← Chapters

အခန်း ၄၉၈

Vol. 42 Ch. 498

အခန်း ၄၉၈

Vol. 42 Ch. 498

အခန်း(၄၉၈)

သေတ္တာထဲက နတ်ဘုရားပန်းပဲဖို အတုံးကြီးကို စိုက်ကြည့်ရင်း မိုက်ကယ်တစ်ယောက် သူ့ရဲ့အံ့ဩမှုကို မနည်းဖုံးကွယ်လိုက်ရတယ်။ စိန်ခေါ်တိုက်ခိုက်ပွဲကြောင့် ဦးရီးတော်ဂျက်ပိုင်ဆိုင်သမျှကို သူရပိုင်ခွင့်ရှိမှန်း သိထားပေမဲ့ မြို့စားကတော်က သူ့သဘောနဲ့သူ ဒီလောက်အပိုအလျှံတွေ ထည့်ပေးလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။

"ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ဒါက မောင်ရင် ရထိုက်ရနိမ့်လို့ ရတာပဲ၊ မောင်ရင်သာ မရှိရင် အဲဒီလူက နန်းတော်နဲ့ မက်ထရိုပိုလစ်ကို အကြာကြီး ဆက်ပြီး ဒုက္ခပေးနေဦးမှာ"

သူ့မှာ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ ဘာမှပြောစရာ ရှာမတွေ့တော့ဘူး။

"ကဲ... ကျေးဇူးတင်ချင်ရင်လည်း အဆုံးကျမှပဲ တစ်ခါတည်းတင်လိုက်ပါ၊ ဘာလို့လဲဆိုတော့ ငါ မောင်ရင့်ကို ပေးမှာက ဒါတင်မကသေးလို့ပဲ"

သူ မော့ကြည့်လိုက်တော့ မြို့စားကတော်က လက်တစ်ဖက်နဲ့ မေးထောက်ပြီး သူ့ကို ကြင်ကြင်နာနာ စိုက်ကြည့်ရင်း ပြုံးနေတာကို တွေ့လိုက်ရတယ်။

"စုံစမ်းသိရှိရသလောက်တော့ ဂျက်က ငါ့ကို လုပ်ကြံဖို့ ကြံစည်ခဲ့တဲ့ သက်သေတွေတင် ပေါ်လာတာ မဟုတ်ဘူး၊ မောင်ရင့်မိသားစုကလည်း သူ့ရဲ့ လိမ်လည်လှည့်ဖြားမှုတွေနဲ့ အကွက်ချလိမ်စားတဲ့ လုပ်ငန်းတွေရဲ့ သားကောင်တွေထဲက တစ်ယောက် ဖြစ်နေခဲ့တာပဲ" လို့ မြို့စားကတော်က ဖွင့်ဟပြောပြတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအကြောင်း သူမပြောနေချိန်မှာ မိုက်ကယ်ကတော့ ငြိမ်ပြီးပဲ နားထောင်နေခဲ့တယ်။

ဦးရီးတော်ဂျက်ရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက် ရှိတဲ့နေရာကို ဗိုင်ပါရီယွန် ဖွင့်ပြောလာအောင် ဖတ်ချ်က အောင်အောင်မြင်မြင် စည်းရုံးပြီးတဲ့နောက်မှာတော့ သူတို့ဟာ လိမ်လည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဂျက်ရဲ့ အင်ပါယာအကြောင်း စာရွက်စာတမ်းတွေနဲ့ စာရင်းအင်းမှတ်တမ်းအားလုံးကို ရရှိခဲ့ကြတာပေါ့။

အဲဒီနောက် ဖတ်ချ်က မြို့စားကတော်ရဲ့ နန်းတော်ဆီကို တိုက်ရိုက်တယ်လီပို့နဲ့ ပြန်လာပြီး သူတို့ရှာဖွေတွေ့ရှိခဲ့တာတွေကို ဟယ်ရီနဲ့ အဲလိဇဘက်တို့ဆီ သတင်းပို့ခဲ့တယ်။

