြီး ငါ တကယ်ပဲ အကြီးအကျယ် မှားသွားခဲ့တယ်လို့ ထင်တယ်။ မင်းရဲ့ ပါရမီတွေကို မြင်ပြီးနောက်မှာတော့ မင်းပြောတာ အမှန်ပဲဖြစ်ပြီး ဒီကားက မကြာခင်မှာ မက်ထရိုပိုလစ်ကို တော်လှန်ပြောင်းလဲပစ်တော့မယ်ဆိုတာကို ငါ သဘောပေါက်လာရတယ်။

ပြီးတော့ ဒါက သိပ်ကို ရှုပ်ထွေးလွန်းတော့ မင်းအနေနဲ့ ဒီကားတွေကို အများအပြား ထုတ်လုပ်ဖို့အတွက် အခက်အခဲရှိလိမ့်မယ်လို့ ငါ လောင်းရဲတယ်။ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် မင်းမှာ အတော်ဆုံး ပန်းပဲဆရာတွေ ရှိနေရင်တောင် တစ်ပတ်ကို တစ်စီးပဲ ထုတ်နိုင်လိမ့်မယ်"

ဦးရီးတော်ဂျက်က မိုက်ကယ့်ဆီ လျှောက်လာပြီး ပိုပြီး နီးကပ်အောင် တိုးလိုက်တယ်။

"အခု ပြဿနာက ဒါပဲလေ။ ငါက မင်းကို ကူညီချင်တာ။ ဒီကားတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ အလုပ်သမားတွေနဲ့ သတ္တုကုန်ကြမ်း တန်နဲ့ချီပြီး ရနိုင်ဖို့အတွက် မင်းမှာ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လိုလိမ့်မယ်။

မင်းမှာ ဒါတွေ မရှိဘူးဆိုတာ ငါ သေချာတယ်။ ဗန်ဒါဘစ် မိသားစုဆိုတာ သူတို့အိမ်တော်ကိုတောင် မနည်းထိန်းသိမ်းနေရတာလေ။ ဒါပေမဲ့ မင်းအနေနဲ့ သူတို့ရဲ့ ဆင်းရဲမွဲတေမှုထဲမှာ နစ်မြုပ်နေဖို့ မလိုပါဘူး။ မင်းဘာသာမင်း အကုန်လုံးကို ရှာဖွေနိုင်ပါတယ်။

ဒီတော့ ငါ ရောက်လာတာပေါ့။ မင်းကို တစ်သက်မှာ တစ်ခါပဲ ရနိုင်မယ့် အခွင့်အရေးတစ်ခု ငါ ပေးမလို့။ မင်းသိလား... ငါ မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိထားတဲ့ မိုင်းတွင်းတစ်ခု ရှိတယ်။ အဲဒီမိုင်းတွင်းကနေ ရမယ့် အကျိုးအမြတ်က မင်းအတွက်ရော ငါ့အတွက်ပါ သိပ်ကို တွက်ခြေကိုက်မှာ။ ဒါကို တခြားသူတွေကို ငါပြောပြတယ်လို့ လျှောက်မပြောနဲ့ဦး... အဲဒီအောက်ထဲမှာ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတစ်ခုလည်း ဝှက်ထားတာ ရှိနိုင်တယ်။

မင်းရဲ့ ကားတွေထဲက တစ်စီး... တစ်စီးတည်းပဲ ငါ့ကို ပေးမယ်ဆိုရင် အဲဒီမိုင်းတွင်းကနေ ရသမျှ အမြတ်အစွန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းအထိ မင်း ရဖို့အတွက် လုံလောက်တဲ့ ပေးချေမှုအဖြစ် ငါ သတ်မှတ်ပေးမယ်။

ဒါက မင်းအတွက်တော့ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကြီးပဲ။ ဒါက ဗန်ဒါဘစ်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးနိုင်မယ့်အပြင် မင်းရဲ့ အဖိုးဖြစ်သူရဲ့ အာရုံစိုက်မှုကိုတောင် ရလာစေနိုင်တယ်။

ကဲ... ဘယ်လိုလဲ... မင်း ဘာပြောမလဲ"

ဦးရီးတော်ဂျက်က သူ့မျက်လုံးထဲက လောဘတွေကို ကောင်းကောင်း မဖုံးကွယ်နိုင်ဘဲ ဖြစ်နေတယ်။ မိုက်ကယ်အနေနဲ့ သူ့ဦးရီးတော် မက်စ်ဆီကနေ ဒီအကြောင်းကို ကြိုပြီး မကြားထားခဲ့ရင်တောင် ဒီလို ရှိလှပါပြီဆိုတဲ့ မိုင်းတွင်းရဲ့ မှန်ကန်မှုကို သံသယဝင်မိမှာ သေချာတယ်။

ဒီကမ်းလှမ်းချက်က လိမ်လည်လှည့်ဖြားမှုသက်သက်ပဲဆိုတာ သူ ကြိုသိနေတဲ့အတွက် လုံးဝ ရှောင်ရှားရမယ်ဆိုတာ သူ သိပါတယ်။

ဒါပေမဲ့ မာနကြီးတာပဲပြောပြော မိုက်ကယ်ကတော့ တရားမျှတမှုကို ဖော်ဆောင်တဲ့အနေနဲ့ ဒီလိမ်လည်သူဆီကနေ တစ်ခုခု ပြန်ရချင်နေတာ။ ပြီးတော့ မောင့်ဂိုမာရီ တစ်ယောက်ယောက်က ကြီးကြပ်ပေးထားတဲ့ စာချုပ်တစ်ခု ရှိနေတာထက် ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းဆိုတာ ဘာရှိဦးမှာလဲ။

* * * * * * * *

စာစဉ်(၄၁)

All Chapters