အခန်း ၅၀၀
Vol. 42 Ch. 500
အခန်း(၅၀၀)
မိုက်ကယ်နဲ့ ဗန်ဒါဘစ် မိသားစုဟာ သူတို့ရဲ့ နေအိမ်ဆီကို မကြာခင်မှာပဲ ပြန်ရောက်လာကြတယ်။ သူတို့ကို မြို့စားကတော်ရဲ့ ကိုယ်ရံတော်တွေကပဲ ထပ်ပြီး လိုက်လံပို့ဆောင်ပေးခဲ့တာမို့ ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေရဲ့ အံ့ဩတကြီး ငေးမောကြည့်ရှုခြင်းကို တစ်ခဲနက် ရရှိခဲ့တာပေါ့။
ရထားလုံးပေါ်ကနေ ပထမဆုံး ဆင်းလာတာကတော့ မက်စ် ပါပဲ။ သူ့မျက်လုံးတွေက အံ့ဩတုန်လှုပ်မှုတွေ မပြယ်သေးတဲ့ပုံစံမျိုးနဲ့ ကြောင်တောင်တောင် ဖြစ်နေခဲ့တယ်။
သူ့ဇနီး ထရေစီ ကတော့ ခြံဝင်းတံခါးဝဆီ လျှောက်လာရင်း ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်လာတဲ့ လင်ယောက်ျားဖြစ်သူကို လှမ်းမြင်လိုက်ရတယ်။ ချက်ချင်းဆိုသလိုပဲ သူမစိတ်ထဲမှာ တစ်ခုခုတော့ လွဲချော်သွားပြီလို့ တွေးလိုက်မိတာပေါ့။
"အဆင်ပြေသွားမှာပါ" လို့ သူမက သူ့ကို နှစ်သိမ့်ပေးလိုက်တယ်။
အခြား ဗန်ဒါဘစ် မိသားစုဝင်တွေလည်း တံခါးဝကနေ ထွက်လာကြပြီး သူတို့ အမျိုးတွေကို ကြိုဆိုကြတာပေါ့။
"ဘာဖြစ်ခဲ့လို့လဲ။ မြို့စားကတော်နဲ့ ဘာလို့ တွေ့ခဲ့ရတာလဲ"
"ငါတို့ ဒီအိမ်ကြီးကနေ ထွက်သွားရတော့မှာလား"
"အခုကတည်းက ပစ္စည်းတွေ စသိမ်းထားရတော့မလား"
အားလုံးက ခြေလှမ်းတွေ ပျော့ခွေနေပြီး လမ်းဆက်လျှောက်နိုင်ဖို့ ဇနီးဖြစ်သူကို တွန်းဖက်ထားရတဲ့ မက်စ် ဆီကိုပဲ အကြည့်တွေ ရောက်နေကြတယ်။
"ငါတို့... ငါတို့ ရခဲ့ပြီ..." လို့ သူက တိုးတိုးလေး ရေရွတ်လိုက်ပေမဲ့ တခြားသူတွေ မကြားလိုက်ရဘူး။
"ဘာပြောလိုက်တာလဲ"
"ငါတို့... ငါတို့ ပြန်ရခဲ့ပြီ" လို့ မက်စ် က အသံကို နည်းနည်းမြှင့်ပြီး ထပ်ပြောလိုက်တယ်။
"ဘာကို ပြန်ရတာလဲ" လို့ ထရေစီ က လင်ယောက်ျားကို စိုက်ကြည့်ရင်း မေးလိုက်ပါတယ်။
ဒီမှာတင် မက်စ် က ခြေလှမ်းတွေကို ရပ်လိုက်ပြီး ကောင်းကင်ကြီးဆီ မော့ကြည့်လိုက်တယ်။ ကောင်းကင်ပြာကြီးက လင်းပွင့်နေပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
"ငါတို့ ပြန်ရပြီ" လို့ သူက လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်တာမို့ ကျန်တဲ့ ဗန်ဒါဘစ် မိစုသားစုဝင်တွေ အကုန် လန့်ဖျပ်သွားကြရတယ်။