တော်ဝင်အမွှာ အနွယ်ဝင်တွေကလည်း ဒီအကြောင်းကို မြို့စားကတော်ဆီ ချက်ချင်းအကြောင်းကြားခဲ့လို့ ခရီးသွားဧည့်သည်တွေနဲ့ တွေ့ဆုံပွဲကို ဖြတ်ချပြီး မက်ထရိုပိုလစ်ဆီ ချက်ချင်း ပြန်လာခဲ့ရတာ ဖြစ်တယ်။

အစပိုင်းမှာတော့ ဟယ်ရီနဲ့ အဲလိဇဘက်က သက်သေအထောက်အထားတွေကို ရှာဖွေပေးခဲ့တဲ့ ဖတ်ချ်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်ခဲ့ကြတာပေါ့၊ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အတော်ဆုံး နင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားတဲ့လူက ငြင်းပယ်ခဲ့တယ်၊ သူက အရိပ်ထဲမှာပဲ အလုပ်လုပ်ရတာ ပိုအဆင်ပြေလို့ လူသိမခံချင်ဘူးလို့ ပြောခဲ့တာလေ။

"ကျွန်တော့်ဦးလေး မက်စ်ကလည်း သူ့ကို ဂျက်က လိမ်သွားတာ ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့တာကို အရင်က ကြားဖူးတယ်" လို့ မိုက်ကယ်က ပြောလိုက်တယ်။

"အခုတော့ ကျွန်မဆီမှာ တိကျတဲ့ အစီရင်ခံစာတွေနဲ့ သက်သေတွေ ရှိနေပြီဆိုတော့ တရားမျှတမှုကတော့ မလွဲမသွေ ဖြစ်လာတော့မှာပါ၊ ဗန်ဒါဘစ် မိသားစုအနေနဲ့ လိမ်လည်ခံခဲ့ရတုန်းက ဆုံးရှုံးသွားတဲ့ ငွေကြေးအားလုံးကို အပြည့်အစုံ ပြန်ရမယ့်အပြင် ဗန်ဒါဘစ် မိသားစု စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ခဲ့ရသမျှတွေအတွက်ပါ အပိုဆောင်း ၂၀ ရာခိုင်နှုန်း ထပ်ပေါင်းပြီး ရဦးမှာပါ"

တကယ်လို့ မက်စ်သာ ဒါကို ကြားရင် ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိမှာ အသေအချာပဲ၊ ဒါပေမဲ့ မိုက်ကယ်ကတော့ ဒီထက်မက ပိုရနိုင်သေးမှန်း သိနေတယ်။

"၂၀ ပဲလား"

မြို့စားကတော်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ကောင်းပြီလေ... ၂၃ ရာခိုင်နှုန်းပေါ့"

"၄၀"

"၂၅"

"၃၀ ရာခိုင်နှုန်း... ဒါ နောက်ဆုံးကမ်းလှမ်းချက်ပဲ" လို့ မိုက်ကယ်က ပြတ်ပြတ်သားသား တောင်းဆိုလိုက်တယ်၊ "ပြီးတော့... ဂျက်ရဲ့ အိမ်ကြီးကိုပါ ကျွန်တော်တို့ကို ပေးရမယ်"

မြို့စားကတော်က သူမရဲ့ ရာဇပလ္လင်ပေါ်မှာ နောက်မှီထိုင်လိုက်ရင်း လက်နှစ်ဖက်နဲ့ ပါးစပ်ကို ကာပြီး မိုက်ကယ်ကို စိုက်ကြည့်နေတယ်။

"သဘောတူတယ်၊ ဒါက မောင်ရင့်ကို ဘာပဲဖြစ်ဖြစ် ပေးဖို့ စိတ်ကူးထားပြီးသား အိမ်ရာပါပဲ" လို့ သူမက မိုက်ကယ်ကို အသာစီးရသွားတဲ့ အမူအရာမျိုးနဲ့ ပြောလိုက်တယ်။

"ကျွန်တော်ကတော့ ၂၀ ရာခိုင်နှုန်းဆိုရင်လည်း ယူမှာပါပဲ" လို့ သူကလည်း သူမကို ရွဲ့တဲ့တဲ့ပုံစံနဲ့ ပြန်ပြောလိုက်တာပေါ့။

