အခန်း ၄၉၃
Vol. 42 Ch. 493
အခန်း(၄၉၃)
မိုက်ကယ်က ဦးရီးတော်ဂျက်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ အချိန်မှာပဲ မက်ထရိုပိုလစ်မြို့ရဲ့ အရိပ်အောက်တွေထဲမှာတော့ ခရမ်းရောင် စလိုင်းမ်တစ်ကောင်ဟာ ကူးခတ်လှုပ်ရှားနေပါတယ်။
ဖတ်ချ်က အိမ်ခေါင်မိုးတွေအပေါ်ကနေ ဖြတ်ပြေးသွားတယ်။ သူ့ရဲ့ အိစိအိစိခန္ဓာကိုယ်မှာ လက်တွေထည့်ဖို့ မလိုပေမဲ့လည်း မိုက်ကယ်ရဲ့ အရင်ကမ္ဘာက နာမည်ကြီး နင်ဂျာဇာတ်ကောင် ပြေးတဲ့ပုံစံအတိုင်း လိုက်တုပပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြေးနေခဲ့တာပေါ့။
"နင်ဂျာ... နင်ဂျာ... ငါက တော်တဲ့ နင်ဂျာလေး" လို့ ဖတ်ချ်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း အိမ်ကြီးရခိုင်တစ်လုံး လှမ်းမြင်နေရတဲ့ အိမ်ခေါင်မိုးတစ်ခုပေါ်မှာ ရပ်လိုက်တယ်။
ဒီအိမ်ကြီးက အစပိုင်းမှာတော့ သိပ်ပြီး သတိထားမိစရာ မရှိလှဘူး။ လေးထောင့်စပ်စပ် တည်ဆောက်ပုံနဲ့ အလှဆင်ထားတာ သိပ်မရှိတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်နေပြီး တခြားလူတွေဆိုရင် ဒီမြေနေရာမှာ အိမ်ကြီးတစ်လုံး ရှိနေမှန်းတောင် သတိထားမိကြမှာ မဟုတ်ပါဘူး။
ဒါဟာ တခြားမဟုတ်ဘဲ ဦးရီးတော်ဂျက်ရဲ့ လျှို့ဝှက်နေရာဖြစ်ပြီး သူ့ရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက် ရှိတယ်လို့ ယူဆရတဲ့နေရာပဲ။
အကယ်၍ တစ်ယောက်ယောက်က ဒီနေရာရဲ့ အတွင်းပိုင်းကို ချောင်းကြည့်ဖို့ ကြိုးစားရင်လည်း ထူးခြားဆန်းပြားတာ ဘာမှ မြင်ရမှာ မဟုတ်ဘူး။ တကယ်တော့ အထဲမှာ လူနေထိုင်တဲ့ အရိပ်အယောင်တောင် မရှိဘဲ စွန့်ပစ်ထားတဲ့နေရာတစ်ခုလို လုံးဝကို ခြောက်ကပ်နေတာပါ။
ဒါပေမဲ့ ဖတ်ချ်အတွက်တော့ လုံးဝကွဲပြားတဲ့ အမှန်တရားတစ်ခုကို မြင်နေရတယ်။
ကောင်းကင်အထက်က နေမင်းကြီးကြောင့် ဖြစ်ပေါ်လာတဲ့ အရိပ်တွေဟာ မှော်အတတ်ကို သုံးပြီး သူတို့ရှိနေမှန်း မသိအောင် ဖုံးကွယ်ထားတဲ့ ကင်းစောင့်အချို့ကို အပီအပြင် ဖုံးကွယ်ပေးထားတယ်။ သူတို့ဟာ နှလုံးခုန်သံကို ထိန်းချုပ်ဖို့ အသက်ရှူသံကိုတောင် မနည်းလေရုံတင် ရှူရှိုက်ရင်း သူတို့ရဲ့ ခန္ဓာကိုယ်ကို ကျောက်ရုပ်တစ်ခုလို လုံးဝ ငြိမ်သက်နေစေတာပေါ့။
အဲဒီလို ဖြစ်နေပေမဲ့လည်း ဒီကင်းစောင့်တွေရဲ့ အာရုံစိုက်မှုကတော့ အပြည့်ရှိနေတုန်းပဲ။ သူတို့ရဲ့ မျက်လုံးတွေက ပတ်ဝန်းကျင်ကို အမြဲမပြတ် စကန်ဖတ်ကြည့်ရှုနေပြီး အထဲကို ခိုးဝင်ဖို့ ကြိုးစားမယ့် တခြားကျူးကျော်သူ ရှိမရှိ အကဲခတ်နေကြတယ်။