"အဖေ... ဘာတွေကို ပြောနေတာလဲ" လို့ သူ့သား ဝီလျံ က မေးလိုက်တယ်။
"ငါတို့ ပိုက်ဆံတွေလေ။ ငါတို့ ပိုက်ဆံတွေ ပြန်ရပြီ" လို့ မက်စ် က ရှင်းပြတယ်။ "လိမ်လည်လှည့်ဖြားသွားတဲ့ တရားခံကို ငါတို့ ရှာတွေ့ခဲ့ပြီ။ ပြီးတော့ မြို့စားကတော်က ငါတို့ ဆုံးရှုံးခဲ့ရသမျှ အကုန်လုံးကို ပြန်ပေးနေပြီ။ အဲဒါအပြင် အပို သုံးဆယ်ရာခိုင်နှုန်းတောင် ပါသေးတယ်"
ဒီတစ်ကြိမ်မှာတော့ ဗန်ဒါဘစ် မိသားစုထဲက လူတိုင်းဟာ မက်စ် အစောပိုင်းက ဖြစ်နေခဲ့တဲ့ ရုပ်ပျက်ဆင်းပျက် အံ့ဩမှင်တက်တဲ့ မျက်နှာပေးမျိုး ဖြစ်သွားကြတော့တယ်။ သူတို့ဟာ ဒီအရာကို မျှော်လင့်နေခဲ့ကြတာ ကြာလှပြီဖြစ်လို့ လုံးဝကို လက်လျှော့အရှုံးပေးထားခဲ့ကြတာပါ။ ဒါပေမဲ့ အခုလို တကယ်ကြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အခါမှာတော့ သူတို့ကိုယ်သူတို့တောင် မယုံနိုင်ဘဲ ဖြစ်နေကြရတယ်။
အဲဒီအချိန်မှာပဲ နန်းတော်ကနေ သူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ တော်ဝင်အစေခံက သူ့ဆီ ချဉ်းကပ်လာခဲ့တယ်။
"မက်စ် ဗန်ဒါဘစ်... တော်ဝင်မိသားစုကြောင့် ခင်ဗျားတို့ စိတ်နှလုံး ထိခိုက်နာကျင်ခဲ့ရသမျှအတွက် မြို့စားကတော်က ကိုယ်တိုင်ကိုယ်ကျ တောင်းပန်စကား ဆိုချင်ပါတယ်"
မက်စ် က ချက်ချင်းပဲ ဒူးထောက်ထိုင်ချလိုက်ပြီး လက်တွေကို ယမ်းခါပြလိုက်တယ်။ "မဟုတ်တာ... မဟုတ်တာ။ မြို့စားကတော်က အဲဒီအကြောင်း ကျွန်တော့်ကို ပြောပြပြီးပါပြီ။ ကျွန်တော့်အနေနဲ့ သူမကို အပြစ်မတင်ပါဘူးလို့ ပြောခဲ့ပါတယ်"
တော်ဝင်အစေခံဟာ ပြီးခါမှ မှော်ပရပိုဒ်တစ်ခုကို ထုတ်လိုက်ပြီး ဗန်ဒါဘစ် မိသားစုဝင်တွေ အကုန် အတိုင်းသား ကြားနိုင်မယ့် နေရာကနေ ဖတ်ပြလိုက်ပါတယ်။
"နစ်နာကြေးအနေနဲ့ သခင်မကြီးက ခင်ဗျားတို့ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးပမာဏ အပြည့်အစုံအပြင် အပို သုံးဆယ်ရာခိုင်နှုန်းကို ပေးအပ်မှာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ဂျက် ရဲ့ နယ်မြေဟောင်းဖြစ်တဲ့ သူ့ရဲ့ အိမ်တော်ကြီးနဲ့ အထဲမှာရှိတဲ့ ပိုင်ဆိုင်မှု အားလုံးကိုပါ ခင်ဗျားတို့ကို ချီးမြှင့်လိုက်ပါတယ်"