တစ်ဖက်မှာတော့ ရာဇပလ္လင်ခန်းမထဲမှာ စောင့်ကြပ်နေတဲ့ အန်ဂျလာနဲ့ အခြားအစောင့်တွေဟာ သူတို့ မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကို တကယ် မယုံနိုင်အောင် ဖြစ်နေကြရတယ်။

မြို့စားကတော်နဲ့ ဈေးဆွေးနွေးနိုင်တဲ့လူ ရှိနေပါလား။

သူမက ခါတိုင်းဆို ပထမဆုံး ကမ်းလှမ်းချက်အတိုင်းပဲ အမြဲ တင်းခံနေတတ်ပြီး တစ်ဖက်လူရဲ့ ဘယ်လိုဈေးဆစ်မှုကိုမှ ဘယ်တော့မှ လက်မခံတတ်တဲ့သူလေ။

"အခုကော စိတ်ကျေနပ်ပြီလား" မြို့စားကတော် ရီဂျီနာက မိုက်ကယ်ကို မေးလိုက်တယ်။

"အများကြီး ကျေနပ်သွားပါပြီ" လို့ သူက ပြန်ဖြေရင်း ရိုရိုသေသေ အရိုအသေပေးလိုက်ပြီး အပြင်ထွက်ဖို့ ပြင်လိုက်တယ်။

"နေဦး... မောင်ရင့်ကို ပေးချင်သေးတဲ့ တခြားအရာ တစ်ခု ရှိသေးတယ်"

သူ ချက်ချင်းပဲ ပြန်လှည့်ကြည့်လိုက်မိတယ်၊ ဒီထက်ပိုပြီး ဘာတွေရနိုင်ဦးမလဲ သူ မတွေးတတ်တော့ဘူး၊ နတ်ဘုရားပန်းပဲဖို လည်း ရပြီ၊ ငွေလည်း ရပြီ၊ အိုးအိမ်တိုက်တာပါ ရပြီးပြီလေ။

မြို့စားကတော်က ရာဇပလ္လင်ပေါ်ကနေ ထလာပြီး မိုက်ကယ်ရှိရာဆီ လှေကားထစ်တွေအတိုင်း ဆင်းလာခဲ့တယ်။

ပြီးတော့ သူ့ရှေ့ တည့်တည့်မှာ ရပ်ရင်း အိတ်ကပ်ထဲကနေ မက်ဒယ်လီယွန်တစ်ခု ထုတ်ပြီး မိုက်ကယ်ကို ကမ်းပေးလိုက်တာပေါ့။

အဲဒီမက်ဒယ်လီယွန်က အလင်းပြန်နေတဲ့ အရောင်အဝါမျိုး ရှိပြီး မီးတောင်မှန်ကျောက် ကျောက်မျက်နဲ့ လုပ်ထားတဲ့ပုံပဲ။

အနက်ရောင်မက်ဒယ်လီယွန်အါ်မှာ သရဖူဆောင်းထားပြီး အောက်ဘက်ကနေ တော်ဝင်ရာဇလှံတံကလေး ပေါ်နေတဲ့ မြို့စားကတော်ရဲ့ မျက်နှာပုံရိပ်ကို ထွင်းထုထားတယ်ဆိုတာ မြင်သာပါတယ်။

ဒီပုံထဲမှာ မြို့စားကတော်က တော်တော်လေး နုပျိုနေတဲ့ ပုံစံဖြစ်နေလို့ မက်ဒယ်လီယွန်က အတော်လေး သက်တမ်းရင့်နေပြီလို့ သူ ခန့်မှန်းလိုက်မိတယ်၊ ပုံထဲက သူမပုံစံက အသက် ၂၀ ကျော်လောက် ဒါမှမဟုတ် ၃၀ အစောပိုင်းလောက်ပဲ ရှိဦးမယ့် အဲလိဇဘက်နဲ့ အသက်အရွယ် တူတူလောက် ထင်ရတာပေါ့။