အဲဒီအချိန်မှာပဲ ဘေးနားက သစ်ပင်တစ်ပင်ပေါ်ကနေ သစ်ရွက်တစ်ရွက်ဟာ လွင့်ပျံကျလာခဲ့တယ်။
သစ်ရွက်ကလေး မြေပြင်ပေါ်ကို ကျရောက်သွားတာနဲ့ တပြိုင်နက် လုံးဝ အနက်ရောင် ဝတ်စုံတွေကို ဆင်မြန်းထားတဲ့ လုပ်ကြံသတ်ဖြတ်သူလေးယောက်ဟာ ဘယ်ကနေ ရောက်လာမှန်းမသိ ပေါ်လာပြီး အဲဒီသစ်ရွက်ကို သူတို့ရဲ့ ဓားမြှောင်တွေနဲ့ မြေကြီးထဲ စိုက်ဝင်သွားအောင် ထိုးစိုက်လိုက်ကြတယ်။
"ဟွန်း... အချက်ပေးသံအတုပဲ" လို့ ကင်းစောင့်တစ်ယောက်က ပြောလိုက်တယ်။
"ဒါကတော့ အလွန်အကျွံ ဖြစ်လွန်းပါတယ်" လို့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က မကျေမနပ် ညည်းတွားလိုက်တယ်။ "ကျူးကျော်သူက သစ်ရွက်တစ်ရွက်လို အသွင်ပြောင်းနိုင်စရာ အကြောင်း လုံးဝမရှိပါဘူး"
"မင်း လေ့ကျင့်မှု လိုသေးတယ်၊ ငါတို့က ကျူးကျော်သူ ရှိတယ်လို့ ထင်လို့ ဒီလိုလုပ်တာ မဟုတ်ဘူး၊ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ ငါတို့ရဲ့ ဂုဏ်သိက္ခာအတွက် လုပ်တာ၊ ငါတို့ဘေးကနေ သစ်ရွက်တစ်ရွက်တောင် အလွတ်ပေးလို့ မဖြစ်ဘူး"
လုပ်ကြံသတ်ဖြတ်သူ ကင်းစောင့်တွေ အချင်းချင်း စကားပြောနေကြတုန်းမှာပဲ ခရမ်းရောင် စလိုင်းမ်တစ်ကောင်က တံခါးဆီကို ပျော်ပျော်ပါးပါး ခုန်ဆွခုန်ဆွနဲ့ သွားနေတာကို သူတို့ သတိမထားမိလိုက်ကြဘူး။
ဖတ်ချ်က အိမ်ကြီးထဲကို အောင်အောင်မြင်မြင် ခိုးဝင်နိုင်ခဲ့ပြီ။ မင်းသားနဲ့ မင်းသမီးတို့ လနဲ့ချီပြီး စီမံကိန်းချ၊ လေ့ကျင့်ခဲ့ရတဲ့အရာကို မိမိကိုယ်ကိုယ် အတော်ဆုံး နင်ဂျာစလိုင်းမ်လို့ ကြွေးကြော်ထားသူအတွက်တော့ စက္ကန့်ပိုင်းပဲ အချိန်ယူခဲ့ရတာပေါ့။
အထဲကို ရောက်သွားတာနဲ့ သူ့ရဲ့ စလိုင်းမ်ခန္ဓာကိုယ်ဟာ နှစ်ခုအဖြစ် ကွဲထွက်သွားပြီး ပြီးပြည့်စုံတဲ့ ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်တယ်။ မကြာခင်မှာပဲ အဲဒီခန္ဓာကိုယ် နှစ်ခုဟာလည်း ထပ်ပြီး တစ်ဝက်စီ ကွဲထွက်သွားပြန်တယ်။ ဒီလို ဆဲလ်ကွဲပွားသလိုမျိုး ကိုယ်ပွားဖန်တီးတာဟာ ဖတ်ချ်တစ်ယောက် အိမ်ကြီးထဲက သဘာဝအရိပ်တွေ အားလုံးနီးပါးကို သူ့ရဲ့ ကိုယ်ပွားတွေနဲ့ အစားထိုးလိုက်နိုင်တဲ့အထိ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တယ်။
ဒီအချိန်မှာတော့ ဒီအိမ်ကြီးထဲမှာ သူ ရှာမတွေ့နိုင်တဲ့အရာ ဆိုတာ ဘာမှ မရှိတော့ဘူး။