"ခင်ဗျားတို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ပျောက်ပျက်သွားစေဖို့ ဒီအရာက မလုံလောက်သေးဘူးဆိုတာ မြို့စားကတော် သိပါတယ်။ ဒါပေမဲ့ ဒါဟာ ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့ လုံလောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
မက်စ် ရဲ့ လက်ထဲကို ဂျက် အိမ်တော်ရဲ့ တရားဝင် ပိုင်ဆိုင်မှု စာချုပ်နဲ့အတူ သော့တွေကိုပါ အပ်နှံပေးခဲ့တယ်။
ပြီးတော့ တော်ဝင်အစေခံက စစ်သည်တွေဘက် လှည့်ကြည့်ပြီး လက်ခုပ်တီးလိုက်တယ်။ "သေတ္တာတွေကို သူတို့ အိမ်ထဲအထိ သွင်းပေးလိုက်ကြပါ" လို့ သူက ပြောလိုက်တယ်။
မြို့စားကတော်ရဲ့ ကိုယ်ရံတော်တွေဟာ လေးလံတဲ့ သေတ္တာကြီးတွေကို တစ်လုံးပြီးတစ်လုံး သူတို့ရဲ့ နယ်မြေထဲကို အပြိုင်အဆိုင် သယ်ယူချပစ်ကြတာကြောင့် ဗန်ဒါဘစ် မိသားစုဝင် တစ်ယောက်ချင်းစီတိုင်းဟာ ဆွံ့အပြီး ငြိမ်သက်သွားကြရတယ်။
အဲဒီ သေတ္တာကြီးတွေ မြေကြီးပေါ် ကျသွားတဲ့ အချိန်တိုင်းမှာပဲ ရွှေဒင်္ဂါးပြားတွေ တစ်ပြားနဲ့တစ်ပြား ထိခိုက်မိပြီး ထွက်ပေါ်လာတဲ့ သာယာနာပျော်ဖွယ် အသံကြီးက ပဲ့တင်ထပ်သွားခဲ့ပြီး သူတို့ရဲ့ ပါးစပ်တွေကိုလည်း အသံကြားတိုင်း ပိုပြီး ဟစိဟစိ ဖြစ်သွားစေခဲ့တယ်။
"အဖေ... ဒါ... ဒါ တကယ်ကြီးလား" လို့ ဝီလျံ က သေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်ပြီး တကယ် စစ်စစ်ကြီးဖြစ်တဲ့ ရွှေဒင်္ဂါးပြား တောင်ကြီးကို မြင်လိုက်ရတဲ့အခါမှာ မေးလိုက်မိတယ်။ ရွှေတွေရဲ့ တောက်ပတဲ့ အရောင်အဝါဟာ ဗန်ဒါဘစ် မိသားစုဝင်တွေရဲ့ မျက်နှာပေါ်ကို ရောက်ရှိ ထိုးဟပ်သွားပြီး သူတို့ကို မှင်တက်သွားစေခဲ့တာပေါ့။
"ငါလည်း မသိတော့ဘူး။ အိမ်မက်လိုပဲ ဖြစ်နေတယ်" လို့ မက်စ် က ပြောတယ်။ သူက ဒီအရာအားလုံး ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ကောင်လေး မိုက်ကယ် ဆီကို ချက်ချင်း လှည့်လိုက်တယ်။
"ငါ ဒါကို မယူနိုင်ဘူး။ မင်းပဲ ယူသင့်တယ်။ ငါက ဘာမှတောင် မလုပ်ခဲ့ရပါဘူး"