အဲဒီမက်ဒယ်လီယွန်ကို မိုက်ကယ်လက်ထဲ ကမ်းပေးလိုက်တာနဲ့ တပြိုင်နက် ရာဇပလ္လင်ခန်းမတစ်ခုလုံးမှာ အံ့ဩတုန်လှုပ်ပြီး လေပင့်သံတွေ သောသောညံသွားတော့တာပဲ၊ အန်ဂျလာတောင်မှ စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့ဘဲ မြို့စားကတော်ကို မယုံနိုင်သလို စိုက်ကြည့်နေမိတယ်။

"ဒါက ဘာလဲဟင်" လို့ သူက မေးရင်းနဲ့ မက်ဒယ်လီယွန်ကို ဟိုဘက်ဒီဘက် ပစ်ကစားသလိုမျိုး ပေါ့ပေါ့ဆဆ ကိုင်တွယ်နေတာကြောင့် ဘေးကလူတွေမှာ ရင်တထိတ်ထိတ်နဲ့ နှလုံးရပ်မတတ် ဖြစ်သွားကြရတယ်။

"ဒါက မက်ထရိုပိုလစ် မြို့စားကတော်အနေနဲ့ ကျွန်မရဲ့ တရားဝင် တံဆိပ်တုံးပဲ၊ မိမိကိုယ်တိုင်နဲ့အတူ အမြဲ ဆောင်ထားပါ၊ ဒါပေမဲ့ ကျွန်မ ကြိုပြီး သတိပေးပါရစေ၊ ဒါကို တစ်ကြိမ်ပဲ သုံးလို့ရမှာဆိုတော့ ဘယ်အချိန်မှာ သုံးရမလဲဆိုတာ သေသေချာချာ ရွေးချယ်ပါ၊ မောင်ရင့်အကြောင်း သိရသလောက်တော့ အကောင်းဆုံး အချိန်ကိုပဲ ရွေးချယ်ပြီး သုံးလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်" လို့ သူမက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်တယ်။

မိုက်ကယ်ကတော့ ဒီမက်ဒယ်လီယွန်က ဘာလုပ်နိုင်လဲဆိုတာ အခုထိ သေသေချာချာ မသိသေးဘူး၊ မြို့စားကတော်ရဲ့ ဒွိဟဖြစ်စရာ စကားလုံးတွေကလည်း ဘာမှ ရေရေရာရာ နားလည်အောင် ကူညီမပေးနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ မက်ဒယ်လီယွန်အပေါ် လူတိုင်းရဲ့ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့်တော့ ဒီသတ္တုပြားက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ သူ ရိပ်မိလိုက်တယ်။

ဒါက ဘယ်လိုအခြေအနေမျိုးကမဆို လွတ်ငြိမ်းခွင့်ရစေမယ့် အခွင့်အရေးမျိုး ဖြစ်လိမ့်မယ်လို့ သူ ခန့်မှန်းလိုက်တာပေါ့။

"အာ... ကျေးဇူးတင်ပါတယ်လို့ပဲ ပြောရမလားပဲ"

မိုက်ကယ်က မက်ဒယ်လီယွန်ကို အိတ်ကပ်ထဲ ထည့်လိုက်တဲ့အခါမှာ မြို့စားကတော်က ပြုံးရွှင်လို့ နေတော့တယ်၊ "ကဲ... သွားစရာရှိတာ သွားတော့" လို့ သူမက လက်ဟန်ခြေဟန်နဲ့ မောင်းထုတ်လိုက်တယ်။

မိုက်ကယ်လည်း စိတ်မသက်မသာ ဖြစ်မိရင်း နေရာကနေ ထပြီး ရာဇပလ္လင်ခန်းမထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့တယ်၊ သူ ဖြတ်လျှောက်သွားတဲ့ လမ်းတစ်လျှောက် လူတွေရဲ့ မယုံနိုင်သလို စိုက်ကြည့်နေကြတဲ့ အကြည့်တွေကိုတော့ ဂရုမစိုက်ဘဲ ကျော်ဖြတ်လာခဲ့တာပေါ့။