မကြာခင်မှာပဲ သူ့ရဲ့ ကိုယ်ပွားတစ်ခုဟာ လူတစ်ယောက်တည်းသာ ရှိနေတဲ့ မြေအောက်ခန်းဆီ ဦးတည်ထားတဲ့ လျှို့ဝှက်ဥမင်လမ်းတစ်ခုကို ရှာတွေ့သွားခဲ့တယ်။
ဗိုင်ပါရီယွန်လို့ ခေါ်တဲ့ အဲဒီလူဟာ ဦးရီးတော်ဂျက်ရဲ့ လက်ရုံးတစ်ဦး ဖြစ်ပါတယ်။ သူဟာ လုပ်ငန်းတစ်ခုလုံးကို ထိန်းချုပ်မောင်းနှင်နေပြီး အရာအားလုံး ချောချောမွေ့မွေ့နဲ့ အဆင်ပြေပြေ လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးနေတဲ့သူပဲ။ သူဟာ ဦးရီးတော်ဂျက်ရဲ့ မကောင်းဆိုးဝါးဆန်တဲ့ လုပ်ရပ်တွေရဲ့ ညစ်ပတ်တဲ့ အသေးစိတ်အချက်အလက်တွေ အားလုံးကို သိထားတယ်။
သူက လျှို့ဝှက်ဘဏ္ဍာတိုက်ရဲ့ တည်နေရာကို သိတဲ့ တစ်ဦးတည်းသောသူလည်း ဖြစ်တယ်။
ဒါပေမဲ့ သဘာဝအတိုင်းပဲ ဗိုင်ပါရီယွန်က လျှို့ဝှက်ချက်နဲ့ပတ်သက်ရင် နှုတ်လုံတဲ့ လူတစ်ယောက်ပါ။ မင်းသား ဟယ်ရီနဲ့ မင်းသမီး အဲလိဇဘက်တို့ ဒီအိမ်ကြီးထဲကို ကိုယ်တိုင် ခိုးဝင်ခဲ့တုန်းက ဗိုင်ပါရီယွန်ကို ၎င်းရဲ့ စီးပွားဖက်အကြောင်း ဖွင့်ဟလာအောင် သူတို့ တတ်နိုင်သမျှ နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးစားခဲ့ဖူးတယ်။
သို့သော်လည်း ဗိုင်ပါရီယွန်က စိတ်ဓာတ်ခိုင်မာပြီး သစ္စာရှိတဲ့ လူတစ်ယောက် ဖြစ်နေခဲ့တယ်။ သူတို့ ဘယ်လောက်ပဲ ငွေကြေးတွေ ပေးကမ်းမယ်လို့ ကမ်းလှမ်းပါစေ၊ ဘယ်လောက်ပဲ ဖိအားပေးပါစေ သူကတော့ လုံးဝ နှုတ်မဟခဲ့ဘူး။
"ဟီးဟီး..." ဗိုင်ပါရီယွန်က ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာ မှီထိုင်ရင်း လက်ဖက်ရည်ပူပူလေးတစ်ခွက်ကို အရသာခံ သောက်နေတာကို မြင်တော့ ဖတ်ချ်က ရယ်မောလိုက်တယ်။
မျက်နှာဘဲဥပုံစံ ရှိတဲ့ အဲဒီလူအတွက်တော့ အရာအားလုံးက အဆင်ပြေချောမွေ့နေတာပေါ့။ မက်ထရိုပိုလစ်မြို့ထဲနဲ့ မြို့ပြင်က ကုမ္ပဏီ တော်တော်များများဟာ ငွေကြေးအမြန်ဆုံးရဖို့ သဲသဲမဲမဲ လိုလားနေကြတာကြောင့် ဒီရာသီမှာ သူတို့ရဲ့ စီးပွားရေးက တော်တော်လေး အမြတ်အစွန်း ရနေခဲ့တယ်။ ပြီးတော့ အဲဒီလူတွေ ပိုပြီး စိတ်အားထက်သန်လေလေ၊ သူတို့ကို လှည့်စားဖို့ ပိုပြီး လွယ်ကူလေလေပဲ။
ဗိုင်ပါရီယွန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဒီလအတွက် သူတို့ရဲ့ စီမံကိန်းတွေကို စတင်စစ်ဆေးနေခဲ့တယ်။
ဒါပေမဲ့ သူက ကျူစက္ကူချပ်ကို ကြည့်လိုက်တဲ့အခါမှာတော့ ဒါဟာ သူ အရင်က ရေးခဲ့တဲ့အရာနဲ့ လုံးဝ ကွဲပြားနေမှန်း သတိထားမိသွားတယ်။