မိုက်ကယ် က လက်ကာပြပြီး နောက်ဆုတ်လိုက်တယ်။ "ဒါက ဦးလေးတို့ ပိုက်ဆံတွေပဲလေ၊ ကျွန်တော့်ဟာ မဟုတ်ပါဘူး။ အပိုလေး နည်းနည်းပါးပါးနဲ့ ဦးလေးတို့ဆီ ပြန်ရောက်လာရုံသက်သက်ပါ"
မက်စ် ကတော့ ဗန်ဒါဘစ် မိသားစုအတွက် အစစအရာရာ လုပ်ပေးခဲ့တဲ့ မိုက်ကယ် ကို အနည်းဆုံးတော့ အပိုရတဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပေးချင်နေတုန်းပဲ။
"ကျွန်တော့်ကို ယုံစမ်းပါ အစ်ကိုကြီးရာ။ သူ ဒါကို မလိုပါဘူး" လို့ လိုင်လီယာ က ဝင်ပြောပေးတယ်။
"ဟုတ်တာပေါ့။ ငါ့သားလေးက ဒါတွေအကုန်လုံးကို နင်တို့ပဲ ရစေချင်တာ၊ အဲဒါကြောင့် နင်တို့ပဲ အကုန် ယူလိုက်စမ်းပါ" လို့ လိုင်လီယာ က ထပ်လောင်းပြောလိုက်တယ်။
ဒီမှာတင် မက်စ် က သူ့လက်ထဲက စာချုပ်ကို ကြည့်လိုက်ပြီး မိုက်ကယ် ရဲ့ ရင်ခွင်ထဲ တိုးထည့်ပေးလိုက်တယ်။ "ဒါဆို ဒီအိမ်တော်ကြီးကော။ မိုက်ကယ်... ဒါကိုတော့ မင်း ယူရမယ်။ မင်းက ပထမဆုံး စာရွက်စာတမ်းတွေကို ရအောင် ယူပေးခဲ့တဲ့သူလေ"
အမှန်တော့ ဒီနယ်မြေအသစ်ဟာ ရီနေးတား လိုမျိုး အစပျိုးကာစ ကုမ္ပဏီတစ်ခုအတွက် အလွန်ပဲ အသုံးဝင်လှပါတယ်။ ဒါပေမဲ့ မိုက်ကယ် က မက်စ် နဲ့ ဗန်ဒါဘစ် မိသားစုဟာ သူ့ထက်စာရင် ဒီအရာကို ပိုပြီး လိုအပ်နေတယ်ဆိုတာ သိနေခဲ့တယ်။ သူကတော့ မိန်းလမ်းမကြီးပေါ်မှာ ရှိနေတဲ့ သူ့ပိုင်ဆိုင်မှုတွေနဲ့တင် ကျေနပ်နေခဲ့တာပါ။
"ဒါတော့ မရဘူး" လို့ မက်စ် က အတင်းအကျပ် ပြောတယ်။ "မင်း ဒါကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီစာချုပ်ကို ယူရမယ်"
သူ့စိတ်ကို လုံးဝ ပြောင်းလဲလို့ မရနိုင်တော့ဘူး။ မက်စ် ဟာ ဒီနေ့တစ်ရက်တည်းတင် ကောင်းချီးမင်္ဂလာတွေ အများကြီး ရရှိထားပြီးပြီလို့ ခံစားနေရတာပါ။ မိုက်ကယ် က အလုပ်တွေအကုန် လုပ်ခဲ့ရပြီး သူကတော့ အသီးအပွင့်တွေကိုပဲ အလကား ထိုင်စားနေရတယ်လို့ သိနေရတာက သူ့ကို စိတ်မသက်မသာ ဖြစ်စေမှာ ဖြစ်လို့ပါပဲ။
ဦးလေးဖြစ်သူရဲ့ ခေါင်းမာမှုကို မြင်လိုက်ရတဲ့အခါ မိုက်ကယ် က အကြံတစ်ခု ရသွားခဲ့တယ်။
"ဒါဆို ကျွန်တော်တို့ အတူတူ မျှဝေသုံးကြရင်ကော။ ဒီအိမ်ခြံမြေအသစ်ကို ဘယ်လို အသုံးချရမလဲဆိုတဲ့ အကြံဉာဏ် ကျွန်တော့်မှာ နည်းနည်း ရှိတယ်"