ရာဇပလ္လင်ခန်းမ တံခါးကြီး ပိတ်သွားတဲ့အခါမှာတော့ မြို့စားကတော်က သူမရဲ့ ပလ္လင်ပေါ်ကို အေးအေးလူလူ ပြန်ထိုင်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းလေးတစ်အေးအေး ညည်းနေခဲ့တယ်။

သိပ်မကြာခင်မှာပဲ အန်ဂျလာက သူမအနားကို လျှောက်လာပြီး ဘေးနားမှာ ဒူးထောက်ထိုင်လိုက်တာကြောင့် သူမရဲ့ သီချင်းညည်းသံလေး ပြတ်တောက်သွားရတယ်။

"မြို့စားကတော်... သူ့ကို အဲဒီမက်ဒယ်လီယွန် ပေးလိုက်တာက ကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ကျွန်မ မထင်မိဘူး၊ သူ့ကို စော်ကားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူနဲ့ သူ့ကုမ္ပဏီက ဒီလို ဂုဏ်ပြုမှုကို ခံယူဖို့ မထိုက်တန်သေးပါဘူး" လို့ သူမက တကယ်ပဲ စိုးရိမ်ပူပန်တဲ့ စိတ်နဲ့ ပြောလိုက်တာပေါ့။

"ဟွန်းဟွန်း... ညည်းက အဲလို ထင်လို့လား" လို့ မြို့စားကတော်က မျက်နှာမှာ အပြုံးတွေ ပိုပွင့်လာရင်း ပြောလိုက်တယ်၊ "ကျွန်မ သူ့ကို နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ပေးတုန်းက သူ့ရဲ့ တုံ့ပြန်မှုကို ညည်း သတိထားမိလိုက်ရဲ့လား"

အန်ဂျလာက အဲဒီအချိန်ကို ပြန်တွေးကြည့်လိုက်ပြီး "သူ အံ့ဩသွားပြီး ကျေးဇူးတင်နေခဲ့တာပဲလေ၊ ဂျက်ကို အနိုင်ယူနိုင်ခဲ့တာကတင် သူက သံလိုက်စွမ်းအား ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်နေပြီဆိုတာ သက်သေပြနေတာပဲ၊ အဲဒါလည်း အတော်လေး တော်တဲ့အဆင့်ပါ၊ ဒါပေမဲ့ အဲဒါနဲ့တင် သူက ဒီမက်ဒယ်လီယွန်ကို ရဖို့ မလုံလောက်သေးဘူးလို့ ထင်ပါတယ် မြို့စားကတော်"

"ဒီမက်ဒယ်လီယွန်ကနေ ရလာမယ့် အာဏာသက်ရောက်မှုနဲ့ဆိုရင် သူက မက်ထရိုပိုလစ်ရဲ့ စပွန်ဆာ ဖြစ်လာဖို့ တောင်းဆိုနိုင်ပြီး မြို့စားကတော်အနေနဲ့လည်း ဘာမေးခွန်းမှ မမေးဘဲ သူ့ကို အဲဒီအခွင့်အရေး ပေးဖို့ ဖိအားပေးခံရလိမ့်မယ်၊ ဒါမှမဟုတ် သူ မက်ထရိုပိုလစ်မှာ လူသတ်မှု ကျူးလွန်ခဲ့ရင်တောင် ဘာအပြစ်မှ မရဘဲ လွတ်မြောက်သွားနိုင်တယ်လေ"

သူတို့က မက်ထရိုပိုလစ်ရဲ့ ပံ့ပိုးကူညီမှုအကြောင်းနဲ့ အဲဒီအတွက် ပေးရမယ့် တန်ဖိုးက မိုက်ကယ် ထုတ်လုပ်တဲ့ မော်တော်ကားတွေနဲ့ ကုန်တင်ကားတွေရဲ့ တစ်ဦးတည်းပိုင် အခွင့်အရေး ဖြစ်တယ်ဆိုတာကို ပြောနေကြတာ ဖြစ်တယ်။