အခု အဲဒီစက္ကူပေါ်မှာ ရေးထားတာက -
{ အောက်ကို ငုံ့ကြည့်လိုက် }
ဗိုင်ပါရီယွန်က တစ်ခုခု ထူးဆန်းနေပြီဆိုတာကို အာရုံရလိုက်တယ်။ သူက ခေါင်းကို မော့ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့ မြေအောက်ရုံးခန်းထဲကို မျက်နှာပြင်မှာ ပွက်ပွက်ဆူနေတဲ့ အနက်ရောင် အရည်အချို့ စတင်လျှံထွက် လာနေတာကို မြင်လိုက်ရတော့တယ်။
"ဘာကြီးလဲဟ"
အဲဒီအရည်တွေက သူ့ခြေထောက်နားအထိ ရောက်လာတဲ့အခါ ဒါဟာ အဆိပ်အတောက် မဟုတ်မှန်း သိလိုက်ရလို့ သူ စိတ်သက်သာရာ ရသွားခဲ့တယ်။
ဒါပေမဲ့လည်း ဒါဟာ ထူးဆန်းနေမှန်း သူ သိတာပေါ့။
ဒါကြောင့် သူက သူ့ကို လာခေါ်ဖို့ လုပ်ကြံသတ်ဖြတ်သူ ကင်းစောင့်တွေကို အော်ဟစ်ခေါ်ယူလိုက်တယ်။
"ဟေ့... ဘယ်သူရှိလဲ"
ဒါပေမဲ့ သူ့ကို လာကြည့်တဲ့သူ တစ်ယောက်မှ ရှိမနေဘူး။ ပုံမှန်ဆိုရင် သူ စကားတစ်ခွန်း ပြောလိုက်တာနဲ့တင် သူတို့က အမိန့်ကို နာခံကြတာ။ ဒါဟာ ကင်းစောင့်တွေဆီမှာ မကောင်းတဲ့ တစ်ခုခု ဖြစ်ပျက်သွားပြီဆိုတဲ့ သဘောပဲ။
ဗိုင်ပါရီယွန်က ခြေကျင်းဝတ်အထိ နစ်နေတဲ့ အရည်တွေကြားထဲကနေ ဖြတ်ကျော်ပြီး မြေအောက်ခန်းထဲကနေ ထွက်လာခဲ့တယ်။ လှေကားအတိုင်း ပြေးတက်လာရင်းနဲ့ အဲဒီအရည်တွေက ဝုန်းခနဲ လျှံထွက်လာပြီး သူ ခုနက ထွက်လာခဲ့တဲ့ မြေအောက်ခန်းကို ဖြည်းဖြည်းချင်း အပြည့် ဖြည့်တင်းနေတာကို မြင်လိုက်ရတယ်။
သူက အိမ်ကြီးရဲ့ မြေညီထပ်ကို ရောက်တဲ့အထိ ဆက်ပြီး တက်လာခဲ့တယ်။
အဲဒီလို ရောက်လာပေမဲ့လည်း ကင်းစောင့်တွေရဲ့ အရိပ်အယောင် ဖြစ်ဖြစ်၊ တခြားလူတစ်ယောက်ယောက်ရဲ့ အရိပ်အယောင် ဖြစ်ဖြစ် လုံးဝ မတွေ့ရဘူး။ တစ်ခုလုံးကို တိတ်ဆိတ်ခြင်းတွေက လွှမ်းမိုးထားပြီး အဲဒီ လျှံထွက်နေတဲ့ အရည်တွေရဲ့ အသံတွေကသာ ကမ္ဘာကြီးကို ပြည့်နှက်နေသလိုပါပဲ။
သူက အိမ်ကြီးထဲကနေ ထွက်လာခဲ့တဲ့အခါမှာတော့ အဲဒီအရည်တွေဟာ သူ့ရဲ့ ဒူးဆစ်အထိ ရောက်နေပြီဆိုတာကို မြင်လိုက်ရတယ်။
သူ ထိတ်လန့်သွားပြီး အိမ်ကြီးရဲ့ အိမ်ခေါင်မိုးပေါ်ကို ချက်ချင်း တက်သွားခဲ့တယ်။
"ဘာတွေ ဖြစ်နေတာလဲ... လူတွေအကုန်လုံး ဘယ်ပျောက်ကုန်ကြတာလဲ" လို့ သူက အော်မေးလိုက်ရာ သူ့ရဲ့ အသံကသာ သူ့ဆီကို ပဲ့တင်ထပ်ပြီး ပြန်ရောက်လာခဲ့တယ်။
နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဆန်းကြယ်တဲ့ အညိုပုပ်ရောင် အရည်တွေဟာ သာမန်လူသားတစ်ယောက်ရဲ့ အရပ်အမြင့်ထက်ကို ကျော်လွန်သွားခဲ့ပြီး မြင့်မားတဲ့ အဆောက်အအုံတွေရဲ့ အမိုးတွေကသာ ရေပြင်အထက်မှာ ကျန်ရစ်တော့တယ်။