မက်စ် က ချက်ချင်း ငြင်းဆန်ပယ်ချပြီး စာချုပ်ကိုပဲ တစ်ခါတည်း ပေးပစ်ချင်နေပေမဲ့ မိုက်ကယ် က သူ့စကားကို အရင် ဖြတ်ပြောလိုက်တာပေါ့။
"ကဲ... ဒါက အလှူဒါန လုပ်နေတာ မဟုတ်ဘူးနော်။ ဒါက ကျွန်တော်တို့ နှစ်ယောက်ကြားက စီးပွားရေး သဘောတူညီချက်တစ်ခုပဲ"
"ကျွန်တော် မက်ထရိုပိုလစ် မှာ ဆိုဒါလုပ်ငန်းတစ်ခု စတင်ဖို့ တွေးနေတာ။ ပြီးတော့ ဒီဖျော်ရည်တွေကို အများအပြား ထုတ်လုပ်ဖို့အတွက် စက်ရုံအသစ်တစ်ခု လိုအပ်နေတာနဲ့လည်း ကွက်တိဖြစ်သွားတာပေါ့။ ကျွန်တော့်အကြံကတော့ ဒီအိမ်တော်ကြီးကို အကုန် ဖြိုချပစ်လိုက်ပြီး အဲဒီနေရာမှာ ဆိုဒါ ထုတ်လုပ်မယ့် စက်ရုံတစ်ရုံ ဆောက်လုပ်ဖို့ပဲ"
"ကုန်ကြမ်းတွေ၊ ပါဝင်ပစ္စည်းတွေနဲ့ အစစအရာရာ အားလုံးကို ကျွန်တော်က တာဝန်ယူမယ်။ တစ်ချိန်တည်းမှာပဲ ဦးလေးတို့ မိသားစုကတော့ ထုတ်လုပ်ရေးပိုင်းကို တာဝန်ယူပေးရမယ်။ ကျွန်တော်က ဦးလေးတို့ အားလုံးကို ဆိုဒါထုတ်ဖို့အတွက် အလုပ်ခန့်အပ်လိုက်တဲ့ သဘောပေါ့။ ဘယ်လိုလဲ"
ပုံမှန်ဆိုရင်တော့ ဒီလို ကုန်ပစ္စည်းမျိုးတွေအတွက် မိုက်ကယ် က ရီနေးတား နိုင်ငံတော်မှာပဲ စက်ရုံဆောက်ဖို့ ရွေးချယ်မှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာက အကန့်အသတ်မရှိတဲ့ မြေနေရာတွေ ရှိနေလို့ပဲ။
အဲဒါက သူ့ရဲ့ မူလအစီအစဉ်ပါ။ ဒါပေမဲ့ အခုလို နယ်မြေအသစ်တစ်ခုကို လက်ထဲ ရောက်လာတဲ့အခါမှာတော့ ဒီ မက်ထရိုပိုလစ် မှာတင် စက်ရုံအသစ်တစ်ခု ဆောက်လုပ်ဖို့အတွက် အကောင်းဆုံး အချိန်အခါလို့ ထင်မှတ်မိသွားတယ်။ ဒါက သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို အများကြီး သက်သာစေမှာ ဖြစ်လို့ပါပဲ။
ဒါတင်မကဘဲ သူ့ရဲ့ ဆွေမျိုးတွေကိုလည်း အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့ အလုပ်အကိုင်တွေ ပေးနိုင်ဦးမှာ မဟုတ်လား။
"ဘယ်လိုလဲ" လို့ မိုက်ကယ် က သူ့ကို မေးလိုက်တယ်။
မက်စ် က သူ့မိသားစုဘက် ပြန်လှည့်ကြည့်လိုက်တဲ့အခါ သေတ္တာထဲက သန်းပေါင်းများစွာသော ဒင်္ဂါးပြားတွေကို ဝိုင်းပြီး တပ်မက်မောမော ငေးမောနေကြတာကို မြင်လိုက်ရတယ်။
"ငါ သဘောတူတယ်" လို့ မက်စ် က ပြောရင်း မိုက်ကယ် ရဲ့ လက်ကို တက်တက်ကြွကြွ လှုပ်ခါ နှုတ်ဆက်လိုက်ပါတယ်။