သူ့ကို မက်ဒယ်လီယွန်ပေးလိုက်ခြင်းအားဖြင့် မြို့စားကတော်ဟာ ဘာအကျိုးအမြတ်မှ ပြန်မရဘဲ သူ လိုချင်တာကို အလကား ပေးလိုက်သလို ဖြစ်နေတာပေါ့။

"အဲလ်ရစ် ဒါမှမဟုတ် အခြား လက်ဂါစီ့စ် တွေဆိုရင် ဒီမက်ဒယ်လီယွန်ကို ရဖို့အတွက် သူတို့ ခြေထောက်တစ်ဖက်ခွဲလောက်ကိုတောင် စွန့်လွှတ်ဝံ့ကြလိမ့်မယ်၊ သူတို့တင်မကဘူး၊ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ နဲ့ မှော်ပညာရှင်အစည်းအရုံး ကလူတွေတောင်မှ မြို့စားကတော်ဆီကနေ ဒီမက်ဒယ်လီယွန်ကို ရဖို့ဆိုရင် ကြီးမားတဲ့ တန်ဖိုးကို လိုလိုလားလား ပေးဆပ်ကြမှာပဲ၊ ကိုယ့်ကိုယ်ကိုယ် သက်သေမပြရသေးတဲ့ ဒီလောက် ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်ကို ဒါမျိုး ပေးလိုက်တာက မတန်ဘူးလို့ ကျွန်မ ထင်မိတာပါ၊ သူက မှော်အတတ်ပညာမှာ ပါရမီရှိတာကတော့ မှန်ပါတယ်၊ ဒါပေမဲ့ အောင်မြင်မှုကို တိုင်းတာဖို့က ဒါတစ်ခုတည်း မဟုတ်ဘူးဆိုတာ ကျွန်မတို့ အားလုံး သိကြတာပဲလေ"

မြို့စားကတော်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြီး သဘောမတူတဲ့အမူအရာ လုပ်လိုက်တယ်။

"ညည်းက အမြင်မကျယ်သေးဘူးပဲ အန်ဂျလာ၊ သူက ခွဲစိတ်မှုအတွက် ရက်ချိန်းရဖို့ ကျွန်မဆီကနေ အကူအညီ မတောင်းခဲ့တာကို ညည်း သတိထားမိရဲ့လား၊ အဲဒီ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေနဲ့ သူ ဘာမှ လုပ်လို့မရမှန်း သိရက်နဲ့ လိုလိုလားလားပဲ လက်ခံသွားခဲ့တယ်"

"ညည်း စောစောက မြင်ခဲ့တဲ့အတိုင်း သူ့ရဲ့ စကားပြော အပေးအယူလုပ်နိုင်စွမ်းနဲ့ဆိုရင် အဲဒီ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို သူ့ရဲ့ နှလုံးသားထဲ ထည့်သွင်းတပ်ဆင်ဖို့အတွက် ကျွန်မ အကူအညီပေးအောင် သူ ဈေးဆစ် တောင်းဆိုလို့ ရနေတာပဲ၊ ဒါပေမဲ့ သူ မလုပ်ခဲ့ဘူး၊ ကျွန်မ ထင်တာကတော့ သူ အကူအညီ တောင်းဖို့ကို မလိုတာ ဖြစ်လိမ့်မယ်"

မြို့စားကတော် ဘာကို ဆိုလိုချင်မှန်း နားမလည်နိုင်တာကြောင့် အန်ဂျလာရဲ့ မျက်နှာက ရှုံ့မဲ့သွားရတယ်။

တစ်မိနစ်လောက် တိတ်ဆိတ်သွားပြီးတဲ့ နောက်မှာမှ အန်ဂျလာ့ခေါင်းထဲကို အသိတစ်ခုက ချက်ချင်း ဝင်လာတော့တာပဲ။

"မဖြစ်နိုင်တာ... မြို့စားကတော် ဆိုလိုတာက... သူက ပင်ကိုယ် သံလိုက်စွမ်းအား ပိုင်ဆိုင်သူ တစ်ယောက်လို့ ပြောချင်တာလား..."

* * * * * * * *

စာစဉ်(၄၂)

All Chapters