အခုလို အိမ်ခေါင်မိုးပေါ်မှာ သောင်တင်နေရတဲ့အတွက် ဗိုင်ပါရီယွန်က သူ့ရဲ့ လျှာတွေ စတင် ခြောက်သွေ့လာသလို ခံစားလိုက်ရတယ်။
သူဟာ အစားအစာနဲ့ ရေကို ပြင်းပြင်းပြပြ လိုချင်နေခဲ့တယ်။ ဒါပေမဲ့ အဲဒီအရာတွေက မက်ထရိုပိုလစ်မြို့က တခြားလူတွေနည်းတူ ပျောက်ကွယ်သွားခဲ့ပုံရတယ်။
နောက်ထပ် နာရီအနည်းငယ် ထပ်ပြီး ကုန်ဆုံးသွားတဲ့အခါမှာတော့ သူဟာ ရေဓာတ် လုံးဝ ခမ်းခြောက်လာခဲ့ပြီ။ အဲဒီ ထူးဆန်းတဲ့ အရည်တွေကို သောက်သုံးဖို့ စိတ်ကူးက သူ့ခေါင်းထဲကို ဖြတ်ပြေးသွားပေမဲ့ အဲဒါကို စမ်းသပ်ကြည့်ဖို့အထိတော့ သူ စိတ်မပျက်သေးပါဘူး။
တစ်ရက် ကုန်ဆုံးသွားတယ်၊ ပြီးတော့ နောက်တစ်ရက်။
ဒီအချိန်မှာတော့ သူဟာ စိတ်အာရုံတွေပါ နောက်ကျိလာခဲ့ပြီ။ တခြား ရွေးချယ်စရာ မရှိတော့တာကြောင့် ဗိုင်ပါရီယွန်က ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး အနက်ရောင် အရည်တွေကို သူ့ရဲ့ လက်နှစ်ဖက်နဲ့ ခတ်ယူလိုက်တယ်။
သူက အဲဒီအရည်ကို ကြည့်လိုက်တော့ သူ့လက်ထဲမှာတင် တဖျတ်ဖျတ်နဲ့ အမြှုပ်တွေ ထွက်နေတာကို မြင်လိုက်ရတယ်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး အဲဒီအရည်ကို သူ့ရဲ့ ပါးစပ်ထဲ လောင်းထည့်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ အမြှုပ်ထနေတဲ့ ခံစားချက်က သူ့ရဲ့ ပါးစပ်ထဲမှာ စူးစူးရှရှ ဖြစ်သွားစေခဲ့တယ်။ အရသာကို မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာ ဒီလို ခံစားချက်မျိုးက ထူးဆန်းနေပေမဲ့လည်း ဘေးအန္တရာယ် မရှိမှန်း သူ သတိပြုမိသွားတယ်။
သူက အရည်ကို မျိုချလိုက်ပြီး ထပ်ပြီး သောက်ချင်စိတ်တွေ ပြင်းပြလာခဲ့တယ်။
သူ ထပ်ပြီး ငုံ့လိုက်တယ်၊ ဒီတစ်ကြိမ်မှာတော့ သူ့လက်တွေကို မသုံးတော့ဘူး။ သူက ရေဓာတ်ခမ်းခြောက်မှုကို ကုသဖို့အတွက် အဲဒီလျှံထွက်နေတဲ့ ရေပြင်ထဲကနေ တိုက်ရိုက်ကို အားပါးတရ သောက်သုံးလိုက်တော့တယ်။
"ဒါ... ဒါက ဘာကြီးလဲ"
သူက ဒါကို အဆိပ်လို့ ထင်ခဲ့တာကြောင့် ပထမဆုံးမှာ မသောက်ဘဲ အောင့်အည်းထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒါက သောက်လို့ မဆိုးလှတဲ့ သောက်စရာတစ်ခု ဖြစ်မှန်း သူ သိသွားပြီ။ တကယ်တော့ ဒါက သောက်ရတာ တော်တော်လေးကို အရသာရှိလှပါတယ်။
* * * * * * * *
စာစဉ်(၄၂)