ဒါဟာ သူ စောင့်မျှော်နေခဲ့တဲ့ အခွင့်အရေးပဲ။ ဗန်ဒါဘစ် ဆိုတဲ့ နာမည်ကြီး မက်ထရိုပိုလစ် ရဲ့ ကောင်းကင်ယံထက်ဆီ ထပ်မံ ပျံသန်းနိုင်ဖို့အတွက် အခွင့်အရေးပဲ မဟုတ်လား။
ပြီးတော့ အခုဆိုရင် သူတို့တွေဟာ လမ်းမှန်ပေါ် ရောက်နေပြီဆိုတာကို မက်စ် တစ်ယောက် စိတ်ချလက်ချ ရှိသွားနိုင်ပြီ။
သူ့စိတ်ထဲမှာတော့ မက်စ် ဟာ သူကိုယ်တိုင် ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူးဆိုတာ သိနေခဲ့တယ်။ သူက နောက်လိုက်တစ်ယောက် ဖြစ်ဖို့ပဲ ပိုနီးစပ်ပါတယ်။ ပြီးတော့ မိုက်ကယ် ရဲ့ နောက်ကို လိုက်တာကသာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်၊ တစ်ခုတည်းသော ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်လို့ သူ ခံစားမိနေခဲ့တယ်။
မိုက်ကယ် ကတော့ သူကိုယ်တိုင်ဟာ ထူးချွန်ပြောင်မြောက်တဲ့ လူတစ်ယောက်နဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့ပြီးပြီလေ။
ဒီလိုမျိုး အလားအလာ အလွန်ကောင်းတဲ့ ကုမ္ပဏီတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရတာကို မက်စ် အနေနဲ့ ဂုဏ်ယူမဆုံး ဖြစ်နေခဲ့မိတယ်။
"သိပ်ကောင်းတာပဲ" လို့ လိုင်လီယာ က ဒီလို ထူးခြားဆန်းပြားတဲ့ အခါသမယကြီးအတွက် လက်ခုပ်တီးရင်း အားပေးအော်ဟစ်လိုက်တယ်။
ကျန်တဲ့ ဗန်ဒါဘစ် မိသားစုဝင်တွေလည်း မိုက်ကယ် ရဲ့ စက်ရုံမှာ အလုပ်အကိုင်အသစ်တွေ ရမယ့်အကြောင်း ကြားလိုက်ရတဲ့အခါ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ဝဲလာကြရတယ်။ သူတို့ ဘာတွေ လုပ်ရမလဲဆိုတာ မသိကြသေးပေမဲ့ အနည်းဆုံးတော့ တစ်ခုခု လုပ်ကိုင်ခွင့် ရကြတော့မှာ မဟုတ်လား။
ဒါနဲ့ပဲ ဗန်ဒါဘစ် အိမ်တော်ကြီးထဲမှာ ညဉ့်နက်တဲ့အထိ စားသောက်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြပါတော့တယ်။
ဒါပေမဲ့ လူတိုင်း ပျော်ပွဲရွှင်ပွဲ လုပ်နေကြတဲ့ အချိန်မှာတော့ မိုက်ကယ် တစ်ယောက် အလုပ်ရှုပ်နေခဲ့တယ်။ အခုဆိုရင် မက်ထရိုပိုလစ် မှာ မော်တော်ကား အုပ်စုကြီးကို စတင် စေလွှတ် ရောင်းချရမယ့် အချိန် ရောက်ရှိလို့လာခဲ့ပြီပဲ ဖြစ်ပါတယ်။
* * * * * * * *
စာစဉ်(၄၂)